အခန်း ၈၄၈
Vol. 57 Ch. 848
အခန်း (၈၄၈) - အညံ့ခံခြင်း၊ မဟာတိုက်ပွဲကြီး၏ အကြိုကာလ (၃)
သူမ၏ မျက်လုံးများ ပြာခနဲ ဖြစ်သွားပြီး အမှန်တကယ်ပင် သတိလစ် မေ့မြောသွားတော့၏။
စုယွီ - "...."
သူ့ဘေးရှိ စုဇီ၊ နတ်မိမယ် ဖုန်းလင်နှင့် အရက်ကြမ်း တာအို ဆရာမလေးတို့မှာမူ ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ ဤ နတ်မိမယ် ဖုန်းလင်၏ ကျင့်ကြံခြင်းအဆင့်မှာ သူတို့ထက်ပင် သာလွန်နေခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း နိုးထလာချိန်၌ စုယွီကို မြင်လိုက်ရရုံနှင့်ပင် ထိတ်လန့်လွန်း၍ သတိလစ်သွားခဲ့ရသည်မှာ... သူမမည်မျှပင် ကြောက်ရွံ့နေခဲ့သနည်း။
စုယွီက လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်မိမယ် ဖုန်းလင်ကို သတိပြန်လည် လာစေလိုက်၏။
နတ်မိမယ် ဖုန်းလင်က သူ့ကို ကြည့်လိုက်ချိန်တွင် ကြောက်လန့်လွန်း၍ ထပ်မံ သတိလစ်တော့မည့် အခြေအနေ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသောအခါ စုယွီက ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ သူမ၏ ပြိုကွဲလုနီးပါး ဖြစ်နေသော တာအို နှလုံးသားကို အမြန်ပင် တည်ငြိမ်သွားစေ၏။
တည်ငြိမ်သွားပြီးနောက်တွင်မူ နတ်မိမယ် ဖုန်းလင်မှာ ကြောက်လန့်လွန်း၍ ထပ်မံ မေ့မြောမသွားတော့သော်လည်း တုန်ရီနေသည့် ခန္ဓာကိုယ်ဖြင့် ဒူးထောက်ကာ တောင်းပန်နေသည်။
"... ကျေးဇူးပြုပြီး ကျွန်မကို အသက်ချမ်းသာပေးပါ..."
စုယွီ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။
သူ့၏ မိတ်ဆွေဟောင်း တစ်ယောက်မှာ အမှန်တကယ်ပင် ဘာတွေများ ကြုံတွေ့ခဲ့ရသနည်း။
အစပိုင်းတွင် သူက နတ်မိမယ် ဖုန်းလင်နှင့် စကားပြောဆိုကာ သူမအား မည်သို့ ချုပ်ကိုင်ရမည်နည်း၊ မီးဖီးနစ် ကောင်းကင် နန်းတော် သို့မဟုတ် တိတိကျကျ ပြောရလျှင် တောင်ပိုင်း အင်မော်တယ်နယ်မြေ အတွင်းသို့ သူ၏ အစွယ်အပွားအဖြစ် မည်သို့ ပို့ဆောင်ရမည်နည်း ဆိုသည်ကို စဉ်းစားထားခဲ့သည်။ သို့သော် ယခုမူ... စကားပြောရန်ပင် လိုအပ်သေးသလော။
စုယွီက သူ၏ ခံစားချက်များကို သိမ်းဆည်းလိုက်ပြီး ကြောက်ရွံ့တုန်ရီနေသော နတ်မိမယ် ဖုန်းလင်အား ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။
"ခေါင်းမော့လိုက်..."
"မီးဖီးနစ် ကောင်းကင် နန်းတော်ရဲ့ ကိစ္စတွေကို ငါ့ကို ပြောပြ..."
"မင်း သိတာ အားလုံးကို ထုတ်ပြော..."
