← Chapters

အခန်း ၈၅၅

Vol. 57 Ch. 855

အခန်း ၈၅၅

Vol. 57 Ch. 855

အခန်း (၈၅၅) - တဟုန်ထိုး တက်လှမ်းသွားသော ကျင့်ကြံခြင်းအဆင့်နှင့် ဂျူနီယာ ညီမငယ် လုံယီရန် (အပိုင်း ၂)

ထို့ကြောင့် အင်မော်တယ် တစ်သောင်း နန်းတော်၌ ရွှမ်ကွေ့ ပင်လယ် မျိုးနွယ်စု ဦးဆောင်သော မိစ္ဆာ လှိုင်းတံပိုးကြီးမှာ ပြင်းထန်စွာ တိုက်ခိုက် နေဆဲပင် ဖြစ်တော့၏။

အင်မော်တယ် တစ်သောင်း နန်းတော်သည် အကြိမ်ကြိမ် ဆုတ်ခွာ ခဲ့ရသည်။ သူတို့၏ နောက်တန်း ခံစစ်မျဉ်းကို ကာကွယ်ရန်သာ တတ်နိုင် တော့၏။

အင်မော်တယ် တစ်သောင်း နန်းတော်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်တို့ထံမှ အကူအညီကို အရှက်ကင်းမဲ့စွာ ထပ်ခါတလဲလဲ တောင်းခံ နေခဲ့ကြ၏။ မိစ္ဆာ လှိုင်းတံပိုးကြီးကို ဖြေရှင်းပေးရန် အော်ဟစ် အကူအညီ တောင်းခံ နေကြသည်။ မြေကမ္ဘာ အင်မော်တယ် စံအိမ်ထံမှ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးကို ငှားရမ်းကာ မိစ္ဆာ လှိုင်းတံပိုးကြီးကို ဖိနှိပ်ရန် ဟူသော အကြံအစည်ကိုလည်း သူတို့ လုံးဝ လက်မလျှော့ခဲ့ကြပေ။

သို့သော်ငြား မြေကမ္ဘာ အင်မော်တယ် စံအိမ်က အင်မော်တယ် တစ်သောင်း နန်းတော်၏ တောင်းဆိုမှုများကို အနည်းငယ်မျှပင် ဂရုမစိုက် ခဲ့ချေ။

မြေကမ္ဘာ အင်မော်တယ် စံအိမ်။

အင်မော်တယ် ဂိုဏ်း။

မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေဝယ်၊

စုယွီက ဗဟိုချက် တည့်တည့်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ အရပ် လေးမျက်နှာ အနှံ့တွင် တောင်တန်းကြီးများ အလား ပုံထပ် နေသော မိစ္ဆာ သားရဲကြီးများ၏ အလောင်းကောင်များ ရှိနေသည်။ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်အား လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် အသွင်ကူးပြောင်းခြင်း စွမ်းအားများက မိစ္ဆာ သားရဲကြီးများ၏ ခန္ဓာကိုယ်များ အပေါ်သို့ တစ်ကောင်ပြီး တစ်ကောင် ကျဆင်း သွားတော့၏။

ထိုသားရဲများ၏ အရေခွံများ၊ အကြေးခွံ ချပ်ဝတ်များ၊ သွေးသားများနှင့် မိစ္ဆာ အမြုတေများ ပင်လျှင် ပြာအဖြစ်သို့ ပျောက်ကွယ်သွားကြလေ၏။

အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ စွမ်းအားအောက်တွင် ထိုအရာများ အားလုံးက ၎င်းတို့၏ မူလ အရင်းအမြစ် အဖြစ်သို့ ပြန်လည် ရောက်ရှိ သွားကြသည်။

အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် လည်ပတ် နေသည်နှင့်အမျှ မရေမတွက် နိုင်သော မူလ အရင်းအမြစ် စွမ်းအားများက စုယွီ၏ ခန္ဓာကိုယ် အတွင်းရှိ မူလဝိညာဉ် ထဲသို့ စီးဝင် ပေါင်းစပ် သွားတော့၏။

“ဝီ...”

