အခန်း ၈၇၈
Vol. 59 Ch. 878
အခန်း (၈၇၈) အထွတ်အထိပ် ရွှေဟုန် ကျဆုံးခြင်း၊ စုယွီ၏ အကွက်ချကြံစည်မှု (အပိုင်း ၃)
လမ်းမကြီးပေါ်တွင် ကျင့်ကြံသူများစွာ ပြည့်နှက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး လူအုပ်ကြီးဖြင့် စည်ကားသိုက်မြိုက်လျက် ရှိနေသည်။
ဤမြင်ကွင်းက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ မြို့တော်နှင့် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်တို့နှင့် လုံးဝကို ကွဲပြားခြားနားနေ၏။
အကယ်၍ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဘက်ရှိ အင်မော်တယ်မြို့တော်တွင်သာ ဆိုပါက ကျင့်ကြံသူ အများစုသည် တန်ဖိုးကြီးမားလှသော ဝတ်ရုံများနှင့် တာအိုဝတ်စုံများကို ဆင်မြန်းထားကြပြီး ကြော့ရှင်းသန့်စင်ကာ လောကီနှင့် ကင်းကွာနေသော အငွေ့အသက်များကို ထုတ်လွှတ်နေကြလေမည်။
သို့သော် ဤနေရာတွင်မူ ကျင့်ကြံသူ ထက်ဝက်ခန့်သည် သားရေချပ်ဝတ်များ... ပို၍ တိတိကျကျ ဆိုရလျှင် သားရဲသားရေ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သူတို့၏ ခန္ဓာကိုယ်များထံမှ ထိန်းချုပ်၍ မရနိုင်သော မိစ္ဆာချီအငွေ့အသက်များ ဖြာထွက်နေပြီး လမ်းမများထက်တွင် အနားမကပ်နှင့် ဟု အော်ဟစ်သတိပေးနေသည့်အလား ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပြည့်နှက်နေတော့၏။
ဒေသတွင်း ဓလေ့စရိုက်များက စုယွီ၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားခဲ့ရာ ပတ်ဝန်းကျင်ကို သိချင်စိတ် ပြင်းပြစွာဖြင့်လိုက်လံ အကဲခတ်နေမိသည်။
တာအိုဆရာ ရှုယွီက အသံလွှင့်၍...ပြောလာ၏။
“ဒီလူတွေကြားထဲမှာ လုယက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေ... ဒါမှမဟုတ် မိစ္ဆာသိုင်းတွေ ကျင့်ကြံနေတဲ့သူတွေတောင် ပါနိုင်တယ်... အဲဒါ လုံးဝကို ဖြစ်နိုင်ချေရှိတယ်”
စုယွီ သိချင်စိတ်ဖြင့်...မေးလိုက်သည်။
“ဓားပြကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိတာလား”
“သူတို့ကိုနေရာတိုင်းမှာ တွေ့နိုင်ပါတယ်”
“ဒီနေရာမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်တွေ တည်ထောင်ထားတဲ့ ဓားပြနဲ့ မိစ္ဆာကျင့်ကြံသူ အင်အားစုတွေတောင် အခြေစိုက်ထားကြသေးတယ်”
‘အလို..ဒီလောက်တောင် သောင်းကျန်းနေတာလား...’
မြို့တော်အတွင်း တစ်နာရီကျော်ခန့် လှည့်လည်သွားလာပြီးနောက် စုယွီနှင့် အဖွဲ့သည် အဆင့် (၄) ဂူစံအိမ် တစ်ခုကို ငှားရမ်းလိုက်ကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာရှိ အင်မော်တယ်ဂိုဏ်းများ၏ အင်အား ချိန်ခွင်လျှာနှင့် ပတ်သက်၍ အခြေအနေကို ဦးစွာ လေ့လာစူးစမ်းရန်ပင်။
ထို့နောက်မှသာ ကောင်းကင်အပျက်အစီးခန်းမ၏ အင်အားကို ထောက်လှမ်းစုံစမ်းကြလေမည်။
အခြားတစ်နေရာတွင်...
