← Chapters

အခန်း ၈၅၁

Vol. 57 Ch. 851

အခန်း ၈၅၁

Vol. 57 Ch. 851

အခန်း (၈၅၁) မူလဝိညာဉ်အဆင့် (၈)၊ လူသားမျိုးနွယ်၏ တုံ့ပြန်တိုက်စစ် (အပိုင်း ၂)

“ပထမအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို ခြေမှုန်းဖို့ ချီစွမ်းအား အနည်းငယ်ပဲ ကုန်ကျပေမဲ့ ဒုတိယအဆင့်ဆိုရင်တော့ ဆယ်ဆမက ကုန်ကျသွားနိုင်ပြီး တတိယအဆင့် ဆိုရင်တော့ အတော်လေးကို များပြားတဲ့ ပမာဏအထိ ကုန်ခမ်းသွားစေနိုင်တယ်”

စုယွီက ကျင်းဟိုင်ရေကန်အတွင်း၌ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေစဉ် အင်မော်တယ် ကျင့်စဉ်၏ နက်နဲလှသော လျှို့ဝှက်ချက်များကို သေချာစွာ နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။

အကယ်၍ သူသာ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို ပဉ္စမအလွှာအထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး တစ်ပါး သို့မဟုတ် ပဉ္စမအဆင့် မိစ္ဆာအရှင်သခင် တစ်ပါးကို ခြေမှုန်းရန်အတွက် သူ၏ ချီစွမ်းအား အမြောက်အမြားကို သေချာပေါက် ကုန်ခမ်းသွားစေမည် ဖြစ်၏။

သို့သော်ငြား ဤကျင့်စဉ်၏ စွမ်းအားနှင့် ခြိမ်းခြောက်နိုင်စွမ်းကတော့ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

စုယွီ၏ အမြင်တွင် ဤအရာက ကြီးထွားလာနိုင်စွမ်းရှိသော နတ်ဘုရား စွမ်းရည်တစ်ခုသဖွယ် ခံစားရလေ၏။ အကယ်၍ သူသာ နောက်ပိုင်းကျင့်စဉ်များကို ထပ်မံရှာဖွေတွေ့ရှိပြီး ၎င်းတို့ကို ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ပေါင်းစပ်နိုင်ခဲ့မည်ဆိုပါက သူ၏ ဓာတ်ကြီးငါးပါး တာအိုကို မည်သူကများ ယှဉ်ပြိုင်ရဲပါတော့မည်နည်း။

အချိန်များက ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့ပါသည်။

စုယွီသည် မိစ္ဆာသားရဲအုပ်စုများကြားတွင် ရောနှောနေထိုင်ရင်း အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် သာမန် မိစ္ဆာသားရဲများကို အဆက်မပြတ် အသုံးပြုနေခဲ့၏။ မိစ္ဆာမျိုးနွယ်များ၏ အာရုံစိုက်မှုကို မခံရစေဘဲ သူ၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နေတော့၏။

လဝက်ခန့် ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါ အနည်းငယ် ပြောင်းလဲသွားမှုနှင့်အတူ စုယွီ၏ ကိုယ်တွင်းရှိ ဓာတ်ကြီးငါးပါး ချီစွမ်းအားများက အကြီးအကျယ် အသွင်ကူးပြောင်းသွားခဲ့လေပြီ။

[ကျင့်ကြံခြင်း နည်းစနစ် - အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် (စတုတ္ထအလွှာ၊ ကျွမ်းကျင်မှု ၀.၀၅ ရာခိုင်နှုန်း)]

မှိန်ပျပျ ရေကန်ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် မိစ္ဆာမျိုးနွယ်မှ ဧရာမ သားရဲကြီးတစ်ကောင် အရှေ့သို့ လျင်မြန်စွာ ပြေးထွက်လာ

ခဲ့၏။မျက်လုံးများထဲ၌ တွေဝေမှုနှင့် သတိထားမှုတို့ ရောယှက်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤနယ်မြေရှိ မိစ္ဆာသားရဲ အရေအတွက်မှာ သိသိသာသာ လျော့ကျသွားခဲ့လေပြီ။

စုံစမ်းထောက်လှမ်းရန် စေလွှတ်လိုက်သော သူ၏ အားနည်းသည့် လက်အောက်ငယ်သားများမှာလည်း တစ်ကောင်ပြီး တစ်ကောင် ပျောက်ကွယ်သွားခဲ့ကြ၏။

