အခန်း ၈၄၇
Vol. 57 Ch. 847
အခန်း (၈၄၇) - အညံ့ခံခြင်း၊ မဟာတိုက်ပွဲကြီး၏ အကြိုကာလ (၂)
အချို့လူများက... ဩဇာအာဏာကို ရရှိပြီး ခွန်အားနှင့် လွှမ်းမိုးနိုင်မှုတို့ကို ပိုင်ဆိုင်လာသည်နှင့်အမျှ ပိုမိုကြီးမားသော စွမ်းအားနှင့် အာဏာကို ထိန်းချုပ်လိုလာကြပြီး နေရာလုကာ ခြယ်လှယ်လိုသည့် အတိုင်းအတာအထိပင် လိုချင်တပ်မက်လာကြသည်။
ဘာကြောင့် ပင်မမျိုးဆက်ကပဲ အမြဲတမ်း အာဏာကို ချုပ်ကိုင်ထားရမှာလဲ။
ဘေးထွက်မျိုးဆက်တွေကရော သစ်ရွက်ကြွေသလို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပြီး ပင်မမျိုးဆက် ဖြစ်မလာနိုင်တော့ဘူးလား။
လက်ရှိတွင်... စုမိသားစု၌ ပင်မမျိုးဆက်နှင့် ဘေးထွက်မျိုးဆက် အမျိုးမျိုးတို့အကြား အာဏာလုပွဲ၏ လက္ခဏာများ ပြသနေလေပြီ။
ထိုသို့သော အခြေအနေမျိုးတွင် စုမိသားစု၏ ပင်မမျိုးဆက်နှင့် ဘေးထွက်မျိုးဆက်များအကြား ကတောက်ကဆများအား မိသားစုဝင် မဟုတ်သူများနှင့် သားမက်အဖြစ် ဝင်ရောက်လာသော ကျင့်ကြံသူများကိုပါ အလုပ်ခန့်ထားခြင်းက ပိုမို ဆိုးရွားသွားစေခဲ့၏။
မိသားစု မဟာခန်းမဆောင်အတွင်းသို့ အတင်းအကျပ် ဝင်ရောက်လာသော ရွှေအမြုတေအဆင့် အရှင်သခင် သုံးပါးသည် နှစ်များတစ်လျှောက် စုမိသားစု၏ ဘေးထွက်မျိုးဆက်များမှ ပေါ်ထွက်လာခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးပင် ဖြစ်သည်။
ရုတ်တရက် ဝင်ရောက်လာပြီးနောက် စုဝေရှန်းနှင့် စကားအနည်းငယ် အခြေအတင် ဖြစ်ခဲ့ပြီးနောက် ထိုသုံးဦးနှင့် သူတို့၏ အနောက်ရှိ လူငယ်လေးများက ခန်းမ၏ အထက်ဘက်ရှိ စုယွီနှင့် စုဇီတို့ထံသို့ အကြည့်များ ရွှေ့သွားကြ၏။
အထူးသဖြင့် ဘိုးဘေးကြီး စုယွီကို ကြည့်လိုက်သည့် အချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။
'အရမ်း ငယ်ရွယ်လွန်းတယ်...'
ထိုအုပ်စုက အလွန်တရာ ရိုသေလေးစားစွာဖြင့် စုယွီနှင့် စုဇီတို့၏ ရှေ့တွင် ဦးညွှတ်လိုက်ကြပြီး ရိုသေစွာ ဆိုလိုက်ကြသည်။
"စုလုံနဲ့ စုချင်း... ဘိုးဘေးကြီးတွေကို ဂါရဝပြုပါတယ်..."
စုယွီက ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးကို အမှတ်ရသွား၏။ ယခင်က မိသားစုဆီသို့ လာရောက်လည်ပတ်စဉ်က သူတို့ကို တွေ့ခဲ့ဖူးပုံရသော်လည်း သူ၏ မှတ်ဉာဏ်များက မှေးမှိန်နေပြီး သူတို့၏ အမည်များကိုပင် မသိတော့ချေ။
ပါရမီရှင် လူငယ်လေးများ ဆိုလျှင်တော့ သူ ပို၍ပင် မမှတ်မိတော့ပေ။
သို့သော် စုယွီက ဒေါသမထွက်ဘဲ စုချီနှင့် စုဝေရှန်းတို့ကိုသာ တစ်ချက် ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်က စုချီနှင့် စုဝေရှန်းတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညှင်းများ ထသွားစေပြီး စုယွီ၏ အရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်ကြကာ သူတို့၏ အသံများတွင် ထိတ်လန့်မှုများ ရောယှက်နေသည်။
"ဦးလေးယွီ... ဘိုးဘေးကြီး... ကျေးဇူးပြုပြီး ဒေါသကို ငြိမ်းပါ..."
