← Chapters

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း (၈၆၂) - အထပ်ကိုးထပ် တာအိုမျှော်စင်က သခင်ကို အသိအမှတ်ပြုခြင်း၊ အဆင့်ငါး ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ကို ဖန်တီးခြင်း

"ဝေါ"

ထိုအခိုက်အတန့်တွင် အထပ်ကိုးထပ် တာအိုမျှော်စင်ကြီးမှာ ရုတ်တရက် သိမ့်ခါသွားခဲ့ပြီး မျှော်စင်ကြီး၏ တုန်ခါမြည်ဟည်းသံနှင့် အတူ ကြီးမားလှသော အရှိန်အဝါ တစ်ခုက စုယွီ၏ ခန္ဓာကိုယ်ထက်သို့ ဆင်းသက်လာကာ သူ၏ စိတ်အာရုံ အတွင်းသို့ ပေါင်းစည်း ဝင်ရောက်သွားတော့သည်။

ကျယ်ပြောလှသော အမွေအနှစ် သတင်းအချက်အလက်များက ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ တဟုန်ထိုး စီးဝင်လာခဲ့၏။ ဝိညာဉ်ခွဲထွက်အဆင့် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သော စုယွီ၏ နတ်ဘုရား ဝိညာဉ် ပင်လျှင် ဤအခိုက်အတန့် တွင် စူးရှသော နာကျင်မှု တစ်ခုကို ခံစား လိုက်ရသည်။

ပြောပြ၍ မရနိုင်လောက်အောင် ကြီးမားလှသော အင်မော်တယ် အရှင်သခင် ၏ ဖိနှိပ်မှု အရှိန်အဝါ တစ်ခုက ထိုအမွေအနှစ် အရှိန်အဝါများ ထံမှ မြင့်တက် နေခဲ့ပြီး ၎င်းက စုယွီ၏ ဦးရေပြားကို ထုံကျင်သွားစေခဲ့ရုံမျှမက အသက်ရှူ ကျပ်သွားမတတ် ခံစားချက် မျိုးကိုပင် ဖြစ်ပေါ်စေခဲ့၏။

"ဂျုန်း..."

ရုတ်တရက် ဆိုသလိုပင် မိုးခြိမ်းသံ အလား မြည်ဟည်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆုံးအစမဲ့သော အမွေအနှစ် သတင်းအချက်အလက် များက အမှတ်အသား တစ်ခု အဖြစ်.. ပို၍ တိတိကျကျ ဆိုရလျှင် "ချိတ်တံဆိပ်" ဟူသော စာလုံး တစ်လုံး အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။ မျက်စိကျိန်းမတတ် တောက်ပလှပြီး ပူလောင် ပြင်းပြသော အင်မော်တယ် အလင်းတန်း များဖြင့် လင်းလက်နေသော ထိုစာလုံးကြီး က စုယွီ၏ ဝိညာဉ်ပင်လယ် အနက်ရှိုင်းဆုံး နေရာသို့ လေးလံစွာ ကျဆင်းသွားခဲ့၏။ ၎င်းက သူ ယခင် ရရှိထားခဲ့သော "ယင်း" ဟူသည့် အင်မော်တယ် စာလုံး၏ နေရာကိုပင် ဝင်ယူ လိုက်ပြီး အနက်ရှိုင်းဆုံး နေရာရှိ ဗဟိုချက် အား နေရာယူ လိုက်တော့သည်။

မှိန်ပျပျ ဖြာထွက် နေသော အင်မော်တယ် အလင်းတန်းများ ထဲမှ အရိပ်သဏ္ဍာန် ပုံရိပ် တစ်ခုကို စုယွီ လှမ်းမြင် လိုက်ရသကဲ့သို့ ရှိသည်။

အသက်ရှူ ကျပ်မတတ် ဖိနှိပ်မှု အပြည့် ပါဝင်သော အင်မော်တယ် အရှင်သခင် ၏ အရှိန်အဝါ များကို မြင့်တက် နေစေသူမှာ ဤအရိပ်သဏ္ဍာန် ပုံရိပ် ပင် ဖြစ်တော့၏။

