← Chapters

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း (၈၈၀) နိမိတ်ပြ တာအိုလက္ခဏာများနှင့် လျှို့ဝှက်ချက် (အပိုင်း ၂)

ယခင်က သူ စမ်းသပ်ကြည့်ရန် ရည်ရွယ်ခဲ့ဖူး၏။ သို့သော် လျှပ်တစ်ပြက်အတွင်း သူ၏ နှလုံးသားထဲ၌ တစ်ခါမျှ မကြုံဖူးသော တုန်လှုပ်ခြောက်ခြားမှု တစ်ခုကို ခံစားလိုက်ရသည်။

အကယ်၍ သူသာ အတင့်ရဲစွာ လှုပ်ရှားလိုက်မည် ဆိုပါက နောက်တစ်စက္ကန့်မှာပင် ကောင်းကင် ကပ်ဘေးကြီး ဆင်းသက်လာမည့်အလား ထင်မှတ်ရ၏။

ထို့ကြောင့် အချိန်အတန်ကြာအောင် လေးနက်စွာ စဉ်းစားခန်း ဝင်ပြီးနောက် တိုးတိတ်စွာ သက်ပြင်း ချလိုက်မိသည်။

“ကောင်းကင်တရား ဆိုတာ... ခန့်မှန်းလို့ မရနိုင်ဘူးပဲ”

“ဂျုန်း…”

သူတို့၏ ခေါင်းထက်ဆီမှ မိုးကြိုး ပစ်ချလာ၏။နောက်တစ်စက္ကန့်မှာပင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ ပြောင်းလဲသွားကာ မရေမတွက်နိုင်သော မိုးကြိုးများက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်တော့မည့်အလား ရိုက်ခတ်လာတော့သည်။ လောကကြီး တစ်ခုလုံးကပင် ထိုအခိုက်အတန့်၌ အမျက်ဒေါသ ထွက်နေသလိုပင်။

မိုးရေများနှင့် မိုးကြိုးများ တဝုန်းဝုန်း ရွာသွန်း ပစ်ချလာ၏။ သို့သော် သူတို့ နှစ်ဦးစလုံးက ကာကွယ်ရန် သို့မဟုတ် ခိုလှုံရန်အတွက် မည်သည့် မှော်စွမ်းအားကိုမျှ အသုံးမပြုခဲ့ကြချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးရေများနှင့် မိုးကြိုးဒဏ်ကို အလူးအလဲ ခံလိုက်ရသည်။

သူတို့၏ မျက်လုံးအိမ်ထဲတွင် ယုံကြည်နိုင်စွမ်း ကင်းမဲ့နေမှုများ ဖုံးကွယ်နေလျက် ကောင်းကင်ယံကို မော့ကြည့်လိုက်ကြတော့၏။

*

မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါး။

လင်းယွမ် တောင်ထွတ်။

သိုင်းကျမ်း မျှော်စင်၏ ပဉ္စမထပ်။

မိစ္ဆာလိပ်ငယ်လေး တစ်ကောင်သည် တာအိုဆရာ ရှုဟိုင် ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်၏။ ၎င်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းများ လင်းလက်နေပြီး စာကြည့်တိုက် ပြတင်းပေါက်များမှတစ်ဆင့် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အထက် ကောင်းကင်ယံဆီသို့ မျှော်ကြည့်နေသည်။

တာအိုဆရာ ရှုဟိုင် သည် ပြတင်းပေါက် ဘောင်တွင် မတ်တတ်ရပ်နေ၏။ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အပြင်ဘက်၌ မည်သည့် ဆူပူအုံကြွမှုမျှ မရှိဘဲ အရာအားလုံးက တည်ငြိမ်နေပုံ ပေါ်သော်ငြား ယခုအခိုက်အတန့်တွင် တာအိုဆရာ ရှုဟိုင် ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးနေသည်။

အချိန် ခေတ္တမျှ ကြာပြီးနောက် မိစ္ဆာလိပ်ငယ်လေး က ၎င်း၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး စုတ်သပ်လိုက်၏။

“တယ်လည်း အတင့်ရဲတဲ့ ကောင်ပါလား... ကောင်းကင်နဲ့ မြေကြီးရဲ့ အစစ်အမှန် အသွင်အပြင်တွေကိုများ... ဝင်ရောက် စူးစမ်းဖို့ ကြိုးစားရဲတယ်ပေါ့လေ”

တာအိုဆရာ ရှုဟိုင် ၏ ခပ်ရေးရေး စိုးရိမ်မကင်း ဖြစ်နေမှုများ ပျောက်ကွယ်သွား၏။ သူက အကြည့်များကို ရုပ်သိမ်းလိုက်ပြီး တိုးတိတ်စွာ မေးလိုက်သည်။

“တစ်ယောက်ယောက်က... မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ ကံကြမ္မာတွေကို စူးစမ်းထောက်လှမ်းဖို့ ကြိုးစားနေတာလား”

မိစ္ဆာလိပ်ငယ်လေး က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး...

