← Chapters

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း (၈၄၆) - အညံ့ခံခြင်း၊ မဟာတိုက်ပွဲကြီး၏ အကြိုကာလ

စုယွီ၏ မျက်နှာပေါ်တွင် အတွေးနက်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ယွီခယ်အာနှင့် ပတ်သက်ခဲ့သော အတိတ်က ပုံရိပ်များသည် သူ၏ ခေါင်းထဲတွင် တစ်ကွက်ချင်းစီ ပြန်လည် ပေါ်လာပြီးနောက် အပြစ်ရှိသလို ခံစားရခြင်း၊ ဆုံးရှုံးသွားရခြင်းနှင့်အတူ ယူကျုံးမရဖြစ်ခြင်းတို့က လှိုင်းလုံးများပမာ ရိုက်ခတ်လာတော့၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အညတရ ချီသန့်စင်ခြင်းအဆင့် တပည့်လေး တစ်ယောက်အဖြစ် သေးငယ်သော မိသားစုလေး တစ်ခုမှ ထွက်ခွာလာခဲ့စဉ်က... နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ပြီးနောက်တွင် သူ၏ ဘဝသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

သို့ဖြစ်သော်ငြားလည်း ယခုအချိန်တွင်တော့ အမှန်တကယ်ပင် ယုံမှားဖွယ်မရှိ နှစ်ပေါင်း ရာနှင့်ချီ၍ ကုန်ဆုံးသွားခဲ့လေပြီ။

အတိတ်က လူများနှင့် အဖြစ်အပျက်များသည် သူ၏ မျက်စိရှေ့တွင် ရှင်းလင်းထင်ရှားနေဆဲ ဖြစ်သော်လည်း တကယ့် လက်တွေ့တွင်မူ အရာအားလုံးက ကွယ်ပျောက်သွားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

သူ၏ လူငယ်ဘဝက မိသားစု အကြီးအကဲများမှ စတင်ကာ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှ ရောင်းရင်းများနှင့် မျိုးနွယ်စုဝင်များ... ယခု ယွီခယ်အာ သေဆုံးသွားချိန်အထိ... သူ၏ လမ်းခရီးတွင် အဖော်ပြုပေးနိုင်မည့် သူများမှာ တစ်စထက်တစ်စ လျော့နည်းလာခဲ့လေပြီ။

အချိန်ကာလသည် ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေးချေ။ ဤကမ္ဘာရှိ လူတိုင်းသည် အချိန်ကာလ၏ ဒီရေလှိုင်းများအောက်တွင် တိုက်စားခံနေကြရ၏။

အချိန်ရေစီးကြောင်းပေါ်တွင် သင်၏ တည်ရှိမှု အနှစ်သာရကို သက်တမ်းက ဆက်လက် မထောက်ပံ့နိုင်တော့သည့် အခါတွင် အဆုံးသတ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး သင်၏ အနှစ်သာရသည် အချိန်ကာလ ရေစီးကြောင်း၏ အနက်ရှိုင်းဆုံး အောက်ခြေသို့ အပြီးတိုင် နစ်မြုပ်သွားတော့မည်ပင်။

အမှန်တကယ် စစ်မှန်သော သံသရာလည်ခြင်း ဆိုသည်မှာ မှတ်ဉာဏ်များ လုံးဝ မပါရှိပေ။

ဒါက တာအိုဆရာမ ချင်းချွမ်၏ သံသရာလည်ခြင်းအား စစ်မှန်သော သံသရာလည်ခြင်း မဟုတ်ဟု ယခင်က စုယွီ ပြောခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။

သို့သော် တာအိုဆရာမ ချင်းချွမ်၏ အခြေအနေက ဤကမ္ဘာတွင် ဝိညာဉ်ခန္ဓာ ပေါ်ပေါက်လာခြင်းထက်ပင် များစွာ ပို၍ ထူးခြားဆန်းကြယ်နေခဲ့၏။

စုယွီက ယွီခယ်အာအပေါ် အပြစ်ရှိသလို ခံစားနေရသည်ကတော့ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် ယွီခယ်အာသာ အခြားသော လက်တွဲဖော် တစ်ယောက်ကို ရွေးချယ်ခဲ့မည် ဆိုပါက... ယခုအချိန်တွင် သူမ၌ သားမြေးများ ပြည့်နှက်နေသည့် အိမ်ထောင်စု တစ်ခု ရှိနေနိုင်ပြီး ကြီးမားသော မိသားစုကြီး တစ်ခုအဖြစ်သို့ ကြီးထွားလာနိုင်သောကြောင့် ဖြစ်၏။

