အခန်း ၈၅၈
Vol. 58 Ch. 858
အခန်း (၈၅၈) - ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း (အပိုင်း ၂)
ဝိညာဉ်ခွဲထွက်အဆင့် ဒုတိယအလွှာသို့ ရောက်ရန် အနည်းငယ်မျှသာ လိုတော့၏။
ဤကဲ့သို့သော ကျင့်ကြံခြင်း အမြန်နှုန်းမျိုးဖြင့် ဆိုလျှင်... ဝိညာဉ်ခွဲထွက်အဆင့်၌ သက်တမ်းမှာ များစွာ တိုးလာမည် ဖြစ်သော်ငြားလည်း အများဆုံး နှစ်နှစ်ထောင်ကျော်ခန့်သာ အသက်ရှင်နိုင်ပေလိမ့်မည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ တာအိုဆရာ ထျန်းယွီ အနေဖြင့် ဝိညာဉ်ခွဲထွက်အဆင့်၏ အလယ်အလတ်ကာလသို့ ရောက်ရှိနိုင်ခဲ့မည် ဆိုလျှင်ပင် ယင်းက အလွန်ကောင်းမွန်လှသော အဆုံးသတ် တစ်ခုဟု ယူဆရမည် ဖြစ်သည်။
လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့အတွက်မူကား... လက်ရှိတွင် သူတို့၏ ကျင့်ကြံခြင်း အဆင့်က မူလဝိညာဉ်အဆင့် ဆဋ္ဌမအလွှာ သို့မဟုတ် သတ္တမအလွှာ ဝန်းကျင်တွင်သာ ရှိနေကြသေး၏
အခွင့်အရေးများ ရှိခဲ့မည် ဆိုလျှင်တောင်မှ ဝိညာဉ်ခွဲထွက်အဆင့်က သူတို့၏ ကန့်သတ်ချက် ဖြစ်သွားနိုင်ချေ ရှိ၏။
မြေကမ္ဘာအင်မော်တယ်စံအိမ် အတွင်း၌ စုယွီကို အနည်းငယ် စိုးရိမ်ပူပန်စေသူများ ဆိုလျှင် ထိုပုဂ္ဂိုလ် အနည်းငယ်သာ ရှိတော့သည်။
‘အရင်ဆုံး မူလဝိညာဉ်အဆင့် နဝမအလွှာကို အဆင့်ချိုးဖြတ်မယ်... အဲဒီနောက် ပြီးပြည့်စုံတဲ့ ဓာတ်ကြီးငါးပါး တာအို နယ်ပယ်ကို နားလည် သဘောပေါက်အောင် ကြိုးစားပြီးတော့ ဝိညာဉ်ခွဲထွက်အဆင့်ကို ရောက်အောင် လုပ်ရမယ်’
စုယွီက စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက်တွင်မူ သူက မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ကူညီပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို ပေါင်းစည်းနိုင်ရန် ကူညီပေးကောင်း ကူညီပေးမည်။ ထိုအရာက မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ် သူ၏ တာဝန်ကျေပွန်ခြင်းကို မှန်ကန်စွာ အဆုံးသတ်
ပေးနိုင်ပေလိမ့်မည်။
‘အဲဒီအချိန်ကျရင် မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ရင်းနှီးတဲ့ မျက်နှာ ဘယ်နှစ်ယောက်လောက်များ ကျန်နေခဲ့မလဲ မသိဘူး’
ဤကဲ့သို့သော စိတ်နေစိတ်ထား အပြောင်းအလဲများကြောင့် စုယွီက တာ့ယွီ တောင်ထိပ်သို့ ယခုမှ ဝင်ရောက်လာသော ဂျူနီယာ ညီမငယ်လေးနှင့် အလိုလို အနည်းငယ် ခပ်ကင်းကင်း နေလိုနေ၏။
သိပ်မနီးကပ်လွန်းသလို သိပ်လည်း မဝေးကွာလှပေ။
ထိုဂျူနီယာ ညီမငယ်လေးက အဆင့်မြင့် ဝိညာဉ်အမြစ် သုံးခု ဆိုသည့် မွေးရာပါ ပါရမီ ပါရှိလာခဲ့သည် ဆိုသော်ငြားလည်း မည်သူက သိနိုင်မည်နည်း။
ဤဂျူနီယာ ညီမငယ်လေး အနေဖြင့် မည်သည့် ကျင့်ကြံခြင်း အဆင့်ထိ ရောက်ရှိနိုင်မည်နည်း။ ပြီးတော့ ဘယ်လောက်ကြာကြာ အသက်ရှင် နိုင်မည်နည်း။
