အခန်း ၈၆၆
Vol. 58 Ch. 866
အခန်း (၈၆၆) ရှေးဟောင်း ဖီးနစ်သစ်ပင် ပြန်လည်နိုးထလာခြင်း၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း သေမင်းတမန် ဘေးဒုက္ခနှင့် ရင်ဆိုင်ရလေပြီ (အပိုင်း ၃)
တာအိုဆရာ ဟုန်ယွဲ့၊ တာအိုသခင်ကြီး ရှစ်ဝမ် နှင့် အခြားသူများမှာ ထိုစကားကို ကြားလိုက်ရသော အခါ သူတို့၏ ရင်ထဲတွင် မုန်တိုင်းကြီး တစ်ခု တိုက်ခတ်သွားသကဲ့သို့ အကြီးအကျယ် တုန်လှုပ်သွားကြ၏။
ကာကွယ်မှု အထပ်ထပ် ချမှတ်ထားသည့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကို ဖောက်ထွင်းပြီး တိတ်တဆိတ် ဝင်ရောက် နိုင်ရန် မည်သို့သော နည်းလမ်းမျိုးကို အသုံးပြုခဲ့ရမည်နည်း။
သူတို့ ကိုယ်သူတို့ ပြန်လည် မေးခွန်းထုတ် ကြည့်လိုက် သော်လည်း ထိုကဲ့သို့ လုပ်ဆောင် နိုင်စွမ်း မရှိကြောင်းကိုသာ ဝန်ခံ လိုက်ရတော့၏။
'ဂျူနီယာညီလေး စုယွီ တစ်ယောက်ပဲ လုပ်နိုင်လောက်တယ်... ဒါပေမဲ့ အဲဒါက ဟင်းလင်းပြင် တာအိုရဲ့ စွမ်းအားပဲ ဖြစ်လိမ့်မယ်... အခု အကြီးအကဲ ကျောက် ပြောပုံအရ ဆိုရင် အင်မော်တယ် တစ်သောင်း နန်းတော်က ခေါ်ယူလာတဲ့ သူဟာ ဟင်းလင်းပြင် လွတ်မြောက်ခြင်း နည်းစနစ်ကို ဖော်ထုတ်ပြီး ကိုးဝိညာဉ်အင်မော်တယ် တောင်တန်းရဲ့ အင်မော်တယ် တံခါး လျှို့ဝှက်နယ်မြေ အတားအဆီးကို ဖောက်ထွင်းသွားတာ ဖြစ်နိုင်တယ်...'
တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်နှာထားမှာ ပိုမို လေးနက် တည်ကြည်သွားပြီး သူ၏ ရင်တွင်း၌ မငြိမ်မသက် ဖြစ်နေသော ခံစားချက် များဖြင့် ပြည့်နှက်သွားတော့၏။
ရက်စက် ကြမ်းကြုတ်လှသော မိစ္ဆာ မျိုးနွယ်စု ၏ ဒီရေ လှိုင်းလုံးကြီး များကို အပြီးသတ် ဖြေရှင်းနိုင်ခြင်း မရှိသေးမီ မှာပင် အင်မော်တယ် တစ်သောင်း နန်းတော် သည် မိုးကြိုး ပစ်ချသကဲ့သို့ လျင်မြန် ကြမ်းတမ်းသော နည်းလမ်း များဖြင့် ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ကို သိမ်းပိုက် လိုက်လေပြီ။
မည်သည့် အကြောင်းပြချက် ကြောင့်နည်း။
သိသာ ထင်ရှားလှစွာပင် သူတို့အား ကြိုတင် ပြင်ဆင်မှု မရှိဘဲ အငိုက်ဖမ်း နိုင်ရန် ဖြစ်သည်။
ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ကို သူတို့ ကူညီ ထောက်ပံ့ ပေးခြင်းမှ တားဆီး နိုင်ရန် ပါပင်။
ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း အင်မော်တယ် တံခါး၏ ကျောထောက် နောက်ခံ ပြုမှု မရှိပါက တာအိုသခင်ကြီး ကျိုလင် သည် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ဖြစ်နေလျှင် တိုင်အောင် အမြစ်မရှိသော ရေမှော်ပင်လို အားကိုးရာမဲ့ ဖြစ်သွား ရပေမည်။
အနည်းငယ် ခြိမ်းခြောက်မှု ရှိနေသော်ငြားလည်း ၎င်းက အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အနေဖြင့် အချိန် အတော်ကြာ ကတည်းက ကြိုတင် ပြင်ဆင် ထားခဲ့သော အရာတစ်ခု ဖြစ်ကြောင်း သိသာ ထင်ရှား လှ၏။
ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ကို သိမ်းပိုက် ခြင်းနှင့် နှိုင်းယှဉ် လိုက်ပါက ဤမျှ အနည်းငယ်သော အန္တရာယ်ကို ရင်ဆိုင် ရခြင်းမှာ အင်မော်တယ် တစ်သောင်း နန်းတော်၏ အမြင်တွင် တကယ်ကို တန်ဖိုး ရှိလှသည်မှာ သေချာလှ၏။
ယခုအခါ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ၏ သိမ်းပိုက် ခံလိုက်ရပြီ ဖြစ်ကာ ၎င်း၏ အခြေခံ အုတ်မြစ်များ အားလုံး ဝါးမျို ခံလိုက်ရပြီ ဖြစ်ရာ သူတို့၏ နောက်ထပ် ခြေလှမ်းက မည်သည့် အရာ ဖြစ်လာ မည်နည်း။