ဤနေရာတွင် တစ်စုံတစ်ခု သေချာပေါက် ဖြစ်ပျက်နေခဲ့ပြီ။

“လူသားမျိုးနွယ်တွေထဲက တစ်ယောက်ယောက်များ ကျင်းဟိုင်ရေကန်ထဲကို ရဲရဲတင်းတင်း ဝင်လာရဲတာလား... သူတို့က သေလမ်းကို ရှာနေကြတာပဲ”

စတုတ္ထအဆင့် အဆင့်နိမ့် သားရဲကြီး၏ နှလုံးသားထဲတွင် ဒေါသတရားများ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်း၏ မိစ္ဆာအရှိန်အဝါများက ရေကန်ကို ရိုက်ခတ်သွားပြီး ကြမ်းတမ်းသော လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်စေခဲ့၏။ ပတ်ဝန်းကျင် ကမ္ဘာကြီး တစ်ခုလုံးက တိမ်မည်းကြီးများ ဖုံးလွှမ်းသွားသည့်အလား မှောင်မိုက်သွားပြီး ဤပင်လယ်နယ်မြေ တစ်ဝိုက်တွင် အသက်ရှူကျပ်မတတ် ဖိနှိပ်မှု အရှိန်အဝါ တစ်ခု လွှမ်းခြုံသွား၏။

အဝေးတစ်နေရာ၌ စုယွီ တစ်စုံတစ်ခုကို သတိထားမိသွားပြီး ထိုအရပ်ဆီသို့ နောက်လှည့်ကာ စစ်ဆေးကြည့်လိုက်သည်။

သူ၏ မျက်လုံးများက ရွှေရောင် အလင်းတန်းများ တလက်လက် တောက်ပသွား၏။

သူ မြင်တွေ့လိုက်ရသည်က အရွယ်အစားအားဖြင့် ကျန်းငါးဆယ်နီးပါးခန့် ကြီးမားပြီး ရွှေရောင် ငါးတစ်ကောင်နှင့် တူသည့် ဧရာမ သားရဲကြီး တစ်ကောင်။

၎င်း၏ ဆူးတောင်များက အလွန်တရာ ထူးခြားလှပြီး ငှက်တစ်ကောင်၏ အတောင်ပံများနှင့် ပုံပန်းသဏ္ဍာန် ဆင်တူနေသည်။

အံ့အားသင့်သွားသဖြင့် စုယွီက စိတ်ထဲမှ တွေးလိုက်၏။

‘ဒါက ခွန်းလင် မျိုးနွယ်စုက လာတဲ့ ကျင်းဟိုင်ရေကန်ရဲ့ မူလ အရှင်သခင်ကြီးများလား’

ဤမိစ္ဆာမျိုးနွယ်က အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ အတန်ကြာအောင် စောင့်ကြည့်ပြီးနောက် စုယွီ သူ့ဘာသာသူ အတွေးများနေသည်။

‘ဒီအကောင်က ခွန်းဖန် နဲ့ ဘယ်လိုများ ဆက်စပ်နေမလဲ မသိဘူး’

သူ၏ လက်ထဲတွင် အင်မော်တယ် အလင်းတန်း တစ်စုက စုစည်းလာခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ ချီစွမ်းအားများက လှံရှည်ပုံစံ ဖွဲ့တည်သွားတော့၏။

သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ လှံရှည်ကြီးက လျှပ်တစ်ပြက်အတွင်း ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့လေပြီ။

အဝေးတစ်နေရာ၌ စတုတ္ထအဆင့် အဆင့်နိမ့် ခွန်းလင်ကြီးက ဤနေရာဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာဆဲ ဖြစ်၏။ သို့သော် နောက်တစ်စက္ကန့်တွင် ၎င်း၏ အရှေ့ရှိ ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ထကြွလာခဲ့သည်။

မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွား၏။

၎င်းက မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်။

လှံရှည်ကြီး တစ်လက်က ၎င်း၏ နဖူးတည့်တည့်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့လေပြီ။

“ဒုတ်...”

