← Chapters

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း (၈၅၀) - မူလဝိညာဉ်အဆင့် (၈)၊ လူသားမျိုးနွယ်၏ တုံ့ပြန်တိုက်စစ်

ပိုင်မျိုးနွယ်စုမှာ ငြင်းဆန်ရန် အခွင့်အရေး မရှိချေ။ ယခင်က စုယွီ သူတို့၏ ဂိုဏ်းနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ကို ဖော်ထုတ်မိစဉ်အခါက ပိုင်မျိုးနွယ်စု၏ အကြီးအကဲ ဘိုးဘေးမှာ စုယွီအား တိုက်ခိုက်ရန်ပင် စိတ်ကူးခဲ့ဖူးသေး၏။

သို့သော် စုယွီက ထိုတိုက်ခိုက်မှုကို အလွယ်တကူပင် ဖြေရှင်းသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော မည်သည့် တိုက်ခိုက်မှုမျှ စုယွီ၏ ဆံပင်တစ်ပင်ကိုပင် မထိခိုက်နိုင်ခဲ့ပေ။

ထို့အပြင် စုယွီ၏ အကြည့်များက ပိုင်မျိုးနွယ်စု၏ အကြီးအကဲ ဘိုးဘေးထံသို့ ရောက်ရှိသွားချိန်တွင် မူလဝိညာဉ်အဆင့် အထွတ်အထိပ် အရှင်သခင်ကြီး တစ်ပါးဖြစ်သူ သူမှာ စုယွီ၏ အရှေ့တွင် ချက်ချင်းပင် ဒူးထောက်ကျသွားခဲ့၏။

"ဆရာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ..."

တာအို နယ်မြေ ငါးမျိုးနှင့် ကြီးစိုးသည့် အင်မော်တယ် အရှိန်အဝါတို့က ပိုင်ချွန်းထန်ကို ထိတ်လန့်သွားစေခဲ့သည်။

ထို့ကြောင့်ပင် ယခုအချိန်တွင် ပိုင်မျိုးနွယ်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံး စုဝေးရောက်ရှိနေပြီး စုယွီ၏ အရှေ့တွင် တုန်ရီစွာဖြင့် ဦးညွတ်နေကြ‌ရလေ၏။

ပိုင်ချွန်းထန်နှင့် ပိုင်မျိုးနွယ်စုမှ အခြားသူများမှာ မည်သို့ ပြောဆိုရမှန်း မသိဘဲ ဖြစ်နေကြ၏။ ပိုင်လင်တောင်သည် သူတို့၏ ပိုင်နက်ပင်။ ယခုမူ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သိမ်းယူတော့မည်ဟု ကြေညာလာသည်။ အနာဂတ်တွင် သူတို့၏ ပိုင်နက်ကိုပင် ပြောင်းရွှေ့ရတော့မည် ဆိုပါက... မည်သူကများ ဝမ်းသာနိုင်ပါမည်နည်း။

သို့သော်...သူတို့တွင် အနိုင်ယူနိုင်စွမ်း မရှိသလို မြေကမ္ဘာ အင်မော်တယ် စံအိမ်ကိုလည်း မခုခံနိုင်ပေ။

ပိုင်မျိုးနွယ်စုက တောင်ကို ပိတ်ဆို့လိုက်ပြီး မည်သူ့ကိုမျှ အဝင်အထွက် မပြုလုပ်စေတော့ချေ။ စုယွီ၏ ဝင်္ကပါ အကာအကွယ်အောက်တွင် ဆက်သွယ်ရေး ကျောက်စိမ်းပြားများပင် အချက်ပြမှု မရနိုင်တော့ဘဲ ပြတ်တောက်သွားခဲ့၏။

အစပိုင်းတွင် ပိုင်မျိုးနွယ်စုသည် မြေကမ္ဘာ အင်မော်တယ် စံအိမ်က သူတို့၏ ဝိညာဉ်ကြောကို အဘယ်ကြောင့် သိမ်းယူရသနည်းဟူသည်ကို နားမလည်ခဲ့ကြသလို သူတို့ ပိုင်နက်ကိုပင် ပြောင်းရွှေ့ရမည်ဟု ဆိုခြင်းကိုလည်း မည်သို့မျှ မတွေးမိခဲ့ကြချေ။ ဝိညာဉ်ကြော၏ စွမ်းအားများ တဖြည်းဖြည်း လျော့နည်းလာပြီး မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည့် အခိုက်အတန့် ရောက်မှသာ...ပိုင်ချွန်းထန်နှင့် အခြားသူများမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ဤပုဂ္ဂိုလ်က ဘာကို ကြံစည်နေသနည်းဟူသည်ကို သဘောပေါက်သွားခဲ့ကြတော့၏။

သူတို့၏ ဝိညာဉ်ကြောကြီး ကုန်ဆုံးတော့မည်ပင်။

"ဘယ်လို အရာမျိုးကများ စတုတ္ထအဆင့် ဝိညာဉ်ကြော တစ်ခုလုံးက စွမ်းအားတွေကို ဒီမြန်မြန် စုပ်ယူသွားနိုင်တာလဲ..."