ချန်ကု အင်မော်တယ်မြို့တော်မှ လူသုံးယောက်၏လိုက်လံ ဖမ်းဆီးမှုကို မျက်ခြေဖြတ်နိုင်ခဲ့ပြီးနောက် တာအို သခင်ကြီး လေ့တင်းထျန်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ မြင့်မားသော တောင်ထွတ်တစ်ခုပေါ်တွင် မတ်မတ်ရပ်လျက် ကိုးဝိညာဉ် အင်မော်တယ်တောင် ရှိရာ အရပ်ဆီသို့ မျက်လုံးများ မှေးကျဉ်းကာ လှမ်းကြည့်လိုက်၏။ တာအို သခင်ကြီး လေ့တင်းထျန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
“မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ တာအို သခင်ကြီးဆီမှာ အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက် တစ်ပါး တကယ်ကြီး ရှိနေတာပါလား...”
လေ့တင်းထျန်းသည် တိုးတိတ်စွာ ရေရွတ်လိုက်မိ၏။ ဤအချက်က သူ၏ မျှော်လင့်ထားမှုများကို လုံးဝ ကျော်လွန်သွားခဲ့ချေပြီ။
အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက်များမှာ အလွန် ရှားပါးလှသည်။ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက်တွင်ပင် ဤကဲ့သို့ အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက်မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
သည်အခြေအနေက အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက် တစ်ပါး တည်ရှိနေခြင်းကို လေ့တင်းထျန်း ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းပင် ဖြစ်တော့သည်။
အင်မော်တယ်ဂိုဏ်းတစ်ခု၏ လျှို့ဝှက်နယ်မြေတစ်ခုရှိ မဟာအခင်းအကျင်းနှင့် အတားအဆီးများကို အလွယ်တကူ ဆွဲဖြဲဖျက်ဆီးပစ်နိုင်ခြင်းကား သူ၏ စွမ်းဆောင်ရည်ထက် များစွာ သာလွန်နေသော အရာတစ်ခုပင်။
အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက် တစ်ပါးကိုကိုင်ဆောင်ထားသရွေ့ တာအို သခင်ကြီး ဟုန်ယွဲ့သည်များစွာ အစွမ်းမထက်ဘဲ ပကတိ ဟင်းလင်းပြင်အဆင့် ပထမအလွှာတွင်သာ ရှိနေလျှင်ပင် လေ့တင်းထျန်းအနေဖြင့် ဝင်ရောက် တိုက်ခိုက်ပါက တာအို သခင်ကြီး ဟုန်ယွဲ့အား အန္တရာယ် ပေးနိုင်မည် မထင်။
ထို့အပြင် မြေကမ္ဘာအင်မော်တယ်
စံအိမ်တွင် အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု အခြေခံအုတ်မြစ်ကြီး ရှိနေသေးသည် မဟုတ်ပါလား။
လေ့တင်းထျန်းက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။
“ကြည့်ရတာ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အင်အားသုံးဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး... တခြား နည်းလမ်းတွေကို သုံးမှ ရလိမ့်မယ်”
ဤတစ်ကြိမ် သူ အင်မော်တယ် တစ်သောင်း နန်းတော် ထံသို့ ချဉ်းကပ်ခဲ့ခြင်းမှာ စမ်းသပ်မှု သက်သက်မျှသာ။ အကယ်၍ ကျရှုံးသွားခဲ့လျှင်ပင် ကြီးမားသော ဆုံးရှုံးမှု မရှိပေ။
“ငါတို့ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက်ရဲ့ ဘိုးဘေးတွေက ရှေးဟောင်း မှတ်တမ်းတစ်ခု ချန်ရစ်ခဲ့ဖူးတယ်... အဲဒီမှတ်တမ်းထဲမှာ ယွဲ့အင်မော်တယ်စံအိမ်က အစွမ်းထက် ပညာရှင်ကြီး တစ်ပါးဟာ ငါတို့ မင်းဆက်က အကြီးအကဲ တစ်ယောက်ကို ဖိနှိပ်ခဲ့ပြီး အင်မော်တယ် တာအိုလမ်းစဉ်တစ်ခုလုံးကို ပြတ်တောက်သွားစေခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်”
လေ့တင်းထျန်း၏ အသံတွင် အေးစက်သော အရိပ်အယောင်တစ်ခု ကိန်းဝပ်နေသည်။
“ယွဲ့အင်မော်တယ်စံအိမ်ရဲ့ လမ်းစဉ်က ပြန်လည် ထွက်ပေါ်လာပုံရတယ်... အဲဒီ ဘိုးဘေးကြီး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ဟာ ယွဲ့အင်မော်တယ်စံအိမ်ရဲ့ အပျက်အစီး နယ်မြေထဲမှာ ရှိနေဖို့ အများကြီး ဖြစ်နိုင်တယ်”
“ဒီအမွေအနှစ်ကို... ငါတို့ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက်က မဖြစ်မနေ ပြန်လည် ရယူရမယ်”
သူ တိတ်တဆိတ် ကြုံးဝါးလိုက်သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်၏ လက်ဝယ်ရှိ ရတနာများကို တွေးတောမိလိုက်သောအခါ လေ့တင်းထျန်း၏ ရင်ထဲတွင် မနေနိုင်ဘဲ သွေးဆောင် ဖြားယောင်း
ခံလိုက်ရတော့သည်။
ဖြစ်နိုင်မည် ဆိုပါက ထို နတ်ဘုရားရုပ်တုနှင့်အတူ အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက်ကိုပါ သူ လုယူရပေမည်။
‘ဒီမိန်းကလေးက မြေကမ္ဘာ
အင်မော်တယ်စံအိမ်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက် ထိုးဖောက်သွားနိုင်ခဲ့ပြီပဲ...’