အမှန်တကယ်တွင် စုယွီက နတ်မိမယ် ဖုန်းလင်ကို တွန့်ဆုတ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမက သူ၏ အဖြစ်အပျက်နှင့် မီးဖီးနစ် ကောင်းကင် နန်းတော်နှင့် ပတ်သက်သော အချက်အလက်များကို ယခုမှသာ ပြန်လည် အမှတ်ရလာသကဲ့သို့ ငေးမောကြည့်နေ၏။ ထို့နောက် ထပ်မံ တုန်ရီသွားကာ မီးဖီးနစ် ကောင်းကင် နန်းတော်နှင့် ပတ်သက်၍ သူမသိသမျှ အချက်အလက်များအားလုံးကို အကုန်အစင် ထုတ်ပြောပြလိုက်တော့၏။
သူမက သူမ၏ ဆရာဖြစ်သူနှင့် မီးဖီးနစ် ကောင်းကင် နန်းတော်၏ လက်ရှိ နန်းတော်သခင်တို့အကြားရှိ လျှို့ဝှက်ဆက်ဆံရေးကိုပင် မချန်မထားဘဲ ဖော်ထုတ် ပြောပြလိုက်၏။ ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် သူ၏ ဘေးတွင် ရှိနေကြသော နတ်မိမယ် ကုယွဲ့နှင့် အရက်ကြမ်း တာအို ဆရာမလေးတို့၏ မျက်လုံးများထဲ၌ စူးစမ်းလိုစိတ်များ ပိုမို ပြင်းထန်လာတော့၏။
မီးဖီးနစ် ကောင်းကင် နန်းတော်ကဲ့သို့သော ကြီးမားသည့် အင်အားစု တစ်ခုအတွင်း၌ ထိုသို့သော ဖြစ်ရပ်များ အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည်လော။
နတ်မိမယ် ဖုန်းလင်၏ ပြောဆိုမှုမှတစ်ဆင့် မီးဖီးနစ် ကောင်းကင် နန်းတော်၏ အခြေခံ အုတ်မြစ်များကို စုယွီ တဖြည်းဖြည်း နားလည်လာခဲ့၏။ နတ်မိမယ် ဖုန်းလင် သိထားသမျှ အချက်အလက်များ အရပင် မီးဖီးနစ် ကောင်းကင် နန်းတော်တွင် ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး လေးပါးနှင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး နှစ်ဆယ်ကျော် ရှိနေခဲ့သည်။
မီးဖီးနစ် ကောင်းကင် နန်းတော်နှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာကို မေးမြန်းပြီးနောက် ရက်ပေါင်း (၃) ရက် ကုန်ဆုံးသွားခဲ့လေပြီ။
စုယွီက နတ်မိမယ် ဖုန်းလင်၏ စိတ်ဝိညာဉ်ထဲတွင် သံသရာဘေးဒုက္ခ စက်ဝန်း၏ အစေ့အဆံကို အောင်မြင်စွာ စိုက်ပျိုးလိုက်သည်။ ထို့နောက် သူမ၏ စိတ်နှလုံးကို တည်ငြိမ်စေရန် ကူညီပေးကာ သူ၏ လက်အောက်ခံ ဖြစ်သွားပြီ ဖြစ်ကြောင်း အသိအမှတ်ပြုစေလိုက်၏။
သူမကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သေချာသွားသောအခါမှသာ စုယွီက နတ်မိမယ် ဖုန်းလင်အား မီးဖီးနစ် ကောင်းကင် နန်းတော်သို့ ပြန်လည် ထွက်ခွာခွင့် ပေးလိုက်ပြီး ကျဆုံးသွားခဲ့သော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါး၏ ကိစ္စကို ဖြေရှင်းရန် ညွှန်ကြားလိုက်သည်။
ထို့အပြင် သူ၏ တာအိုအမိန့်များကို စောင့်ဆိုင်းနေရန်လည်း မှာကြားလိုက်၏။
နတ်မိမယ် ဖုန်းလင် ထွက်ခွာသွားသည်ကို ကြည့်ရင်း စုယွီက ခပ်ဖွဖွ ရေရွတ်လိုက်၏။
"မီးဖီးနစ် ကောင်းကင် နန်းတော်..."