အထပ်ကိုးထပ် တာအိုမျှော်စင် ထံမှ လက်ဆင့်ကမ်း ရရှိခဲ့သော စာလုံးကို ကြည့်ပြီးနောက် အင်မော်တယ် တစ်ပါး အလား ထင်မှတ်ရသော ထိုအရိပ်သဏ္ဍာန် ကို မြင်လိုက်ရချိန် တွင် စုယွီ၏ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှု ကြောင့် ပြူးကျယ်သွားခဲ့ရသည်။

သူက အလွန်အမင်း ရိုသေ လေးစား ကြောက်ရွံ့မှု များဖြင့် ပြည့်နှက် နေကာ အသက်ရှူ ရန်ပင် မေ့လျော့ နေခဲ့တော့၏။

'ဒါ... အင်မော်တယ် ရဲ့ အမွေအနှစ် များလား...'

"ချိတ်တံဆိပ်" ဟူသော စာလုံး အမှတ်အသား မှာ သူ တာ့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက် နယ်မြေ အပျက်အစီးထဲမှ ရရှိခဲ့သော မပြည့်စုံသည့် "ယင်း" ဟူသော အင်မော်တယ် စာလုံးထက် များစွာ ပိုမို နက်နဲ သိမ်မွေ့ နေပုံ ရသည်။

၎င်း၏ အပေါ်တွင် သရုပ်ပေါ် နေသော နတ်ဘုရား စွမ်းအားများမှာ "ယင်း" ဟူသော စာလုံး၏ စွမ်းအား နှင့် နှိုင်းယှဉ်၍ပင် မရနိုင်အောင် များစွာ သာလွန် နေခဲ့၏။

ချိတ်တံဆိပ် စာလုံး ပေါ်ထွက်လာသည့် အခိုက်အတန့် တွင် ကောင်းကင်နှင့် မြေကြီး ကြားရှိ အရာအားလုံး ကို အမှန်တကယ်ပင် ဖိနှိပ် ချိတ်ပိတ် ပစ်နိုင်စွမ်း ရှိသည့်နှယ်။

အချိန် အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်...။

နောက်ဆုံးတွင်တော့ စုယွီက သူ၏ စိတ်အာရုံ ထဲတွင် ပေါ်ထွက် လာခဲ့သော အမွေအနှစ် သတင်းအချက်အလက် များကို စနစ်တကျ ပြန်လည် စီစဉ် လိုက်နိုင်ခဲ့သည်။ ၎င်းက ရွှင်ပျော်ပျော် အင်မော်တယ် ကျင့်စဉ် ဟု ခေါ်ဆိုသော အင်မော်တယ် ဖြစ်တည်ခြင်းဆီသို့ ဦးတည်သွားမည့် ကျင့်စဉ်ပါပင်။ အထပ်ကိုးထပ် တာအိုမျှော်စင် ထံမှ သူ လက်ခံ ရရှိခဲ့သည်မှာ ထိုကျင့်စဉ်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။

ချိတ်တံဆိပ် အခန်း ဟု အမည်ရ၏။

၎င်းက ရှေးဟောင်း ရွှင်ပျော်ပျော် အင်မော်တယ် (ယွဲ့ အင်မော်တယ်) ကိုယ်တိုင် သူ၏ တာအို နည်းစနစ်များ နှင့် အနှစ်သာရ များကို ပေါင်းစပ်ကာ ဖန်တီးထားသော ထူးခြားသည့် တီထွင်မှု တစ်ရပ် ပါပင်။

ချိတ်တံဆိပ် အခန်း ကို ကျင့်ကြံခြင်း ဆိုသည်မှာ အထပ်ကိုးထပ် တာအိုမျှော်စင် ဟူသော တာအို လက်နက်ကို ထိန်းချုပ်ရန် ဖြစ်သည်။

ဤအခန်း ကို ပြီးပြည့်စုံစွာ ကျွမ်းကျင် တတ်မြောက်သွားပြီး အထပ်ကိုးထပ် တာအိုမျှော်စင် နှင့် ပေါင်းစပ် လိုက်မည် ဆိုပါက... ကပ်ဘေး ဖြတ်ကျော် အဆင့် မှ ကြီးမြတ်လှသော တပိုင်း အင်မော်တယ် များကိုပင် ဖိနှိပ် နိုင်စွမ်း ရှိ၏။

စုယွီ တစ်ယောက် အချိန် အတော်ကြာအောင် မှင်သက် မိနေခဲ့၏။ ဒါက သူ လက်ခံ ရရှိဖူးသမျှ အစွမ်း အထက်ဆုံးသော တာအို နည်းစနစ် အမွေအနှစ် ပင် ဖြစ်သောကြောင့်ပါ။

တပိုင်း အင်မော်တယ် အဆင့်ဆီသို့ တိုက်ရိုက် ဦးတည် နေပြီး မဟာယာန အဆင့် ရှိ သာမန် ကျင့်ကြံသူ များ၏ အဆင့်ကို ကျော်လွန် နေခဲ့လေပြီ။

သို့သော်ငြား...