ရင်ထဲ၌ နောင်တတရား အနည်းငယ်ကို ခံစားနေရဆဲ ဖြစ်ကာ စုယွီ၏ စိတ်အာရုံထဲတွင် အတွေးများစွာ ပြည့်နှက်နေလျက် ဝမ်လုံ မင်းဆက် နယ်မြေဆီသို့ ဦးတည်သွားလိုက်သည်။
‘အဲဒီနောက်တော့ တံခါးပိတ် ကျင့်ကြံတာကို ဆက်လုပ်မယ်... ဒါမှမဟုတ် အင်မော်တယ်တွေရဲ့ လမ်းစဉ်ကို ရှာဖွေဖို့ တခြား နေရာတွေကိုသွားရမယ်’
စုယွီက စဉ်းစားလိုက်၏။ ရှေးဟောင်း အင်မော်တယ် မြို့တော် အတွင်း၌ သူက လူသားမျိုးနွယ်တွင် ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်သော အင်မော်တယ် ဂိုဏ်းကြီးများ၏ သန့်စင်သော နယ်မြေ သုံးခု ရှိနေသေးကြောင်း သိရှိခဲ့ရသည်။
ဒဏ္ဍာရီများအရ ၎င်းတို့က အင်မော်တယ်များနှင့် အနီးကပ်ဆုံး နေရာများ ဖြစ်ကြပြီး သြဇာလွှမ်းမိုးမှု အပိုင်းတွင် ရှေးဟောင်း ကောင်းကင် အင်မော်တယ်စံအိမ် နှင့်ပင် အဆင့်တူလုနီးပါး ရှိသည်ဟု ဆိုကြ၏။
ထို ဟေးလုံ မင်းဆက် နန်းတော်ဟု ခေါ်ဆိုသော နေရာနှင့် မိစ္ဆာဂိုဏ်း၏ သန့်စင်သော အင်မော်တယ်ဂိုဏ်း တို့နှင့် အဆင့်အတန်း တူညီ၏။
အကယ်၍ အခွင့်အရေး ရခဲ့မည် ဆိုလျှင် ထိုနေရာများသို့သွားရောက် လေ့လာရမည်။
ထိုကဲ့သို့သော နေရာမျိုးများတွင် အင်မော်တယ်များ ဆိုသည်မှာ အတိအကျ မည်သို့သော အရာများ ဖြစ်ကြောင်းကို သူ တစ်စွန်းတစ်စ မြင်တွေ့နိုင်ပါမည်။
ထို့အပြင် ရှေးဟောင်း ရွှင်ပျော်ပျော် အင်မော်တယ် (ယွဲ့ အင်မော်တယ်) ဆိုသည်မှာ အမှန်တကယ် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်းကိုလည်း သူ သိရှိနိုင်ကောင်း သိရှိနိုင်၏။
"ဝူး"
နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်က မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာသည့်အခိုက် စုယွီက ဟင်းလင်းပြင် လမ်းကြောင်း၏ အခြား တစ်ဖက်ခြမ်းမှ လျှောက်ထွက် လာခဲ့၏။ သူ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်ကား အတော်လေး ကြီးမားသော အင်မော်တယ် မြို့တော်ကြီး တစ်ခုပင်။
ယခင်က ဤနေရာသည် ဝမ်မိသားစု၏ ဝမ်လုံ မင်းဆက် မြို့တော် ဖြစ်ခဲ့ဖူးသည်။
မြို့တော် အတွင်း၌ သာမန်လူ အများအပြား အပါအဝင် လူသားမျိုးနွယ်ဝင် သန်းဆယ်ချီ၍ နေထိုင်ကြ၏။
ကျင့်ကြံသူများမှာ အစိတ်အပိုင်း အနည်းငယ်မျှသာ ပါဝင်သည်။
ပုတူဗုဒ္ဓဂိုဏ်းကို သူတို့ တိုက်ခိုက်ခဲ့စဉ်က ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ဤမင်းဆက် မြို့တော် အတွင်း၌ပင် ထွက်ပေါ်လာခဲ့၏။ သူက ပုတူဗုဒ္ဓဂိုဏ်း၏ နောက်ဆုံး ခံစစ်မျဉ်းကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည်။ ထိုဧရာမ နတ်ဘုရား ရုပ်တုကြီး၏ အစစ်အမှန် ပုံစံက မင်းဆက် မြို့တော် တစ်ခုလုံးရှိ လူသားမျိုးနွယ်များ အားလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ထို့နောက်တွင်မူ ထိုကဲ့သို့သော မင်းဆက် မြို့တော်ကြီးမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့လေပြီ။