စုယွီသည် စုမိသားစု၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
သို့သော်... မည်သို့ပင်ဖြစ်စေကာမူ မိသားစုသည် သူ၏ အရင်းအမြစ်ဖြစ်ပြီး အရာအားလုံးကို သူ လျစ်လျူရှုထား၍ မရနိုင်ချေ။
စုယွီက စတင် ပြောလိုက်၏။
"မိသားစုမှာ အာဏာရှိတဲ့သူက သဘောထားကြီးပြီး ခွင့်လွှတ်တတ်တာ ဟုတ်တယ်... ဒါပေမဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ သံမဏိလို ခိုင်မာတဲ့ လုပ်ရပ်မျိုးတွေလည်း မရှိလို့ မဖြစ်ဘူး..."
"မင်းတို့ သိထားရမှာက... မိသားစု တစ်ခုတောင် အပြည့်အဝ မထိန်းချုပ်နိုင်ဘူး ဆိုရင် မိသားစု ပိုမို ကြီးထွားလာအောင် ဘယ်လိုလုပ်ပြီး ဦးဆောင်နိုင်မှာလဲ..."
ယခုလေးတင် ဦးညွှတ်သွားသော ရွှေအမြုတေအဆင့် အရှင်သခင်များနှင့် လူငယ်လေးများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။
'ဘိုးဘေးကြီးက... ဘာကို ဆိုလိုတာလဲ...'
စုယွီတွင် သူတို့ကို အရေးယူရန် ရည်ရွယ်ချက် လုံးဝ မရှိသည်မှာ သေချာသည်။
သို့သော် စုချီနှင့် စုဝေရှန်းတို့ကို သတိပေးပြီးနောက် သူက ထိုသုံးဦးထံသို့ လှည့်ကာ ပြောလိုက်၏။
"မင်းတို့က စွမ်းဆောင်နိုင်တယ်လို့ ထင်ပြီး မိသားစုရဲ့ အာဏာကို အညံ့မခံချင်ဘူး ဆိုရင်တော့... အခု မိသားစုကနေ ခွဲထွက်ဖို့ ရွေးချယ်ခွင့် မင်းတို့မှာ ရှိတယ်..."
"ခွေးလို ဝက်လို စိတ်ဓာတ်မျိုးနဲ့ ဆွေမျိုးတွေရဲ့ သဘောကောင်းမှု အပေါ်မှာ အခွင့်အရေး မယူကြနဲ့..."
"တူညီတဲ့ သွေးသားတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ရမ်းကားပြီး စိန်မခေါ်ကြနဲ့..."
"မင်းတို့က အခု ရွှေအမြုတေအဆင့် အရှင်သခင်တွေ ဖြစ်နေပြီ ဆိုပေမဲ့လည်း... မင်းတို့ရဲ့ ကျင့်ကြံခြင်းက အစောပိုင်းနဲ့၊ အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်... မင်းတို့ကို အနိုင်ယူဖို့ ဝေရှန်း တစ်ယောက်တည်းနဲ့တင် လုံတယ်..."
"နှစ်တွေ အများကြီးတလျှောက်လုံး မိသားစုကို ငါ.. ပေးခဲ့တဲ့ ပစ္စည်းတွေနဲ့ နည်းလမ်းတွေကို ထည့်မပြောနဲ့ဦး..."
ထိုလူများ၏ မျက်နှာများ ရုတ်ချည်း ပြောင်းလဲသွား၏။ မိသားစုမှ ခွဲထွက်ရမည် ဟုတ်လား။
တစ်စုံတစ်ယောက်က စကားတစ်ခွန်း ဆိုရန် ပြင်လိုက်သော်လည်း တားမြစ်ခံလိုက်ရသည်။
ခေါင်းဆောင်ဖြစ်သူက စုယွီအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။
"ဒါဆိုရင် ဘိုးဘေးကြီး... ကျွန်တော်တို့ မိသားစုကနေ ခွဲထွက်မယ် ဆိုရင် မိသားစုရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့နဲ့အတူ ယူသွားလို့ ရမလား..."
