အခန်း ၈၅၄
Vol. 57 Ch. 854
အခန်း (၈၅၄) - တဟုန်ထိုး တက်လှမ်းသွားသော ကျင့်ကြံခြင်းအဆင့်နှင့် ဂျူနီယာ ညီမငယ် လုံယီရန်
“သူတို့ လှုပ်ရှားလာပြီ... မြေကမ္ဘာအင်မော်တယ်စံအိမ်က နောက်ဆုံးတော့ စတင် လှုပ်ရှားလာခဲ့ပြီပဲ”
ကျင့်ကြံသူတစ်ဦးက ကောင်းကင်ယံကို မော့ကြည့်ရင်း ပြောလိုက်၏။ ကျင်းဟိုင်ရေကန် ဗဟိုချက်ရှိ ဟင်းလင်းပြင်ကြီး အက်ကွဲသွားသည်။ မှောင်မည်းနေသော ကမ္ဘာကြီးထဲတွင် မိုးကြိုး ထစ်ချုန်းလာ၏။ သို့သော်ငြား မျက်စိကျိန်းမတတ် တောက်ပလွန်းလှသော ရွှေရောင် နတ်ဘုရားအလင်းတန်းကြီး ကောင်းကင်နှင့်မြေကြီး အနှံ့ လင်းလက်သွားတော့၏။
မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များနှင့် မိစ္ဆာသားရဲများမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အရပ်လေးမျက်နှာသို့ ဖရိုဖရဲ ထွက်ပြေးသွားကြ၏။ ထိုဧရာမသားရဲကြီး၏ နင်းခြေမှုအောက်တွင် ကျင်းဟိုင်ရေကန် အစွန်အဖျားရှိ ရေပြင်များပင်လျှင် ကောင်းကင်ယံထိ ထိုးတက်သွားသည်။ ကြောက်ခမန်းလိလိ ရေလှိုင်းကြီးများအဖြစ် ရိုက်ခတ်သွားတော့၏။
ရေကန်မှ ရေများက နောက်သို့ ဆုတ်ခွာသွားပြီး ပတ်ဝန်းကျင်ရှိ မြေပြင်များကို လွှမ်းမိုးသွားသည်။ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော ကျင့်ကြံသူအချို့မှာ ဤရေလှိုင်းလုံးကြီးများ၏ တိုက်စားခံလိုက်ရတော့၏။
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ လူတိုင်း၏ နားထဲတွင် ဆူညံစွာ ပဲ့တင်ထပ်သွားပြီး သူတို့၏ ဝိညာဉ်ပင်လယ်ကိုပါ လှုပ်ခတ်သွားစေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဉ်ကြောင့် ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြတော့၏။ သူတို့က ထိုအဖြစ်အပျက်များ ဖြစ်ပွားရာ အရပ်ဆီသို့ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ ရောယှက်နေသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။
“သတ်ကြစမ်း”
“တာအိုသခင်ကြီးက အမိန့်ချမှတ်လိုက်ပြီ... ကျင်းဟိုင်ရေကန်ထဲက မိစ္ဆာတွေနဲ့ သားရဲတွေကို သနားညှာတာမှု ကင်းကင်းနဲ့ အမြစ်ပြတ် ချေမှုန်းတဲ့”
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး လေးဆယ်ကျော်ခန့်သည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။ သူတို့၏ ဝိညာဉ်ခန္ဓာကိုယ်များနှင့်အတူ ကျင်းဟိုင်ရေကန်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြ၏။ မရေမတွက်နိုင်သော ဓမ္မရတနာများက ကောင်းကင်ယံကို ဖုံးလွှမ်းသွားတော့၏။ သူတို့ မရောက်ရှိမီမှာပင် မှော်မန္တန်များနှင့် ဓမ္မရတနာများက ကျင်းဟိုင်ရေကန်ထဲတွင် ပုန်းအောင်းနေသော ပဉ္စမအဆင့် မိစ္ဆာအရှင်သခင်ဆီသို့ ဦးတည်သွားခဲ့လေပြီ။
သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အမိန့်ပေးသံများက ပဲ့တင်ထပ်သွား၏။ မြောက်မြားစွာသော ကျင့်ကြံသူများက ကြီးကျယ်ခမ်းနားသော တပ်မတော်ကြီး တစ်ခုအဖြစ် စုစည်းလိုက်ကြသည်။ သားရဲယဉ်ပါးစေခြင်း ပညာရပ်များ ဖောက်ထုတ်ကာ လှေပျံများ၊ စစ်သင်္ဘောများ၊ မှော်လက်နက်များနှင့် ဓမ္မရတနာများ ကိုင်စွဲလျက် ကျင်းဟိုင်ရေကန် အတွင်းသို့ ချီတက်သွားကြတော့၏။