လူသားတစ်ဦး၏ မူလဝိညာဉ်နှင့် ဆင်တူသော ဝိညာဉ်တစ်ခုက ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ခွန်းလင်ကြီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော လှံရှည်ကြီးက လျှပ်တစ်ပြက်အတွင်းမှာပင် ခန္ဓာကိုယ်ထဲ၌ ရောင်စုံ အလင်းတန်း ငါးသွယ် အဖြစ်သို့ ပြောင်းလဲသွားတော့၏။

၎င်း၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွတ်မြောက်သွားချိန် အသက်ရှူချိန် သုံးကြိမ်ပင် မပြည့်မီမှာပင် အစွမ်းထက်လှသော မိစ္ဆာခန္ဓာကိုယ်ကြီးက အလင်းတန်းများနှင့်အတူ အစအနမကျန် ပျက်သုဉ်း ပျောက်ကွယ်သွားခဲ့လေပြီ။

“ဒါက ဘာကြီးလဲ”

မိစ္ဆာ အရှင်သခင်ကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားတော့၏။

ဒါက ဘယ်လို သရဲတစ္ဆေလို အရာမျိုးလဲ။

၎င်းက နတ်ဘုရား ဝိညာဉ်ကို ထိန်းချုပ်ကာ ကျင်းဟိုင်ရေကန်၏ အနက်ရှိုင်းဆုံး နေရာရှိ ခွန်းလင် မျိုးနွယ်စု၏ နယ်မြေဆီသို့ ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် နောက်ထပ် လှံရှည်တစ်လက် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ ဝိညာဉ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်တော့၏။

နောက်ထပ် တောက်ပသော အလင်းတန်း တစ်ခု ထပ်မံ လင်းလက်လာပြီး အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ ချီစွမ်းအားများက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားကာ မိစ္ဆာမျိုးနွယ်၏ ဝိညာဉ်ကို အပြီးတိုင် ခြေမှုန်းပစ်လိုက်သည်။

စုယွီက ဤချီစွမ်းအား အမျှင်တန်းကို ပြန်လည် ရုပ်သိမ်းလိုက်ချိန်တွင် စတုတ္ထအဆင့် မိစ္ဆာသားရဲ တစ်ကောင်၏ အဆီအနှစ်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ကိုယ်ပိုင် ချီစွမ်းအားများဖြင့် အဆက်မပြတ် သန့်စင် ပေါင်းစပ်သွားတော့၏။

အချိန်အနည်းငယ် ကြာပြီးနောက် အဆီအနှစ်များကို လုံးဝ သန့်စင်ပြီးစီးသွားချိန်တွင် စုယွီက သူ၏ မျက်နှာပြင်ပေါ်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှု အဆင့်အား စစ်ဆေးလိုက်၏။ သူ၏ မျက်လုံးများ အရောင်လက်သွား၏။

“ငါ ကိုယ်တိုင် လဝက် ကျင့်ကြံရတဲ့ အနေအထားနဲ့ ညီမျှနေတာပဲ”

[ကျင့်ကြံခြင်း နည်းစနစ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် အဆင့် သတ္တမအလွှာ၊ ကျွမ်းကျင်မှု ၉၈.၇၉ ရာခိုင်နှုန်း)]

ကျင့်ကြံခြင်း အဆင့်က မကြာမီ အဆင့်ချိုးဖြတ်တော့မည် ဖြစ်၏။

မည်သို့မျှ တုံ့ဆိုင်းမနေဘဲ စုယွီက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ဖော်ထုတ်လိုက်၏။

ထို့နောက် ကျင်းဟိုင်ရေကန် အတွင်း၌ မိစ္ဆာသားရဲများကို ဆက်လက် လိုက်လံ အမဲလိုက်နေသည်။ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရင်း စတုတ္ထအဆင့် မိစ္ဆာသားရဲများကို ရှာဖွေကာ အမဲလိုက်ပြီး သန့်စင်ရန်အတွက် အဆီအနှစ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ငါးရက်ပင် မပြည့်မီ အချိန်အတွင်းမှာပင် ကျင်းဟိုင်ရေကန်၏ လီတစ်ရာ ပတ်လည် အတွင်းရှိ မိစ္ဆာမျိုးနွယ်မှ စတုတ္ထအဆင့် မိစ္ဆာသားရဲ အကောင်နှစ်ဆယ်ကျော်မှာ သူ၏ ခြေမှုန်းခံလိုက်ရတော့၏။

ထို့နောက်တွင်တော့ သူက ပိုင်လင် ဂူစံအိမ်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

“ဂျွတ်... ဂျွတ်...”

