အခန်း ၈၇၅
Vol. 59 Ch. 875
အခန်း (၈၇၅) - အင်မော်တယ် တစ်သောင်း နန်းတော် ပျက်သုဉ်းခြင်း (အပိုင်း ၃)
တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာရှိ အင်မော်တယ်ဂိုဏ်းကြီးများအလယ်တွင် သူတို့၏ အင်မော်တယ်တစ်သောင်း
နန်းတော်သည် အမှန်တကယ်ပင် အချုပ်အခြာအာဏာကို ပိုင်စိုးထားသော စစ်မှန်သည့် ခေါင်းဆောင်ကြီး ဖြစ်ခဲ့သည်။ ထိုအင်မော်တယ်အရှိန်အဝါကို မည်သူကမျှ မယှဉ်ပြိုင်ဝံ့ချေ။
သို့သော်ငြားလည်း... နှစ်ပေါင်း (၁၀၀) မျှသော အချိန်တိုလေးအတွင်းမှာပင် အခြေအနေအရပ်ရပ်က ဤမျှလောက်ထိ ဆိုးရွားသွားလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့ပါမည်နည်း။
ပထမဦးစွာ သွေးထွက်သံယို စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ရသော သူတို့၏ ကျားရဲစစ်တပ်ကြီးသည် လူသူကင်းမဲ့သော နယ်မြေများတွင် အကြီးအကျယ် ရှုံးနိမ့်ကာ အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုမှတစ်ဖန် မိစ္ဆာကျင့်ကြံသူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် စစ်တပ်ကြီးတစ်ခုလုံးမှာ တစ်ယောက်မကျန် သုတ်သင်ခံရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရ၏။
ထိုအချိန်မှစ၍ သူတို့၏ အင်မော်တယ်တစ်သောင်းနန်းတော်ကြီးသည် ကောင်းကင်တာအို၏ ကျိန်စာသင့်ခံလိုက်ရသည့်အလား မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ.. လုံးဝ အဆင်မချောတော့ပေ။
ယခုအချိန်တွင် အင်မော်တယ်တစ်သောင်းနန်းတော် ဖြတ်သန်းခဲ့ရသော နှစ်ပေါင်းများစွာသော ဒုက္ခသုက္ခများနှင့် စမ်းသပ်မှုများကို ပြန်လည်တွေးတောမိလိုက်တိုင်း အရှင်သခင် ကျင်းဟုန်၏ နှလုံးသားမှာ ပိုမိုနက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်း ချောက်ကမ်းပါးထဲသို့ ထိုးဆင်းသွားရတော့သည်။
“ဝုန်း...”
ပကတိ ဟင်းလင်းပြင် အဆင့် တာအိုအရှင်သခင် ဖြစ်သော တာအိုသခင်ကြီး ကျိုလင်၏ ကြောက်မက်ဖွယ် အင်မော်တယ်အရှိန်အဝါကြီးက သူတို့အပေါ်သို့ တဟုန်ထိုး ဖိချလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်သခင် ကျင်းဟုန်နှင့် အခြားသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် (၉) ပါးတို့မှာ အင်မော်တယ်တစ်ပါး၏ ဖိနင်းခြေမွခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရတော့၏။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော မဟာတာအို၏ စွမ်းအားကြီးက သူတို့အပေါ်သို့ ဆင်းသက်လာခဲ့ရာ အရှင်သခင် ကျင်းဟုန်မှလွဲ၍ ကျန်သော (၉) ဦးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများ ပန်းထွက်ကာ ပစ်လွင့်ထွက်သွားကြရသည်။
“ဖူး...”
ဝိညာဉ်ခွဲထွက်အဆင့်နှင့် ပကတိ ဟင်းလင်းပြင် အဆင့်တို့ကြားရှိ ကွာဟချက်မှာ လူတိုင်း၏ မျက်စိရှေ့တွင် ရှင်းလင်းထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။ တာအိုသခင်ကြီး ကျိုလင်၏ အရှေ့တွင် အင်မော်တယ်တစ်သောင်းနန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များဆိုသည်မှာ ခန္ဓာကိုယ် အနည်းငယ် ကြီးမားသော ပုရွက်ဆိတ်များထက် ပို၍ မထူးခြားလှ။
“ဝီ...”