သို့သော် သူနှင့် အတူရှိနေခဲ့ခြင်းကြောင့် ယွီခယ်အာသည် နောက်ဆုံးအချိန်အထိ နောင်တအချို့ကို ရင်ဝယ်ပိုက်ကာ ဤကမ္ဘာမှ ထွက်ခွာသွားခဲ့ရသည်။

ဤသည်မှာ အင်မော်တယ် လမ်းစဉ်သို့ သွားရာတွင် မလွဲမသွေ ကြုံတွေ့ရမည့် နာကျင်မှုများစွာထဲမှ တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

စုယွီ၏ ကိုယ်ပိုင် ပါရမီက ထူးကဲလှသည်တော့ မဟုတ်ချေ။ သို့သော် သူ၏ လက်ထဲတွင် ကျွမ်းကျင်မှု မျက်နှာပြင် ရှိနေခြင်းကြောင့် အခြားသော ပါရမီရှင်များနှင့် မတူညီခဲ့ပေ။

ခွန်အား၊ ပါရမီနှင့် အခွင့်အရေးများကြောင့် သူပိုင်ဆိုင်ထားသော အရင်းအမြစ်များသည် သာမန် ပါရမီရှင်များ သို့မဟုတ် အင်မော်တယ် တာအိုလမ်းစဉ်မှ အစွမ်းထက် ပညာရှင်ကြီးများထက်ပင် များစွာ သာလွန်နေခဲ့လေပြီ။

သို့ဖြစ်သော်ငြားလည်း အချို့သောအရာများကို သူ လုံးဝ ပြောင်းလဲ၍ မရနိုင်ခဲ့ချေ။

ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များကဲ့သို့သော အရာများကို ယွီခယ်အာ၊ စုဇီ နှင့် သူ၏ မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ ဆရာတို့အပြင် လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများ အတွက်ပါ သူ ရှာဖွေပေးနိုင်ပြီး သူမတို့အား ပိုမို ကောင်းမွန်သော ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိစေရန် လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည်။

သို့သော် ကျင့်ကြံခြင်း လမ်းစဉ် ဆိုသည်မှာ အရင်းအမြစ်များ တစ်ခုတည်းဖြင့် ကံကြမ္မာကို အံတုနိုင်သော အရာမျိုး မဟုတ်ပါချေ။

အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်က အရေးကြီးသည်မှာ အမှန်ပင်။ သို့သော် အဆုံးစွန်၌ ကျင့်ကြံခြင်း၏ အနှစ်သာရမှာ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်တွင်သာ မူတည်နေဆဲသာ။

သူသည် နတ်ဘုရားတစ်ပါး မဟုတ်သေးပေရာ အဆုံးတွင် အခြားသူများ၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ရန် မစွမ်းသာခဲ့ချေ။

အဝေး တစ်နေရာ၌... စုဇီ၊ နတ်မိမယ် ကုယွဲ့၊ အရက်ကြမ်း တာအို ဆရာမလေး၊ စုချင်းရှန်း၊ စုရိဟယ်နှင့် အခြားသူများသည် အုတ်ဂူရှေ့ရှိ မလှုပ်မယှက် ရပ်နေသော ပုံရိပ်ကို ငေးကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ မည်သူမျှ စကားမဆိုကြချေ။

ထိုအခိုက်အတန့်၌ ပုံမှန်အားဖြင့် မခံစားရနိုင်သော ဇရာအရေးအကြောင်းများနှင့် ဘဝ၏ အနိမ့်အမြင့် ဒဏ်ရာဒဏ်ချက် အငွေ့အသက်များကို စုယွီထံမှ သူတို့ ခံစားနေရသည်ဟုသာ တွေးမိလိုက်ကြသည်။

ဤသိမြင်မှုက သူတို့အား ရုတ်တရက် ရိုက်ခတ်သွားပြီး စုယွီသည် အမှန်တကယ်ပင် မငယ်ရွယ်တော့ကြောင်း သတိပြုမိသွားစေတော့၏။