လဝက်မျှသော အချိန်ကာလ အတွင်း ပိုင်လင် တောင်မှာ ယခင်က အနေအထားမှ လုံးဝ ကွဲပြားခြားနားစွာ ပြောင်းလဲသွားခဲ့လေပြီ။ မြေပြင်များက အက်ကွဲနေပြီး ဝိညာဉ် အပင်မြောက်မြားစွာမှာလည်း ညှိုးနွမ်းနေကြ၏။ သဘာဝ ဝိညာဉ်စွမ်းအားများမှာလည်း မြေရိုင်းပြင် တစ်ခုကဲ့သို့ ပါးလွှာ ခေါင်းပါးနေတော့၏။

ကမ္ဘာကြီး အတွင်း၌ အဆုံးမဲ့ သဘာဝ ဝိညာဉ်စွမ်းအားများက ဒီရေလုံးကြီးပမာ အရပ်လေးမျက်နှာမှ ပိုင်လင် တောင်ဆီသို့ တဟုန်ထိုး စီးဝင်လာပြီး ဝိညာဉ်သွေးကြော၏ ဗဟိုချက်ရှိ တည်ရှိမှုကြီး၏ ဝါးမျိုခံနေရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ပိုင် မိသားစုမှာ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားကြတော့၏။

သူတို့၏ မျိုးနွယ်စု နယ်မြေဖြစ်သော ပိုင်လင် တောင်မှာ အမှန်တကယ်ပင် ပျက်စီးသွားခဲ့လေပြီ။

စုယွီ ဤနေရာသို့ ပြန်ရောက်လာချိန်တွင် ပိုင်လင် တောင်၏ အပြောင်းအလဲများအပေါ် အံ့အားသင့်သွားခြင်း မရှိခဲ့ချေ။ အတိတ်က မြေကမ္ဘာအင်မော်တယ် စံအိမ်၏ ထိပ်တန်း ပဉ္စမအဆင့် ဝိညာဉ်သွေးကြော ပင်လျှင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး၏ စုပ်ယူမှုကြောင့် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းပြီး မြေပြင်များ အက်ကွဲခဲ့ရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သာမန် စတုတ္ထအဆင့် ဝိညာဉ်သွေးကြောလေးမျှသာ ဖြစ်သော ပိုင်လင် တောင် အနေဖြင့် ဤကဲ့သို့ ဖြစ်သွားခြင်းမှာ အလွန် သဘာဝကျလှသည်။

ကျင်းဟိုင်ရေကန်၏ မိစ္ဆာ လှိုင်းတံပိုးများကို ငြိမ်သက်သွားစေရန်အတွက် ပိုင်လင် တောင် ကဲ့သို့ သာမန် စတုတ္ထအဆင့် ဝိညာဉ်သွေးကြောလေး တစ်ခုကို စတေးလိုက်ရခြင်းက အမှန်တကယ်ပင် တန်ဖိုးရှိ၏။

ဂူစံအိမ် အတွင်း၌ စုယွီက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး အတွေးတစ်ချက်ဖြင့် အဆင့်နိမ့် ပဉ္စမအဆင့် ဝိညာဉ်အရည် တစ်သုတ်ကို ခေါ်ယူလိုက်၏။ ထို့နောက် ဆယ်စက်တိတိကို တစ်ကျိုက်တည်း သောက်သုံးလိုက်သည်။

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်တို့၏ လည်ပတ်မှုအောက်တွင် သူ၏ ကြီးမားကျယ်ပြန့်လှသော ချီစွမ်းအားများက နဂါးငွေ့တန်း ကြယ်စုကြီးလို ဆူပွက်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်သွားစေတော့၏။

ဂူစံအိမ်၏ စတုတ္ထအဆင့် အခင်းအကျင်းကပင် စုယွီ၏ ခန္ဓာကိုယ်မှ ယိုဖိတ်ထွက်ပေါ်နေသော အရှိန်အဝါများကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ခဲ့ပါချေ။

*

မလှမ်းမကမ်းရှိ ပိုင် မိသားစု၏ အင်မော်တယ် နန်းတော် အတွင်း၌။

ပိုင် မိသားစု၏ ခေါင်းဆောင် ဖြစ်သူ ပိုင်ချွန်းထန် နှင့် အခြားသူများက ထိုအရပ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို အာရုံခံမိလိုက်ကြပြီး ကြောက်ရွံ့စိုးရိမ်မှုများကြောင့် မူးဝေသွားကြရ၏။

“အ... အကြီးအကဲ... ဒီစီနီယာကြီးရဲ့ ကျင့်ကြံခြင်းကလည်း မူလဝိညာဉ် အဆင့်မှာပဲ ရှိနေတာပါ.. မဟုတ်ဘူးလား”

မကြာသေးမီကမှ မူလဝိညာဉ် အဆင့် ပထမအလွှာသို့ အဆင့်တက်လှမ်းထားသော အရှင်သခင်ကြီး တစ်ပါးက ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက် တုန်ယင်နေသော အသံဖြင့် တီးတိုး ရေရွတ်လိုက်သည်။

All Chapters