← Chapters

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း (၈၄၅) - မျက်နှာဖုံးကို ဆွဲခွာခြင်း၊ နတ်မိမယ် ဖုန်းလင်၏ အိပ်မက်ဆိုး (၄)

သို့သော်လည်း သူ၏ တူချက်ဖြင့် အထုခံရပြီးနောက် မူလဝိညာဉ် သုံးခုသာ ကျန်ရှိတော့သော ပြိုင်ဘက်များကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။

'မဆိုးဘူး'

ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခု၏ ပေါက်ကွဲအားနှင့် သွေးဝေလငါး လမင်းမြို အတုအယောင် နတ်စွမ်းအားတို့ ပေါင်းစပ်လိုက်ပါက စတုတ္ထအလွှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးကို ဖိနှိပ်ရန် လုံလောက်နေပြီ ဖြစ်သည်။

အကယ်၍ အချိန်တာအိုစွမ်းအားနှင့်သာ ပေါင်းစပ်လိုက်မည် ဆိုပါက ၎င်းသည် ပြိုင်ဘက်ကင်း ဖြစ်သွားတော့မည်။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးအနေဖြင့် သူ၏ ဆံပင်တစ်ပင်ကို ထိခိုက်စေရန်ပင် မလွယ်ကူလှသော်လည်း သူကမူ ထိုသူတို့ကို အထိနာစေရန် အလွယ်တကူ တိုက်ခိုက်နိုင်သည်။

'ငါ့ကို မထိနိုင်ဘဲ သူတို့ အစွမ်းကုန် ကာကွယ်နေရင်ရော'

'လုံးဝ အသုံးမဝင်ဘူး'

ဟင်းလင်းပြင် တာအိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် စုယွီ၏ ရိုက်ချက်တိုင်းက တောင်တစ်ဖက်မှ နွားကို ရိုက်နိုင်သော စွမ်းရည်မျိုး ရှိနေ၏။

‘ငါ ကျွမ်းကျင်တဲ့ သိုင်းကျင့်စဉ် အားလုံးကို အသုံးပြုမယ်ဆိုရင်... ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း နဲ့ ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ် ပညာရှင်တွေကိုတောင် ရင်ဆိုင်နိုင်လောက်ပါတယ်...'

စုယွီက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူတို့၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်နေကြသော မီးဖီးနစ် ကောင်းကင် နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးကို လုံးဝ ဂရုမစိုက်တော့ချေ။

သူက လက်တစ်ချက် ဝှေ့ယမ်းကာ ကောင်းကင် အင်မော်တယ် တားမြစ်ချက် အခင်းအကျင်းကို ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်ဖြင့် စီရင်ထားလိုက်ပြီး သူတို့သုံးဦးစလုံး၏ မူလဝိညာဉ်များကို အကျဉ်းချကာ သိမ်းဆည်းလိုက်သည်။

ဤမူလဝိညာဉ်များသည် တန်ဖိုးကြီးမားသော ရတနာများ ဖြစ်ကြပြီး ၎င်းတို့ကို ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးနှင့် ထိုက်ရွှီတို့ ဝါးမြို ကျင့်ကြံရန်အတွက် ယူဆောင်သွားနိုင်သည်။

အကယ်၍ မူလဝိညာဉ်များကိုသာ ကျင့်ကြံနိုင်မည် ဆိုပါက ပင်လယ်လွှမ်းမိုး ရွှမ် လိပ်နှင့် ထိုက်ရွှီတို့သည် စတုတ္ထအဆင့် အထက်တန်း သို့မဟုတ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းသို့ပင် ရောက်ရှိသွားနိုင်၏။

အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးနှင့် အခင်းအကျင်းတို့ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် စုယွီက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မည်သည့် အပြောင်းအလဲမျှ မရှိသည်ကို တွေ့လိုက်ရ၏။ တိုက်ပွဲကြီး၏ ဆူညံသံများကို အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးနှင့် အခင်းအကျင်းတို့က လုံးဝ ဖုံးကွယ်ထားခဲ့ပြီး အရိပ်အယောင် တစ်စက်ကလေးမျှပင် မပေါက်ကြားခဲ့ချေ။

မြေပြင်သည်ပင် ပကတိ အတိုင်း ရှိနေပြီး ယခုလေးတင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မပြသထားပေ။