စုယွီက အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်နှင့် အတူ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကိုပါ တစ်ပြိုင်နက်တည်း ကျင့်ကြံ နေခဲ့၏။ ဤကျင့်ကြံခြင်း နည်းစနစ် နှစ်ခု၏ လည်ပတ်မှုမှာ လုံးဝ ပွတ်တိုက် ဆန့်ကျင်ခြင်း မရှိပေ။ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို အသုံးပြုကာ ထိုမူလ အရင်းအမြစ် စွမ်းအားများကို အဆက်မပြတ် သန့်စင် နေသည်။

သူ၏ မှော်စွမ်းအားများ တစ်စထက် တစ်စ ပိုမို အားကောင်း လာသည်ကို စုယွီ ရှင်းလင်းစွာ ခံစားမိ၏။

ယွင်ချန် လက်စွပ်ထဲတွင် စုဆောင်း ထားသမျှသော မိစ္ဆာ သားရဲများနှင့် မိစ္ဆာ မျိုးနွယ်ဝင်များ အားလုံးကို ဝါးမျို အသုံးပြု ပြီးနောက်တွင်ကား နောက်ထပ် နှစ်နှစ် အချိန်ကာလ ကုန်လွန် သွားခဲ့လေပြီ။

“ဟူး...”

စုယွီက မျက်လုံးများကို ဖွင့်လိုက်၏။ ငါးရောင်ခြယ် နတ်ဘုရား အလင်းတန်း တစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာကာ သူက သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ မှုတ်ထုတ် လိုက်သည်။

ဤအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အလွန်အမင်း ထူထပ် လေးလံလှသော မိစ္ဆာ ချီစွမ်းအားများက ရစ်ပတ် လွှမ်းခြုံ ထားတော့၏။

ဤသည်မှာ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ဖြင့် မရေမတွက် နိုင်သော မိစ္ဆာ မျိုးနွယ်ဝင်များကို သန့်စင် ပြီးနောက် ကြွင်းကျန် ရစ်ခဲ့သော အကြွင်းအကျန် အငွေ့အသက် အချို့ပင် ဖြစ်သည်။

၎င်းက စုယွီ၏ ပတ်လည်တွင် ရစ်ဝဲ နေသော သွေးပင်လယ်ကြီး တစ်ခုနှင့် ပမာတူ နေလေ၏။

သို့သော်ငြား မျက်လုံးများ ဖွင့်လိုက် ပြီးနောက် စုယွီက ထူထပ်လှသော မိစ္ဆာ ချီစွမ်းအားများကို တစ်ချက် အကဲခတ် လိုက်၏။ စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်သည်နှင့် သူ၏ ဒန်တျန် အတွင်းမှ ကြေးဝါရောင် အလင်းတန်း တစ်စု ပျံသန်း ထွက်ပေါ်လာကာ လက်ဝါး အရွယ်အစားရှိ ကြေးဝါအိုး တစ်လုံး အဖြစ်သို့ အသွင်ပြောင်း သွားတော့၏။

ချီသန့်စင်အိုးကို သူ အသက်သွင်း လိုက်သည့် အခိုက်အတန့်လေး မှာပင် ပြင်းထန်လှသော စုပ်ယူမှု စွမ်းအား တစ်ခု ထွက်ပေါ်လာကာ စုယွီ၏ ပတ်လည်တွင် ရစ်ဝဲနေသော မိစ္ဆာ ချီစွမ်းအားများကို မျက်စိတစ်မှိတ် အတွင်း အငမ်းမရ ဝါးမျို သွားတော့၏။

ထိုရလဒ် အနေဖြင့် ချီသန့်စင်အိုးမှ ထွက်ပေါ် နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ပိုမို ပြင်းထန် အားကောင်း လာခဲ့သည်။

သူ၏ လက်ဝါးထက်တွင် ငြိမ်သက်စွာ ရှိနေသော ချီသန့်စင်အိုးကို ကြည့်ရင်း စုယွီက တိုးညင်းစွာ ရေရွတ် လိုက်၏။

“ဒီလိုမျိုး ပြုစုပျိုးထောင် ပေးနေမယ်ဆိုရင် ချီသန့်စင်အိုးက လက်နက် တစ်ခု အဖြစ်ကိုများ ပြောင်းလဲ သွားနိုင်မလားပဲ...”