သူ့အောက်ရှိ အထပ်ကိုးထပ် တာအိုမျှော်စင် ကြီးကို အံ့သြ ထိတ်လန့် နေသော မျက်လုံးများ ဖြင့် သူ အကြည့်ပို့လွှတ် လိုက်သည်။

'ဒါက... တကယ့်ကို တာအို လက်နက် တစ်ခု ဖြစ်နေတာပဲ'

မှော်လက်နက် များကို ကျော်လွန်ပြီး အင်မော်တယ် လက်နက် တစ်ခု၏ အဆင့် နှင့် အနီးစပ်ဆုံး ဖြစ်သော တာအို လက်နက် တစ်ခုပင်။

ဒါပေမဲ့...။

သူနှင့် အထပ်ကိုးထပ် တာအိုမျှော်စင် ကြီး အကြားရှိ အလွန် အားနည်းသော ဆက်သွယ်မှု လေးကို စုယွီ ခံစား လိုက်ရပြီး သူ၏ မျက်ခွံများမှာ တဆတ်ဆတ် တုန်ခါသွားခဲ့၏။ သူက ရှေးဟောင်း ယွဲ့အင်မော်တယ် ၏ အမွေအနှစ်ကို လက်ခံ ရရှိခဲ့ပြီး အထပ်ကိုးထပ် တာအိုမျှော်စင် နှင့် ဆက်သွယ်မှု အနည်းငယ် တည်ဆောက် နိုင်ခဲ့ကာ မျှော်စင်ကြီး၏ ကနဦး သခင် ဖြစ်လာခဲ့ သော်ငြားလည်း...သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့် ဖြင့် ဤ တာအို လက်နက် ၏ စွမ်းအား အစိတ်အပိုင်း အနည်းငယ် ကိုပင် ထိန်းချုပ် နိုင်စွမ်း မရှိသေးပါချေ။

ဤ တာအို လက်နက် ၏ အဆင့်အတန်း က သူ့အတွက် အလှမ်းကွာဝေး လွန်းနေခဲ့လေပြီ။

သို့တိုင်အောင် သူက အထပ်ကိုးထပ် တာအိုမျှော်စင် ကို လောလောဆယ် မထိန်းချုပ် နိုင်သေး သော်ငြားလည်း သူ၏ စိတ်အာရုံ ထဲရှိ "ချိတ်တံဆ်ိပ်" ဟူသော အမှတ်အသား ကတော့ ရှေးဟောင်း ရွှင်ပျော်ပျော် အင်မော်တယ် (ယွဲ့ အင်မော်တယ်) ချန်ရစ် ထားခဲ့သော အစစ်အမှန် အမှတ်အသား တစ်ခုပင် ဖြစ်၏။

အကယ်၍ သူသာ ရွှင်ပျော်ပျော် အင်မော်တယ် ကျင့်စဉ် ၏ ချိတ်တံဆ်ိပ် အခန်းကို အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့မည် ဆိုပါက... ချိတ်တံဆ်ိပ် အမှတ်အသား ထံမှ ပေါက်ကွဲ ထွက်ပေါ် လာနိုင်မည့် စွမ်းအားမှာ မှော်လက်နက် တစ်ခု သို့မဟုတ် တာအို လက်နက် တစ်ခုထက်ပင် အားမနည်းနိုင်။

"ဝှစ်…"

စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်သည် နှင့် မျက်စိတစ်မှိတ် အတွင်းမှာပင် သူက အထပ်ကိုးထပ် တာအိုမျှော်စင် ၏ အပြင်ဘက် သို့ ရောက်ရှိသွားတော့၏။