စုယွီ 'အသက်ကြီးလာပြီ' ဟု သူတို့အနေနနှင့် တစ်ခါမျှ မခံစားရစေခဲ့သောအရာမှာ သူ၏ ငယ်ရွယ်သော ရုပ်ဆင်းသွင်ပြင်နှင့် အိုမင်းခြင်းကင်းမဲ့နေသည့် အမူအရာတို့ကြောင့်ပင်။

သုံးရက်၊ သုံးည ကြာပြီးနောက်...။ စုယွီက သင်္ချိုင်းမှ ထွက်ခွာလာခဲ့သည်။ 'စီနီယာ' တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့် နှစ်ပရိစ္ဆေဒများစွာ၏ လေးလံမှုကို သယ်ဆောင်ထားသဖြင့် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိုအရာကို သူက ချက်ချင်းပင် ဖုံးကွယ်လိုက်၏။

စုမိသားစုသို့ ပြန်ရောက်သောအခါ...။ စုမိသားစုသည် ကြီးမားသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရလေပြီ။ တစ်ချိန်က သူ သိခဲ့သော လူငယ်လေးများသည် ယခုအခါ အသက်အရွယ် ကြီးရင့်သူများနှင့် မျိုးနွယ်စု၏ ဘိုးဘေးများ ဖြစ်နေကြပြီ။

စုချီ၏ ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့် ပဉ္စမအလွှာတွင် ရပ်တန့်နေ၏။ စုရွီအန်း၏ မြေးဖြစ်သူ စုဝေရှန်းကမူ စုမိသားစုအတွင်း ထိပ်တန်း ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ကာ ရွှေအမြုတေအဆင့် အဋ္ဌမအလွှာသို့ ရောက်ရှိနေပြီး မူလဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည့် အလားအလာများ ရှိနေသည်။

စုဟူနှင့် အဆင့်မြင့် ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ကာ ပါရမီ မဆိုးလှသော အခြားသူ အနည်းငယ်တို့သည် စုမိသားစု၏ ထိပ်သီးများ ဖြစ်လာခဲ့ကြသည်။

မိသားစု၏ မဟာခန်းမဆောင်ကြီး အတွင်း၌ စုယွီနှင့် စုဇီတို့က ပင်မထိုင်ခုံများတွင် နေရာယူထားကြ၏။ စုချီ၊ စုဝေရှန်း၊ စုဟူနှင့် အခြားသူများက တစ်ဖက်တစ်ချက်စီတွင် ရိုသေစွာ နေရာယူထားကြကာ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ယှက်သန်းနေကြသည်။

သူတို့သည် စုယွီနှင့် စုဇီ ဟူသော ဘိုးဘေးကြီး နှစ်ပါးကို မတွေ့ရသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီပင်။

စုယွီက စုချီကို ကြည့်ကာ မေးလိုက်၏။

"အခုတလော မိသားစု အခြေအနေ ဘယ်လိုရှိလဲ... မိသားစုဝင် ဘယ်နှစ်ယောက်က ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို ရောက်နေကြပြီလဲ..."

ဆံပင်ဖြူများဖြင့် ပြည့်နှက်နေပြီး အိုမင်းရင့်ရော်နေသော အဘွားအို တစ်ယောက်နှင့် တူနေသည့် စုချီက ရိုသေစွာဖြင့် ပြန်ဖြေသည်။

"ဦးလေးယွီ... ကျွန်မတို့ မိသားစုက အခုဆိုရင် တာ့ယွဲ့ နယ်မြေမှာ နံပါတ်တစ် ကျင့်ကြံခြင်း မျိုးနွယ်စု ဖြစ်လာခဲ့ပါပြီ... လူဦးရေက သန်းချီ ရှိနေပြီး ကျင့်ကြံသူကတော့ (၅၀၀၀) ကျော် ရှိပါတယ်..."

ကျင့်ကြံသူ ထောင်ဂဏန်း...။ ထိုအချိန်က စုမိသားစုတွင် ကျင့်ကြံသူ (၁၀၀) ကျော်သာ ရှိခဲ့သည် မဟုတ်ပါလော။

စုယွီ၏ ရင်တွင်း၌ လှုပ်ခတ်သွား၏။ စုမိသားစုအတွင်းရှိ အပြောင်းအလဲများသည် အမှန်တကယ်ပင် ကြီးမားကျယ်ပြန့်လှသည်။

သူက စုဝေရှန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

"အခက်အခဲတွေများ ရှိသေးလား..."

