← Chapters

အခန်း ၈၄၄

Vol. 57 Ch. 844

အခန်း ၈၄၄

Vol. 57 Ch. 844

အခန်း (၈၄၄) - မျက်နှာဖုံးကို ဆွဲခွာခြင်း၊ နတ်မိမယ် ဖုန်းလင်၏ အိပ်မက်ဆိုး (၃)

သံသရာဘေးဒုက္ခ စက်ဝန်း.. နတ်ဘုရားစွမ်းရည်။

နတ်မိမယ် ဖုန်းလင်၏ ဝိညာဉ်စွမ်းအားက အားနည်းလှသည်တော့ မဟုတ်ပေ။ မူလဝိညာဉ်အဆင့်တွင် သူမသည် ထိပ်တန်းအဆင့်၌ ရှိနေပြီး ပုံမှန် မူလဝိညာဉ်အဆင့် အထွတ်အထိပ် အရှင်သခင်ကြီး တစ်ပါးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ထိုသို့ ဝိညာဉ်စွမ်းအားမျိုးက စုယွီ၏ ပဉ္စမအလွှာ ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ အရှေ့တွင်တော့ မွေးကင်းစ ကလေးငယ်လေး တစ်ယောက်ပမာ အလွန်တရာ နုနယ်လွန်းနေသည်။

တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် နတ်မိမယ် ဖုန်းလင်မှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး သတိလစ်သွားတော့၏။

စုယွီ၏ ဝိညာဉ်စွမ်းအားက သံသရာဘေးဒုက္ခ စက်ဝန်း စိတ်ဝိညာဉ် တိုက်ခိုက်မှု သိုင်းကွက်ကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခု သူ့ထံမှ လည်ပတ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့အား ဝန်းရံထားသော မီးဖီးနစ် ကောင်းကင် နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၏ မျက်နှာများ ရုတ်ချည်း ပြောင်းလဲသွားစေတော့၏။

ထိုကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကြီးကို ခံစားလိုက်ရပြီးနောက် မီးဖီးနစ် ကောင်းကင် နန်းတော်မှ အရှင်သခင်ကြီး သုံးပါးလုံး ကျောချမ်းသွားရသည်။

သူတို့ ဝိုင်းရံထားသော သူသည် လူငယ်လေးတစ်ဦး မဟုတ်ဘဲ သူတို့အား အပေါ်စီးမှ နှိမ်ချကြည့်ရှုနိုင်စွမ်းရှိသော ကောင်းကင်အင်မော်တယ် အရှင်သခင်ကြီး တစ်ပါး ဖြစ်နေသည့်အလားပင်။

"အစ်မတို့အားလုံး နန်းတော်ထဲ အရင် ဝင်နေကြပါ..."

စုယွီက စုဇီနှင့် အခြားသူများကို ညွှန်ကြားလိုက်ပြီး သူတို့ကို နန်းတော်မှော်ရတနာ အတွင်းသို့ ထည့်သွင်းလိုက်၏။ စိတ်ဆန္ဒ တစ်ချက်ဖြင့် အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကို ခေါ်ယူလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သောင်းချီသော အခင်းအကျင်း အလံများကို ခေါ်ထုတ်လိုက်၏။ ဟင်းလင်းပြင် တာအိုစွမ်းအား၏ အောက်တွင် ထိုအခင်းအကျင်း အလံများက မီးဖီးနစ် ကောင်းကင် နန်းတော်၏ အခင်းအကျင်းကို လျှပ်တစ်ပြက် ဖောက်ထွင်းဝင်ရောက်သွားပြီး ပတ်ပတ်လည်တွင် နေရာယူ ဖြန့်ကျက်သွားတော့၏။

"ဘာကိစ္စ ရှိလို့လဲ..."

အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး၏ လက်နက်ဝိညာဉ်က မေးလိုက်၏။

စုယွီက ပြောလိုက်၏။

"ကောင်းကင်နဲ့ မြေကြီးကို ချိတ်ပိတ်လိုက်ပါ... လှုပ်ရှားမှု အားလုံးကို ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ ထွက်ပြေးခွင့် မပေးပါနဲ့..စီနီယာ."

