အခန်း ၈၈၄
Vol. 59 Ch. 884
အခန်း (၈၈၄) အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် ..အင်မော်တယ်များကို သတ်ဖြတ်သည့် ရူးသွပ်သူ လား (အပိုင်း-၂)
ယန္တရားတစ်ထောင်ဂိုဏ်း ရှိရာဘက်ဆီသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြီး စုယွီ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ် တစ်ခု လင်းလက်သွားသည်။
စုယွီ က တိုးတိတ်စွာ ရေရွတ်လိုက်၏။
“ယန္တရားတစ်ထောင်ဂိုဏ်း...”
မူလကတော့ ယန္တရားတစ်ထောင်ဂိုဏ်းကို ရန်စရန် သို့မဟုတ် သူတို့နှင့် မည်သို့မျှ ပတ်သက်ရန် ရည်ရွယ်ချက် မရှိခဲ့။
သို့သော် ယန္တရားတစ်ထောင်ဂိုဏ်း သည် မည်သည့် အကြောင်းကြောင့်မျှ ဤ ကပ်ဘေးကို သူ့ထံသို့ ဆွဲခေါ်မလာသင့်ပေ။
အကယ်၍ သူ့တွင်သာ အရည်အချင်း နှင့် အင်အား အနည်းငယ် မရှိခဲ့ပါက...
ယန္တရားတစ်ထောင်ဂိုဏ်း ဆွဲခေါ်လာသော ဤ ကပ်ဘေး၏ သားကောင် အဖြစ် ယခုအချိန်၌ သူ ကျဆုံးသွားနိုင်ချေ ရှိသည်။
“ကောင်းပြီလေ”
စုယွီ တိုးတိတ်စွာ ရေရွတ်လိုက်၏။
“ဝုန်း...”
ဂူစံအိမ် ၏ အပြင်ဘက်၌ မူလဝိညာဉ်အဆင့် အရှင်သခင် နှစ်ပါး ပေါ်လာပြီး မှော်စွမ်းအား အချို့ကို အသုံးပြုကာ ဂူစံအိမ် ၏ တတိယအဆင့် အခင်းအကျင်း အတားအဆီးကို ဖြိုခွင်းလိုက်သည်။ သူတို့သည် ရတနာများကို ရှာဖွေရန် သို့မဟုတ် အတွင်းရှိ ကျင့်ကြံသူကို လုယက်ရန် ရည်ရွယ်ထားခြင်းပင်။
သို့သော် လုယက်သူ နှစ်ဦး ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် နောက်တစ်စက္ကန့်မှာပင် သူတို့၏ အမြင်အာရုံများ ဝေဝါးသွားတော့၏။
“ဝုန်း...”
ရှုံ့မဲ့နေသော မျက်နှာများ နှင့် ချက်ချင်း ချိုင့်ဝင်သွားသော ရင်ဘတ်များ နှင့်အတူ သူတို့သည် ဂူစံအိမ် အပြင်ဘက်သို့ အရုပ်ကြိုးပြတ် လွင့်ထွက်သွား၏။ အခြား ဂူစံအိမ် အများအပြားကို ဖြတ်တိုက်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားကြသည်။
မူလဝိညာဉ် နှစ်ခုက သူတို့၏ စိစိညက်ညက် ကြေမွသွားသော ခန္ဓာကိုယ်များ ထဲမှ ထွက်ပြေးသွားကြ၏။ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ အပြည့်အဝ ဖုံးလွှမ်းနေသည်။
သူတို့ကို မည်သူက တိုက်ခိုက်ခဲ့သည်ကို မြင်တောင် မမြင်လိုက်ရချေ။
ခံစားလိုက်ရသည်မှာ ကန်ချက် တစ်ချက်တည်းသာ ဖြစ်ပြီး သူတို့၏ ရုပ်ခန္ဓာကို ပေါက်ကွဲထွက်သွားလုမတတ် ဖြစ်သွားစေခဲ့၏။
သူတို့၏ ပျက်စီးသွားသော ခန္ဓာကိုယ်များကို ကြည့်ကာ သူတို့က သံမဏိပြား တစ်ချပ်ကို ကန်မိသွားပြီ ဖြစ်ကြောင်း သိလိုက်ကြတော့သည်။
ထို အဆင့် (၃) ဂူစံအိမ် အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင် တစ်ကောင် ရှိနေ၏။
“ပြေးကြ...”