ထို့နောက် ချီသန့်စင်အိုးကို ဒန်တျန် အတွင်းသို့ ပြန်လည် သိမ်းဆည်း လိုက်သည်။

စုယွီ၏ စိတ်အာရုံက ကျွမ်းကျင်မှု မျက်နှာပြင်ဆီသို့ ရောက်ရှိ သွား၏။ သူ၏ ကျင့်ကြံခြင်း တိုးတက်မှု အခြေအနေကို မြင်လိုက် ရသောအခါ ကျေနပ် အားရသော အပြုံးတစ်ခုက သူ၏ မျက်နှာထက်တွင် ထင်ဟပ် လာတော့၏။

“ကျင့်ကြံခြင်း နည်းစနစ်များ... ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် အဆင့် အဋ္ဌမအလွှာ... ကျွမ်းကျင်မှု ၃၁.၂၅ ရာခိုင်နှုန်း)... အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် (စတုတ္ထအလွှာ... ကျွမ်းကျင်မှု ၆၇.၈၁ ရာခိုင်နှုန်း)”

ကျင်းဟိုင် ရေကန်ကို ဝိုင်းရံ တိုက်ခိုက်ခဲ့သော နှစ်နှစ် အချိန်ကာလ အပါအဝင် ဆိုလျှင်ပင် ငါးနှစ်တောင် မပြည့်သေးချေ။ သို့သော်ငြား သူ၏ ကျင့်ကြံခြင်း အဆင့်မှာ တဟုန်ထိုး တက်လှမ်း သွားခဲ့လေပြီ။

ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ သုညမှ စတင်ခဲ့သော်လည်း ယခုအခါ သုံးဆယ် ရာခိုင်နှုန်း ကျော်လွန် သွားခဲ့လေပြီ။

အကယ်၍ သူသာ ဤကဲ့သို့ ဆက်လက် ကျင့်ကြံ နေမည် ဆိုပါက နောက်ထပ် ဆယ်နှစ်ပင် မကြာမီ အချိန်အတွင်း မူလဝိညာဉ် အဆင့်၏ နဝမအလွှာသို့ ချိုးဖြတ်နိုင်ပေလိမ့်မည်။

သေချာပါသည်။ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်၏ ကျင့်ကြံခြင်း နည်းစနစ်မှာ အနည်းငယ် အစွန်းရောက်ပြီး အန္တရာယ် များလှ၏။ သာမန် အခြေအနေမျိုး တွင်ဆိုလျှင် စုယွီ အနေဖြင့် ကျင့်ကြံရန် အတွက် မိစ္ဆာ မျိုးနွယ်များ သို့မဟုတ် မိစ္ဆာ သားရဲများကို သေချာပေါက် သွားရောက် ရှာဖွေမည် မဟုတ်ပါချေ။

အကယ်၍ သူသာ မိစ္ဆာ မျိုးနွယ်မှ မိစ္ဆာ အိုကြီး တစ်ကောင်ကောင်နှင့် သွားတိုးမိလျှင် ဘယ်လို လုပ်မည်နည်း။

သူ့တွင် နှစ်ထောင်ပေါင်း များစွာသော သက်တမ်းများ ကျန်ရှိ နေသေး၏။ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုဖြင့် ကျင့်ကြံခြင်း အဆင့်ကို တစ်ဆင့်ချင်းစီ တည်ငြိမ်စွာ မြှင့်တင် နိုင်သည်။

သူ ကိုယ်တိုင် အသက်အန္တရာယ်များသော စွန့်စားခန်းများ ပြုလုပ်ရန် လုံးဝ မလိုအပ်ပါချေ။