မီးဖီးနစ် ကောင်းကင် နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးနှင့် သူတို့၏ တာအိုကိုယ်ပွားများကို ကြည့်ကာ အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး၏ လက်နက်ဝိညာဉ်က တစ်ချက် ရယ်မောလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

"နားလည်ပြီ..."

“ဝီ…”

လျှပ်တစ်ပြက် အတွင်းမှာပင်။

ပတ်ပတ်လည်ရှိ ကောင်းကင်နှင့် မြေကမ္ဘာက နောက်ထပ် အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်သွားပြီး ထိုပြောင်းလဲမှုများနှင့်အတူ အခင်းအကျင်း နယ်မြေတစ်ခု ဖွဲ့တည်လာတော့၏။

မီးဖီးနစ် ကောင်းကင် နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါး၏ မျက်နှာများမှာ ထပ်မံ ပြောင်းလဲသွားပြန်၏။ အထူးသဖြင့် အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး လက်နက်ဝိညာဉ် ပေါ်ထွက်လာခြင်းကြောင့် သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်သွားသည်။

သို့သော် သူတို့ ထပ်မံ စဉ်းစားနေရန် အချိန်မရှိတော့ချေ။

အကြောင်းမူကား သူတို့အရှေ့ရှိ စုယွီ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ရာကောင်းသော ခန္ဓာကိုယ်ကျင့်ကြံခြင်း အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီ ဖြစ်သောကြောင့်တည်း။

"ဝုန်း"

ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင်ကျင့်စဉ်နှင့် ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရာ တောက်ပလင်းလက်သော ကောင်းကင်အလင်းတန်းများက စုယွီ၏ ပတ်ပတ်လည်တွင် ဖြာထွက်လာပြီး ကောင်းကင်ပြင်တစ်ခုလုံးကို ထပ်တလဲလဲ အလွှာပေါင်းများစွာရှိသော ကြယ်တာရာ မြေပုံများဖြင့် ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် စုယွီ၏ ခန္ဓာကိုယ်က အလယ်အလတ် အဆင့် လူပုံစံ မှော်ရတနာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား အသွင်ပြောင်းသွား၏။

အရှိန်အဝါ၏ စူးရှမှုက တဖြည်းဖြည်း စုစည်းလာပြီး ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင်ကျင့်စဉ်၏ ကြယ်တာရာ မြေပုံများနှင့် ပေါင်းစပ်သွားကာ အလွန်တရာ ဆန်းကြယ်လှသည်။

"ဝှီး"

ကောင်းကင်တားဆီးခြင်း အခင်းအကျင်း၏ အောက်တွင် စုယွီသည် သူ၏ အချိန် တာအို နယ်မြေဖြင့် ကောင်းကင်နှင့် မြေကမ္ဘာကို ဝါးမြိုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း အလယ်ဗဟို၌ ဝိုင်းရံခံထားရသော သူ့ ပုံရိပ်က အရိပ်အယောင်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ခန္ဓာကိုယ်အစစ် နောက်ကွယ်တွင် ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ပေါ်ထွက်လာ၏။ သွေးရောင် ချပ်ဝတ် ဆင်မြန်းထားပြီး ဧရာမ တူကြီး တစ်လက် ဆုပ်ကိုင်ထားသည်။

"သွေးဝေလငါး လမင်းမြို.."

ရှေးခေတ်ကာလမှ မိစ္ဆာမျိုးနွယ်စု၏ တန်ခိုးရှင်ကြီး တစ်ပါးထံမှ မြစ်ဖျားခံလာသော ဤအတုအယောင် နတ်စွမ်းအားကို လျှပ်တစ်ပြက် အသုံးပြုလိုက်ရာ စုယွီ၏ ရုပ်ခန္ဓာ ခွန်အားက မျက်စိတစ်မှိတ်အတွင်း ငါးဆမျှ ထိုးတက်သွားတော့၏။ သွေးဝေလငါး လမင်းမြို ကျင့်စဉ်၏ အလယ်ဗဟိုမှ ကြီးစိုးသည့် အင်အားတစ်ခု ထွက်ပေါ်လာပြီး စုယွီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လျှပ်တစ်ပြက် လွှမ်းခြုံသွားသည်။

