← Chapters

အခန်း ၈၇၉

Vol. 59 Ch. 879

အခန်း ၈၇၉

Vol. 59 Ch. 879

အခန်း (၈၇၉) နိမိတ်ပြ တာအိုလက္ခဏာများနှင့် လျှို့ဝှက်ချက်

မိစ္ဆာမျိုးနွယ်စု လျှို့ဝှက်နယ်မြေ။

အရပ်ခုနစ်ပေကျော် မြင့်မားကာ ပိန်ပါးသော ဆံပင်ဖြူ အဘိုးအို တစ်ဦးအဖြစ် အသွင်ပြောင်းထားသည့် ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲသည် အမြင့်ဆုံးနေရာတွင် ဝင်ထိုင်လိုက်၏။ ခန်းမဆောင်ကြီး အတွင်း၌ အခြားသော မိစ္ဆာအရှင်သခင် အချို့နှင့် ပဉ္စမအဆင့် မိစ္ဆာ အရှင်သခင်ကြီး တစ်စုလည်း စုရုံးရောက်ရှိနေကြသည်။

ဆံပင်ဖြူ အဘိုးအိုက မျက်မှောင်ကြုတ်လျက် သူ၏ရှေ့တွင် အလွန် ရိုသေကျိုးနွံစွာ ဒူးထောက်နေသော ဆံပင်ရှည် ပဉ္စမအဆင့် မိစ္ဆာ အရှင်သခင်ကြီးအား လှမ်းကြည့်ကာ မေးလိုက်သည်။

“ဆိုတော့... အပြင်ဘက်က လူသားမျိုးနွယ်စုကြားမှာ အင်အား အပြောင်းအလဲတွေ ဖြစ်နေတယ်လို့ မင်း ပြောချင်တာပေါ့လေ...”

“တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်း ဖြစ်ခဲ့တဲ့ အင်မော်တယ် တစ်သောင်း နန်းတော် ဟာ အခု မရှိတော့ဘူး...”

“ပြီးတော့ အဲဒီနေရာမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်က ဦးဆောင်တဲ့ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့က အစားထိုး ဝင်ရောက်လာတယ်ပေါ့...”

ယောက်ျားလေး အသွင်အပြင်ရှိသော ဆံပင်ရှည် ပဉ္စမအဆင့် မိစ္ဆာ အရှင်သခင်ကြီးသည် ရိုသေစွာဖြင့် ခေါင်းငုံ့ကာ သတင်းပို့လိုက်၏။

“ဟုတ်ပါတယ် ရွှမ်လိပ် စီနီယာ... အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ တာအို သခင်ကြီး နှစ်ပါး ပျောက်ကွယ်သွားခဲ့ပြီး... ဟင်းလင်းပြင် အနက်ပိုင်းထဲကို ထွက်ပြေးသွားရလောက်အောင် အတင်းအကျပ် ဖိအားပေးခံခဲ့ရပါတယ်...”

“အခု အင်မော်တယ် တစ်သောင်း နန်းတော်ကလည်း အုပ်ချုပ်သူ ပြောင်းသွားပြီး တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါပြီ...”

“ပြီးတော့ ဒီ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဦးဆောင်တဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီမှာ အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ပါး ရှိနေတယ်လို့ သတင်းထွက်နေပါတယ်... အရင်က ခွန်းလင် မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေဆီကနောက်ထပ် ကြောက်မက်ဖွယ် သားရဲဒီရေလှိုင်းကြီးကိုလည်း ဒီ မြေကမ္ဘာအင်မော်တယ်စံအိမ်ကပဲ ဖြေရှင်းသွားခဲ့တာပါ...”

“အခု သူတို့က အင်မော်တယ် တစ်သောင်း နန်းတော်ကိုပါ ထိန်းချုပ်လိုက်ပြီဆိုတော့...နောက်ထပ် ပစ်မှတ်က ကျွန်တော်တို့ကို လာကိုင်တွယ်မှာ စိုးရိမ်မိပါတယ်...”

ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲ ဆံပင်ဖြူ အဘိုးအိုသည် ထိုကိစ္စများကို နည်းနည်းမျှ ဂရုမစိုက်ချေ။ သူ၏ မျက်လုံးအနက်ပိုင်းတွင် စိုးရိမ်ပူပန်မှုများ လင်းလက်နေပြီး အမြန် မေးမြန်းလိုက်၏။

“ဒါပေမဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ထဲမှာ ရွှမ်လိပ် မျိုးနွယ်စုရဲ့ သွေးမျိုးဆက်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ ရှာမတွေ့ဘူးလား...”