အရှင်သခင် ကျင်းဟုန်၏ အရှေ့တွင် အားကောင်းလှသော ရွှေရောင် အတားအဆီးတစ်ခု ထွက်ပေါ်လာ၏။ အဆင့်မြင့် မှော်လက်နက်တစ်ခု၏ အင်မော်တယ်အရှိန်အဝါများ ဖြာထွက်ကာ တာအိုသခင်ကြီး ကျိုလင် ထုတ်လွှတ်လိုက်သော မဟာတာအို၏ စွမ်းအားကို ကာကွယ်ပေးလိုက်သည်။
သို့သော်လည်း အဆင့်မြင့် မှော်လက်နက်၏ ကာကွယ်မှု ရှိနေသည့်တိုင်အောင် အရှင်သခင် ကျင်းဟုန်မှာ မခံမရပ်နိုင်စွာ ညည်းတွားလိုက်ရပြီး အနောက်ဘက်သို့ ခြေနှစ်လှမ်းခန့် ယိမ်းယိုင်ဆုတ်ခွာသွားခဲ့ရသည်။
အင်မော်တယ်တစ်သောင်းနန်းတော် ဂိုဏ်းတံခါး၏ အထက်ကောင်းကင်ယံတွင်... တာအို သခင်ကြီး ဟုန်ယွဲ့၊ တာအိုသခင်ကြီး ကျိုလင်၊ တာအို သခင်ကြီး ရှစ်ဝမ်၊ တာအို သခင်ကြီး နဂါးနက် နှင့် အခြားသော ပုဂ္ဂိုလ်များက တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့ကြသည်။ သူတို့၏ အင်မော်တယ်အရှိန်အဝါများက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေခဲ့ပြီး ရေတွက်၍မရနိုင်သော အံ့မခန်း မြင်ကွင်းများ က သူတို့၏ ပတ်လည်တွင် လှည့်ပတ်နေကာ အင်မော်တယ်တစ်သောင်းနန်းတေဎာ်၏ တံခါးများအထက်သို့ ဆင်းသက်လာခဲ့ကြတော့၏။
သူတို့က မြင့်မားလှသော ကောင်းကင်ယံထက်မှနေ၍ အင်မော်တယ်တစ်သောင်းနန်းတော်ရှိ အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းကို အထက်စီးမှ ငုံ့ကြည့်နေခဲ့ကြသည်။
တာအိုအရှင်သခင်များ၏ ဖိနှိပ်လွှမ်းမိုးထားသော အင်မော်တယ်အရှိန်အဝါများ အောက်တွင် အရှင်သခင် ကျင်းဟုန်၏ ပါးစပ်မှ သွေးများ စိမ့်ထွက်နေခဲ့သော်ငြားလည်း အင်မော်တယ်ဂိုဏ်းကြီး၏ မဟာအခင်းအကျင်း စွမ်းအားကို အမှီပြုကာ ထိုတာအိုအရှင်သခင်များ၏ အရှေ့တွင် မားမားမတ်မတ် ရပ်တည်နေခဲ့သည်။
အရှင်သခင် ကျင်းဟုန်က အံ တင်းတင်းကြိတ်လိုက်ပြီး ရောက်ရှိနေသော တာအိုအရှင်သခင် အများအပြားကို စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ခက်ထန် ကြမ်းတမ်းနေခဲ့တော့သည်။
အရှင်သခင် ကျင်းဟုန်၏ အသံမှာ အနည်းငယ် အက်ရှနေ၏။
“ငါတို့ အင်မော်တယ်တစ်သောင်းနန်းတော်က ဘိုးဘေး လော့ဟယ်နဲ့ ဘိုးဘေး ထျန်းယန်တို့ မသေသေးပါဘူး”
“ငါတို့ ဘိုးဘေးနှစ်ပါး ပြန်လာပြီး ဒီကနေ့ အင်မော်တယ်တစ်သောင်းနန်းတော် အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်လည်လက်စားချေလာမယ့် အကျိုးဆက်တွေကို မင်းတို့အားလုံး မကြောက်ကြဘူးလား”
“လက်စားချေမယ်... ဟုတ်လား”
တာအိုသခင်ကြီး ကျိုလင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူမ၏ နူးညံ့သွယ်လျသော လက်ဝါးလေးက လေထဲသို့ တစ်ချက် ဝှေ့ယမ်းသွားသည်နှင့်နောက်ထပ် တာအို စွမ်းအားလှိုင်း တစ်ခုက အရှင်သခင် ကျင်းဟုန် အပေါ်သို့ လျှပ်စီးလက်သကဲ့သို့ ရိုက်ခတ်လာခဲ့တော့၏။
အဆင့်မြင့် မှော်လက်နက်၏ ကာကွယ်မှုနှင့် အင်မော်တယ်ဂိုဏ်း မဟာအခင်းအကျင်း၏ အထောက်အပံ့များ ရှိနေခဲ့သော်ငြားလည်း အရှင်သခင် ကျင်းဟုန်မှာ သွေးများပန်းထုတ်ရင်း လွင့်စဉ်သွားခဲ့ရပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် ဆယ်ကိုက်ခန့် အကွာအဝေးထိ လွင့်ထွက်သွားခဲ့ရပြီး အလွန်တရာ အခြေအနေ ဆိုးရွားနေခဲ့တော့သည်။
“လော့ဟယ်နဲ့ ထျန်းယန်... ဟုတ်လား”
တာအိုသခင်ကြီး ကျိုလင်က အေးစက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“သူတို့နှစ်ယောက်လုံး ကျဆုံးသွားပြီဆိုတာ မင်း တကယ်ပဲ မသိတာလား”
“မင်းတို့ ငါ့ရဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကို တိုက်ခိုက်ခဲ့တုန်းက တစ်နေ့ကျရင် ငါ့လက်ထဲကို ဒီလိုမျိုး ရောက်လာလိမ့်မယ်လို့ မင်း တွေးဖူးရဲ့လား... ကလေးလေး ကျင်းဟုန်”