“အဲဒီလူရဲ့ ကျင့်ကြံခြင်းကလည်း... မသေးလှဘူးကွ... အနည်းဆုံးတော့ မင်းတို့ အင်မော်တယ်ဂိုဏ်းက... တာအို သခင်ကြီး ထက်တော့ သာလွန်နေလိမ့်မယ်”

တာအိုဆရာ ရှုဟိုင် ၏ မျက်နှာအမူအရာက ချက်ချင်း တင်းမာသွားပြီး သူ၏ ရင်ထဲတွင် ထိတ်လန့် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။

'နန်းတော်သခင်ဟောင်း ထက်တောင် သာလွန်နေတာလား'

'ဒီလူက တကယ်ကို ဘယ်သူများလဲ'

မိစ္ဆာလိပ်ငယ်လေး က ပြန်ပြောလိုက်၏။

“ဒါပေမဲ့ စိတ်အေးအေးထားပါ... အဲဒီလူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရပါဘူး”

“တကယ်လို့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင်တောင်မှ... ကံကြမ္မာတွေအပေါ် သူတို့ရဲ့ နားလည်နိုင်စွမ်းအရ... မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့တွင်းနက်ထဲကနေ ပေါ်ထွက်လာတဲ့ နဂါး ကံကြမ္မာကို မြင်တွေ့သွားပြီးနောက်မှာ... သူတို့ စိတ်ပြောင်းသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

“တစ်ခါတလေကျရင်... ကျင့်ကြံခြင်း ကမ္ဘာမှာ အသက်ရှင် သန်နိုင်ဖို့အတွက်... ကျင့်ကြံခြင်း စွမ်းအားထက် ပိုတဲ့ အရာတွေ လိုအပ်တယ်ကွ”

“တချို့လူတွေက ဘယ်လောက်ပဲ သန်မာပါစေ... ကောင်းကင်တာအို ထက်တော့ ပိုမသန်မာနိုင်ပါဘူး”

မိစ္ဆာလိပ်ငယ်လေး ၏ ပေါ့ပေါ့ပါးပါး ပြောဆိုနေသော လေသံကို နားထောင်ရင်း တာအိုဆရာ ရှုဟိုင် ၏ ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ရက်အနည်းငယ် ကြာပြီးနောက် မိစ္ဆာလိပ်ငယ်လေး သည် တာအိုဆရာ ရှုဟိုင် ၏ ပခုံးပေါ်သို့ နောက်တစ်ဖန် ပြန်လည် ရောက်ရှိလာပြီး တိုးတိုးလေး ပြောလိုက်၏။

“ငါ ဗေဒင်တစ်ခု တွက်ကြည့်လိုက်တယ်... အခု မင်း ရွေးချယ်ဖို့အတွက် အခွင့်အရေး အသစ်တစ်ခု ရှိနေပြီ... မင်း လိုချင်လား”

တာအိုဆရာ ရှုဟိုင် က သိချင်စိတ် ပြင်းပြစွာဖြင့်...

“ဘာအခွင့်အရေးလဲ”

မိစ္ဆာလိပ်ငယ်လေး က သေးငယ်သော လက်သည်းလေး တစ်ခုကို ဆန့်ထုတ်လိုက်ပြီး မြေကြီးပေါ်တွင် စကားလုံး အချို့ကို ရေးခြစ်လိုက်သည်။

‘ကောင်းကင်သိုင်းကျမ်း မျှော်စင်’ ဟူ၍။

တာအိုဆရာ ရှုဟိုင် ၏ မျက်မှောင်များ တွန့်ကွေးသွားပြီး မေးလိုက်၏။

“အဲဒါက ဘာအဓိပ္ပာယ်လဲ... ကောင်းကင်သိုင်းကျမ်း မျှော်စင် ထဲကို ဝင်ခိုင်းနေတာလား”