“ဝုန်း... အုန်း... အုန်း…”

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး ပေါက်ကွဲထွက်ပေါ်လာ၏။ ပဉ္စမအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခုဖြင့် စုယွီ၏ ခန္ဓာကိုယ်ကို ခိုင်မာအောင် ပြုလုပ်ထားသည့်တိုင်အောင် ထိုအခိုက်အတန့်တွင် သူ၏ အရိုးများကပင် အလွန်အမင်း ဖိနှိပ်ခံရပြီး ထိုစွမ်းအားကြောင့် အချိန်မရွေး ကြေမွသွားနိုင်သည့်အလား အသံများ ထွက်ပေါ်လာသည်။

ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်ဖြင့် ဖန်တီးထားသော အလယ်အလတ် အဆင့် မှော်ရတနာ တူကြီးအတွင်းသို့ ထိုစွမ်းအား အားလုံးကို လုံးဝ စီးဝင်သွားစေလိုက်၏။

စုယွီ၏ အရှေ့မှ မီးဖီးနစ် ကောင်းကင် နန်းတော်မှ ဒုတိယအလွှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးသည် သူ့ထံ ချဉ်းကပ်လာသော မရဏမင်းအား ခံစားလိုက်ရတော့၏။

အကယ်၍ ယခုမှ အဆင့်တက်ထားသော ပဉ္စမအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခု၏ ပေါက်ကွဲထွက်လာသော စွမ်းအားသက်သက်သာ ဆိုလျှင် သူက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်၏။

သို့သော် ပဉ္စမအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခု ပေါင်းစပ်ထားပြီး ၎င်းတို့၏ စွမ်းအားကို ငါးဆမျှ တိုးမြှင့်ထားမည် ဆိုလျှင်တော့...

ထို့ထက် ပိုသည်က အလယ်အလတ် အဆင့် မှော်ရတနာ တစ်ခု၏ ကြမ်းကြုတ်ရက်စက်သော ထောက်ပံ့မှုလည်း ပါဝင်နေသေးသည်။

ထိုအခိုက်အတန့်၌ ဒုတိယအလွှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။

"ဒုတ်…"

စုယွီက ဧရာမ တူကြီးကို အောက်သို့ ခုတ်လွှဲချလိုက်သည်နှင့် ယှဉ်ပြိုင်ဘက်ကင်း သွေးရောင်တူကြီးက ချီစွမ်းအား အကာအကွယ် အလွှာကို ရိုက်ခွဲ၏။ အကာအကွယ် အလွှာအား လျှပ်တစ်ပြက် ပေါက်ကွဲသွားစေပြီး အောက်ဘက်ရှိ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးမှာ လေထဲမှ နေ၍ မြေကြီးထဲသို့ ဝုန်းခနဲ ရိုက်ချခံလိုက်ရသည်။

သွေးမြူခိုးများ ပေါက်ကွဲထွက်လာပြီး အချိန်တာအို နယ်မြေ၏ အောက်တွင် ထိုဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ အားလုံး သက်ရောက်ခံလိုက်ရ၏။

သူတို့၏ တုံ့ပြန်မှုများက အလွန်အမင်း နှေးကွေးနေသည်။

သို့ဖြစ်ရာ လျှပ်တစ်ပြက် ရွှေ့ပြောင်းရန် ဟင်းလင်းပြင် တာအိုစွမ်းအားကို အသုံးမပြုလျှင်တောင်မှ စုယွီ၏ အမြန်နှုန်းက နေရာရွှေ့ပြောင်းခြင်း ကဲ့သို့ မြန်ဆန်နေဆဲ ဖြစ်သည်။

ဤဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြချေ။

"နောက်တစ်ယောက်..."