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
တာအို သခင်ကြီးလော့ဟယ်နှင့် တာအို သခင်ကြီးထျန်းယန်တို့ ကျဆုံးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ အရှင်သခင် ကျင်းဟုန်က ဒေါသတကြီးဖြင့် ချက်ချင်း ပြန်လည် ချေပလိုက်သည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေခဲ့သော်လည်း သူ၏ကိုယ်ပိုင် အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ပါချေ။
ကမ္ဘာမြေကြီး တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အရှင်သခင် ကျင်းဟုန်က ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ အေးချမ်းသွားသော်ငြား မျက်လုံးများကတော့ ပိုမိုနက်မှောင်သွားခဲ့ကာ ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
“ငါတို့ အင်မော်တယ်တစ်သောင်းနန်းတော်က ဘိုးဘေးတွေဟာ ကောင်းကင်ကိုတောင် ဖောက်ထွင်းနိုင်တဲ့ နတ်ဘုရားစွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာ... ဟင်းလင်းပြင်လေး တစ်ခုဆိုတာ သူတို့အတွက် ဘာမှမဟုတ်ဘူး... ငါတို့ အင်မော်တယ်တစ်သောင်းနန်းတော်ရဲ့ အခြေခံအုတ်မြစ်တွေ ရှိနေသရွေ့ ဘိုးဘေးတွေ သိပ်မကြာခင် သေချာပေါက် ပြန်လာကြလိမ့်မယ်”
“စီနီယာ အရှင်သခင်တို့... ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာ ငါ အကြံပေးချင်တယ်... မဟုတ်ရင်တော့ ငါတို့ ဘိုးဘေးတွေ ပြန်လာတဲ့အခါ ဒီကနေ့ ရန်ငြိုးတွေအတွက် ဆယ်ဆ... အဆတစ်ရာလောက် သေချာပေါက် ပြန်ပြီး လက်စားချေလိမ့်မယ်”
“ဟုတ်ပြီ၊ သူတို့ ပြန်လာမယ့်အချိန်ကို ဒီက ကျိုလင် ငါကိုယ်တိုင် စောင့်နေမယ်”
တာအိုသခင်ကြီး ကျိုလင်၏ လူသတ်ချင်စိတ်များ ပြည့်နှက်နေသော အသံက ကောင်းကင်နှင့်မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားခဲ့သည်။ ။
အရှင်သခင် ကျင်းဟုန်၏ စကားများကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ သွေးဆာနေသော အရိုင်းဆန်ဆန် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့၏။
သူမ၏ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှာ အင်မော်တယ်တစ်သောင်းနန်းတော်၏ လက်ချက်ဖြင့် အဖျက်ဆီးခံလိုက်ရလုနီးပါး၊ လုံးဝ အမြစ်ဖြတ်ခံလိုက်ရမည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် မဟုတ်ပါလော။
‘ဒီလိုအခြေအနေမျိုးမှာ ငါက ဂရုစိုက်နေဦးမယ် ထင်နေသလား။ ငါ့ကိုများ လာပြီး ခြိမ်းခြောက်နေသေးတယ်... တကယ် ရယ်စရာကောင်းမနေဘူးလား’
“သာမန် အရှင်သခင်လေး တစ်ပါးကများ ငါ့ကို လာခြိမ်းခြောက်ရဲသေးတယ်”
မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုသခင်ကြီး ကျိုလင်၏ ပုံရိပ်က ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည်ထွက်ပေါ်လာချိန်တွင် အရှင်သခင် ကျင်းဟုန်၏ အရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။ သူမက နူးညံ့သွယ်လျသော လက်ဝါးဖြင့် အရှေ့သို့ လက်ဝါးချက် တစ်ခု ပစ်သွင်းလိုက်သည်။
ထိုလက်ဝါးချက်မှာ ကမ္ဘာလောကကြီး တစ်ခုလုံး၏ စွမ်းအားများ ကိုကိုင်စွဲထားသည့်အလား လောကကြီး တစ်ခုလုံးက အရှင်သခင် ကျင်းဟုန်ကို ဖိနှိပ်ချေမှုန်းနေသည့်နှယ် ဖြစ်၏။
“ဘုန်း...”
ထိုလက်ဝါးချက်နှင့်အတူ ဟင်းလင်းပြင်ထဲတွင် လှိုင်းဂယက်များ တွန့်လိမ်လာခဲ့သည်။ အဆင့်မြင့် မှော်လက်နက်၏ အင်မော်တယ်အရှိန်အဝါနှင့် မဟာအခင်းအကျင်း၏ စွမ်းအားတို့ကို အသုံးပြု၍ ကာကွယ်ထားသည့်
တိုင်အောင် အရှင်သခင် ကျင်းဟုန်မှာ တာအိုသခင်ကြီး ကျိုလင်၏ ရိုက်ချခံလိုက်ရပြီး သွေးများ ပန်းထွက်ကာ လွင့်စဉ်သွား
ခဲ့ရတော့သည်။