ထိုအခိုက်အတန့်တွင် တိုက်ခိုက်ရေးအတွက် အထူးဖွဲ့စည်းထားသော ထူးခြားသည့် တပ်မတော် နှစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
ဟွမ်ရှီထောင်သည် စတုတ္ထအဆင့် အထွတ်အထိပ် နတ်ဘုရား ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ စတုတ္ထအဆင့် အထွတ်အထိပ် နှင်းဝက်ဝံ မိစ္ဆာသားရဲကြီးအား စီးနင်းထားပြီး တပ်ဦးမှ နေ၍ ဦးဆောင် ချီတက်လာခဲ့သည်။ သူ၏ လက်ထဲတွင် စစ်လှံရှည် ဓမ္မရတနာကို ကိုင်ဆောင်ထား၏။ သူ၏ သွေးဆာနေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“မြေကမ္ဘာအင်မော်တယ် စစ်တပ်... သတ်ကြဟေ့”
“ဝေါ…”
မြေကမ္ဘာအင်မော်တယ် စစ်တပ်မှ စစ်သည် ငါးထောင်သည် သူတို့၏ နှင်းဝက်ဝံ စီးတော်သားရဲများနှင့်အတူ မိုးခြိမ်းသံများအလား ဟိန်းဟောက်လျက် ကျင်းဟိုင်ရေကန် အလယ်ပိုင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့၏။
ကျင်းဟိုင်ရေကန်၏ ရေပြင်များက သူ့အလိုလို နှစ်ခြမ်းကွဲသွား၏။ အတွင်းရှိ မိစ္ဆာသားရဲများ အားလုံးကို ထုတ်ဖော်ပြသလိုက်သည်။ မိစ္ဆာသားရဲ အများအပြားမှာ ထွက်ပြေးရန် အချိန်မရလိုက်မီမှာပင် နှင်းဝက်ဝံများ မှုတ်ထုတ်လိုက်သော ရေခဲစွမ်းအားများကြောင့် အေးခဲသွားကြတော့၏။ မြေကမ္ဘာအင်မော်တယ် စစ်တပ်ကြီး ဖြတ်သန်းသွားချိန်တွင် ထိုရေခဲရုပ်တုများမှာ အမှုန့်အဖြစ် ကျိုးကြေ ပျက်စီးသွားခဲ့လေပြီ။
လူသားမျိုးနွယ် ကျင့်ကြံသူများသည် သူတို့၏ တန်ပြန်တိုက်ခိုက်မှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်တော့၏။
မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတွင်...
ပိုင်မိသားစု၏ ဘိုးဘေးကြီး ပိုင်ချွန်းထန်နှင့် အခြားသူများ၏ မျက်နှာများမှာ အရောင်ပြောင်းသွားကြ၏။ ကျင်းဟိုင်ရေကန်မှ တိုက်ပွဲဆူညံသံများကို သူတို့ ခံစားမိလိုက်ကြသည်။ ဤအရာက ယခင် မြင်တွေ့ခဲ့ရသော ထိုကြောက်မက်ဖွယ်ရာ ဧရာမသားရဲကြီး၏ ဖြစ်ရပ်နှင့် ပေါင်းစပ်သွားသောအခါ ကျင်းဟိုင်ရေကန် ရှိရာ အရပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားရန် သူတို့ကို တွန်းအားပေးလိုက်သည်။
*
ပိုင်ချွန်းထန်က လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။
“မြေကမ္ဘာအင်မော်တယ်စံအိမ်က ကျင်းဟိုင်ရေကန်ထဲက မိစ္ဆာလှိုင်းတံပိုးကြီးကို တန်ပြန် ချေမှုန်းဖို့ ရည်ရွယ်နေတာများလား”
စောစောက ပုံရိပ်ကြီးသည်... လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ထွက်ပေါ်လာခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်နေသော ထိုကြောက်မက်ဖွယ် ကောင်းသည့် သတ္တဝါကြီးများ ဖြစ်နေမလား။ ၎င်းက ပုတူဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင်သခင် နှစ်ပါးကို နင်းခြေခဲ့ပြီး တာ့ယန် အင်မော်တယ်မင်းဆက်မှ အင်မော်တယ် အရှင်သခင်ကိုပင် ကြောက်လန့် ထွက်ပြေးသွားစေခဲ့သည် မဟုတ်ပါလော။ အင်မော်တယ်တစ်သောင်းနန်းတော်မှ တာအိုသခင်ကြီး နှစ်ပါးပင်လျှင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ရှေ့မှောက်၌ မောက်မာသော စကားတစ်ခွန်းမျှ မဟရဲခဲ့ကြချေ။
ထို့ကြောင့် နောက်ဆုံးတွင်တော့...