မူလဝိညာဉ် နှစ်ခု သွေးရူးသွေးတန်း ထွက်ပြေးသွားကြသော်လည်း ကောင်းကင်သို့ ပျံတက်သွားချိန်မှာပင် သူတို့၏ မူလဝိညာဉ်များ အတွင်း၌ လျှို့ဝှက် ဝိညာဉ်စွမ်းအား တစ်ခု ဖိနှိပ်လာတော့၏။
“ဝုန်း...”
မျက်စိတစ်မှိတ် အတွင်းမှာပင် မူလဝိညာဉ် နှစ်ခုသည် လေထဲတွင် ပေါက်ကွဲထွက်သွားသည်။
ဤဆူပူအုံကြွမှုက ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ရှိ လူအများအပြား၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။ မူလဝိညာဉ်များ ပေါက်ကွဲမှုကြောင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများကိုပင် အံ့အားသင့်သွားစေခဲ့၏။
သို့သော် မကြာမီမှာပင် သူတို့၏ အာရုံက မိစ္ဆာ ရုပ်တု တစ်ဝက်ထံသို့ ပြန်ရောက်သွားပြီး သူသေကိုယ်သေ တိုက်ပွဲကြီး နောက်တစ်ဖန် ပြန်လည် ဖြစ်ပွားလာတော့သည်။
စုယွီ သူ၏ ပုန်းအောင်းရာ နေရာကို ပြောင်းလဲလိုက်သည်။
သူက ကျေနပ် အားရစွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။
“နေလို့ ကောင်းလိုက်တာ”
သူ၏ ခြေထောက်ကို ရွှေ့လိုက်ရာ သိသိသာသာ ပို၍ သက်သောင့်သက်သာ ရှိလာကြောင်း ခံစားလိုက်ရ၏။
အပြင်ဘက်ရှိ တိုက်ပွဲသည် (၁၀) ရက်နီးပါး ကြာမြင့်ခဲ့ပြီး ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ ထက်ဝက်ကို အပျက်အစီး အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ကာ အားနည်းသော ကျင့်ကြံသူ အများအပြားလည်း ထိခိုက်ခဲ့ရသည်။
နောက်ဆုံးတွင် မိစ္ဆာ ရုပ်တု တစ်ဝက်ကို အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးက လုယူသွားခဲ့ပြီး သူ၏ အပေါင်းအပါများ၏ အကူအညီဖြင့် မြို့တော် မှ ထွက်ပြေးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အခြားသော အင်အားစုများမှ အဖွဲ့ဝင်များက ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အပြင်ဘက်သို့ ပျံသန်းသွားသည်။ အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးကို လိုက်လံ တိုက်ခိုက်ကြတော့၏။
ထို့ကြောင့် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် သည် အထီးကျန်ဆန်သော တိတ်ဆိတ်ခြင်း ကြီးစိုးလျက် ငြိမ်းချမ်းသော အခြေအနေ သို့ ပြန်လည် ရောက်ရှိသွားသည်။
တစ်ရက်ခွဲ ကြာပြီးနောက် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် နှင့် မိုင်ပေါင်း သောင်းချီ ကွာဝေးသော နေရာ၌။
အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ ဝိညာဉ်ခွဲထွက်အဆင့် (၆) ကျင်းဟုန် အရှင်သခင်ကြီး သည် မြေအောက် ပေတစ်ထောင် နက်သည့် တွင်းတစ်တွင်း တူးလိုက်၏။ သူ၏ ခြေရာများ နှင့် အရှိန်အဝါများကို ဖုံးကွယ်ရန်အတွက် အဆင့် (၅) အဆင့်နိမ့် မဟာ အခင်းအကျင်း တစ်ခု စီရင်လိုက်သည်။
ဤကဲ့သို့သော အချိန်မျိုးအတွက် သိမ်းဆည်းထားခဲ့သော တန်ဖိုးကြီး အဆင့် (၅) အလယ်အလတ် မှော်ဆေးလုံး တစ်လုံးကိုလည်း သောက်သုံးလိုက်၏။