တာအိုသခင်ကြီး ဟုန်ယွဲ့ အနေဖြင့် ခန့်မှန်း နေရန်ပင် မလိုအပ်ပါ။ အင်မော်တယ် တစ်သောင်း နန်းတော် ၏ နောက်ဆုံး ပစ်မှတ်မှာ သူတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ် သာ ဖြစ်မည် ဆိုသည်ကို အတိအကျ သိရှိ နေခဲ့သည်။
ထိုအချက်ကို တွေးမိ လိုက်သည်နှင့် တာအိုသခင်ကြီး ဟုန်ယွဲ့ က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်တော့သည်။
'အခု လက်တလော အရေးအကြီးဆုံး ကိစ္စက အင်မော်တယ် တစ်သောင်း နန်းတော်က ခေါ်ယူထားတဲ့ သူဟာ ဘယ်သူလဲ ဆိုတာရယ်... ပြီးတော့ သူတို့ နောက်ကွယ်မှာ ရှိနေတဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အပြင်ဘက်က ဘယ်လို စွမ်းအားစုတွေ ရှိနေသလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ်ဖို့ပဲ... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာကိုပါ သိရမယ်...'
တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ ရင်တွင်း၌ ရှင်းပြ၍ မရနိုင် လောက်အောင် ကြီးမားလှသော အရေးပေါ် အခြေအနေ တစ်ရပ်ကို ခံစား လိုက်ရတော့၏။
တစ်ခဏမျှ အကြာတွင်
တာအိုသခင်ကြီး ဟုန်ယွဲ့ က ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး ကျိုးပေါက်သွားခဲ့ရသည့် တုန်လှုပ်မှုမှ လုံးဝ ပြန်လည် သတိမဝင် လာသေးသော တာအိုသခင်ကြီး ကျိုလင် ရှိရာသို့ အကြည့်ပို့လွှတ် လိုက်သည်။
တာအိုသခင်ကြီး ဟုန်ယွဲ့ က တိုးညင်းသော လေသံဖြင့် မေးလိုက်၏။
"တာအိုမိတ်ဆွေ ကျိုလင်... ဘယ်လို လုပ်ဖို့ အစီအစဉ် ရှိသလဲ"
တာအိုသခင်ကြီး ကျိုလင် က သူမ၏ ခေါင်းကို အနည်းငယ် မော့လိုက်ရာ ယခင်က ငူငိုင်နေခဲ့သော သူမ၏ မျက်လုံးများ အတွင်း၌ ယခုအခါ အာရုံ စူးစိုက်မှု အရိပ်အယောင် အချို့ ထွက်ပေါ်လာ၏။
သူမက တာအိုသခင်ကြီး ဟုန်ယွဲ့ အား စူးစိုက်ကြည့်လိုက်သည်။ မည်သူမျှ မထင်မှတ် ထားစွာပင် သူမက တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ အရှေ့တွင် ဒူးထောက် ချလိုက်သည်။ "မဟာမိတ် ခေါင်းဆောင်... ကျွန်မကို ကူညီဖို့အတွက် အင်အားတွေ ငှားရမ်းပေးပါလို့ တောင်းပန်ပါတယ်... ကိုးဝိညာဉ်အင်မော်တယ် တောင်တန်းကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ ကျွန်မကို ကူညီပေးပါ"
သူမ၏ အက်ကွဲနေသော အသံမှာ အရိုးထဲထိ စိမ့်ဝင်သွားစေနိုင် လောက်အောင် အေးစက်လှသည့် သတ်ဖြတ် လိုသော အငြိုးအာဃာတ များဖြင့် ပြည့်နှက် နေခဲ့၏။
သူမ၏ ဘေးနားရှိ တာအိုသခင်ကြီး ရှစ်ဝမ် ကဲ့သို့သော တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့မှ လူများ အားလုံးမှာလည်း သူတို့၏ မျက်နှာ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြ၏။
မည်သို့ပင် ဆိုစေကာမူ တာအိုသခင်ကြီး ကျိုလင် သည် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။
သူမ၏ အင်မော်တယ် တံခါး အတွက် လူအများ၏ အရှေ့တွင် တာအိုသခင်ကြီး ဟုန်ယွဲ့ အား ဒူးထောက်ကာ အသနားခံ တောင်းဆို နေခဲ့သည် တဲ့လား။
သည်အဖြစ်က မည်မျှလောက် အထိ ခိုင်မာ ပြတ်သားလှသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေခဲ့ သနည်း။
တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်နှာပေါ် တွင်လည်း အံ့အားသင့် တုန်လှုပ်မှု အရိပ်အယောင် အချို့ ထွက်ပေါ် လာခဲ့ သော်ငြားလည်း သူက တာအိုသခင်ကြီး ကျိုလင် အား ထူမပေးရန် ရှေ့သို့ အလျင်အမြန် အရှေ့တက်လာပြီး ပျာပျာသလဲ ပြောဆိုလိုက်တော့သည်။
"တာအိုမိတ်ဆွေ ကျိုလင်... ဒီလို လုပ်စရာ မလိုပါဘူး"
"ဒီ... ဒီကိစ္စက..."