ထို့နောက် စုယွီက သူ၏ အရှေ့ရှိ မြေပြင်ပေါ်တွင် လဲကျနေသော နတ်မိမယ် ဖုန်းလင်ထံသို့ အကြည့်ရွှေ့လိုက်၏။ သူမသည် ယခင်က လောကရေးရာများနှင့် ကင်းကွာနေသော၊ မာနထောင်လွှားကာ သေမျိုးကမ္ဘာကို အထက်စီးမှ ငုံ့ကြည့်နေသော နတ်သမီးလေး တစ်ပါးအဖြစ် မိမိကိုယ်ကို ဖော်ပြခဲ့၏။

သို့သော် ယခု မြေပြင်ပေါ်တွင် လဲကျနေချိန်၌မူ သူမက သေမျိုးကမ္ဘာတွင် လမ်းပျောက်နေသော နတ်သမီးလေး တစ်ပါးကဲ့သို့ ကွဲပြားခြားနားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ ပိုမို၍ ကိုးရိုးကားယား နိုင်ကာ ဖရိုဖရဲ ဖြစ်နေသော်လည်း အရင်က အေးစက်တည်ငြိမ်မှု မရှိတော့ပေ။

သူမ၌ လူသားဆန်သော အရိပ်အယောင်လေးများ ရှိလာလေပြီ။

ဤအခိုက်အတန့်တွင် နတ်မိမယ် ဖုန်းလင်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထား၏။ အသိစိတ်က အိပ်မက်ဆိုးများ၏ တွင်းနက်ကြီးထဲသို့ နစ်မြုပ်နေပြီး ငရဲပြည်ရှိ သံသရာလည်ခြင်း၏ ညှဉ်းပန်းနှိပ်စက်မှုများကို အဆက်မပြတ် ခံစားနေရသည်။

ဤသည်ကား သံသရာဘေးဒုက္ခ စက်ဝန်းပင်တည်း။

စုယွီသည် သူမ၏ အပေါ်သို့ သံသရာဘေးဒုက္ခ စက်ဝန်း၏ အပြည့်အဝ စွမ်းအားကို မပို့လွှတ်ခဲ့ပေ။ ထိုသို့မှ မဟုတ်လျှင် နတ်မိမယ် ဖုန်းလင်၏ ဝိညာဉ်စွမ်းအား အဆင့်နှင့်ဆိုပါက မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားနိုင်သည်။

သို့ဖြစ်လင့်ကစား နတ်မိမယ် ဖုန်းလင်မှာ လွယ်လွယ်ကူကူနှင့်တော့ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

စုယွီက နတ်မိမယ် ဖုန်းလင်ထံမှ အကြည့်လွှဲလိုက်ပြီးနောက် စုဇီ၊ နတ်မိမယ် ကုယွဲ့နှင့် အခြားသူများကို မှော်ရတနာစံအိမ် အတွင်းမှ ထုတ်ပေးလိုက်၏။

စုဇီ၊ နတ်မိမယ် ကုယွဲ့၊ လူငယ်မျိုးဆက်များဖြစ်ကြသော စုချင်းရှန်းနှင့် စုရိဟယ် တို့သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြရာ သူတို့ကို ဝိုင်းရံထားသော ကြောက်မက်ဖွယ် ပုံရိပ်ကြီး ခြောက်ခု ပျောက်ကွယ်သွားသည်ကို အံ့ဩစွာ တွေ့လိုက်ရသဖြင့် တွေဝေငေးမော သွားကြသည်။

စုဇီနှင့် အခြားသူများ အလွန်အမင်း အံ့အားသင့်သွားကြ၏။

'ဖြေရှင်းပြီးသွားပြီလား'

သို့သော်လည်း...

မြေပြင်ပေါ်တွင် လဲကျနေဆဲဖြစ်သော နတ်မိမယ် ဖုန်းလင်ထံသို့ သူတို့ ကြည့်လိုက်ကြသည်။ သူမက ဘာဖြစ်လို့ ဒီမှာ ရှိနေသေးတာလဲ။

စုဇီနှင့် အခြားသူများက မီးဖီးနစ် ကောင်းကင် နန်းတော်မှ အရှင်သခင်ကြီးများ ထွက်ခွာသွားပြီဟု အစပိုင်းတွင် ထင်မှတ်ခဲ့ကြသော်လည်း သူတို့ သုံးဦးစလုံးနှင့် သူတို့၏ တာအိုကိုယ်ပွားများ အားလုံး စုယွီ၏ လက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း လုံးဝ မတွေးမိခဲ့ကြချေ။