သူ၏ မှော်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် နှင့် ဒဏ်ရာများကို ကုသရန်အတွက် သူ၏ ကျင့်စဉ်ကို လည်ပတ်နေစဉ် သူက စောစောက လုယူခဲ့သော ရုပ်တု တစ်ဝက်ကို ထုတ်ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
ရုပ်တု တစ်ဝက်သည် မကြီးမားလှဘဲ အောက်ပိုင်း တစ်ဝက်သာ ကျန်ရှိပြီး တစ်ပေမျှပင် မမြင့်ပေ။
၎င်းသည် မည်းမှောင်နေပြီး စဉ့်ရည် သုတ်ထားသော ဖန်သား ဖြင့် ပြုလုပ်ထားပုံရ၏။
အထူး ပြုလုပ်ထားသော ပုံစံများက ၎င်း၏ ပတ်လည်တွင် လိမ်ယှက်နေပြီး သူ၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် မိစ္ဆာ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။
တောက်ပသော သွေးနီရောင် အလင်းတန်း တစ်ခုက အရာအားလုံးကို ဖုံးလွှမ်းသွား၏။ ထိုအလင်းတန်း၏ အလယ်တွင် မိစ္ဆာ အင်မော်တယ် တစ်ပါး၏ ပုံရိပ်ကို ခပ်ရေးရေး မြင်တွေ့နိုင်သည်။
၎င်းကို စောင့်ကြည့်နေစဉ် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးအသက်ရှူသံများ မြန်ဆန်လာရသည်။
“ဒါက တကယ်ပဲ... ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တွေထက် သာလွန်တဲ့ အမွေအနှစ် တစ်ခုနဲ့ ပတ်သက်နေတာများလား”
အကယ်၍ အမှန်တကယ်ပင် ထိုသို့ ဖြစ်ခဲ့မည် ဆိုပါက... သူက ၎င်းကို အသေအချာ လေ့လာရလေမည်။
အကယ်၍ သူက ထို အမြင့်မြတ်ဆုံး အမွေအနှစ်ကို သူ့အတွက်သူ ရရှိနိုင်ခဲ့မည် ဆိုပါက... သူက ၎င်းကို အင်မော်တယ်ဂိုဏ်း ထံသို့ မအပ်နိုင်ပါ။
မိစ္ဆာ လမ်းစဉ် ရဲ့ အမွေအနှစ် ဆိုရင်ကော ဘာအရေးလဲ။
ဒီလောကမှာ အရေးကြီးဆုံးက အင်အားပဲ။
အကယ်၍ သူက ပကတိဟင်းလင်းပြင်အဆင့် သို့ ရောက်ရှိနိုင်ခဲ့မည် ဆိုပါက... မိစ္ဆာ လမ်းစဉ် ၏ ပကတိဟင်းလင်းပြင်အဆင့် မိစ္ဆာသခင်ကြီး အဖြစ် ဆိုလျှင်ပင် မိစ္ဆာ လမ်းစဉ် သို့ ပြောင်းလဲရန် သူ တွန့်ဆုတ်နေမည် မဟုတ်။
အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ရှိ ကျင့်ကြံသူ အများစုသည်လည်း အလားတူ ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည်ဟု သူ ယုံကြည်သည်။
ထို့ကြောင့်ပင် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာတွင် လုယက်သူ ကျင့်ကြံသူများ နှင့် မိစ္ဆာ လမ်းစဉ် တို့ အလွန်အမင်း ထွန်းကားနေခြင်း ဖြစ်၏။
သူတို့၏ မျက်လုံးများထဲတွင် မှန်ကန်သော အင်မော်တယ် တာအို ဖြစ်စေ၊ မိစ္ဆာ လမ်းစဉ် ဖြစ်စေ မည်သည့်အရာကမျှ အရေးမကြီးပေ။
အရေးကြီးဆုံး အရာမှာ တစ်ခုတည်းသာ ဖြစ်သည်။ ကိုယ်ပိုင် အင်အားပင်။
သို့သော်လည်း သူက ထိုနေရာတွင် ပုန်းအောင်းကာ နေ့တစ်ဝက်တိုင်တိုင် လေ့လာနေခဲ့သော်လည်း ဤရုပ်တု တစ်ဝက်တွင် အမြင့်မြတ်ဆုံး မိစ္ဆာ အမွေအနှစ် အမှန်တကယ် ရှိမရှိကို နားလည်နိုင်စွမ်း မရှိခဲ့ပေ။