မိစ္ဆာလိပ်ငယ်လေး က ရှုဟိုင်၏ ခေါင်းကို လက်ဖြင့် တစ်ချက် ရိုက်ချလိုက်သည်။

“ငတုံးကောင်... အသစ် ထွက်ပေါ်လာတဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို စွန့်လွှတ်ဖို့ ဘယ်သူက မင်းကို ပြောလို့လဲ”

“ငါက မင်းကို ကောင်းကင်သိုင်းကျမ်း မျှော်စင် နဲ့ အဆက်အသွယ် လုပ်ဖို့ ပြောနေတာ”

“အဲဒီလူက မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ရှိနေသရွေ့... မင်းရဲ့ကိုယ်ပိုင် တာအိုလမ်းစဉ်ကို ရှာဖွေဖို့ ဒါကို အခြေခံ အုတ်မြစ်တစ်ခု အဖြစ် အသုံးပြုလို့ ရတယ်”

“မင်းရဲ့ ကံကြမ္မာက အဲဒီလူလောက် မကောင်းပေမဲ့... မင်းက ငါနဲ့ ရေစက် ပါတယ်လေ”

“အရာအားလုံးသာ အဆင်ပြေသွားမယ်ဆိုရင်... မင်းက ကောင်းကင်ကိုတောင် အာခံပြီး မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်”

အချိန် အတန်ကြာအောင် လေးနက်စွာ စဉ်းစားခန်း ဝင်ပြီးနောက် တာအိုဆရာ ရှုဟိုင် သည် မိစ္ဆာလိပ်ငယ်လေး ၏ စကားကို နားထောင်ကာ ကောင်းကင်သိုင်းကျမ်း မျှော်စင် နှင့် အဆက်အသွယ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အမှန်တကယ်တွင်မူ သူသည် ထိုလူ၏ လက်ရှိ ကံကြမ္မာ အခြေအနေနှင့် ပတ်သက်၍ ပိုမို သိချင်နေမိပါ၏။

နှမြောစရာ ကောင်းသည်မှာ ထိုလူ၏ အကြောင်းကို စကားစပ်မိတိုင်း မိစ္ဆာလိပ်ငယ်လေး က ဗလုံးဗထွေး ပြောတတ်သလို သေချင်ယောင်လည်း ဆောင်နေတတ်ခြင်းပင်။

အင်မော်တယ် ဂိတ်တံခါး မဟာခန်းမဆောင်ကြီးဝယ် ..

လျှို့ဝှက်ခန်းမမှ အကြီးအကဲ ကျောက်ချန်ဖုန်း သည် စံအိမ်တော်သခင် ဖန်ရှောင် ၏ အရှေ့သို့ ရောက်ရှိလာပြီး သတင်းအချက်အလက် မှတ်တမ်းတစ်ခုကို ကမ်းပေးကာ တရိုတသေ အစီရင်ခံလိုက်၏။

“စံအိမ်တော်သခင်... မကြာသေးခင်ကတင်... အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် ရဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင် ကနေ သတင်းအချက်အလက် တစ်ခု ပို့လာပါတယ်... သခင်မ ကြည့်ရှုစစ်ဆေးဖို့ပါ”

ဖန်ရှောင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

“ကောင်းကင်သိုင်းကျမ်း မျှော်စင် လား... သတင်းအချက်အလက် ဟုတ်လား”

“သူတို့က ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကိုတောင် သတင်းအချက်အလက်တွေ ပေးသေးတာလား”

ကောင်းကင်သိုင်းကျမ်း မျှော်စင် သည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး အခြားသော အင်အားစုများ၏ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိသဖြင့် ဖန်ရှောင် အလွန် သိချင်သွားမိသည်။

သူတို့က အခြားသော အင်အားစုများကို သတင်းအချက်အလက်များ ထောက်ပံ့ပေးသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။

မြေကမ္ဘာအင်မော်တယ်စံအိမ် ထံသို့ သူတို့ကကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးလာသည့် ဤသတင်းအချက်အလက်က ဘာများ ဖြစ်နေမည်နည်း။

ဖန်ရှောင် ၏ နတ်ဘုရား အာရုံက သူမ၏ လက်ထဲရှိ ကျောက်စိမ်းပြား အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သတင်းအချက်အလက် စီးကြောင်းတစ်ခုက သူမ၏ စိတ်ထဲသို့ ပေါင်းစပ် ဝင်ရောက်လာသည်။