စုယွီက ပြုံး၍ ဖြေလိုက်၏။
"မင်း ..ငါ့ကို မေးဖို့ မလိုဘူး..."
စုယွီက တစ်ချိန်လုံး သူ၏ ဘေးတွင် ရိုသေစွာ ရပ်နေခဲ့သော စုချင်းရှန်းဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
"ချင်းရှန်း... မိသားစု ခေါင်းဆောင် နေရာကို မင်း တာဝန်ယူရတဲ့ အခါ ငါ့ရဲ့ စကားတွေကို မှတ်ထား... ဆွေမျိုးတွေအပေါ်မှာ မင်း သဘောထားကြီးပြီး ခွင့်လွှတ်တတ်လို့ ရတယ်... ဒါပေမဲ့ သံမဏိလို ခိုင်မာတဲ့ လုပ်ရပ်တွေနဲ့ မိသားစု ခေါင်းဆောင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ အဆုံးရှုံးခံလို့ မဖြစ်ဘူး..."
"မိသားစုကို သေချာ ဘယ်လို စီမံအုပ်ချုပ်ရမလဲ ဆိုတာကို စဉ်းစား... ဒါမှမဟုတ် ဘိုးဘေးကြီး စုဇီဆီမှာ အကြံဉာဏ် တောင်း..."
စကားလုံး အနည်းငယ်ဖြင့်ပင် တာ့ယွဲ့ပြည်နယ်၏ အထွတ်အထိပ် ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ဖြစ်သော စုမိသားစုသည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရသည်။
မိသားစု ခေါင်းဆောင် အသစ်က သူ၏ နေရာကို တာဝန်ယူလိုက်ပြီ ဖြစ်၏။
ယခင်က ပြဿနာရှာခဲ့သော ဘေးထွက်မျိုးဆက်များ အားလုံးကို ဆေးလုံးတောင်တန်း မိသားစုမှသာမက တာ့ယွဲ့ နယ်မြေမှပါ နှင်ထုတ်လိုက်သည်။
သူတို့ကို မိသားစုမှ ပေးသနားထားသော အရင်းအမြစ် အနည်းငယ်နှင့် နည်းလမ်းများကို ယူဆောင်သွားစေကာ ဖုန်းလော့ ပြည်နယ် သို့မဟုတ် ဇီကွမ် ပြည်နယ် ကဲ့သို့သော နေရာများတွင် မိမိကိုယ်ကို အခြေချရန် ထွက်ခွာသွားစေခဲ့သည်။
အကယ်၍ ထိုဖြစ်စဉ်အတွင်း တစ်စုံတစ်ယောက်က ပြဿနာရှာခဲ့ပါက သူတို့၏ ကျင့်ကြံခြင်း ဖျက်ဆီးခံရပြီး မိသားစုမှ နှင်ထုတ်ခံရမည်။
သူတို့၏ စု မျိုးရိုးအမည်ကိုပင် ရုပ်သိမ်းခံရမည် ဖြစ်သည်။
စည်းကမ်းမရှိလျှင် စံသတ်မှတ်ချက်များ ရှိလာနိုင်မည် မဟုတ်ချေ။ စုမိသားစု အခြေမြင့်လာသည်နှင့်အမျှ မျိုးနွယ်စုဝင် အရေအတွက်ကလည်း တိုးပွားလာခဲ့သည်။
သို့သော် ပိုမိုလိုအပ်လာသည်မှာ မိသားစုကို ရှေ့ဆက် ဦးဆောင်ရန်အတွက် သံမဏိလို ခိုင်မာသော မိသားစု ခေါင်းဆောင် တစ်ဦးပင်။
ထိုသို့မှ မဟုတ်လျှင် စုဝေရှန်း သို့မဟုတ် စုချီ ကဲ့သို့သော လူများသည် မိသားစု၏ စည်းမျဉ်းစည်းကမ်းများကို နှောင့်ယှက်နေသော ဤဘေးထွက်မျိုးဆက်များကို ဆက်လက် သည်းခံနေဦးမည် ဖြစ်ပြီး စုမိသားစုသည်လည်း မကြာမီ ပြဿနာများနှင့် ရင်ဆိုင်ရတော့မည်ပင်။
ယခု ခွဲထွက်လိုက်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ပင်။
အကယ်၍ သူတို့က မိသားစု၏ စည်းမျဉ်းများကို မလိုက်နာလိုပါက သူတို့ဘာသာသူတို့ ထွက်သွားပြီး စွန့်စားသင့်သည်။