သူ့တွင် မီးဖီးနစ် ကောင်းကင် နန်းတော်နှင့် ပတ်သက်သော ကိုယ်ပိုင် အမုန်းတရားမျိုးတော့ မရှိပေ။ သို့သော်လည်း မီးဖီးနစ် ကောင်းကင် နန်းတော်ကို ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး တစ်ခုသာ ရရှိမည်ဆိုပါက သူ လုံးဝ လွှတ်ပေးမည် မဟုတ်ချေ။ ဥပမာ - နတ်မိမယ် ဖုန်းလင်ကို ထိန်းချုပ်ကာ မီးဖီးနစ် ကောင်းကင် နန်းတော်၏ နန်းတော်သခင် အသစ် ဖြစ်လာစေရန် ပံ့ပိုးပေးပြီး မီးဖီးနစ် ကောင်းကင် နန်းတော်ကို သူကိုယ်တိုင် အမှန်တကယ် ဦးစီးရန် ဖြစ်၏။
လက်ရှိအချိန်တွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ စွမ်းအားနှင့် ခွန်အားတို့မှာ အားနည်းချက် မရှိလှပေ။ သို့သော်လည်း မြေကမ္ဘာ အင်မော်တယ် စံအိမ်ထက် ပိုမို အားကောင်းသည့် အင်အားစုများစွာ ရှိနေဆဲ ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင်မူ သူတို့၏ တည်ရှိမှုမှာ ထင်ရှားပေါ်လွင်လှသည် မဟုတ်။
ဟေးလုံ အင်မော်တယ် မင်းဆက်၏ သွေးသားဆက်ခံသူ အင်အားစုများထဲမှ တစ်ခုဖြစ်သော မိုးကြိုးနဂါး နန်းတော်သည် ကောင်းကင် ကျင့်စဉ် မျှော်စင်မှ စီနီယာ အရှင်သခင်ကြီး အန်းယွဲ့ ပြောပြခဲ့သည့်အတိုင်း မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို အမှုန့်ချေပစ်နိုင်သော စွမ်းအားရှိ၏။
[ မိုးကြိုးနဂါး မင်းဆက်- ချန်ကျိုးနယ်မြေ မြောက်ဘက်မှ အင်အားစု- ဟေးလုံ အင်ပါယာနန်းတော်၏ အမွေဆက်ခံသူများဖြစ်ပြီး ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ် (ယွဲ့ အင်မော်တယ် စံအိမ်) နှင့် သွေးကွဲ ရန်ငြိုးရှိပါသည်။
ယခင် အပိုင်းများမှာ ဟေးလုံ အင်ပါယာနန်းတော်၏ အမွေဆက်ခံသူအား ဝမ်လုံ မင်းဆက် ဟု ရေးသားထားသည်ကို ပြင်ဆင် ဖတ်ရှုပေးပါရန်။ ]
တာအိုသခင်ကြီး အယောက် (၂၀) ကျော်နှင့် ပေါင်းစပ်အဆင့် ပညာရှင်ကြီးများပင် ရှိနေခဲ့ကြသည်။
ထိုသို့သော ခြိမ်းခြောက်မှုများနှင့် ရန်သူများကို ရင်ဆိုင်ရချိန်တွင် စုယွီအနေဖြင့် မည်သို့ ပေါ့လျော့နိုင်ပါမည်နည်း။ သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအပြင် အခြားသော ပြင်ဆင်မှု အားလုံးအတွက်လည်း သူ အစီအစဉ်ဆွဲရန် လိုအပ်သည်။
ယခုတစ်ကြိမ်တွင် နတ်မိမယ် ဖုန်းလင်အပေါ် သံသရာဘေးဒုက္ခ စိတ်ဝိညာဉ် တိုက်ခိုက်မှု သိုင်းကွက်ကို ဖြင့် သူမ၏ စိတ်နှလုံးကို ဖောက်ထွင်းနိုင်ခဲ့ပြီး တာ့ယွဲ့ နယ်မြေမှ တစ်ချိန်က ထင်ရှားခဲ့သော ပါရမီရှင်တစ်ဦးကို သူ၏ လက်အောက်သို့ ရောက်ရှိလာစေခဲ့ခြင်းမှာ အမှတ်မထင် ရရှိလိုက်သော အကျိုးကျေးဇူးပင် ဖြစ်သည်။
"သွားကြစို့... မြေကမ္ဘာ အင်မော်တယ်ဂိုဏ်းကို ပြန်မယ်"
တာ့ယွဲ့ နယ်မြေတွင် ဆက်လက် မနေထိုင်တော့ဘဲ စုယွီက ယွီခယ်အာကို ဂါရဝပြုပြီးနောက် စုမိသားစုနှင့် အချိန်အနည်းငယ် နေထိုင်ကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်သို့ ချက်ချင်း ပြန်လည် ထွက်ခွာသွားသည်။