သည်အခြေအနေက အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ထိုအချိန်မှာပင် သူ့အရှေ့ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ရုတ်တရက် ပေါ်လာခဲ့၏။
ကျင်းဟုန် အရှင်သခင်ကြီး ၏ မျက်နှာအမူအရာက အကြီးအကျယ် ပျက်ယွင်းသွား၏။ အတွေးတစ်ချက်နှင့်အတူ သူက လှိုင်းဂယက်များ ထနေသော ဟင်းလင်းပြင် ဆီသို့ ဦးတည်ကာ ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ် အတွင်း မှော်ပညာရပ် တစ်ခုကို ဖြင့် ထိုးဖောက်သွားသည်။
အမြင့်ဆုံးသော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်လာလျက် လှိုင်းဂယက်များ ထနေသော ဟင်းလင်းပြင်ကို တိုက်ခိုက်လိုက်၏။
သို့သော် သူ၏ တုံ့ပြန်မှုက နှေးကွေးနေဆဲ။
သူ၏ မှော်ပညာရပ်က ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး သူ၏ကိုယ်ပိုင် အခင်းအကျင်း ၏ အတားအဆီးကို ထိမှန်ကာ ရိုက်ချိုးလိုက်သည်။
သို့သော် လှိုင်းဂယက် ထနေသော ဟင်းလင်းပြင်မှာမူ လစ်ဟာနေပြီ ဖြစ်၏။
ထိုအခိုက်အတန့်မှာပင် သူ၏နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့ ယန္တရားတစ်ထောင်ဂိုဏ်း က ပစ္စည်းတွေကို... ဒီလောက် လွယ်လွယ်နဲ့ ယူသွားလို့ မရဘူး”
“ဝုန်း…”
ပြည့်စုံသော ဓာတ်ကြီးငါးပါး တာအို နယ်ပယ် ၏ အင်အားက သူ၏ လက်ချောင်းထိပ်များတွင် စုစည်းသွားပြီး အင်မော်တယ် ဖြစ်တည်ခြင်း သိုင်းကျမ်းကို အသက်သွင်းလိုက်သည်။ လက်ညှိုး ညွှန်ပြမှုနှင့်အတူ အကြွင်းမဲ့ အင်မော်တယ်နန်းတော် ၏ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ၏ ခေါင်းကို ထိမှန်သွားတော့၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားသည်။
လာသူ မည်သူဖြစ်ကြောင်းကို သိရှိရန် ကျင်းဟုန် အရှင်သခင်ကြီး လှည့်ကြည့်လိုက်၏။
သို့သော် သူ၏ ခေါင်းကို တဖြည်းဖြည်း လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဦးခေါင်းခွံသည် ပြာများ အဖြစ်သို့ ပြောင်းလဲသွားပြီး လောကကြီး အတွင်းသို့ လွင့်စဉ် ပျောက်ကွယ်သွားတော့သည်။
ကျင်းဟုန် အရှင်သခင်ကြီး ၏ မူလဝိညာဉ် သည်ပင်လျှင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့။
ဝိညာဉ်ခွဲထွက်အဆင့် အလယ်အလတ် အရှင်သခင်ကြီး တစ်ပါးသည် စုယွီ ၏ လက်ချောင်း တစ်ချောင်းတည်းဖြင့် ပြာများ အဖြစ်သို့ ပြောင်းလဲသွားကာ ကျဆုံးသွားခဲ့ရသည်။
မသေဆုံးမီလေးတွင် ကျင်းဟုန် အရှင်သခင်ကြီး သည် ပြည့်စုံသော ဓာတ်ငါးပါး တာအို နယ်ပယ် ၏ အင်အား မည်မျှ ကြောက်မက်ဖွယ်
ကောင်းကြောင်းကို အမှန်တကယ် ခံစားလိုက်ရသည်။ သူ့နောက်ကွယ်ရှိ လူ၏ ကျင့်ကြံခြင်း အရှိန်အဝါသည် မူလဝိညာဉ်အဆင့် နှောင်းပိုင်းတွင်သာ ရှိကြောင်း သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်၏။