“မတွေ့ပါဘူး...”

မိစ္ဆာ အရှင်သခင်ကြီး၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့ရှိ ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့၏။

အပြင်ဘက်၊ မိစ္ဆာမျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်သော သားရဲဒီရေလှိုင်းကြီးကို ကာကွယ်ရန် တည်ဆောက်ထားသော လူသားမျိုးနွယ်စု၏ ခံတပ်အပြင်ဘက်။

ဟင်းလင်းပြင်ထဲမှ ကျန်းတစ်ရာခန့် အရွယ်ရှိ ဧရာမ လိပ်ကြီးတစ်ကောင် ပေါ်ထွက်လာ၏။ တာအို သခင်ကြီး တစ်ပါးမျှ မရှိသည့် ဤနေရာတွင် ဧရာမ ရွှမ်လိပ်ကြီးက လက်သည်းများကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားလှသော ဖိအားအောက်တွင် လူသားမျိုးနွယ်စု ခံတပ်၏ မြေပြင်တစ်ခုလုံး အပိုင်းပိုင်း ကွဲကြေသွားတော့သည်။

ခံတပ် ပတ်လည် မိုင်ရာချီသော ဧရိယာကြီးတစ်ခုလုံး မြေကြီးထဲသို့ ကျန်းပေါင်း ဆယ်နှင့်ချီ၍ နစ်ဝင်သွားခဲ့၏။

“ဝုန်း...”

ခံတပ် အတွင်းရှိ အားနည်းသော လူသား ကျင့်ကြံသူ မြောက်များစွာမှာ သွေးများ အန်ကာ လဲကျသွားကြပြီး အချို့ဆိုလျှင် မြေပြင်အက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများ ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်များ ချက်ချင်း ပေါက်ကွဲထွက်ကာ သေဆုံးသွားကြရသည်။ သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်များလည်း အဆုံးသတ်သွားခဲ့ရ၏။

ခံတပ်ကို စောင့်ကြပ်နေသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးသာလျှင် ကောင်းကင်ထက်ရှိ ဧရာမ ရွှမ်လိပ်ကြီးကို အထိတ်တလန့် မော့ကြည့်ရင်း အထိတ်တလန့် အော်ဟစ်လိုက်ကြသည်။

“ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲပါလား...”

နောက်တစ်စက္ကန့်၌

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးသည် လောကကြီးတစ်ခုလုံး အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ကြရ၏။

ကောင်းကင်ယံကို ပင့်တင်ထားနိုင်လောက်အောင် ကြီးမားလှသော ဧရာမ လက်သည်းကြီး တစ်ခုက သူတို့ သုံးဦးထံသို့ ကုပ်ဆွဲလာသည်။

“ပြေးကြ...”

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးက အော်ဟစ်လိုက်၏။

သို့သော် သူတို့၏ လွတ်မြောက်ခြင်း မှော်အတတ်များသည် ထို ကောင်းကင်ပင့် လက်သည်းကြီး ရှေ့တွင် လုံးဝ ရပ်တန့် အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။ ဟင်းလင်းပြင် တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်ကာ ခဲတောင့်သွားသည့်အလားပင်။

ပေါ့ပေါ့ပါးပါး ရိုက်ခတ်မှု တစ်ချက်တည်းဖြင့်ပင် သူတို့ သုံးဦးစလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။ လှုပ်ရှား၍ မရနိုင်တော့ဘဲ ခန္ဓာကိုယ်များမှာ အသားပျော့ဖတ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူတို့၏ မူလဝိညာဉ်များက ခန္ဓာကိုယ်ထဲမှ ရုန်းထွက် ထွက်ပြေးရန် ကြိုးစားကြ၏။

သို့သော် နောက်တစ်စက္ကန့်မှာပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော စွမ်းအား တစ်ခု ဆင်းသက်လာပြီး သူတို့ကို ထိတ်လန့်သွားစေကာ ချုပ်နှောင် ပိတ်လှောင်ပစ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါး၏ မူလဝိညာဉ်များသည် ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲ၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။

“ဝုန်း...”