သို့သော်လည်း အင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်းပင် သူ၏ ဆရာ တာအိုဆရာ ထျန်းယွီ၏ နတ်ဘုရား ခန္ဓာကိုယ်ကို အင်မော်တယ် တစ်သောင်း နန်းတော်မှ ထိန်းသိမ်းထားပြီး မိစ္ဆာဒီရေလှိုင်းအား အတင်းအကျပ် ရင်ဆိုင်ခိုင်းထားကြောင်း ကြားသိလိုက်ရသည်။
စုယွီက နန်းတော်သခင် ဖန်ရှောင်နှင့် တွေ့ဆုံချိန်တွင် တိုက်ရိုက်ပင် ဆိုလိုက်၏။
"မင်းရဲ့ ဦးလေးငယ် အင်မော်တယ် တစ်သောင်း နန်းတော်ကို သွားပြီး ဆရာ့ကို ကြယ်ခူးမျှော်စင်နဲ့ လညွှန်နန်းတော်က အဆောင်လက်ဖွဲ့ ဆရာတွေနဲ့အတူ ပြန်ခေါ်လာခဲ့မယ်"
ဤတာဝန်မှာ ခက်ခဲလှသည်တော့ မဟုတ်ချေ။
ရက်ပေါင်း (၁၀) ရက် အတွင်းမှာပင် စုယွီက ဟင်းလင်းပြင် တာအိုစွမ်းအားကို ဖော်ဆောင်လျက် တာအိုဆရာ ထျန်းယွီ၏ နတ်ဘုရား ခန္ဓာကိုယ်နှင့် ကြယ်ခူးမျှော်စင်၊ လညွှန်နန်းတော်တို့မှ အဆောင်လက်ဖွဲ့ ဆရာများကို အင်မော်တယ် တစ်သောင်း နန်းတော်မှ ပြန်လည် ခေါ်ဆောင်လာခဲ့လေသည်။
အင်မော်တယ် တစ်သောင်း နန်းတော်မှ လူများကိုလား။ စုယွီက သူတို့ကို လုံးဝ မထိတွေ့ခဲ့ချေ။
သူတို့ကို ခဏ အနားပေးထားလိုက်ဦးမည်။
စုယွီအတွက် လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ နယ်မြေအတွင်းရှိ မိစ္ဆာဒီရေလှိုင်းကို အရင်ဆုံး အဆုံးသတ်ဖို့ပင်။ ထို့နောက်တွင် သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ဝိညာဉ်ခွဲထွက်အဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ကြိုးစားရမည်။
ယခု ကျင့်ကြံခြင်းအဆင့်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်ကို အလျင်စလို မရင်ဆိုင်သင့်ပေ။
နောက်ဆုံးတော့ သူက မူလဝိညာဉ်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ ဝိညာဉ်ခွဲထွက်အဆင့် ပြိုင်ဘက် အချို့ကို သူ ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း...
အလွန်အကျွံ ယုံကြည်မှု ရှိခြင်း သို့မဟုတ် ပေါ့ဆခြင်းမျိုးကို သူ လုံးဝ ခွင့်မပြုနိုင်ချေ။
တာအိုဆရာ ထျန်းယွီနှင့် အခြားသူများ ပျောက်ကွယ်သွားခြင်းက အင်မော်တယ် တစ်သောင်း နန်းတော်မှ လူများကို တုန်လှုပ်ဒေါသထွက်စေခဲ့သော်လည်း မြေကမ္ဘာ အင်မော်တယ် စံအိမ်နှင့် ပတ်သက်၍ သူတို့ ဘာမျှ မလုပ်နိုင်ခဲ့ကြချေ။ ဤသတင်းမှာ အခြားသော အင်အားစုများဆီသို့ ပျံ့နှံ့သွားချိန်တွင် လူများစွာမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်က တာအိုဆရာ ထျန်းယွီနှင့် အခြားသူများကို တိတ်တဆိတ် ကယ်တင်ခဲ့သည်လား။
*
မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ မြောက်ဘက်တွင် ကြီးမားသည့် အင်မော်တယ် မြို့တော်ဒေသ တစ်ခု ရှိသည်။ ကျင်းဟိုင် ဟု ခေါ်၏။
ဆရာ တာအိုဆရာ ထျန်းယွီနှင့်အတူ စုယွီက ဤနေရာသို့ နေရာ ရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ရောက်ရှိလာ၏။ အခင်းအကျင်း စင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် အလုပ်ရှုပ်နေကြသော မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ တပည့်များစွာကို မြင်လိုက်ရတော့၏။