ကောင်းကင်ထက်သို့ ထိုးတက်နေသော ဧရာမ အထပ်ကိုးထပ် တာအိုမျှော်စင် ကြီးမှာ တောက်ပသော အလင်းတန်း တစ်ချက် လင်းလက် သွာ၏။ တဆက်တည်း၌ ၎င်းက အရွယ်အစား ကျုံ့ဝင်သွားကာ စုယွီ၏ ဒန်တျန် အတွင်းသို့ ဝင်ရောက်သွား၏။ ထိုသို့နှင့် မျှော်စင်က ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် ၏ အလယ်ဗဟို မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

အင်မော်တယ် နန်းတော် အတွင်း၌ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် များထဲမှ ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့မှာ တိတ်ဆိတ် နေခဲ့ကြ၏။ စုယွီက အထပ်ကိုးထပ် တာအိုမျှော်စင် ကို ရုပ်သိမ်း လိုက်ပြီး သူတို့ ရှိရာ အရပ်ဆီသို့ ဦးညွှတ် အရိုအသေ ပေးလိုက်သော အခါ သူတို့ကလည်း အနည်းငယ် ပြန်လည် ဦးညွှတ်ကာ အရိုအသေ ပြန်ပေးကြ၏။

ယွဲ့အင်မော်တယ် ၏ အမွေအနှစ် ကို လက်ခံ ရရှိပြီးနောက်... ယနေ့မှ စတင်ကာ စုယွီ၏ အဆင့်အတန်း မှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။

အကယ်၍ စုယွီ သာလျှင် တစ်ဦးတည်းသော အမွေခံ ဖြစ်မည် ဆိုပါက... သူက ရှေးဟောင်း ယွဲ့အင်မော်တယ် စံအိမ် ၏ 'သခင်လေး' ဟူ၍ အမည်တွင် ပေလိမ့်မည်။

စုယွီက ကိုယ်ကို ပြန်လည် မတ်မတ် ရပ်လိုက်ပြီး ရတနာတစ်ရာ ခန်းမ ဆီသို့ ဦးတည်သွားချိန်တွင် ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် က သူ၏ စီနီယာ ကို ရယ်စရာ ပြောလိုက်သည်။

"အစ်ကိုကြီး... ခင်ဗျားရဲ့ စီးတော်ယာဉ် ကတော့ လတ်တလော ပြန်ရောက်လာမယ့် ပုံ မပေါ်သေးဘူး ထင်တယ်နော်"

မည်သို့ပင် ဆိုစေကာမူ သူတို့က ဤနေရာမှ ထွက်ခွာ၍ မရနိုင်ပါချေ။ ထို့ကြောင့် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး က စုယွီ၏ အနားတွင် ရှိနေပြီး သူတို့ ကိုယ်စား သူတို့၏ သခင်လေး ကို စောင့်ရှောက် ကာကွယ် ပေးနေခြင်းမှာ အသင့်တော်ဆုံး ပင် မဟုတ်ပါလော။

သို့သော် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် က ဤအရာကို ဂရုမစိုက် နေခဲ့ချေ။ ယင်းအစား သူ၏ မျက်လုံးများ အရောင်တောက်လာခဲ့ပြီး တိုးညင်းစွာ ရေရွတ် လိုက်သည်။

"ပြီးပြည့်စုံတဲ့ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်... ပြီးပြည့်စုံတဲ့ တာအိုနယ်ပယ် တစ်ခုလုံးကို နားလည် သဘောပေါက် နိုင်စွမ်း ရှိတဲ့ ဒုတိယ မြောက် ထူးခြား ပြောင်မြောက်လွန်းတဲ့ ပါရမီရှင် တစ်ယောက်များ အပြင်ဘက် လောကကြီး မှာ ရှိနေဦးမလား မသိဘူး"

သို့သော်ငြား မကြာမီ မှာပင် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ၏ မျက်နှာ ပေါ်တွင် လေးနက် တည်ကြည်သော အမူအရာ တစ်ခု ဖြစ်လာ၏။

စုယွီ၏ ပါရမီ က မိစ္ဆာဆန် လောက်အောင် အလွန်အမင်း ထူးခြား ပြောင်မြောက် နေသည် ဆိုခြင်းမှာ ငြင်းဆန် ၍ မရနိုင်သော အမှန်တရား ပင် ဖြစ်၏။