ကောင်းကင်ထက်တွင် လူသား ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါး၏ မူလဝိညာဉ်များကို ဖမ်းဆီးရမိပြီးနောက် ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲ၏ ပုံရိပ်သည် လှည့်ထွက်ကာ ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားပြီး အရိပ်အယောင်မျှပင် မချန်ရစ်ဘဲ ပျောက်ကွယ်သွားတော့၏။

အသက်ရှင်ကျန်ရစ်ခဲ့သော လူသား ကျင့်ကြံသူ အများအပြားမှာ အချိန်အတော်ကြာအောင် ကျောက်ရုပ်ကြီးများပမာ မတ်တတ်ရပ်နေကြ၏။ သွေးပျက်မတတ် ကြောက်လန့်နေကြကာ ခြေထောက်များပင် ခွေယိုင်နေကြ၏။

“ပြေးကြ...”

အချိန်အတန်ကြာပြီးနောက်

တစ်စုံတစ်ယောက်ကနောက်ဆုံးတွင် အော်ဟစ်လိုက်ပြီး လူအုပ်ကြီးမှာ ဆုတ်ခွာ ထွက်ပြေးကြတော့သည်။

ခံတပ်ကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သလို တာဝန်ခံ အရှင်သခင်ကြီး သုံးပါးသည်ပင် မိစ္ဆာမျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ မဟုတ်ပါလား။ ဤနေရာတွင် ဆက်နေမည် ဆိုပါက သေချာပေါက် မိစ္ဆာများ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပေတော့မည်။

သို့သော် သူတို့ မသိခဲ့သည့် အရာတစ်ခုကတော့ ရှိနေ၏။

ရွှမ်လိပ်ပင်လယ် မျိုးနွယ်စု အကြီးအကဲ၏ ရည်ရွယ်ချက်မှာ လူသား ကျင့်ကြံသူ မည်မျှကို သတ်ဖြတ်မည်ဟု သတ်မှတ်ခြင်း မဟုတ်ခဲ့ပေ။

မိစ္ဆာမျိုးနွယ်စု လျှို့ဝှက်နယ်မြေသို့ ပြန်လည် ရောက်ရှိလာပြီးနောက် ရွှမ်လိပ် အကြီးအကဲသည် အင်မော်တယ် တစ်သောင်း နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးကို တစ်ယောက်ပြီးတစ်ယောက် စတင် ဝိညာဉ်စစ်ဆေးတော့၏။ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၏ မူလဝိညာဉ်များသည် အလွန် သန်မာကြပြီး အပြင်းအထန် ခုခံနေကြသော်လည်း သူက ဂရုမစိုက်ချေ။

အတင်းအကျပ် ဝိညာဉ်စစ်ဆေးခြင်းဖြင့် မူလဝိညာဉ် သုံးခုထံမှ မှတ်ဉာဏ် အတော်များများကို သူ ရရှိနိုင်ခဲ့သေးသည်။

သို့သော် ထိုမှတ်ဉာဏ်များက ရွှမ်လိပ် အကြီးအကဲကို မျက်မှောင်ကြုတ်သွားစေ၏။

“ဘာမှ မရှိဘူးလား...”

“ပင်လယ် လွှမ်းမိုး ရွှမ်လိပ်ကြီးနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ် တစ်ခုမှ မရှိဘူးတဲ့လား...”

“သူတို့က ပင်လယ် လွှမ်းမိုး ရွှမ်လိပ်ကြီး ဘယ်မှာရှိလဲ ဆိုတာကို မသိကြဘူးပေါ့လေ...”

ဤတွေ့ရှိချက်များက ရွှမ်လိပ် အကြီးအကဲကို မကျေမနပ် ဖြစ်သွားစေသည်။

ပင်လယ် လွှမ်းမိုး ရွှမ်လိပ်ကြီးသည် အင်မော်တယ် တစ်သောင်း နန်းတော်၏ လက်ထဲတွင် မရှိဘဲ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အခြားသော အင်အားစု တစ်ခုခုဆီမှာများ ရှိနေတာ ဖြစ်နိုင်မလား။

“အား...”

“ဝုန်း...”

ရွှမ်လိပ် အကြီးအကဲက ကျန်ရှိနေသော မူလဝိညာဉ်များကို သန့်စင်ပစ်လိုက်သည်။

သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ကြည့်ရတာ အသစ် ပေါ်ထွက်လာတဲ့ အင်အားစုဖြစ်တဲ့ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ တစ်ခေါက်လောက် သွားဆွေးနွေးဖို့ လိုအပ်နေပြီ ထင်တယ်...”