ကောင်းကင်သိုင်းကျမ်း မျှော်စင် ထံမှ ပေးပို့လာသော သတင်း

အချက်အလက်များကို နားလည် သဘောပေါက်သွားပြီးနောက် ဖန်ရှောင် ၏ မျက်ခုံးတန်းများ တွန့်ကွေးသွားကာ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားတော့၏။

ကျောက်ချန်ဖုန်း က သူမကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး မေးလိုက်သည်။

“စံအိမ်တော်သခင်... ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ”

ကောင်းကင်သိုင်းကျမ်း မျှော်စင် ထံမှ ပေးပို့လာသော သတင်းအချက်အလက်များအရ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် ယခင်က ပေါ်ထွက်လာခဲ့ခြင်းမှာ မိုးပြာငရဲအင်မော်တယ်နန်းတော် ကြောင့် ဖြစ်ကြောင်း ဖော်ပြနေသည်။

မိုးပြာငရဲအင်မော်တယ်နန်းတော် ၏ လက်ရှိ ရည်ရွယ်ချက်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

သို့သော် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ ပစ်မှတ်ကိုတော့ ကောင်းကင်သိုင်းကျမ်း မျှော်စင် က မြေကမ္ဘာအင်မော်တယ်စံအိမ် ထံသို့ ဖော်ပြပေးလာ၏။

ဖန်ရှောင် က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ရှေးဟောင်း ခေတ်ကာလတုန်းက... မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ရဲ့ ဘိုးဘေးတွေဟာ ရှေးဟောင်း ယွဲ့အင်မော်တယ်စံအိမ် ရဲ့ တာအိုလမ်းစဉ် ဖြတ်တောက်ခြင်းကို ခံခဲ့ရတာလား”

“မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် က... အဲဒါကို ရှာဖွေနေတာလား”

ရှုပ်ထွေးလှသည်။

ယခုအခါ ၎င်းသည် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ဘိုးဘေးများ၏ တာအိုလမ်းစဉ် ကိစ္စနှင့် ပတ်သက်နေပြီ ဖြစ်ရာ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် သည် ဤကိစ္စကို အလွယ်တကူ လက်လျှော့မည် မဟုတ်ကြောင်း သူမ စိုးရိမ်မိတော့သည်။

ထို့အပြင် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ အင်အားမှာ အလွန်တရာ ကြီးမားလွန်းလှသည်ဟု ဆိုနိုင်ပြီး တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တစ်ခုလုံး ပူးပေါင်းလိုက်လျှင်ပင် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။

ထိုမျှ မကသေး။

၎င်းက ရှေးဟောင်း ယွဲ့အင်မော်တယ်စံအိမ် ၏ အပျက်အစီး နယ်မြေ ကိစ္စရပ်များနှင့်လည်း ပတ်သက်နေသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် သည် ဤအကြောင်းကို သိပ်မသိလှသလို သူမကိုယ်တိုင်လည်း ယွဲ့အင်မော်တယ်စံအိမ် ၏ အပျက်အစီး နယ်မြေနှင့် ပတ်သက်၍ ငိဖို့ ဝေလာဝေးပင်။

ဖြစ်နိုင်သည်က ဦးလေးငယ် နှင့် ဆရာ တို့သာ အနည်းငယ် သိရှိပေလိမ့်မည်။

ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ဖန်ရှောင် က မေးလိုက်၏။

“ဦးလေးငယ် ရော ဘယ်လိုလဲ... သူ အင်မော်တယ်ဂိုဏ်း ထဲမှာ ရှိသေးလား”

ကျောက်ချန်ဖုန်း က ညင်သာစွာ ပြန်ပြောလိုက်သည်။

“သူ ဒီမှာ မရှိတော့ဘူး ထင်ပါတယ်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကနေ ထွက်သွားပြီး အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ဆီကို သွားပါတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဖန်ရှောင် က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။

“အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ဟုတ်လား... ဦးလေးငယ် က အဲဒီမှာ ဘာသွားလုပ်တာလဲ”

ကျောက်ချန်ဖုန်း က ခေါင်းကို ခါယမ်းပြလိုက်၏။ စုယွီ ၏ ကိစ္စရပ်များကို သူ လုံးဝ ဝင်ရောက် စွက်ဖက်ရဲမည် မဟုတ်ပေ။

ဖန်ရှောင် က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“ကျွန်မ.. ဆရာ နဲ့ အရင်ဆုံး ဆွေးနွေးလိုက်ပါဦးမယ်... အဲဒီတော့မှ နောက်ကိစ္စတွေကို ဆက်ပြောကြတာပေါ့”

“ဒါပေမဲ့ စီနီယာ.. ကောင်းကင်သိုင်းကျမ်း မျှော်စင် နဲ့ ဆက်ပြီး အဆက်အသွယ် လုပ်ထားလို့ ရပါတယ်... မိုးပြာငရဲအင်မော်တယ်နန်းတော် ရဲ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်ထားပါ... သူတို့က မိုးကြိုး နဂါး အင်မော်တယ်မင်းဆက်ကို တာ့ချန် ဆီ ရောက်လာအောင် ဘာကြောင့်များ သွေးထိုးလှုံ့ဆော်ခဲ့ရသလဲ ဆိုတာကိုပေါ့”

ကျောက်ချန်ဖုန်း အမိန့်ရရှိပြီး ထွက်ခွာသွားပြီးနောက် ဖန်ရှောင် သည် မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေမိသည်။

'မြေကမ္ဘာ အင်မော်တယ် စံအိမ် အနေနဲ့ ချန်ကု အင်မော်တယ်မြို့တော် နဲ့ ဆက်ပြီး အဆက်အသွယ် လုပ်ထားသင့်တယ် ထင်တယ်'

မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် နှင့် မိုးပြာငရဲအင်မော်တယ်နန်းတော် တို့သည် ကျားရိုင်းများအလား ချောင်းနေကြ၏။ ယခုဆိုလျှင် ရုတ်တရက်ကြီး စေတနာ လာပြနေသော ကောင်းကင်သိုင်းကျမ်း မျှော်စင် လည်း ရှိနေသေးရာ ၎င်းက ဖန်ရှောင် အား ပြင်းထန်သော စိုးရိမ်မကင်း ဖြစ်မှုများကို ပေးစွမ်းနေတော့သည်။

ဒီအင်အားစုတွေထဲက ဘယ်တစ်ခုကိုမှ လွယ်လွယ်ကူကူ ရန်စ၍ မရနိုင်ပါချေ။

ထိုအင်အားစုတွေ၏ စောင့်ကြည့်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဖန်ရှောင် အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနေက် သူမ ဆုံးဖြတ်လိုက်သည်။

တစ်ခုတည်းသော ရွေးချယ်စရာမှာ ချန်ကု အင်မော်တယ်မြို့တော် နှင့် ဆက်လက် အဆက်အသွယ် ပြုလုပ်ထားရန်သာ။ ချန်ကု အင်မော်တယ်မြို့တော် ၏ ထောက်ခံမှုဖြင့်သာ အင်မော်တယ်ဂိုဏ်း တည်ငြိမ်စွာ ရပ်တည်နိုင်မည် ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။

ဤအချက်ကို တွေးတောမိရင်း ဖန်ရှောင် ၏ အတွေးများက စုယွီ ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်ကာ သူမက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

'ဦးလေးငယ် က တကယ်ကို အသိတရား မရှိဘူးပဲ... ဘာလို့များ အမြဲတမ်း လျှောက်သွားနေရတာလဲ'

'သူက ဘာလို့ ဒီမှာနေပြီး ငါ့ကို မကူညီပေးနိုင်ရတာလဲ'

'အကယ်၍ ငါက ချန်ကု အင်မော်တယ်မြို့တော် ရဲ့ အင်အားစုတွေနဲ့ အဆက်အသွယ် လုပ်ရမယ် ဆိုရင်... ဒီတာဝန်ကို ဘယ်သူ့ကို ယုံယုံကြည်ကြည်နဲ့ လွှဲအပ်ရမလဲ'

အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ။

ယန္တရားတစ်ထောင်ဂိုဏ်း၊ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်။

ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ ဗဟိုချက် ဧရိယာ အတွင်း၌ အများပြည်သူသို့ ငှားရမ်းရန်အတွက် အဆင့် (၄) ဂူစံအိမ် ဆယ်ခုသာ ရှိ၏။

စုယွီ က ဤ အဆင့် (၄) ဂူစံအိမ်များထဲမှ တစ်ခုကို ငှားရမ်းလိုက်ပြီးနောက် ယန္တရားတစ်ထောင်ဂိုဏ်း က သူတို့ကဲ့သို့ အဝေးမှ လာရောက်သော ဧည့်သည်အုပ်စုကို သတိပြုမိသွားခဲ့သည်။နောက်တစ်နေ့တွင် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အဆင့်ရှိ အကြီးအကဲ တစ်ပါးသည် စုယွီ ၏ ဂူစံအိမ် တံခါးဝသို့ ရောက်ရှိလာတော့၏။

တာအိုဆရာ ရှုယွီ သည် သူ၏ ရုပ်ဆင်းသဏ္ဍာန်ကို ပြောင်းလဲလိုက်ပြီးနောက် အပြင်သို့ ထွက်လာကာ အသာ ရယ်ရင်း ဆီးကြိုနှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ဝင်ခဲ့ပါ... ကျွန်တော့်သခင် က ဧည့်သည်တော် အတွက် ဝိညာဉ်လက်ဖက်ရည် ကြိုတင် ပြင်ဆင်ထားပြီးပါပြီ”

ယန္တရားတစ်ထောင်ဂိုဏ်း မှ ထို မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အကြီးအကဲမှာ အတော်လေး အသက်ကြီးဟန်ပေါ်ပြီး ရှည်လျားသော မုတ်ဆိတ်မွေး ရှိ၏။ အပြာရင့်ရောင် တာအိုဝတ်ရုံကို ဆင်မြန်းထား၏။ အနည်းငယ် ဖြူနေသော မျက်ခုံးမွေးများနှင့်အတူ ဂုဏ်သရေရှိ အင်မော်တယ် တစ်ပါး၏ အရှိန်အဝါ ထုတ်လွှတ်နေသည်။

အကြီးအကဲ၏ မျက်လုံးများထဲတွင် အံ့အားသင့်ရိပ်များ ဖြတ်သန့်သွားသော်လည်း သူက အကြောက်တရားကို မပြသခဲ့ဘဲ တာအိုဆရာ ရှုယွီ ၏ နောက်မှ ဂူစံအိမ် အတွင်းသို့ လိုက်ပါ ဝင်ရောက်သွားကာ စကားဆိုလိုက်၏။

“ဒီ အဘိုးအိုကို တာအိုဆရာ ငှက်တစ်ထောင် လို့ ခေါ်ကြပါတယ်... ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ အတွင်းစည်း အကြီးအကဲ တစ်ပါးပါ... တာအိုရောင်းရင်းကို ဘယ်လို ခေါ်ရမလဲ... ပြီးတော့ သခင်လေး ရဲ့ နာမည်ကရော ဘယ်လိုများ ခေါ်ပါသလဲ”

ဂူစံအိမ် ၏ ခြံဝင်းငယ်လေး အတွင်းသို့ ရောက်ရှိလာသောအခါ စုယွီ က ဧည့်သည်များ အတွက် လက်ဖက်ရည် ပြင်ဆင်နေသည်။ သူသည် ဤ အဆင့် (၄) ဂူစံအိမ်ကို သူ၏ ကျင့်ကြံခြင်းအတွက် အဆင်ပြေစေရန် ငှားရမ်းခဲ့ခြင်း မဟုတ်။

ယန္တရားတစ်ထောင်ဂိုဏ်း မှ ဧည့်သည်များ အတွက် ရည်ရွယ်ခဲ့ခြင်းသာ။

ယန္တရားတစ်ထောင်ဂိုဏ်း သည် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာတွင် ကြားနေ အင်အားစု တစ်ခု ဖြစ်ပြီး ရုပ်သေး တာအိုလမ်းစဉ်တွင် သူတို့၏ ကျွမ်းကျင်မှုကြောင့် အဓိက ကျော်ကြားသည်။ သို့သော် ရုပ်သေး တာအို အရင်းအမြစ်များကို ကုန်သွယ်ခြင်းအပြင် သတင်းအချက်အလက် သည်လည်း ယန္တရားတစ်ထောင်ဂိုဏ်း ၏ အရေးပါသော အခြေခံအုတ်မြစ်များထဲမှ တစ်ခု ဖြစ်သည်။

ထို့ကြောင့် ယန္တရားတစ်ထောင်ဂိုဏ်း မှ တစ်စုံတစ်ယောက် ရောက်ရှိလာခြင်းက သူ၏ ရည်ရွယ်ချက်များနှင့်

ကိုက်ညီနေ၏။

သူက ယန္တရားတစ်ထောင်ဂိုဏ်း ၏ သတင်းအချက်အလက်များကို အသုံးပြုကာ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ရှိ အင်အားစု အသီးသီး အကြောင်းကို ပိုမို နားလည် သဘောပေါက်အောင် လုပ်ဆောင်နိုင်သည်။

ကောင်းကင်အပျက်အစီးခန်းမ ၏ တိကျသော အင်အားစုများနှင့် သတင်းအချက်အလက်များကိုပါ လေ့လာနိုင်မည်လေ။

တာအိုဆရာ ငှက်တစ်ထောင် က စုယွီ ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။

“သခင်လေး ပိုင် က ဘယ်ကနေများ ရောက်လာတာလဲ... ကျုပ်တို့ရဲ့ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ပတ်ဝန်းကျင်မှာ... သခင်လေး ပိုင် လိုမျိုး ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်မျိုး ရှိမနေသင့်ပါဘူး”

စုယွီ က ခပ်ဖွဖွ ပြုံးလျက် ပြန်ဖြေလိုက်၏။

“ချန်ကု အင်မော်တယ်မြို့တော် နယ်မြေက ထျန်းပေါင်ဂိုဏ်း ရဲ့ တပည့် တစ်ယောက်ပါ... ကျွန်တော့်ရဲ့ အစ်ကိုကြီး က ထျန်းပေါင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လေး ဟွမ်ကျွင်းပေါင် ပါ”

ချန်ကု အင်မော်တယ်မြို့တော် နယ်မြေကလား။

တာအိုဆရာ ငှက်တစ်ထောင် ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စုယွီ အား ကြည့်လိုက်ရာ သူ၏ အကြည့်များက ပို၍ စူးရှလာခဲ့၏။ သို့သော် ချက်ချင်းပင် သူ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး တဟားဟား ရယ်မောလိုက်သည်။

“သြော်... သခင်လေး ပိုင် က ချန်ကု အင်မော်တယ်မြို့တော် နယ်မြေက ရောက်လာတာကိုး... မဆန်းပါဘူး... မဆန်းတော့ပါဘူး”

စုယွီ သည် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေစဉ်အတွင်း သတင်းအချက်အလက် အချို့ကို စုံစမ်းမေးမြန်းရန် အခွင့်အရေး ယူလိုက်သော်လည်း တာအိုဆရာ ငှက်တစ်ထောင် က သူ၏ အဖြေများကို ရှောင်လွှဲနေခဲ့သည်။

မကြာမီမှာပင် တာအိုဆရာ ငှက်တစ်ထောင် သည် ဆက်သွယ်ရေး တံဆိပ်ပြား တစ်ခုကို ထုတ်ပေး၏။ ၎င်းကို အသုံးပြုကာ လိုအပ်သော သတင်းအချက်အလက်များအတွက် အရောင်းအဝယ် ပြုလုပ်နိုင်ကြောင်း ပြောဆိုကာ ကမန်းကတန်း ထွက်ခွာသွားတော့၏။

တာအိုဆရာ ငှက်တစ်ထောင် ထွက်ခွာသွားပြီးနောက် တာအိုဆရာ ရှုယွီ သည် စုယွီ အား ကြည့်ကာ တိုးတိတ်သော လေသံဖြင့် စကားဆိုလိုက်သည်။

“သခင်... သခင် က ချန်ကု အင်မော်တယ်မြို့တော် နယ်မြေက လာတာလို့ ပြောလိုက်ပြီးနောက်ပိုင်း... ယန္တရားတစ်ထောင်ဂိုဏ်း က ဒီအကြီးအကဲ ရဲ့ ပုံစံက နည်းနည်း ထူးဆန်းနေသလိုပဲ”

စုယွီ လည်း သဘာဝကျစွာပင် ၎င်းကို သတိပြုမိထားပြီး သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားကာ...

“သူက ချန်ကု အင်မော်တယ်မြို့တော် က လူတွေကို ကြောက်နေတာလား”

ဒီအချက်ကတော့ အနည်းငယ် ထူးဆန်းလှသည်။

ယန္တရားတစ်ထောင်ဂိုဏ်းတွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်း ရှိမရှိ စုံစမ်းရန် သူ၏ ရွှေပုစဉ်းရင်ကွဲ မျက်လုံး ပညာရပ်ကို အသုံးပြုသင့်မသင့် စုယွီ တွေဝေသွား၏။

All Chapters