သူတို့ ပိုင်မိသားစု၏ ဝိညာဉ်သွေးကြောကို ခန်းခြောက်သွားစေခဲ့သော အဓိက တရားခံမှာ ဤကြောက်မက်ဖွယ်ကောင်းလှသည့် သတ္တဝါကြီးပင် ဖြစ်နေတော့၏။
ပိုင်မိသားစုမှ လူများက ဘယ်ညာ ဝေ့ဝဲကာ ရှာဖွေလိုက်ကြ၏။ ထို အရှိန်အဝါဖုံးကွယ် အရှင်သခင် စီနီယာကြီး၏ ပုံရိပ်ကို ရှာဖွေရန် ကြိုးစားလိုက်ကြသော်လည်း သူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချေ။
“တိုက်ပွဲ ပြီးသွားရင်... မြေကမ္ဘာအင်မော်တယ်စံအိမ်က စီစဉ်ပေးတဲ့ မိသားစု နေရပ်သစ် တစ်ခုကို ငါတို့ ရှာရမယ်”
စုယွီက ဤစကားကို ချန်ရစ်ခဲ့ပြီး သူ၏ ပုံရိပ်က ကျင်းဟိုင်ရေကန် ရှိရာ အရပ်ဆီသို့ ဦးတည်သွားခဲ့လေပြီ။ လက်ရှိ အချိန်တွင် ကောင်းကင်ပင့် ရွှေချိုဆုတောင်း ဆင်ကြီးသည် ခွန်းလင် မျိုးနွယ်စု၏ နယ်မြေကို ဖိနှိပ်ထားခဲ့ပြီ ဖြစ်၏။
သူက ကျန်ရှိနေသော ခွန်းလင် မျိုးနွယ်စုများနှင့် အခြားသော အစွမ်းထက် မိစ္ဆာများကို တာအိုသခင်ကြီး ဟုန်ယွဲ့ နှင့် အခြားသူများနှင့်အတူ ပူးပေါင်း ဖြေရှင်းနေခဲ့သည်။ ထိုအခိုက်အတန့်တွင် မိစ္ဆာမျိုးနွယ်၏ ဟင်းလင်းပြင် လမ်းကြောင်းမှာလည်း ဖျက်ဆီးခံလိုက်ရလေပြီ။ အန္တရာယ် ဆိုသည်မှာ မရှိသင့်တော့ပါချေ။
ထိုအခါ ကျင်းဟိုင်ရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်နိုင်မည် ဖြစ်၏။ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် မိစ္ဆာများနှင့် သားရဲအချို့ကို အမဲလိုက်ကာ မိမိ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကို မြှင့်တင်နိုင်မည့်အပြင် အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ ကျွမ်းကျင်မှု အဆင့်ကိုလည်း စုဆောင်းနိုင်ပေလိမ့်မည်။
“ဝူး…”
စုယွီ၏ နတ်ဘုရား ဝိညာဉ်အာရုံက ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးကို ဖုံးလွှမ်းသွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင်...
ကျင်းဟိုင်ရေကန်၏ တိုက်ပွဲ အလယ်တွင် ရင်းနှီးနေသော ပုံရိပ်အချို့ကို သူ ရှာတွေ့သွားခဲ့လေပြီ။
“ဝီ…”
သူ၏ ပုံရိပ်က နောက်တစ်ကြိမ် လင်းလက်သွားပြန်၏။ နောက်တစ်စက္ကန့်တွင် တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် အခြားသော ရင်းနှီးမှုမရှိသည့် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ တပည့် ဆယ်ယောက်ထက်မနည်း ရှိနေသော လှေပျံ တစ်စင်းအတွင်းသို့ သူ ရောက်ရှိသွားရာ သူတို့ အားလုံး အလွန် အံ့အားသင့်သွားကြတော့၏။ ကံကောင်းထောက်မစွာဖြင့် စုယွီက သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။
စုယွီ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့မှာ အတော်လေး အံ့သြသွားကြ၏။
“နင် ဘယ်တုန်းက ပြန်ရောက်နေတာလဲ”
“မကြာသေးခင်ကမှပါ”
စုယွီက ပြန်ဖြေလိုက်သည်။ သူက လော့ချန်ယွီ တို့နှင့် အတိတ်အကြောင်းများကို ပြန်လည် ပြောဆိုနေခြင်း မရှိတော့ဘဲ လော့ချန်ယွီအား လှေပျံကို ပြန်လည် ရုပ်သိမ်းရန်သာ ပြောလိုက်၏။ ထို့နောက် အစွမ်းထက် မိစ္ဆာများကို အမဲလိုက်ရန်အတွက် ကျင်းဟိုင်ရေကန်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ သူတို့ကို ဦးဆောင် ခေါ်သွားတော့၏။ လမ်းကြုံသည့်အခါ မိစ္ဆာမျိုးနွယ်များ၏ အရင်းအမြစ် နေရာအချို့ကိုပါ သူတို့က လုယက် သိမ်းပိုက်သွားမည်ပင်။