....

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ နေရာ တစ်နေရာတွင်

တောင်တန်းများကြားတွင် လူရိပ်နှစ်ခု ရပ်နေကြ၏။ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါး ရှိရာ အရပ်ဆီသို့ အဝေးမှ အကဲခတ်ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်၏ အရှေ့တွင် လက်သီးဆုပ် အရွယ် လိပ်ခွံ နှစ်ခုကိုပင် ချထား၏။

ထိုသူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းများ လင်းလက်နေပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါ တစ်ခုက သူ့ကို လွှမ်းခြုံထားကာ ကောင်းကင်နှင့် မြေကြီးထဲသို့ ပေါင်းစပ်သွားနိုင်မည့်အလား ထင်မှတ်ရစေသည်။

ထိုလူ၏ ထူးခြားသော အမြင်အာရုံအောက်တွင် ယခုအခိုက်အတန့်၌ မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါး ပတ်လည် ဧရိယာသည် ကောင်းကင်ယံအထိ ထိုးဖောက်ကာ တောက်ပစွာ လင်းလက်နေပြီး မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများကိုပင် ထုတ်လွှတ်နေသည်။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အခြားသော အင်အားစုများအပေါ်တွင် စုစည်းနေသည့် အလင်းတန်းများမှာ သိသိသာသာကို မှေးမှိန်နေကြ၏။

အင်မော်တယ် တစ်သောင်း နန်းတော်နေရာရှိ အလင်းတန်း ဆိုလျှင် ပျောက်ကွယ်သွားခဲ့ပြီ။

ထိုလူက သူ့ပတ်လည်ရှိ အရှိန်အဝါများနှင့် အလင်းတန်းများကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ပြီး အရှေ့ရှိ လိပ်ခွံ နှစ်ခုကို သိမ်းဆည်းလိုက်ကာ ကြိတ်၍ သက်ပြင်းချလိုက်မိ၏။

‘ကောင်းကင်ယံဆီ တည့်တည့်မတ်မတ် ထိုးတက်နေတဲ့ နိမိတ်ပါလား...’

‘မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ ကံကြမ္မာကို အထင်သေးလို့ မရတော့ဘူးပဲ...’

သူ၏ ဘေးတွင် ရှိသော သက်လတ်ပိုင်း အမျိုးသားက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

“ဟောကိန်းထုတ်တာက ဘယ်လို ပြနေလဲ...”

ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် သူ၏ လက်ထဲရှိ လိပ်ခွံ နှစ်ခုပေါ်မှ ပုံစံများကို ထပ်မံ ကြည့်ရှုလိုက်ကာ ထိုလူက ပြန်ဖြေလိုက်၏။

“အထက်မှာလည်း ကောင်းကင်၊ အောက်မှာလည်း ကောင်းကင်...တွင်းနက်ကြီးထဲကို ခုန်ဆင်းသွားပေမဲ့ ဘေးအန္တရာယ် မရှိဘူးတဲ့...”

ဒီစကားကို ကြားလိုက်ရချိန်တွင် သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာကွက်ခနဲ ပျက်သွားပြီး မေးလိုက်သည်။

“ကောင်းကင် ဆိုတာက ဘာကို ဆိုလိုတာလဲ...”

ထိုလူက အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် မြေကမ္ဘာ အင်မော်တယ်စံအိမ်နှင့် မျက်စိကျိန်းမတတ် တောက်ပနေသည့် အလင်းတန်းများ အောက်ရှိ ကြီးမားလှသော ကံကြမ္မာဆီသို့ နောက်တစ်ကြိမ် စူးစိုက်ကြည့်လိုက်သည်။

ထိုအရာ၏ အောက်တွင် ကြောက်မက်ဖွယ် ကောင်းလှသော အရာတစ်ခုခု ပုန်းကွယ်နေသည့်နှယ် ရှိနေ၏။

သို့သော် သူ၏ လက်ရှိ တာအိုလက္ခဏာ နားလည်နိုင်စွမ်းဖြင့် ထိုအစစ်အမှန် ပုံသဏ္ဍာန်ကို မြင်တွေ့နိုင်ရန် ‘မြူခိုးများ’ကို ဖယ်ရှားနိုင်စွမ်း မရှိသေးချေ။

All Chapters