စုယွီ၏ အသံက တိတ်ဆိတ်စွာ ပဲ့တင်ထပ်သွား၏။ သူသည် သံသရာစက်ဝန်း စိတ်ဝိညာဉ် တိုက်ခိုက်မှု သိုင်းကွက်ကို ဖြစ်စေ၊ ချီစွမ်းအား တစ်စုံတစ်ရာကို ဖြစ်စေ အသုံးမပြုခဲ့ပေ။ ၎င်းအစား ပဉ္စမအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခု၏ စွမ်းအားကို စမ်းသပ်လို၏။

ထို့ကြောင့် အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး၏ အခင်းအကျင်း နယ်မြေအတွင်း သွေးရောင်တူကြီးကို ကိုင်ဆောင်ထားသော ပုံရိပ် တစ်ခုက ပြိုင်ဘက်များ ပူးပေါင်း ထိန်းချုပ်ထားသော တာအိုကိုယ်ပွား ခြောက်ခုကို အကြိမ်ကြိမ် ရက်စက်ကြမ်းကြုတ်စွာ ထုရိုက်နေသည်။ သူတို့ကို ကြယ်ကြွေသကဲ့သို့ လေထဲမှ နေ၍ မြေကြီးပေါ်သို့ ရိုက်ချကာ ကောင်းကင်ယံ တစ်ခွင် သွေးများ ဖြန်းပက်သွားစေတော့၏။

စုယွီနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုသော စတုတ္ထအလွှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးက အလယ်အလတ် အဆင့် မှော်ရတနာ တစ်ခုဖြစ်သော ရေနဂါးကတ်ကြေးကို ထုတ်ယူလိုက်၏။ ၎င်းက မီးတောက်နဂါး နှစ်ကောင်အဖြစ် အသွင်ပြောင်းကာ သတ်ဖြတ်ရန် ဟိန်းဟောက် ထွက်ပေါ်လာသော်လည်း စုယွီ၏ တူချက်အောက်တွင် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရလေပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် စုယွီက အလယ်အလတ် အဆင့် မှော်ရတနာ ရေနဂါးကတ်ကြေးကို ရှောင်တိမ်းခဲ့ပြီး ပြိုင်ဘက်၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

တူချက်တစ်ချက်က သူ၏ နောက်စေ့ပေါ်သို့ ဒုတ်ခနဲ ကျဆင်းလာတော့၏။

"ဖောင်း"

သွေးမြူခိုးများ ပေါက်ကွဲထွက်ပေါ်လာပြီး ဤစတုတ္ထအလွှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သည်လည်း စုယွီ၏ ရိုက်ချက်ဖြင့် မြေကြီးထဲသို့ ကျွံဝင်သွား၏။ မရှုမလှ ဒဏ်ရာများ ရရှိသွားပြီး သူ၏ မူလဝိညာဉ်မှာလည်း ထိတ်လန့်တုန်လှုပ်သွားရတော့၏။

အချိန်တာအို နယ်မြေ၏ အောက်တွင် သူတို့၏ ချီစွမ်းအားများ၊ သိုင်းကျင့်စဉ်များနှင့် မှော်ရတနာများ အားလုံးမှာ အသုံးမဝင်သကဲ့သို့ ဖြစ်နေလေပြီ။

သိုင်းကျင့်စဉ်များကို အသုံးပြုပြီး မှော်ရတနာများကို အသက်သွင်းခဲ့သော်လည်း စုယွီကို နည်းနည်းမျှပင် မထိခိုက်နိုင်ခဲ့ချေ။

ဆန့်ကျင်ဘက် အနေဖြင့် စုယွီက သူတို့နှင့် ထိပ်တိုက် မရင်ဆိုင်ဘဲ သူ၏ တူကြီးက သူတို့၏ အားနည်းချက်များကိုသာ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်။ ရိုက်ချက်တိုင်းက သေမတတ် အန္တရာယ်များသာ။

(၁၅) မိနစ်ပင် မပြည့်သေးသည့် အချိန်အတွင်း အခင်းအကျင်း နယ်မြေက ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွား၏။

စုယွီက ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်ဖြင့် သွန်းလောင်းထားသော သွေးရောင်တူကြီးကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထိုအခိုက် ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင်ကျင့်စဉ်နှင့် ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်တို့၏ စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ပြန်လည်ဝင်ရောက်သွားသည်။

စုယွီ ပြင်းပြင်းထန်ထန် အမောဆို့နေပြီး တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေ၏။ သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း စွမ်းအားများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့လေပြီ။

All Chapters