ယခုအခါ အသက် (၅၀) သို့မဟုတ် (၆၀) အရွယ် အဘိုးအို တစ်ဦးနှင့် တူနေသော စုဝေရှန်းသည် အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းခံရချိန်တွင် မတ်တပ်ရပ်၍ အနည်းငယ် ဦးညွှတ်ကာ ရိုသေစွာဖြင့် ပြန်ဖြေသည်။

"ဘိုးဘေးကြီး... မိသားစုက အဆင်ပြေပါတယ်... ကျွန်တော်တို့ဆီမှာ အရင်းအမြစ်တွေ လုံလုံ ရှိပြီး ဘာအခက်အခဲမှ မရှိပါဘူး..."

သို့သော် ထိုအခိုက်အတန့်၌ မဟာခန်းမဆောင်ကြီး အပြင်ဘက်၌ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

စုဝေရှန်းနှင့် စုချီတို့၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားကြ၏။

ခဏအကြာတွင်။ အသက်ကြီးပိုင်း အမျိုးသားနှင့် အမျိုးသမီး သုံးဦးတို့က လူငယ်တစ်စုကို ဦးဆောင်ကာ မဟာခန်းမဆောင် အနီးရှိ အစောင့်များကို တွန်းဖယ်၍ ဇွတ်တရွတ် ဝင်ရောက်လာကြတော့၏။

ဤလူများ အတင်းဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ စုဝေရှန်း၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ငေါက်ငမ်းလိုက်သည်။

"စုလုံ... မိသားစု မဟာခန်းမဆောင်ထဲကို အတင်းဝင်လာဖို့ မင်းကို ဘယ်သူက အခွင့်အာဏာ ပေးထားသလဲ..."

ထိုအခါ မျက်နှာချင်းဆိုင်မှ အကြီးအကဲ တစ်ဦးက သူ့ကို မထီမဲ့မြင် ကဲ့ရဲ့ကာ ပြန်လည်ချေပသည်။

"ဘာလို့ ကျုပ်တို့က မိသားစု မဟာခန်းမဆောင်ကို ဝင်လို့ မရမှာလဲ... ဘိုးဘေးကြီး ပြန်ရောက်နေတာကို ကျုပ်တို့ ဘေးထွက်မျိုးဆက်တွေက ဘိုးဘေးကြီးနဲ့ တွေ့ခွင့်မရှိဘူးလို့ မင်းက ပြောချင်နေတာလား..."

စုဝေရှန်း၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားပြီး စုချီကလည်း သူတို့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

စုမိသားစု ကြီးထွားလာခဲ့ပြီ။ ထိုအင်အားနှင့်အတူ အတိတ်နှင့် မတူညီသော အပြောင်းအလဲများလည်း ရောက်ရှိလာခဲ့လေပြီ။

သို့သော် ဤအပြောင်းအလဲများနှင့်အတူ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှသာ ထွန်းကားလာခဲ့သော စုမိသားစု ကျင့်ကြံခြင်း မျိုးနွယ်စုထံသို့ ပြဿနာများလည်း စတင် ရိုက်ခတ်လာတော့၏။

မိသားစုအတွင်း လူပိုများလာလေလေ၊ လူတို့၏ စိတ်နှလုံးများက ပြောင်းလဲရန် ပို၍ လွယ်ကူလာလေလေပင်။

အတိတ်က စုမိသားစုတွင် ပင်မမျိုးဆက်က အာဏာကို ချုပ်ကိုင်ထား၏။ ဘေးထွက်မျိုးဆက်မှ လူတစ်ယောက်တွင် ဝိညာဉ်အမြစ် ပါရှိပါက ထိုသူတို့လည်း ပင်မမျိုးဆက်၏ ဆက်ဆံမှုကို ရရှိခံစားနိုင်ကာ မျိုးနွယ်စု၏ မဂာ အကြီးအကဲ မိသားစုခေါင်းဆောင် သို့မဟုတ် ဘိုးဘေးတစ်ပါးပင် ဖြစ်လာရန် အရည်အချင်း ပြည့်မီကြသည်။

ဤမဟာဗျူဟာက မဆိုးလှချေ။ သို့သော် တစ်ခါတစ်ရံတွင် လူတို့၏ စိတ်နှလုံးကို ကျေနပ်အောင် လုပ်ပေးရန်မှာ ခဲယဉ်းလှသည်။

All Chapters