ထို့အပြင် ၎င်းက စုယွီ အမွှေးတိုင်စွမ်းအား စုဆောင်းသည့် နေရာများထဲမှ တစ်ခုလည်း ဖြစ်လာခဲ့၏။
၎င်းကို အမှတ် ငါးဆယ့်ငါး အနက်ရောင် ဒေါသ စစ်သည်တော် က ယာယီ ထိန်းချုပ်ထားပြီး ယွဲ့အင်မော်တယ် သတင်းအချက်အလက် မျှော်စင်ကိုလည်း အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်မှ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ စီရင်ပိုင်ခွင့် နယ်မြေအောက်သို့ ဌာနချုပ်နှင့် အမှုထမ်းများအား ပြောင်းရွှေ့စေခဲ့သည်။
ဝမ်လုံ အင်မော်တယ် မြို့တော် တစ်ဝိုက် လှည့်လည်ကြည့်ရှုပြီးနောက် မြို့တော်၏ အလယ်ဗဟို တည့်တည့်တွင် ပေသုံးရာ မြင့်မားစွာ မားမားမတ်မတ် ရပ်တည်နေသော ဧရာမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ ရုပ်တုကြီးကို စုယွီ မြင်တွေ့လိုက်ရ၏။ ၎င်းကို ဝမ်လုံ အင်မော်တယ် မြို့တော်မှ လူများက ကိုးကွယ် ပူဇော်နေကြ၏။
အင်မော်တယ် မြို့တော်၏ ဗဟိုရင်ပြင်သို့ ရောက်ရှိလာချိန်တွင် ကျင့်ကြံသူများ ဖြစ်စေ၊ သာမန်လူများ ဖြစ်စေ မြို့သူမြို့သား အားလုံးက ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ ရုပ်တုကို အလွန်အမင်း ရိုသေ လေးစားစွာ ကိုးကွယ်နေကြသည်ကို မြင်တွေ့နိုင်၏။
ရင်ပြင်ပေါ်တွင် ဖြတ်သန်းသွားလာနေသူများက ရုပ်တုကြီးကို ရိုသေစွာ ဦးညွှတ် အရိုအသေ ပေးကြပြီး ကိုင်းရှိုင်းသော ကိုးကွယ်သူများ အလားပင် ဖြစ်နေကြ၏။
ရရ
ဤအရာက စုယွီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
ဝမ်လုံ အင်မော်တယ် မြို့တော်မှ သာမန်လူများနှင့် ကျင့်ကြံသူများ အပေါ် သူ မည်သည့် ထူးဆန်းသော နည်းလမ်းများကိုမျှ အသုံးမပြုခဲ့ပါချေ။
ဝမ်လုံ အင်မော်တယ် မြို့တော်၏ ယခင် မင်းဆက် နန်းတော်ဟောင်းဆီသို့ သူ ရောက်ရှိလာခဲ့၏။
မင်းဆက် ပလ္လင်ပေါ်တွင် မြင့်မားစွာ ထိုင်နေရင်း အင်မော်တယ် မြို့တော် တစ်ခုလုံး၏ ဝိညာဉ်သွေးကြောများက သူ၏ အောက်ဘက်ရှိ ပလ္လင်နှင့် ဆက်သွယ်နေသကဲ့သို့ စုယွီ ခံစားလိုက်ရသည်။ ပလ္လင်က ဝိညာဉ်သွေးကြောများ၏ ဗဟိုချက်ပင် ဖြစ်၏။
ထို့ထက်ပို၍ ဝမ်လုံ အင်မော်တယ် မြို့တော် တစ်ခုလုံး၏ ဧရာမ အခင်းအကျင်းကြီး ၏ ဗဟိုချက်ကလည်း ဤနေရာတွင် ရှိနေသည်။
အခြား သက်ရှိများ အားလုံး၏ အထက်တွင် မြင့်မားစွာ ရှိနေကာ သူတို့အားလုံးကို အပေါ်မှ စီးမိုးကြည့်ရှုကာ အင်မော်တယ် မြို့တော် တစ်ခုလုံးကို ချုပ်ကိုင်ထားရသည့် ထိုခံစားချက်။ ၎င်းက လူတစ်ယောက်ကို အလွန်အမင်း ဝမ်းသာ ပီတိ ဖြစ်သွားစေနိုင်၏။