ကောင်းကင်ပင့် ရွှေချိုဆုတောင်း ဆင်ကြီး၏ လှုပ်ရှားမှုနှင့်အတူ ကျင်းဟိုင်ရေကန် အတွင်းရှိ မိစ္ဆာလှိုင်းတံပိုးကြီးမှာ စုယွီ တွေးထင်ထားသည့် အတိုင်းပင် ဖြစ်ပေါ်သွားခဲ့၏။ အရှိန်အဟုန်ဖြင့် ချေမှုန်းခံလိုက်ရသည်။ မိစ္ဆာမျိုးနွယ်မှ မိစ္ဆာအရှင်သခင်များမှာ ကောင်းကင်ပင့် ရွှေချိုဆုတောင်း ဆင်ကြီး၏ ခြောက်လှန့်ခံလိုက်ရပြီး ထွက်ပြေးသွားခဲ့ကြပေပြီ။
ကျန်ရှိနေသော မိစ္ဆာသားရဲများနှင့် မိစ္ဆာမျိုးနွယ်ဝင်များမှာ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများနှင့်အတူ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားစုများဖြင့် ဝိုင်းရံ သတ်ဖြတ်ခံလိုက်ရတော့၏။ ဤဝိုင်းရံ တိုက်ခိုက်မှုကြီးသည် နှစ်နှစ်နီးပါးခန့် ကြာမြင့်ခဲ့လေသည်။
ယင်းက ကျင်းဟိုင်ရေကန် အတွင်းရှိ အဆုံးအစမဲ့ များပြားလှသော မိစ္ဆာမျိုးနွယ်ဝင်များနှင့် မိစ္ဆာသားရဲများကို လုံးဝ အမြစ်ပြတ်လုမတတ် ချေမှုန်းပစ်နိုင်ခဲ့၏။
တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့မှ သာမန် ကျင့်ကြံသူများအတွက် ခွဲဝေပေးလိုက်သော အရင်းအမြစ် အနည်းငယ်မှလွဲ၍ ကျင်းဟိုင်ရေကန်ရှိ မိစ္ဆာမျိုးနွယ်များထံမှ အရင်းအမြစ် အများစုမှာ မြေကမ္ဘာ
အင်မော်တယ်စံအိမ်၏ လက်အောက်သို့ ရောက်ရှိသွားခဲ့လေပြီ။
မြေကမ္ဘာအင်မော်တယ်စံအိမ်က ကျင်းဟိုင်ရေကန်ရှိ မိစ္ဆာလှိုင်းတံပိုးကြီးကို ဖြေရှင်းလိုက်နိုင်သည့် သတင်းက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးသို့ လျင်မြန်စွာ ကျော်ကြားသွားခဲ့၏။ အင်မော်တယ်တစ်သောင်းနန်းတော်မှာမူ မနာလို ငြူစူမှုနှင့် နာကြည်းမှု နှစ်ခုစလုံးကို ခံစားလိုက်ကြရသည်။
သို့သော်ငြား မိစ္ဆာလှိုင်းတံပိုးကြီးကို ဖြေရှင်းပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားစုများက အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အနီးရှိ မိစ္ဆာလှိုင်းတံပိုး ဒေသဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့၏။ ကောင်းကင်ပင့် ရွှေချိုဆုတောင်း ဆင်ကြီးက နောက်ထပ် လှုပ်ရှားမှု မပြုလုပ်ခဲ့သော်လည်း မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ တို့၏ အင်အားစုများက ထိုနေရာရှိ မိစ္ဆာများကို တဖြည်းဖြည်း နောက်ဆုတ်သွားအောင် ပြုလုပ်နေခဲ့ကြပြီပင်။
သူတို့ စာရင်းရှင်းခံရမည့် အချိန်ဆိုသည်မှာ မဝေးတော့ပါချေ။ အင်မော်တယ်တစ်သောင်းနန်းတော် အတွက်မူ သူတို့၏ ယခင်က အောက်လုံး သုံးခဲ့မှုများကြောင့် မြေကမ္ဘာအင်မော်တယ်စံအိမ်က သူတို့ကို နောက်ထပ် အကူအညီ ပေးရန် မည်သည့် ရည်ရွယ်ချက်မှ မရှိတော့ပေ။
လီဟော့ နန်းတော် နှင့် ယွီလုံနန်းတော် ကဲ့သို့သော အင်အားစုများက အင်မော်တယ်တစ်သောင်းနန်းတော်ကို အကူအညီ ပေးနေဆဲ ဖြစ်သော်ငြားလည်း ထိုကဲ့သို့သော နောက်ကျော ဓားထိုးသည့် လုပ်ရပ်များအပေါ် သူတို့က အထင်အမြင်သကာ သတိထားနေမိသည်။