ပိုင်မျိုးနွယ်စု၏ အကြီးအကဲ ဘိုးဘေး ပိုင်ချွန်းထန်မှာ ထိတ်လန့်စွာ တွေးလိုက်မိသည်။ ဒါက စတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခု ဖြစ်သည်လေ။

သူ၏ တစ်ဘဝလုံး ကျင့်ကြံခြင်းဖြင့်ပင် ဤဝိညာဉ်ကြောကို ကုန်အောင် မစုပ်ယူနိုင်ခဲ့ပေ။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက ပိုင်လင်တောင်၏ စတုတ္ထအဆင့် ဝိညာဉ်ကြောမှ စွမ်းအားများကို အငမ်းမရ စုပ်ယူကာ သူ၏ စွမ်းအားကို စုဆောင်းနေချိန်တွင် စုယွီမှာ ပိုင်လင်တောင်မှ ထွက်ခွာလာပြီး ကျင်းဟိုင်ရေကန် ဘေးရှိ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိလာခဲ့၏။

ကျင်းဟိုင်ရေကန် ဘေးတွင် ဝင်္ကပါ အကာအကွယ်များ ချထားပြီး လူသား ကျင့်ကြံသူများက အသင့်စောင့်ဆိုင်းနေကြသည်။ သူတို့က ကျင်းဟိုင်ရေကန်ထဲမှ ထွက်ပေါ်လာမည့် မိစ္ဆာသားရဲများနှင့် မိစ္ဆာမျိုးနွယ်စုဝင်များကို ခုခံကာကွယ်ရန် အသင့်ရှိနေကြသည်။

သွေးနံ့များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး ကျင်းဟိုင်ရေကန်အနီးရှိ ရေပြင်မှာ သွေးရောင် အိုင်ထွန်းနေ၏။

သို့သော်လည်း... မိစ္ဆာမျိုးနွယ်စုတို့၏ ရေလှိုင်းကြီးမှာ ထူထပ်လွန်းပြီး အဆုံးမရှိသကဲ့သို့ပင်။

စုယွီသည် ကျင်းဟိုင်ရေကန်ထဲမှ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မိစ္ဆာသားရဲ အကောင် (၁၀၀) ကျော်ကို ဖမ်းဆီးလိုက်ပြီးနောက် ပိုင်လင်တောင်ရှိ ပိုင်မျိုးနွယ်စု၏ ဂိုဏ်းနယ်မြေတွင် ယာယီ ခိုလှုံလိုက်၏။

အေးချမ်း၍ သန့်ရှင်းသော ဂူငယ် တစ်ခုအတွင်း

စုယွီသည် ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး 'အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်' အား အသက်သွင်းလိုက်၏။ ဤ ထူးဆန်းလှသော အင်မော်တယ် ကျင့်စဉ်ကို သူ ကျင့်ကြံရန် ရည်ရွယ်ထားသည်။

အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်သည် ချီသန့်စင် အိုး မှ ပေါက်ဖွားလာခြင်း ဖြစ်၏။ ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက သူ၏ ချီစွမ်းအားများဖြင့် မည်သည့်အရာကိုမဆို ပြန်လည် ပျော်ဝင်စေနိုင်ပြီး ၎င်း၏ အနှစ်သာရကို ကျင့်ကြံခြင်းအတွက် အသုံးချနိုင်လိမ့်မည်။

ချီသန့်စင် အိုး ကိုသာ အသက်သွင်းလိုက်မည် ဆိုပါက ၎င်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိပင်။

အချိန်တာအိုစွမ်းအားများက ဂူစံအိမ် တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး စုယွီ၏ အပေါ်၌ အချိန်ကာလတို့သည် နှစ်ဆမျှ ပို၍ နှေးကွေးနေသကဲ့သို့ ခံစားရ၏။

"ကောင်းကင်ဟင်းလင်းပြင် အရင်းတည်

တာအိုနိယာမ ပြောင်းပြန်လည်

ရေယဉ်စီးဆင်း နောက်ပြန်ဆန်

ခပ်သိမ်းအရာ အင်မော်တယ်ဖန်...

ကိုယ်ပိုင်လမ်းစဉ် ခုတ်ထွင်ဖောက်ထွက်

လောကတစ်ခွင် ပြိုင်စံကင်းလွတ်

မိစ္ဆာမျိုးနွယ် ပျော်ဝင်ပျက်သုဉ်းစေအံ့…”

စုယွီက တိုးညှင်းစွာ ရေရွတ်လိုက်၏။ သူ၏ အသံမှာ တာအိုတေးသွားကဲ့သို့ ဂူစံအိမ်အတွင်း ပဲ့တင်ထပ်နေ၏။

အချိန်ကြာမြင့်စွာ ကြာပြီးနောက် စုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအားများ ဖြည်းညှင်းစွာ လှုပ်ခတ်လာပြီး သူ၏ အရှိန်အဝါများ ပြောင်းလဲသွားတော့၏။