‘မိန်းကလေးရဲ့ ပါရမီနဲ့ဆိုရင် မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ပြီး အဆင့်မြင့် ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်...’
‘ဒါမှမဟုတ်ရင် မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ တာအိုအမွေအနှစ်ကိုတောင် ဆက်ခံနိုင်လောက်တယ်...’
လေ့တင်းထျန်းက မျက်မှောင် အနည်းငယ် တွန့်ကွေးလျက် စဉ်းစားခန်း ဝင်လိုက်၏။
‘ဒါပေမဲ့ ဒါ..အချိန် အရမ်း ကြာမြင့်လိမ့်မယ်... ပြီးတော့ အောင်မြင်ဖို့ဆိုတာလည်း တပ်အပ် မသေချာဘူး...’
‘ဒါကြောင့် ဒီအတောအတွင်း တခြား နည်းလမ်းတွေကိုလည်း ထည့်သွင်း စဉ်းစားရမယ်...’
မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါး ရှိရာ အရပ်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လေ့တင်းထျန်း၏ ပုံရိပ် ဝေဝါးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့၏။
သူတို့ ဘိုးဘေးများ၏ အမွေအနှစ်အတွက် နှစ်ပေါင်း ရာချီ၍ ကြာမြင့်မည် ဖြစ်စေ... မည်သို့သော တန်ဖိုးမျိုးကို ပေးဆပ်ရမည် ဖြစ်စေ... မြေကမ္ဘာအင်မော်တယ်စံအိမ်၏ သဲလွန်စကို သူ လုံးဝ လက်လျှော့မည် မဟုတ်။
မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဖြိုခွဲ ဖျက်ဆီးပစ်ရမည် ဆိုလျှင်ပင် သူနောက်တွန့်နေမည် မဟုတ်ပေ။
“မိုးပြာငရဲအင်မော်တယ်နန်းတော်ဆီ တစ်ခေါက်လောက် သွားရမယ်”
လေ့တင်းထျန်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ ထွက်ခွာသွားတော့သည်။ အင်အားစုတစ်ခုကိုကိုင်တွယ် ဖြေရှင်းရာတွင် အင်အားသုံး အကြမ်းဖက်ခြင်းအပြင် အခြားသော မရေမတွက်နိုင်သည့် နည်းလမ်းများ ရှိနေသေးကြောင်း သူ ကောင်းစွာ သိရှိထားသည်လေ။
မည်သို့ပင်ဖြစ်စေ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အနာဂတ်နေ့ရက်များကို သာသာယာယာ ဖြတ်သန်းခွင့် လုံးဝ မပေးနိုင်ပေ။
မြေကမ္ဘာအင်မော်တယ်စံအိမ်က ယွဲ့အင်မော်တယ်စံအိမ် ချန်ရစ်ခဲ့သော အမွေအနှစ်များ...နှင့် ရှေးဟောင်း ရတနာများကို သူတို့သဘောဖြင့် သူတို့ လွှဲပြောင်းပေးအပ်ခြင်း မရှိသရွေ့ပေါ့လေ။