သူ၏ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းများကို ပြီးစီး သွားပြီးနောက် စုယွီက စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်ကာ ယွင်ချန် လက်စွပ်ထဲမှ ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို ခေါ်ယူ လိုက်သည်။ ယခုအခါ ဆယ်စုနှစ်ပေါင်း များစွာတိုင် ဓာတ်ကြီးငါးပါး မှော်စွမ်းအားများဖြင့် မနားမနေ ပြုစု ပျိုးထောင် ပေးခဲ့ပြီးနောက် ထိုမျိုးစေ့လေး ထံမှ မှိန်ပျပျ ရွှေရောင် အလင်းတန်းလေး တစ်ခု ဖြာထွက် နေလေပြီ။

အရှိန်အဟုန် ပြင်းထန်သော သက်စောင့် စွမ်းအား တစ်ခု.. ထိုမျိုးစေ့ပတ်လည်မှ ဖြာထွက်နေ၏။ စုယွီ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် ပင်လျှင် မျိုးစေ့လေး အတွင်း၌ ပါဝင်နေသော သက်စောင့် စွမ်းအားများမှာ အလွန်တရာ အံ့မခန်း ဖြစ်နေကြောင်း စုယွီ ခံစား မိနေသည်။

ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို သူ၏ လက်ထဲတွင် ဆုပ်ကိုင် ထားရင်း မျိုးစေ့ပေါ်ရှိ သိပ်သည်းလှသော ပညာရပ် မျဉ်းကြောင်းများကို ကြည့်ကာ စုယွီက ခပ်တိုးတိုး ရေရွတ် လိုက်၏။

“နောက်ထပ် အသွင်ကူးပြောင်းမှု ဘယ်နှစ်ကြိမ် များ လိုအပ်ဦးမလဲ မသိဘူး...”

ဤမျိုးစေ့၏ ဇာစ်မြစ်မှာ သေချာပေါက် သာမန် မဟုတ်နိုင်ပါချေ။

ယခင်က အညှောက် ထွက်လာခြင်း နှင့် ကြီးထွား လာမှုများမှာ အလဟဿ ဖြစ်သွားမည် မဟုတ်သည်မှာ သေချာလှ၏။

၎င်းက မရေမတွက် နိုင်သော နှစ်ပေါင်း များစွာတိုင် ချိတ်ပိတ် ခံထားရသော ကောင်းကင် အမြစ် မျိုးစေ့ တစ်ခု အလားပင်။ ပြန်လည် မွေးဖွား လာတိုင်း အသွင် ကူးပြောင်း သွားသည်။

ထိုမျိုးစေ့လေးကို နာရီဝက်ကျော်ခန့် ပြုစု ပျိုးထောင် ပေးပြီး နောက်တွင်ကား...

စုယွီက ၎င်းကို ပြန်လည် သိမ်းဆည်း လိုက်ပြီး မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေ အတွင်းမှ လျှောက်ထွက် လာခဲ့သည်။

မြေကမ္ဘာ အင်မော်တယ် စံအိမ်ရှိ မိစ္ဆာ လှိုင်းတံပိုးကြီး ပြဿနာမှာ ဖြေရှင်း ပြီးစီးသွားခဲ့လေပြီ။ မြေကမ္ဘာ အင်မော်တယ် စံအိမ် နှင့် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တို့၏ ထောက်ပံ့မှုဖြင့် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ မိစ္ဆာ လှိုင်းတံပိုးကြီးကို လည်း အခိုင်အမာ ဖိနှိပ် ထားနိုင်ခဲ့သည်။

မြေကမ္ဘာ အင်မော်တယ် စံအိမ်က အင်မော်တယ် တစ်သောင်း နန်းတော်ရှိ မိစ္ဆာ လှိုင်းတံပိုးကိုမူ လျစ်လျူရှု ထားခဲ့ပြီး သူတို့၏ ကံကြမ္မာ အတိုင်းသာ ပစ်ထား လိုက်သည်။

ဤကိစ္စရပ်များ တွင် စုယွီ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် လုံးဝ မလိုအပ်ပါချေ။