သို့သော်ငြား စုယွီက တည်ငြိမ်စွာ ခေါင်းယမ်းလိုက်ပြီး အသာအယာ ရယ်လိုက်သည်။ သူ့ရှေ့တွင် မတ်တတ်ရပ်နေသော အနက်ရောင် ဒေါသ စစ်သည်တော်နှင့် တာအိုဆရာ ရှုယွီ တို့ကို ကြည့်ကာ သူက ပြောလိုက်သည်။
“ဝမ်လုံ အင်မော်တယ် မြို့တော်ရဲ့ အခြေအနေက သိပ်မဆိုးဘူးလို့ ကျွန်တော် မြင်တယ်နော်”
ထိုအခါ တာအိုဆရာ ရှုယွီ က ရိုသေလေးစားမှု အပြည့်ဖြင့် သတင်းပို့လိုက်၏။
“ဒီက လူတွေနဲ့ ကျင့်ကြံသူတွေ အားလုံးက ဝမ်လုံ မင်းဆက် နဲ့ ပုတူဗုဒ္ဓဂိုဏ်း တို့ရဲ့ ယုံကြည်မှု အလေ့အထ တစ်ခု ရရှိလာအောင် ပြုစုပျိုးထောင်ခံထားရတာပါ”
“ဝမ်လုံ မင်းဆက်က ဝမ်မိသားစုနဲ့ ပုတူဗုဒ္ဓဂိုဏ်း တို့ကို နှင်ထုတ်လိုက်ပြီးတဲ့ နောက်မှာတော့ မိစ္ဆာ ဗုဒ္ဓဂိုဏ်းကို ဖိနှိပ်ခဲ့တဲ့ ရွှေရောင်ဆင် နတ်ဘုရား ရုပ်တုကြီးက သူတို့ ယုံကြည် ကိုးကွယ်ရမယ့် အရာသစ် တစ်ခု ဖြစ်လာခဲ့တာပါ”
“ဒါကြောင့်မို့လို့ ဝမ်လုံ မင်းဆက်ရဲ့ အတွင်းမှာရှိတဲ့ အခြား အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီက လူတွေနဲ့ ကျင့်ကြံသူ အများအပြားက ကျွန်တော်တို့ ဘက်ကို ပြောင်းရွှေ့ လာခဲ့ကြပါပြီ”
“ဒါမှမဟုတ်ရင်လည်း... အဲဒီ နေရာတွေကို အခြား အင်အားစုတွေက အပေါ်ယံ အနေနဲ့ ထိန်းချုပ်ထားပေမဲ့၊ တိတ်တဆိတ်တော့ အဲဒီက လူတွေနဲ့ ကျင့်ကြံသူတွေ အားလုံးက ရွှေရောင်ဆင် နတ်ဘုရား ရုပ်တုကြီးကို ကိုးကွယ် နေကြတာပါ”
“အကယ်၍ အနာဂတ်မှာ ကျွန်တော်တို့က အဲဒီ နေရာတွေကို တကယ်ပဲ သိမ်းပိုက် ထိန်းချုပ်ချင်တယ် ဆိုရင်၊ အားထုတ်မှု အများကြီး မလိုပါဘူး”
သူက တစ်ခဏမျှ ရပ်တန့်လိုက်၏။
ထို့နောက် စုယွီအား ဂရုတစိုက်ဖြင့် ဆက်လက် ပြောပြလာသည်။
“ဒါနဲ့ စကားမစပ် ..မျှော်စင် သခင်... ရွှေရောင်ဆင် နတ်ဘုရား ရုပ်တုကြီးကြောင့် ဝမ်လုံ မင်းဆက်က လူတွေက ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်း လို့ ခေါ်တဲ့ ဘာသာရေး အင်အားစု တစ်ခုကို အလိုအလျောက် တည်ထောင် လိုက်ကြပါတယ်”
“လက်ရှိမှာတော့... ရွှေရောင်ဆင် နတ်ဘုရား ရုပ်တုကြီးမှာ ကျင့်ကြံသူ နောက်လိုက် နှစ်သောင်းကျော် ရှိနေပြီး ဝမ်လုံ မင်းဆက် နယ်မြေထဲက လူအများစု ကလည်း ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းရဲ့ နောက်လိုက်တွေ ဖြစ်နေကြပါပြီ”
“ပြီးတော့... ဂိုဏ်းချုပ်က ကျွန်တော် စီစဉ်ထားတဲ့ မူလဝိညာဉ် အဆင့် အထွတ်အထိပ် အရှင်သခင်ကြီး တစ်ယောက်ပါ”
“ယွဲ့အင်မော်တယ် မျှော်စင် က အခုဆိုရင် ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းထဲကို လုံးဝ ပေါင်းစည်း ဝင်ရောက်သွားပါပြီ... သေချာတာပေါ့... ကျွန်တော်တို့က ရွှေရောင်ဆင် နတ်ဘုရား ရုပ်တုကြီးကို ကိုးကွယ်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းကို ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ ဖုံးကွယ်ဖို့ အခွံတစ်ခု အနေနဲ့ အသုံးပြုထားတာပါ”