သို့သော် သေချာသည့် အချက် တစ်ခု ကတော့ ပါရမီရှင် ဆိုသည်မှာ နောက်ဆုံးတွင်တော့ ပါရမီရှင် တစ်ယောက် မျှသာ။

အမှန်တကယ် ကြီးပြင်း ရင့်ကျက် လာရန် ဆိုသည်မှာ ထိုမျှ မလွယ်ကူ လှပါချေ။

အထူးသဖြင့် ယွဲ့အင်မော်တယ် စံအိမ် ၏ လက်ရှိ အခြေအနေ အရ... သူတို့ နှစ်ယောက် တည်းနှင့် ယွဲ့အင်မော်တယ် စံအိမ် ၏ အမွေအနှစ် အကြွင်းအကျန် များက စုယွီ၏ ကြီးထွား တိုးတက် လာမှုကို အမှန်တကယ် စောင့်ရှောက် ကာကွယ် ပေးနိုင်ပါ့မည်လား။

*

အခြား တစ်ဖက် တွင်မူကား...။

စုယွီက အထပ်ကိုးထပ် တာအိုမျှော်စင် ကို သူ၏ ဒန်တျန် အတွင်းသို့ သိမ်းဆည်း လိုက်သည်။ မျှော်စင် အတွင်း၌ ပါဝင်နေသော တာအို စွမ်းအားများက သူ့ကို ဖိနှိပ်မှု များပြားပြီး အနည်းငယ် လေးလံသွားစေသကဲ့သို့ ခံစား ရစေကာ... ပေတစ်သောင်း မြင့်မားသော အင်မော်တယ် တောင်တန်းကြီးအား ပခုံးပေါ်တွင် ထမ်းထားရသလို ရှိသော်ငြားလည်း...။

အထပ်ကိုးထပ် တာအိုမျှော်စင် ကဲ့သို့သော ရတနာ တစ်ခုက သူ၏ ဒန်တျန် ကို ကာကွယ် ပေးထားသဖြင့် သူ၏ ဒန်တျန် နှင့် မူလဝိညာဉ် အပေါ်သို့ တိတ်တဆိတ် လုပ်ကြံ လာမည့် မည်သည့် လှည့်ကွက် မျိုးကိုမျှ မပူရတော့ပါ။

သူ၏ လုံခြုံရေး အဆင့်အတန်း မှာ အလွန်အမင်း မြင့်တက်သွားခဲ့လေပြီ။

ထို့အပြင်... အကယ်၍ သူသာ အထပ်ကိုးထပ် တာအိုမျှော်စင် မှ ယူဆောင် လာသော ဖိနှိပ်မှု စွမ်းအား နှင့် လိုက်လျော ညီထွေ ဖြစ်အောင် နေထိုင် နိုင်ခဲ့မည် ဆိုပါက အနာဂတ်တွင် သူ ကျင့်ကြံမည့် ဓာတ်ကြီးငါးပါး မှော်စွမ်းအား များနှင့် သူ၏ အခြေခံ အနှစ်သာရ များမှာ ယခင်ကထက် သေချာပေါက် ပိုမို သိပ်သည်းပြီး သန့်စင် လာပေလိမ့်မည်။

ဖိအား ဆိုသည်မှာ ကိစ္စကောင်း တစ်ခုပင်။

ရတနာတစ်ရာ ခန်းမ ဆီသို့ လျှောက်လှမ်းသွားရင်း... စုယွီက သူ၏ သက်သေခံ တံဆိပ်ပြား ပေါ်ရှိ စွမ်းဆောင်ရည် အမှတ် နှစ်သောင်းကျော် ကို ကြည့်လိုက်သည်။

ယခင်က သူက ရတနာတစ်ရာ ခန်းမ တွင် အဆင့် (၅) အဆင့်နိမ့် မိစ္ဆာ အမြုတေ တစ်ခုကို လဲလှယ်ရန် စွမ်းဆောင်ရည် အမှတ် တစ်သောင်း ကို အသုံးပြု ခဲ့ပြီး ဖြစ်၏။

'ဒီတစ်ကြိမ်တော့ ငါ လဲလှယ်ဖို့ ဘယ်လို ရတနာ တွေကများ သင့်တော်မလဲ မသိဘူး'

All Chapters