စုယွီက နတ်မိမယ် ဖုန်းလင်ကို လက်ညှိုးထိုးပြကာ ညွှန်ကြားလိုက်၏။

"အစ်မ... နတ်မိမယ် ဖုန်းလင်ကို လောလောဆယ် စောင့်ကြည့်ထားလိုက်ပါ... သူ အခုလောလောဆယ်တော့ နိုးလာနိုင်ဦးမှာ မဟုတ်ဘူး"

နတ်မိမယ် ဖုန်းလင်ကို စုဇီထံ အပ်နှံခဲ့ပြီးနောက် စုယွီက တောင်အနောက်ဘက်ရှိ သင်္ချိုင်းဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။

သို့သော် စုယွီ မသိခဲ့သောအရာမှာ... လောလောဆယ် နတ်မိမယ် ဖုန်းလင် အဆက်မပြတ် ကြုံတွေ့နေရသော သံသရာစက်ဝန်း အိပ်မက်ဆိုးထဲတွင် သူ ပါဝင်နေခြင်းပင်။ ဘဝတိုင်းတွင် သူမသည် နှလုံးသား နတ်ဆိုးများ၏ အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပြီး အသက်ရှင်ရန်လည်း မဖြစ်နိုင်၊ သေဆုံးရန်လည်း မဖြစ်နိုင်ဘဲ သူမ၏ စိတ်နှလုံးမှာ အကြွင်းမဲ့ ကြေမွပျက်စီးနေလေပြီ။

သံသရာဘေးဒုက္ခ စိတ်ဝိညာဉ် တိုက်ခိုက်မှု သိုင်းကွက်သည် ရန်သူများကို ငရဲတွင်းနက်ထဲရှိ သူတို့၏ ကိုယ်ပိုင် အိပ်မက်ဆိုး သံသရာစက်ဝန်းများထဲသို့ တွန်းချလိုက်ပြီး အဆုံးတွင် သူတို့၏ ဝိညာဉ်ကို ပြိုကျပျက်စီးစေကာ အပြီးတိုင် ဖျက်ဆီးပစ်သည်။

သံသရာလည်ခြင်းအတွက် အတိအကျ သတ်မှတ်ထားသော ဇာတ်လမ်း သို့မဟုတ် အိပ်မက်ဆိုး ဟူ၍ မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ နှလုံးသား နတ်ဆိုးက မတူညီကြသောကြောင့်ပင်။

စုယွီက ထိုအကြောင်းကို များများစားစား မတွေးခဲ့ပေ။ နတ်မိမယ် ဖုန်းလင်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သူ မဆုံးဖြတ်ရသေးချေ။ သူမကို လွှတ်ပေးရန်မှာတော့ ယလုံးဝ မဖြစ်နိုင်သလို ယခု သူ၏ တွေဝေမှုမှာ သူမကို သတ်ရမည်လား သို့မဟုတ် သူမအား ခိုင်းစေရမည်လား ဆိုသည်ပင်။

မည်သို့ပင်ဆိုစေကာမူ နတ်မိမယ် ဖုန်းလင်သည် ပါရမီရှင်တစ်ဦး ဖြစ်ပြီး တောင်ပိုင်း အင်မော်တယ်ကမ္ဘာ၏ ကြီးစိုးသော အင်အားစုဖြစ်သည့် မီးဖီးနစ် ကောင်းကင် နန်းတော်၏ တာအိုမျိုးစေ့လည်း ဖြစ်သည်။

အကယ်၍ ထိုသို့သော သူတစ်ယောက်ကို သူ့အား အလုပ်အကျွေးပြုရန် ခိုင်းစေနိုင်မည် ဆိုပါက...။

သင်္ချိုင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် စုယွီ၏ ခေါင်းထဲမှ အတွေးများ အားလုံး ပျောက်ကွယ်သွားရသည်။

မျက်တောင်တစ်ခတ်အတွင်း သူသည် အုတ်ဂူတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားပြီး ကမ္ပည်းစာကို ဖတ်လိုက်၏။

'စုယွီ၏ ဇနီး ယွီခယ်အာ ၏ အုတ်ဂူ’

All Chapters