စုယွီ မှာ အံ့အားသင့်သွားတော့၏။
‘နောက်လိုက် အင်အားစု၊ ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်း လား။
နောက်ထပ် ကိုယ်စားလှယ် အင်အားစု တစ်ခု ပေါ်လာပြန်ပြီပေါ့’
ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက နောက်လိုက် အင်အားစု တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ပါချေ။
တာအိုဆရာ ရှုယွီ ထံမှ ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်း အကြောင်း အနည်းငယ် နားလည် သဘောပေါက်သွားပြီးနောက် ထိုဂိုဏ်းတွင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နောက်လိုက် လေးဆယ်ကျော်ခန့် ရှိနေကြောင်း သိလိုက်ရသဖြင့် စုယွီမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
ရွှေအမြုတေ အဆင့် အစစ်အမှန် သခင်များ မှာလည်း တစ်ထောင်ကျော်ခန့် ရှိနေ၏။
ဒါက သေးငယ်သော အင်အားစု တစ်ခု မဟုတ်ပါချေ။
ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်း အကြောင်း ပြောဆို ပြီးနောက် တာအိုဆရာ ရှုယွီ က စုယွီကို ကြည့်ကာ တိုးညင်းသော အသံဖြင့် အကြံပြု လိုက်သည်။
“မျှော်စင်သခင်... ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းနဲ့ စွမ်းရည်တွေ၊ ပြီးတော့ ယွဲ့အင်မော်တယ် မျှော်စင်ရဲ့ အခြေခံ အုတ်မြစ်တွေနဲ့ ဆိုရင်တောင်မှ ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းရဲ့ အင်အားကို အပြည့်အဝ အသုံးချနိုင်ဖို့ ဆိုတာက အလွန်တရာကို အချိန်ကြာမြင့် ပါလိမ့်မယ်”
စုယွီက သတိဝင်လာပြီး သူ့အား စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။
“ခင်ဗျား ဘာလုပ်ချင်လို့လဲ”
တာအိုဆရာ ရှုယွီ ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လင်းလက်သွားပြီး လေးနက်စွာဖြင့် အသိပေး လိုက်သည်။
“ကောင်းကင်အပျက်အစီး ခန်းမကို သိမ်းပိုက်ပြီး မျှော်စင်သခင် အတွက် အစေခံ ခိုင်းလိုက်ဖို့ပါ”
“ကောင်းကင်အပျက်အစီး ခန်းမရဲ့ အခြေခံ အုတ်မြစ်နဲ့ ဆိုရင်... မျှော်စင်သခင် အနေနဲ့ အဲဒါကို နှိမ်နင်းပြီး ထိန်းချုပ် နိုင်သရွေ့ ကျွန်တော်တို့က ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းကို လျင်မြန်စွာ ကိုင်တွယ်နိုင်မှာ သေချာပါတယ်... ပြီးတော့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို တိုးချဲ့ဖို့ အပို စွမ်းအားတွေတောင် ရှိလာပါလိမ့်မယ်”
“ဒါမှမဟုတ်ရင်လည်း... မျှော်စင်သခင် အတွက် ကိုးကွယ်သူတွေ စုဆောင်းပေးဖို့ ရွှေရောင်ဆင် နတ်ဘုရား ဂိုဏ်းကို ကျွန်တော်တို့ အားကိုး နိုင်ပါတယ်”