သို့သော် ထို တာအို နယ်ပယ် ၏ အရှိန်အဝါက ဝိညာဉ်ခွဲထွက်အဆင့် အလယ်အလတ် အရှင်သခင်ကြီး တစ်ပါး ဖြစ်သော သူ့ကိုပင် ကြောက်ရွံ့ ထိတ်လန့်မှုများ နှင့် အဆုံးအစမဲ့ မျှော်လင့်ချက် ကင်းမဲ့မှုများကို ခံစားရစေခဲ့သည်။
“ဘယ်သူလဲ”
“ပြီးတော့... ဒါက ဘယ်လို အဆင့်မျိုး ရှိတဲ့ တာအို နယ်ပယ် လဲ”
မူလဝိညာဉ်အဆင့် မှ လူတစ်ဦးသည် ဤမျှ ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်ထားနိုင်သလား။
မယုံကြည်နိုင်စွာဖြင့် ကျင်းဟုန် အရှင်သခင်ကြီး အော်ဟစ်လိုက်သည်။
နှမြောစရာ ကောင်းသည်မှာ သူသည် နောက်သို့ လှည့်ကြည့်ကာ သူ၏ ပြိုင်ဘက်ကို မြင်တွေ့နိုင်လောက်အောင်ပင် အသက်ရှင် ကျန်ရစ်နိုင်ခြင်း မရှိခဲ့ချေ။
အင်မော်တယ် ဖြစ်တည်ခြင်း သိုင်းကျမ်း ၏ အင်မော်တယ် အဖြစ်သို့ ကူးပြောင်းခြင်း အင်အား အောက်တွင် ကျင်းဟုန် အရှင်သခင်ကြီးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြာကျသွားတော့၏။
သူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသော မိစ္ဆာ လမ်းစဉ် ၏ ရုပ်တု တစ်ဝက်လည်း ပြုတ်ကျသွားသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် ၎င်းကို စုယွီကိုယ်တိုင် ဖမ်းယူလိုက်၏။
အကြွင်းမဲ့ အင်မော်တယ်နန်းတော် အရှင်သခင်ကြီး ၏ မှော်လက်နက် နှင့် သိုလှောင် လက်စွပ် ..အားလုံးကိုလည်းယူဆောင်လိုက်သည်။
“ဝုန်း…”
စုယွီ သည် တစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါး ချန်ထားရစ်ခဲ့ပြီးနောက် အနောက်သို့ လှည့်လိုက်ရာ သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး ဤမြေအောက် ဂူ အတွင်းမှ ပျောက်ကွယ်သွားတော့၏။
အခြား တစ်နေရာတွင် အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ လူများသည် အင်အားစု အသီးသီးမှ အရှင်သခင်ကြီးများ၊ မူလဝိညာဉ်အဆင့် အရှင်သခင်များ နှင့် ဆက်လက် တိုက်ခိုက်နေကြ၏။ဘယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် မှ စတင်ခဲ့သော ဖရိုဖရဲ တိုက်ပွဲကြီးက တောရိုင်းများထဲသို့ ပြန့်ကျဲသွားခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်မှသာ အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ လူများသည် ကျင်းဟုန် အရှင်သခင်ကြီး ကျဆုံးသွားကြောင်း သတင်း ရရှိခဲ့ကြ၏။
အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ လူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
“ဟိတ်၊ ရပ်လိုက်ကြ”
“တိုက်ခိုက်နေတာကို ရပ်လိုက်ကြ... ကျင်းဟုန် အရှင်သခင်ကြီး လည်း ကျဆုံးသွားပြီ... ပစ္စည်းလည်း ပျောက်သွားပြီ”
“ခွပ်…”
သို့သော် အခြား အင်အားစုများမှ လူများက ဤစကားကို မည်သို့ ယုံကြည်နိုင်မည်နည်း။
လူအုပ်ကြီးသည် အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ လူများကိုနောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်၏။
...
စစ်မြေပြင်နှင့် မိုင် (၂၀) ခန့် အကွာ…
စုယွီ သည် တောင်တန်းများထဲတွင် ဂူတစ်ခု တူးလိုက်ပြီး အဆင့် (၅) အခင်းအကျင်း အချို့ကို ပြင်ဆင်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် နတ်ဘုရား အလင်းတန်းများ လင်းလက်လျက် စစ်မြေပြင်ဆီသို့ အကဲခတ်ကြည့်လိုက်သည်။
ကောင်းကင်အပျက်အစီးခန်းမ မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး အချို့သည် ထိုက်ချင် ဓားဂိုဏ်းနောက် သို့ လိုက်နေဆဲပင်။ အကြွင်းမဲ့ အင်မော်တယ်နန်းတော် မှ အရှင်သခင်ကြီး ၏ သွားရာလမ်းကို ရှာဖွေလိုပုံ ရသည်။
လောလောဆယ်တွင်တော့ သူတို့သည် ရပ်တန့်ကာ သူတို့၏ အခြေစိုက်စခန်းများဆီသို့ ပြန်သွားကြဖွယ် မရှိပေ။
စုယွီ သည် သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိ မိစ္ဆာ လမ်းစဉ် ၏ ရုပ်တု တစ်ဝက်ကို ကြည့်လိုက်၏။
ဤ မိစ္ဆာ လမ်းစဉ် ၏ ရုပ်တု တစ်ဝက်သည် သူ ယခင်က တွေ့ဖူးခဲ့သော မိစ္ဆာ လမ်းစဉ် မှော်လက်နက်များ နှင့် တရားဝင် မှော်လက်နက်များ နှင့် မတူညီပါချေ။
မိစ္ဆာ လမ်းစဉ် ၏ အရှိန်အဝါများက လေထုထဲတွင် ပြည့်နှက်နေပြီး ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် ၏ စီးတော်ယာဉ် ဖြစ်သော ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင် သားရဲကြီး ၏ အရှိန်အဝါထက်ပင် သာလွန်နေသော်လည်း ဤ မိစ္ဆာ လမ်းစဉ် အရှိန်အဝါတွင် ရန်လိုသော ခံစားချက်မျိုး မရှိပေ။
“ဒီအရာရဲ့ ဇာစ်မြစ်က ဘာများလဲ”
စုယွီ အနည်းငယ် သိချင်သွားမိသည်။ ရုပ်တုကို သူ မသိပါချေ။
သို့သော် ထိုအချိန်မှာပင် သူ၏ စိတ်ထဲတွင် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ၏ အသံက ပဲ့တင်ထပ်သွားသည်။
“ဒါက... အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် က... မိစ္ဆာ သခင်ကြီး ရဲ့ တာအို ခန္ဓာ ရုပ်တု ဖြစ်နိုင်တယ်”
အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး က သိပ်မသေချာသလို နှင့် အနည်းငယ် အံ့အားသင့်နေသလို တုံ့ဆိုင်းနေသော လေသံဖြင့် ပြောလိုက်သည်။
စုယွီ ၏ မျက်နှာအမူအရာ လေးနက်သွားရ၏။
မိစ္ဆာ သခင်ကြီး…
ပကတိဟင်းလင်းပြင်အဆင့် ထက် ကျော်လွန်သော တာအို ပေါင်းစည်း မိစ္ဆာ သခင်ကြီး တစ်ပါးလား။
စုယွီ က မေးလိုက်၏။
“အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် ဟုတ်လား... အဲဒါက ဘယ်လို အင်အားစု မျိုးပါလဲ ၊ စီနီယာ ”
အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး၏ ဝိညာဉ် က ပြန်ဖြေလိုက်သည်။
“ဥပဒေမဲ့တဲ့ အင်အားစု တစ်ခုပဲ... တစ်နေ့လုံး အင်မော်တယ် တွေကို သတ်ဖြတ်ဖို့ စဉ်းစားနေတဲ့ ရူးသွပ်သူ တစ်စုပေါ့”