မြေကမ္ဘာ နန်းတော် အတွင်းမှ လျှောက်ထွက် လာချိန်တွင် စုယွီက တစ်ခဏမျှ စဉ်းစား လိုက်၏။ ထို့နောက် ယခင် ဝမ်လုံ မင်းဆက် နယ်မြေဟောင်းဆီသို့ သွားရောက်ကာ အနက်ရောင် စစ်သည်တော် ကို ပြန်လည် ခေါ်ဆောင် လာရန် ဆုံးဖြတ် လိုက်၏။ ထို့အပြင် ပြီးခဲ့သည့် နှစ်များ အတွင်း စုဆောင်း ရရှိထားသော ဆက်သခံ ပစ္စည်းများကိုပါ သိမ်းဆည်း လာခဲ့မည်။ ထို့နောက်တွင်မူ ယွဲ့ အင်မော်တယ် မြို့တော် ဆီသို့ နောက်တစ်ကြိမ် သွားရောက်၍ ကျင့်ကြံ မည် ဖြစ်သည်။

လွန်ခဲ့သော နှစ်များ အတွင်း ဓာတ်ကြီးငါးပါး တာအိုကို နားလည် သဘောပေါက်ရန် စုယွီ လုံးဝ ရပ်တန့် မထားခဲ့ချေ။ သူ၏ နားလည် သဘောပေါက်မှုက ပိုမို နက်ရှိုင်း လာခဲ့ပြီး ဓာတ်ကြီးငါးပါး တာအို နယ်မြေကိုလည်း ပိုမို တိုးတက် လာစေခဲ့သည်။

ပြီးပြည့်စုံသော တာအို နယ်မြေ တစ်ခု ဖြစ်လာရန် ဆံခြည်တစ်မျှင်စာခန့် သာ လိုအပ်တော့ကြောင်း သူ ခံစား နေရလေ၏။

ထို အထပ်ကိုးထပ် တာအို မျှော်စင်ကြီး ပေါ်သို့ သူ နောက်တစ်ကြိမ် ထပ်မံ တက်ရောက် လိုပြီး အတွင်းရှိ တာအို တေးသွားများကို ပြန်လည် ခံစား လိုနေသည်။

သို့သော်ငြား မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ခွာလာပြီး တာ့ယွီ တောင်ပေါ်သို့ ပြန်လည် ရောက်ရှိ လာချိန်တွင် စုယွီ တစ်ယောက် အံ့အားသင့် သွားရတော့၏။

အကြောင်းကတော့ တာ့ယွီ တောင်ပေါ်တွင် သူ၏ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွီ အပြင် နောက်ထပ် လူတစ်ယောက် အပို ရောက်ရှိ နေသောကြောင့်ပင်။ ကလေးမလေး တစ်ဦး ဖြစ်သည်။

အသက်အရွယ် အားဖြင့် နှစ်အနည်းငယ်ခန့် သာ ရှိသေးသော ကလေးမလေး တစ်ဦး။

ပုံရိပ် တစ်ချက် လင်းလက် သွားမှုနှင့်အတူ တာအိုဆရာ ထျန်းယွီ၏ ခြံဝင်း လေးထဲသို့ စုယွီ ရောက်ရှိ သွားတော့၏။

တာအိုဆရာ ထျန်းယွီက သူ၏ ထူးခြားလှသော ကျောက်စားပွဲ နံဘေးတွင် ထိုင်နေသည်။ သူ၏ မျက်နှာချင်းဆိုင် တွင်ကား အသက် ဆယ်နှစ်ထက် မပိုသေးသော ကလေးမလေး တစ်ဦး ရှိနေ၏။ ကလေးမလေးက အစိမ်းရောင် ဂါဝန်လေး ဝတ်ဆင် ထားပြီး အလွန်ပင် ချစ်စရာ ကောင်း၏။ သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများထံမှ မှိန်ပျပျ ခရမ်းရောင် အလင်းတန်းလေးများ ဖြာထွက် နေသည်။

ဤနေရာသို့ ပြန်လည် ရောက်ရှိ လာချိန်တွင် စုယွီက သူ၏ ဆရာဖြစ်သူကို အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဆရာ... သူက ဘယ်သူလဲခင်ဗျ…”

All Chapters