တာအိုဆရာ ရှုယွီ က ကောင်းကင်အပျက်အစီး ခန်းမကို နှိမ်နင်းခြင်း ၏ အကျိုးကျေးဇူး များကို အသေးစိတ် ရှင်းပြလေရာ အထူးသဖြင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးသို့ သတင်းအချက်အလက် ကွန်ရက် တိုးချဲ့ခြင်း နှင့် ပြင်ပမှ ကိုးကွယ်သူများ စုဆောင်းခြင်း အချက်များက စုယွီကို တကယ်ပင် ဆွဲဆောင် နိုင်ခဲ့သည်။
ကောင်းကင်အပျက်အစီး ခန်းမ၏ အင်အားနှင့် စွမ်းရည်မှာ မသေးငယ်ပါချေ။ သူတို့၏ နောက်ကွယ်တွင် ဝိညာဉ်ခွဲထွက် အဆင့် သခင်ကြီး အချို့ ရှိနေသည်ဟု ဆိုကြ၏။
အကယ်၍ ထိုကဲ့သို့သော သတင်းအချက်အလက် ကွန်ရက် အင်အားစုက သူ့အတွက် အစေခံ နိုင်ပြီး ယွဲ့အင်မော်တယ် မျှော်စင် ထဲသို့ ပေါင်းစည်း လိုက်နိုင်မည် ဆိုပါက ယွဲ့အင်မော်တယ် မျှော်စင် သည် အင်အားစု တစ်ခု အနေဖြင့် အမှန်တကယ် အခိုင်အမာ တည်ထောင် ပြီးသား ဖြစ်သွားပေလိမ့်မည်။
တစ်ခဏမျှ စဉ်းစား တွေးတော ပြီးနောက် စုယွီက တာအိုဆရာ ရှုယွီ အား ပြောလိုက်သည်။
“အစီအစဉ် တွေ ထပ်ဆွဲထားလိုက်ဦး... ကျွန်တော် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာမှပဲ ဆက်ပြောကြတာပေါ့”
ဝမ်လုံ အင်မော်တယ် မြို့တော်မှ ထွက်ခွာလာပြီးနောက် စုယွီက အနက်ရောင် ဒေါသ စစ်သည်တော် ထံမှ ရရှိခဲ့သော အမွှေးတိုင် စွမ်းအားများနှင့် အတူ ဝိညာဉ်မဲ့ မြေရိုင်းပြင်ရှိ ယွဲ့အင်မော်တယ် စံအိမ် အပျက်အစီး ဆီသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။
အချိန်မှာ နေ့တဝက်ခန့် ကုန်လွန်သွားခဲ့၏။
"ဝီ"
မှိုင်းညို့ မှုန်ဝါး နေသော ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် အတွင်း၌ စုယွီက အခင်းအကျင်း အကာအကွယ်ကို ဖြတ်သန်းရန် သူ၏ အမှတ်အသား တံဆိပ်ပြားကို အသုံးပြုလိုက်သည်။ အလွန် ကြီးမားလှသော သစ်ပင်ကြီး တစ်ပင်၏ လိုဏ်ခေါင်း ကြီးထဲမှ ထွက်ပေါ်လာကာ အင်မော်တယ် မြို့တော်၏ လမ်းမများ အပေါ်သို့ ခြေချ လိုက်သည်။
သူက အဆုံးအစမဲ့ပုံ ပေါ်သော ခေါင်းပေါ်ရှိ ဧရာမ သစ်ပင်ကြီး ကို မော့ကြည့် လိုက်ပြန်၏။ ၎င်း၏ သစ်ကိုင်းများက ယွဲ့ အင်မော်တယ် စံအိမ်အား အတော်များများ ဖုံးကွယ် ထားသည်။
‘ငါ့ရဲ့ အင်မော်တယ် မျိုးစေ့လေးကရော ဒီလောက် ကြီးထွား လာနိုင်ပါ့မလား’
စုယွီ တကိုယ်တည်း စဉ်းစား လိုက်မိသည်။
အင်မော်တယ် နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိ လာချိန်တွင်။
ယခင်က ပြန်လည် အသက်သွင်း ခဲ့သော အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော် နှင့် အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော် တို့က တံခါးဝတွင် ရပ်နေကြ၏။ သူတို့၏ အနက်ရောင် ချပ်ဝတ်က မျက်နှာများကို ဖုံးကွယ် ထားသည်။ အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော် ၏ လက်တစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်စွဲထားပြီး ကျောပြင်တွင် လေးတစ်လက်ကို လွယ်ထား၏။
အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော် ၏ လက်ထဲတွင် မည်သည့် အရာမှ မရှိချေ။ သို့သော် သူ၏ ဓမ္မရတနာမှာ အမှန်တကယ်ပင် အရိပ်မဲ့ ဓားမြှောင် နှစ်လက် ဖြစ်သည်။
စုယွီက အင်မော်တယ် နန်းတော် အနီးသို့ ချဉ်းကပ် လာသည့် အခိုက်အတန့် တွင် အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော် နှင့် အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော် တို့က ဒူးတစ်ဖက် ထောက်လိုက် ကြပြီး ရိုသေစွာဖြင့် ခေါင်းငုံ့ကာ အသိပေး လိုက်ကြ၏။
“အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော်... အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော်တို့ သခင်ကြီးကို ဂါရဝပြုပါတယ်”
စုယွီက လက်တစ်ချက် ဝှေ့ယမ်း လိုက်ကာ မှော်စွမ်းအား တစ်ခုဖြင့် အနက်ရောင် ဒေါသ စစ်သည်တော် နှစ်ယောက်ကို မတ်တတ် ရပ်စေလိုက်ပြီး မေးလိုက်သည်။
“ခေါင်းဆောင် နှစ်ယောက်စလုံး အထဲမှာ ရှိကြလား”
အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော် နှင့် အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော် တို့ နှစ်ယောက်စလုံးက ပြန်လည် အသိပေး လိုက်ကြ၏။
“ရှိပါတယ် ခင်ဗျာ”
စုယွီက အမွှေးတိုင် စွမ်းအား အစုအဝေးကို ခေါ်ယူ လိုက်ပြီး အမှတ် တစ် အနက်ရောင် ဒေါသ စစ်သည်တော် နှင့် အမှတ် ဆယ့်ရှစ် အနက်ရောင် ဒေါသ စစ်သည်တော် တို့၏ ဝိညာဉ်များကို အားဖြည့်ရန် အတွက် အနည်းငယ် ပေးလိုက်သည်။ ထို့နောက်မှသာ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ယောက်ကို ရှာဖွေရန် အင်မော်တယ် နန်းတော် အတွင်းသို့ လျှောက်ဝင်သွားတော့သည်။
အင်မော်တယ် နန်းတော် အတွင်း၌ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ယောက်မှာ စုယွီ သူတို့၏ အရှေ့သို့ ရောက်ရှိ လာသည် အထိ မလှုပ်မယှက် ရပ်နေကြ၏။ ထို့နောက်မှသာ သူတို့၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက် ကြလေရာ ၎င်းတို့ထံမှ မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် နတ်ဘုရား အလင်းတန်းများ လွှမ်းခြုံလာတော့သည်။
ထိုနတ်ဘုရား အလင်းတန်းများ ထံမှ ဖိနှိပ်သည့် အရှိန်အဝါက ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ထက်ပင် အဆပေါင်း မရေမတွက် နိုင်အောင် ပိုမို အစွမ်းထက်သလို စုယွီ ခံစား လိုက်ရသည်။
ပထမ ခေါင်းဆောင် က စုယွီကို ကြည့်ကာ မေးလိုက်၏။
“ပြဿနာ ဖြေရှင်း ပြီးသွားပြီလား”