ဓာတ်ကြီး ငါးပါး ချီစွမ်းအားကို အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ဖြင့် လှည့်ပတ်လိုက်ချိန်တွင် ထိုချီစွမ်းအားများမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး စုယွီ၏ စိတ်နှလုံးထဲတွင် မည်သူမျှ မသိနိုင်သော ခံစားချက်မျိုး ပေါ်ပေါက်လာတော့၏။

သူ မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ အရှေ့ရှိ ပထမအဆင့် အဆင့်နိမ့် ငါးမိစ္ဆာသားရဲကို ကြည့်လိုက်၏။

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ချီစွမ်းအားလှိုင်း တစ်ခု ထိုသားရဲဆီသို့ ‌ပစ်ခွင်းသွားသည်။

“ဝရော…”

ထိုငါးမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ရှိ အကြေးခွံများမှာ ဖုန်မှုန့်များအလား တဖြည်းဖြည်း ပျော်ဝင်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့၏။

ထို့နောက်တွင်တော့ အသားနှင့် အရိုးများ။

အသက်ရှူ တစ်ချက်စာမျှသာ ကြာလိုက်၏။ ပထမအဆင့် အဆင့်နိမ့် ငါးမိစ္ဆာသားရဲမှာ စုယွီ၏ မျက်စိရှေ့မှောက်တွင် လုံးဝ ပျောက်ကွယ်သွားသည်။

ထိုငါးမိစ္ဆာသားရဲ ပျော်ဝင်သွားချိန်တွင် ထွက်ပေါ်လာသော စွမ်းအားများက စုယွီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်လာပြီး မူလစွမ်းအား အနည်းငယ်ကို ယူဆောင်လာသည်။ ထိုမူလစွမ်းအားမှာ စုယွီ၏ ချီစွမ်းအားနှင့် ပေါင်းစပ်သွားပြီး သူ၏ စွမ်းအားကို အနည်းငယ် တိုးတက်စေ၏။

ထိုစွမ်းအား၏ အကျိုးသက်ရောက်မှုကို ခံစားမိပြီးနောက် စုယွီ၏ မျက်နှာပေါ်တွင် အံ့ဩမှုတစ်ခု ပေါ်လာသည်။

"ပထမအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲရဲ့ စွမ်းအားကလည်း ဒီထိ အကျိုးရှိတာလား..."

ဒါက ပထမအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ တစ်ကောင်သာ ဖြစ်သေးသည်။

စတုတ္ထအဆင့် ၊ ပဉ္စမအဆင့် သားရဲများဆိုပါက မည်သို့ ဖြစ်လာမည်နည်း။

စုယွီက အခြားသော ပထမအဆင့် မိစ္ဆာသားရဲ အချို့ကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်အား ဆက်လက် ကျင့်ကြံနေတော့၏။

တစ်ရက်အကြာတွင် စုယွီက အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို တတိယအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ သူ ဖမ်းဆီးထားသော မိစ္ဆာသားရဲများ အားလုံးမှာ ပျော်ဝင်သွားကာ သူ့ စွမ်းအားကို တိုးတက်စေခဲ့သည်။

သို့သော်လည်း ပထမ၊ ဒုတိယ နှင့် တတိယအဆင့် မိစ္ဆာသားရဲများက သူ၏ ကျင့်ကြံခြင်းကို သိသာထင်ရှားစွာ တိုးတက်စေခြင်းတော့ မရှိချေ။

သူက ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်၏။

[ကျင့်ကြံခြင်း ကျင့်စဉ် - အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် (တတိယအလွှာ၊ ကျွမ်းကျင်မှု (၂၁.၄၆) %)]။

"ကောင်းပြီ... ဆက်ပြီး ကျင့်ကြံမယ်"

မျက်တောင် တစ်ခတ်အတွင်း စုယွီ၏ ပုံရိပ်မှာ ဂူစံအိမ်အတွင်းမှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်လှိုင်းများ ရိုက်ခတ်သွားကာ မိုင်ထောင်ပေါင်းများစွာ ဝေးသော ကျင်းဟိုင် ရေကန် အတွင်းသို့ ရောက်ရှိသွားတော့၏။

သူ ပေါ်လာသည်နှင့် မိစ္ဆာသားရဲ အချို့မှာ ကြောက်လန့်သွားကြသည်။

ရေကန်ထဲတွင် လူသား တစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာသားရဲ အချို့က စုယွီကို ချက်ခြင်းပင် ပြေးဝင် တိုက်ခိုက်လာ၏။

သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများမှာ စုယွီကို မထိရောက်ခင်ပင် ပျောက်ကွယ်သွားခဲ့ရသည်။ ရေဝဲများ၊ ရေလှံများ နှင့် ထောင်ချောက်များ အားလုံးမှာ အရာမထင် ပျောက်ကွယ်သွား၏။

စုယွီ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ ချီစွမ်းအားမှာ အရပ်မျက်နှာ အားလုံးသို့ လွှမ်းခြုံသွား၏။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ငါးမိစ္ဆာသားရဲ အားလုံးမှာ တဖြည်းဖြည်း ပျော်ဝင်ကာ ပျောက်ကွယ်သွားခဲ့ပြီး အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ အာနိသင်ကြောင့် မူလစွမ်းအား အနှစ်သာရ အဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters