အခန်း ၈၈၃
Vol. 59 Ch. 883
အခန်း (၈၈၃) အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ်.. အင်မော်တယ်များကို သတ်ဖြတ်သည့် ရူးသွပ်သူ လား
အင်အားစု အသီးသီး၏ ရည်ရွယ်ချက်များမှာ ရှင်းလင်းပြတ်သားလှ၏။ သူတို့ အားလုံးသည် ယန္တရားတစ်ထောင်ဂိုဏ်း ၏ အခွင့်အရေးကို လုယူရန်အတွက်သာ ရောက်ရှိလာကြခြင်းပင်။
အင်မော်တယ်မြို့တော် အတွင်း၌ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး အယောက် နှစ်ဆယ်၊ သုံးဆယ် ခန့်၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့က မူလဝိညာဉ်အဆင့် အရှင်သခင် တစ်စုကို ဦးဆောင်ကာ ယန္တရားတစ်ထောင် အင်မော်တယ်ဂိုဏ်း ၏ အခြေစိုက်စခန်း ရှိရာဆီသို့ ချီတက်သွားကြသည်။
ထိုအချိန်မှာပင် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အတွင်း၌ ပုန်းကွယ်နေသော လုယက်သူ ကျင့်ကြံသူများ နှင့် မိစ္ဆာ ကျင့်ကြံသူများ ကလည်း ပေါ်ထွက်လာကြတော့၏။
ရည်ရွယ်ချက်ကား ရေနောက်ချိန်မှာ ငါးဖမ်းရန်ပင်။
ယန္တရားတစ်ထောင်ဂိုဏ်း ၏ အတိအကျ မသိရသေးသော အခွင့်အရေးကို လုယူရန် သူတို့တွင် အရည်အချင်း မရှိကောင်း မရှိနိုင်သော်လည်း ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူကာ သူတို့ သောင်းကျန်း လုယက်နိုင်သည် မဟုတ်ပါလော။
သူတို့သည် ဆိုင်များ အတွင်းသို့ အတင်းအကျပ် ဝင်ရောက်ပြီး ကုန်သွယ်ရေး အဖွဲ့အစည်း အသီးသီးကို လုယက်မည်။
သို့မဟုတ် အတွင်းမြို့တော် ရှိ ဂူစံအိမ် အများအပြားကို ဝင်ရောက် စီးနင်းကာ ထိုအိမ်များ အတွင်းရှိ ရတနာများကို လုယက်ကြမည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် တစ်ခုလုံးသည် အလုံးစုံ ဖရိုဖရဲ အခြေအနေသို့ ကျရောက်သွားတော့၏။
ကံကောင်းထောက်မစွာဖြင့်ပင် အဓိက အင်အားစု အားလုံးက ယန္တရားတစ်ထောင်ဂိုဏ်း ဆီသို့ ဦးတည်သွားကြ၏။ သာမန် လုယက်သူများ နှင့် မိစ္ဆာ ကျင့်ကြံသူများ ကမူ အဆင့်မြင့် ဂူစံအိမ်များကို ပစ်မှတ်မထားရဲကြသေးပေ။
ထို့ကြောင့် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ ဤဆူပူအုံကြွမှုက လောလောဆယ်တွင် စုယွီ အပေါ်သို့ မသက်ရောက်သေးချေ။
ယန္တရားတစ်ထောင်ဂိုဏ်းတွင်လည်းကိုယ်ပိုင် အမွေအနှစ် အချို့ ရှိသည်။ အခင်းအကျင်းကို အသက်သွင်းလိုက်ပြီးနောက် ၎င်းက အင်အားစု အသီးသီးမှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ နှင့် မူလဝိညာဉ်အဆင့် အရှင်သခင်များကို အချိန်အတန်ကြာအောင် ဟန့်တားထားနိုင်ခဲ့၏။
သို့သော် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက အခင်းအကျင်း ဖျက်ဆီးရေး နည်းလမ်းများ၊ အခင်းအကျင်း ဖျက်ဆီးရေး အဆောင် လက်ဖွဲ့များ၊ အခင်းအကျင်း ဖျက်ဆီးရေး မှော်လက်နက်များ နှင့် အခြားသော ရတနာ အမျိုးမျိုး ပစ်လွှတ်ကြ၏။ ထိုအခါ ယန္တရားတစ်ထောင် အင်မော်တယ်ဂိုဏ်း ၏ မဟာ အခင်းအကျင်း အတားအဆီး ကြီး သိမ့်ခနဲ တုန်ခါလာသည်။
ယန္တရားတစ်ထောင်ဂိုဏ်း အတွင်း၌။
ယန္တရားတစ်ထောင်ဂိုဏ်း ၏ ခေါင်းဆောင် ဖြစ်သော တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်နှာထား အလွန် အုံ့မှိုင်းနေ၏။
သူ၏ ဘေးတွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးပြီး တစ်ပါး ပေါ်ထွက်လာ၏။ သူကိုယ်တိုင် အပါအဝင် ယန္တရားတစ်ထောင်ဂိုဏ်းတွင် စုစုပေါင်း ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ခြောက်ပါးသာ ရှိသည်။
သို့သော် ယခုအခါ ယန္တရားတစ်ထောင်ဂိုဏ်း ၏ အပြင်ဘက်၌ နတ်ဘုရား ခန္ဓာကိုယ် ပိုင်ရှင်များ အပါအဝင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး အရေအတွက်မှာ သုံးဆယ် နီးပါးခန့် ရှိနေပြီ ဖြစ်၏။
ယန္တရားတစ်ထောင် အင်မော်တယ်ဂိုဏ်း ၏ မဟာ အခင်းအကျင်း ကြီးသာ ကျိုးပေါက်သွားခဲ့မည် ဆိုပါက...
ယန္တရားတစ်ထောင်ဂိုဏ်း အန္တရာယ် အတွင်းသို့ ကျရောက်သွားပေလိမ့်မည်။
သူ၏ ဘေးတွင် ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံခြင်း အခြေခံ ရှိသော ဆံပင်ဖြူ အကြီးအကဲ တစ်ဦး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ ကိန်းဝပ်နေသည်။ သူက အလျင်စလို ...ပြောလာ၏။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ အဲဒီပစ္စည်းကို ဆက်ပြီး ကာကွယ်ထားလို့ မရတော့ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့ရဲ့ ယန္တရားတစ်ထောင်ဂိုဏ်း ပြီးဆုံးသွားလိမ့်မယ်”
ယန္တရားတစ်ထောင်ဂိုဏ်း သည် ၎င်း၏နေ့စဉ် လုပ်ငန်းဆောင်တာများတွင် အလွန်အမင်း ထင်ပေါ်ကျော်ကြား
လွန်းခဲ့၍လားတော့ မသိပါ။
ယခု အခိုက်အတန့်တွင် အပြင်ဘက်၌ ရှိနေသူ အားလုံးသည် ယန္တရားတစ်ထောင်ဂိုဏ်း အတွက်သာ ရောက်ရှိလာကြခြင်း ဖြစ်ပြီး သူတို့ဘက်တွင် မဟာမိတ် တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။
ယန္တရားတစ်ထောင်ဂိုဏ်း မှ တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် မျက်လုံးအစုံ မှိတ်လိုက်ပြီးနောက် ခေတ္တအကြာတွင် ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများ အနက်ပိုင်းတွင် ရက်စက် ကြမ်းကြုတ်မှု တစ်ခု ဖြတ်ပြေးသွားပြီး အတွေးးတစ်ချက် လှုပ်ရှားလိုက်၏။ ထိုအခိုက် မိစ္ဆာ လမ်းစဉ် မှ ကောင်းကင် မိစ္ဆာ စွမ်းအား အရှိန်အဝါ တစ်ခုက သူ၏ လက်ထဲမှ ပေါ်ထွက်လာတော့၏။
၎င်းက ရုပ်တု တစ်ဝက် နှင့် တူသည်။
ခေါင်း မရှိဘဲ လူသား တစ်ဦး၏ အောက်ပိုင်း တစ်ဝက်သာ ကျန်ရှိတော့၏။
သို့သော် ထိုသို့ ဖြစ်နေလင့်ကစား ဤရုပ်တု တစ်ဝက်က ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများကိုပင် ရင်တုန်သွားစေနိုင်လောက်သော မိစ္ဆာ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။
ရုပ်တု ပေါ်ထွက်လာသည်နှင့်တပြိုင်နက် နက်ရှိုင်းသော သွေးနီရောင် မိစ္ဆာချီများ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
၎င်းက ယန္တရားတစ်ထောင်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထို့နောက် တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ အသံက အပြင်ဘက်ရှိ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ သူ၏ လေသံမှာ ရေခဲတမျှ အေးစက်နေသည်။
“မင်းတို့ အားလုံး... ဒီ မိစ္ဆာ အခွင့်အရေးကို လိုချင်နေကြတာ မဟုတ်ဘူးလား”
“ဒါဆိုလည်း မင်းတို့ကို ငါ ပေးလိုက်မယ်”
“ဝုန်း…”
တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ မိစ္ဆာ ရုပ်တု တစ်ဝက်သည် အင်မော်တယ်ဂိုဏ်း ၏ အခင်းအကျင်း နယ်မြေ အတွင်းမှ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျံသန်း ထွက်ခွာသွားတော့သည်။
၎င်း၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် အစောပိုင်း ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးပင် အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပါချေ။
ရုပ်တု တစ်ဝက်သည် သူ၏ မျက်စိရှေ့မှ ဖြတ်ပျံသွားပြီး အနောက်ဘက်ရှိ ဂူစံအိမ် တစ်ခုဆီသို့ ဦးတည်သွားသည်။
ထိုက်ချင် ဓားဂိုဏ်း နှင့် အကြွင်းမဲ့ အင်မော်တယ်နန်းတော် ကဲ့သို့သော အင်အားစုများမှ ထောက်ပံ့ပေးထားသည့် လူအင်အားဖြင့် ယန္တရားတစ်ထောင်ဂိုဏ်း ၏ မဟာ အခင်းအကျင်း ပြိုကွဲဖို့ အနှေးနှင့် အမြန်ဖြစ်လာမည်ဟု သံသယရှိနေသဖြင့် စုယွီက ဂူစံအိမ် အတွင်းမှ ပွဲကြည့်နေခဲ့ခြင်း ဖြစ်၏။
အင်အားစု အသီးသီးမှ ကျင့်ကြံသူများသည် သူ၏ ဂူစံအိမ် ရှေ့မှ ဖြတ်သွားကြသော်လည်း မည်သူကမျှ ၎င်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် လုယက်သူများ နှင့် မိစ္ဆာ ကျင့်ကြံသူများ ကလည်း တန်ဖိုး ပိုကြီးသောနေရာများကိုသာ လုယက်ရန် ရှာဖွေနေကြသည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ အဆင့် (၄) ဂူစံအိမ် ဆယ်ခုသည် မြို့တော် အတွင်းရှိ တစ်ခုတည်းသော ဘေးကင်းရာ ခိုလှုံရာနေရာများ အဖြစ်သို့ ပြောင်းလဲသွား၏။
သို့သော်ငြားလည်း ကောင်းကင်အပျက်အစီးခန်းမ မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၏ လှုပ်ရှားမှုများကို စုယွီ အာရုံစိုက်နေသည့် နောက်တစ်စက္ကန့်မှာပင် သူ့အပေါ်သို့ ရန်လိုသော အငွေ့အသက် အများအပြား ဆင်းသက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ယန္တရားတစ်ထောင် ဂိုဏ်းချုပ်ကြီး ၏ အသံကို ကြားလိုက်ရသောအခါ စုယွီ ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့၏။
“ရွှီ…”
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ အရှိန်အဝါ ဖြာထွက်နေသည့် ရုပ်တု တစ်ဝက်သည် ဟင်းလင်းပြင်ကို ခွဲခြမ်းကာ အင်အားစု အသီးသီး၏ မျက်စိရှေ့မှောက်တွင်ပင် သူ၏ ဂူစံအိမ် ဆီသို့ ဒုံးခနဲ ပျံသန်းလာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် စုယွီ သည် နှစ်ခါ ပြန်မတွေးတော့ဘဲ တာအိုဆရာ ရှုယွီ နှင့် အမှတ် ငါးဆယ့်ငါး အနက်ရောင် ဒေါသ စစ်သည်တော် တို့ကို သူ၏ နန်းတော် မှော်လက်နက် အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူ့ ပတ်လည်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက် ထသွားပြီး စုယွီ၏ ပုံရိပ်က ဂူစံအိမ် အတွင်းမှ ဗြုန်းစားကြီး ပျောက်ကွယ်သွားတော့၏။
ရုပ်တု တစ်ဝက်သည် သူ၏ ဂူစံအိမ်ကို ကာကွယ်ထားသော အထပ်ထပ် အခင်းအကျင်း အတားအဆီး ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်မှာပင် မှော်လက်နက် အမြောက်အများ ဆက်တိုက် ရောက်ရှိလာပြီးနောက် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ နှင့် မူလဝိညာဉ်အဆင့် အရှင်သခင်များ၏ တိုက်ခိုက်မှုများက ဂူစံအိမ် ဆီသို့ ကျရောက်လာတော့သည်။
“ဝုန်း...”
မျက်စိတစ်မှိတ် အတွင်းမှာပင် ထို အဆင့် (၄) ဂူစံအိမ် သည် လူအုပ်ကြီး၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွား၏။
တစ်ချိန်တည်းမှာပင် ယန္တရားတစ်ထောင်ဂိုဏ်း အား ဖိအားပေးနေခဲ့သော တိုက်ပွဲသည် ယန္တရားတစ်ထောင်ဂိုဏ်း က မိစ္ဆာ ရုပ်တု တစ်ဝက်ကို စွန့်ပစ်လိုက်ပြီးနောက် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အတွင်းရှိ အင်အားစု အသီးသီး ကြား အလုံးစုံ သတ်ပုတ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲသွားတော့၏။
ယန္တရားတစ်ထောင်ဂိုဏ်း အတွင်း၌ တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင် တစ်ခု လင်းလက်သွားရ၏။
“ဘယ်သူမှ မရှိဘူးလား”
သူတို့ အားလုံး ချန်ကု အင်မော်တယ်မြို့တော် နယ်မြေက လူတွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့မှု အောက်မှာ သေသွားကြတာလား။
သူက စုယွီ နှင့် သူ၏ အဖွဲ့ သေဆုံးသွားရန် အမှန်တကယ် မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။
၎င်းက ထိုက်ချင် ဓားဂိုဏ်း... အကြွင်းမဲ့ အင်မော်တယ်နန်းတော် နှင့် အခြားသော အင်အားစုများ အပေါ်သို့ အတိုင်းအတာ တစ်ခုအထိ ပြဿနာများ နှင့် ရန်ငြိုးများ ယူဆောင်လာပေးလိမ့်မည် မဟုတ်ပါလား။
ဤအချက်ကို တွေးတောမိရင်း တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် နောင်တရသလို ခံစားလိုက်ရသည်။
“ငါသာ ထျန်းပေါင်ဂိုဏ်းကို ဆက်သွယ်ခဲ့ရင်... ဒါမှမဟုတ် ချန်ကု အင်မော်တယ်မြို့တော် ရဲ့ မျိုးနွယ်စုကြီး ငါးခုထဲက တစ်ခုခုကို ဖိတ်ခေါ်ခဲ့ရင်... ငါ့ဘက်မှာ အဲဒီလို မဟာမိတ်မျိုး ရှိနေရင်... ငါ အဲဒီ အခွင့်အရေးကို ထိန်းသိမ်းထားနိုင်လောက်တယ်”
တာအိုသခင်ကြီး ယန္တရားတစ်ထောင် က ဝမ်းနည်း ပူဆွေးစွာဖြင့် ရေရွတ်လိုက်၏။ ထိုက်ချင် ဓားဂိုဏ်း နှင့် ဤအင်အားစုများသည် ဤမျှလောက် အရှက်ကင်းမဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
‘ငါတို့ရဲ့ သေးငယ်တဲ့ ယန္တရားတစ်ထောင်ဂိုဏ်းကို ဆန့်ကျင်ဖို့ သူတို့တွေ ပေါင်းစည်းသွားကြလိမ့်မယ် လို့ တွေးကြည့်ရတာ...
တယ်လည်း စက်ဆုပ်ဖို့ ကောင်းလိုက်တာ’
ထို့နောက် တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ အကြည့်များက ရင်းနှီးနေသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး အချို့ထံတွင် ကပ်ညှိသွားသည်။ ကောင်းကင်အပျက်အစီးခန်းမ အပါအဝင် ဝိုင်းရံပိတ်ဆို့မှု အောက်မှ ခေါင်းပြူထွက်လာသော အင်အားစု တစ်ခုချင်းစီတိုင်းကို သူ၏ နှလုံးသားထဲတွင် မှတ်သားထားလိုက်၏။
'ဒီနေ့ရဲ့ အရှက်ရမှုကို... ယန္တရားတစ်ထောင်ဂိုဏ်း က မှတ်ထားမယ်'
သူက နာကြည်းစွာ ကြုံးဝါးလိုက်သည်။
အခြား တစ်နေရာတွင် စုယွီ ၏ ပုံရိပ်သည် လူသူ ကင်းမဲ့နေသော အဆင့် (၃) ဂူစံအိမ် တစ်ခု အတွင်းသို့ တိတ်တဆိတ် ရောက်ရှိလာပြီး မိစ္ဆာ ရုပ်တု တစ်ဝက်ကို ပိုင်ဆိုင်နိုင်ရန် အသေတလဲ တိုက်ခိုက်နေကြသော အပြင်ဘက်ရှိ လူအုပ်ကြီးကို မျက်နှာသေဖြင့် စောင့်ကြည့်နေတော့သည်။