တာအိုသခင်ကြီး ဟုန်ယွဲ့ က အကြပ်ရိုက် နေသည့် ပုံစံဖြင့် သက်ပြင်း တစ်ချက် ချလိုက်သည်။
"အင်မော်တယ် တစ်သောင်း နန်းတော်က အမည်မသိ အင်အားစုတွေနဲ့ ပူးပေါင်း ကြံစည်နေတာက မရှင်းလင်း သေးဘူး... ကျွန်တော့် အမြင်အရ ဆိုရင်တော့ တစ်ဖက် လူတွေက ဘယ်သူလဲ ဆိုတာကို အရင် ရှာဖွေပြီးမှ အစီအစဉ်တွေ ဆွဲတာက အကောင်းဆုံးပဲ"
ဤစကားကို ကြားလိုက်ရသော အခါ တာအိုသခင်ကြီး ကျိုလင် က တာအိုသခင်ကြီး ဟုန်ယွဲ့ အား ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ပြီး သူမ၏ နီရဲနေသော မျက်လုံးများ နှင့် အတူသွားများကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"အကယ်၍ မဟာမိတ် ခေါင်းဆောင် ကသာ ကျွန်မတို့ရဲ့ အင်မော်တယ် တံခါးကို ပြန်လည် သိမ်းပိုက်နိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိမယ် ဆိုရင်... ကျွန်မ အနေနဲ့ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ကို ဦးဆောင်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် အောက်မှာ အညံ့ခံ ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်... မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ အင်မော်တယ် တံခါး ထဲကို အပြီးတိုင် ပေါင်းစည်း ဝင်ရောက်သွားတဲ့ အထိတောင် ဆန္ဒရှိပါတယ်"
"ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အတွက် တရားမျှတမှု ရရှိအောင် ကူညီပေးဖို့ မဟာမိတ် ခေါင်းဆောင်ကို ကျွန်မ တောင်းဆိုချင်တာပါ"
"အင်မော်တယ် တစ်သောင်း နန်းတော်ဟာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အပြင်ဘက်က အင်အားစုတွေနဲ့ အကြိမ်ကြိမ် ပူးပေါင်း ဆက်သွယ်နေပြီး ကျွန်မတို့ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ အဖွဲ့ဝင်တွေကို မျက်စိကျ နေကြတယ်... သူတို့ဟာ ကျွန်မတို့ အဖွဲ့အစည်း ထဲက သစ္စာဖောက် တွေနဲ့ လူယုတ်မာတွေပဲ"
"အကယ်၍ ကျွန်မတို့ ကသာ အင်မော်တယ် တစ်သောင်း နန်းတော်ကို တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကြီးထဲကနေ မောင်းထုတ်ပစ်ဖို့ မလုပ်ဘူး ဆိုရင်... တာ့ချန် ကြီးက ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှု ကို ရှာတွေ့ နိုင်တော့မှာလဲ"
"ဝုန်း..."
တာအိုသခင်ကြီး ကျိုလင် ဤစကားများကို ပြောဆို အဆုံးသတ် လိုက်သည် နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့အစည်း များမှ အခြားသူများ မှာလည်း ချက်ချင်းပင် တီးတိတ် ရေရွတ် ပြောဆိုသံများ ထွက်ပေါ် လာ၏။ သူတို့၏ နှလုံးသားများ တုန်ခါသွားကာ တာအိုသခင်ကြီး ကျိုလင် ကို အလွန်အမင်း အံ့အားသင့် ထိတ်လန့်စွာဖြင့် စိုက်ကြည့် လိုက်ကြလေတော့သည်။
တာအိုသခင်ကြီး ကျိုလင် က... ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ကို မြေကမ္ဘာအင်မော်တယ်စံအိမ် ထဲသို့ ပေါင်းစည်း ဝင်ရောက်စေဖို့ ရည်ရွယ် နေတယ်... တဲ့လား။