မိသားစု၏ အကာအကွယ်အောက်တွင် နေပြီးတော့ အနိုင်မကျင့်သင့်ချေ။
စုယွီအတွက်တော့ ဤကိစ္စတွင် စိုးရိမ်ပူပန်စရာ ၊ တွေဝေစရာ မရှိချေ။ ပင်မမျိုးဆက်နှင့် မိသားစု၏ စည်းမျဉ်းများကို စိန်ခေါ်နေသော ဘေးထွက်မျိုးဆက်များကို သူ လုံးဝ အလိုလိုက်မည် မဟုတ်။
သို့သော် ဤဖြစ်ရပ်မှတစ်ဆင့် စုချီနှင့် စုဝေရှန်းတို့သည် အာဏာရယူထားရန် မသင့်လျော်တော့သဖြင့် နောက်တန်းသို့ လုံးဝ ဆုတ်ခွာရန် လိုအပ်ကြောင်းကိုလည်း သူ သဘောပေါက်သွားခဲ့၏။
စုချင်းရှန်းနှင့် စုရိဟယ်တို့သည် ပိုင်ဟွာဂိုဏ်းတွင် စုဇီ၏ နောက်သို့ လိုက်ပါကာ နှစ်အတော်ကြာ ကျင့်ကြံခဲ့ပြီး အတွေ့အကြုံများ ရရှိခဲ့ကြ၏။ စုချင်းရှန်းအား မိသားစု ခေါင်းဆောင် နေရာကို လွှဲပြောင်းရယူခွင့် ပေးပြီး စုရိဟယ်၏ အကူအညီဖြင့် မိသားစု၏ အမွေအနှစ်များကို လွှဲပြောင်းရယူစေနိုင်၏။ သားရဲယဉ်ပါးစေခြင်း၊ အခင်းအကျင်း နှင့် အခြားသော လျှို့ဝှက်နည်းလမ်းများကို စီမံခန့်ခွဲစေခြင်းဖြင့် မိသားစုအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းရည် သူတို့၌ ရှိနေသည်။
အကယ်၍ ပုန်ကန်သူတွေ ရှိလာခဲ့လျှင်တောင် သူတို့က အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်။
သေချာသည်မှာ... အကယ်၍ ထိုနှစ်ဦးက မိသားစုကို စီမံခန့်ခွဲရန် အရည်အချင်း မရှိကြောင်း သက်သေပြခဲ့လျှင် သူတို့ကို အစားထိုးရန်မှာ အလွန် ရိုးရှင်းလှသည်။
ပိုင်ဟွာဂိုဏ်းကို စီမံခန့်ခွဲနေသော စုဇီအတွက် မိသားစုအတွက် ဆက်ခံသူ အနည်းငယ်ကို ပြန်လည်လေ့ကျင့်ပေးရန် အချိန်အနည်းငယ် ဖယ်ပေးရန်မှာ မခဲယဉ်းလှချေ။
တစ်လအကြာ။ စုယွီ၊ စုဇီနှင့် အခြားသူများ စုမိသားစုမှ ထွက်ခွာလာပြီး တာ့ယွဲ့ နန်းတော်၏ ဂိတ်တံခါးများဆီသို့ ဦးတည်သွားကြ၏။
တာ့ယွဲ့ နန်းတော် အတွင်း၌။
စုယွီက စုဇီကို နတ်မိမယ် ဖုန်းလင်အား လွှတ်ပေးရန် တောင်းဆိုလိုက်၏။ စုယွီက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသော နတ်မိမယ် ဖုန်းလင် ရုတ်တရက် တုန်ခါသွား၏။ သူမ၏ အသိစိတ်က အိပ်မက်ဆိုး သံသရာစက်ဝန်းမှ တဖြည်းဖြည်း နိုးထလာသည်။
အချိန်အတော်ကြာပြီးနောက် နတ်မိမယ် ဖုန်းလင်၏ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာပြီး သူမ၏ မျက်လုံးများ ပြန်လည်အသက်ဝင်လာ၏။
သို့သော် သူမ မော့ကြည့်လိုက်ပြီး အရှေ့ရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော ပုံရိပ်ကို မြင်လိုက်ရသောအခါ နတ်မိမယ် ဖုန်းလင်၏ လှပသော မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့် ချက်ချင်း ပြူးကျယ်သွားသည်။ သူမ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့၏။