အခန်း ၈၈၅
Vol. 59 Ch. 885
အခန်း (၈၈၅) အံ့မခန်း မြားတစ်စင်း၊ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်
"အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် ဆိုတာ... မိစ္ဆာလမ်းစဉ်ရဲ့ အင်အားစု တစ်ခုပဲ... စစ်မှန်တဲ့ မိစ္ဆာလမ်းစဉ်... ဒါမှမဟုတ် ကပ်ဘေး မိစ္ဆာလမ်းစဉ် လို့တောင် ခေါ်လို့ ရတယ်"
အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်လက်၍ ရှင်းပြ၏။
"မြေကမ္ဘာအင်မော်တယ်စံအိမ်က အရှင်သခင်ကြီး တစ်ပါး ပြောဖူးတာကို... ငါ ကြားခဲ့ဖူးတယ်... အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် တည်ရှိနေခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က... လောကမှာရှိတဲ့ ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်ဖို့ပဲတဲ့... ဒီ ကျင့်ကြံခြင်းကမ္ဘာ ကြီးကို ဖျက်ဆီးပစ်မယ့် အထိတောင်... ရည်ရွယ်ထားကြတာ"
သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ ဆိုပြန်သည်။
"အခုတော့... အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ်ရဲ့ ပစ္စည်းတွေ ပေါ်ထွက်လာပြီ ဆိုတော့... သူတို့ရဲ့ အမွေအနှစ်တွေ ဆက်လက် တည်ရှိနေသေးတာလည်း... ဖြစ်နိုင်တယ်"
"နောင်တစ်ချိန်ချိန်မှာ... မင်း အဲဒါတွေနဲ့ ဆုံတွေ့ခဲ့ရင်... သူတို့ထက် လက်ဦးမှု ရယူပြီး အပြင်းအထန် တိုက်ခိုက်ရမယ်"
"အကောင်းဆုံးကတော့... ရန်သူကို အရင်ဆုံး အမြစ်ဖြတ် ချေမှုန်းပစ်ပြီး... အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ်ရဲ့ အမွေအနှစ်ကို... ဖျက်ဆီးပစ်လိုက်တာပဲ"
"အဲဒီလိုမှ မဟုတ်ရင်တော့... ကျင့်ကြံခြင်းကမ္ဘာဟာ နောက်ထပ် ကပ်ဘေးကြီး တစ်ခုနဲ့... ရင်ဆိုင်ရနိုင်သေးတယ်"
စုယွီက အံ့အားသင့်သွားပြီး မေးလိုက်၏။
"ဘာကို ဆိုလိုတာပါလဲ... စီနီယာ..ရှေးဟောင်းခေတ်ကာလ တုန်းက... အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ် က... ကပ်ဘေးကြီး တစ်ခုကို ဖန်တီးခဲ့ဖူးလို့လား"
အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံးမှ ပေါ်ထွက်လာသော အဘိုးအို၏ ပုံရိပ်က ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။
"အဲဒါကိုတော့... ငါလည်း သေချာ မသိဘူး"
ထိုအခိုက် စုယွီသည် သူ၏ လက်ထဲရှိ ရုပ်တုတစ်ဝက်ကို အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေလိုက်တော့၏။
နတ်ဘုရားအာရုံ ဖြင့်ဖြစ်စေ၊ မှော်စွမ်းအား ဖြင့်ဖြစ်စေ ၎င်းကို သန့်စင်၍ မရနိုင်ခဲ့ချေ။ ထို့ပြင် ၎င်းအတွင်း၌ မည်သည့် မိစ္ဆာလမ်းစဉ် အမွေအနှစ်မျှ ပါဝင်နေပုံ မရ။
သို့သော်ငြား ထိုအချိန်မှာပင် စုယွီ၏ ရင်တွင်း၌ လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရပြီး ကောင်းကင် ရုပ်သေး သိုင်းကျမ်း ထဲမှ ပညာရပ်ကို အသုံးပြုကာ အမွှေးတိုင် ယုံကြည်မှု နတ်ဘုရား လမ်းစဉ် မှတစ်ဆင့် မိစ္ဆာ ရုပ်တုတစ်ဝက်ကို စစ်ဆေးကြည့်လိုက်သည်။
"ဝုန်း..."
မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လန်သွားသကဲ့သို့ စုယွီ ခံစားလိုက်ရသည်။
သွေးနီရောင် ငရဲဘုံ တစ်ခု အတွင်း၌ စုယွီ၏ ပုံရိပ်သည် သွေးပင်လယ်ပြင် ကြီး၏ အထက်တွင် ပျံဝဲနေခဲ့၏။
အရှေ့ဘက် သွေးပင်လယ် မြူခိုးများ ကြားတွင်မူ မှုန်ဝါးဝါး ဧရာမ ပုံရိပ်ကြီး တစ်ခု ရှိနေသည်။
၎င်းက မည်သည့် အရာဖြစ်ကြောင်း အသေအချာ မလေ့လာနိုင်မီမှာပင်
သူ၏ မျက်စိရှေ့မှ မြင်ကွင်းသည် တုန်ခါသွားပြီး ပုံရိပ်ယောင် တစ်ခုအလား အစအနမကျန် ကွဲအက် ပျက်စီးသွား၏။
ခဏအကြာတွင် အရာအားလုံးသည် သွေးနီရောင် အမှတ်အသား တစ်ခု အသွင် ပြောင်းလဲသွားပြီး သူ၏ နတ်ဘုရားပင်လယ် အတွင်းရှိ နတ်ဘုရားဝိညာဉ် ၏ နဖူးထက်တွင် လာရောက် စွဲထင်သွား၏။
ထို့နောက် ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ စုယွီ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ သို့သော် သူ၏ကိုယ်ပိုင် နတ်ဘုရားဝိညာဉ်ကို မည်မျှပင် သေချာစွာ ရှာဖွေစေကာမူ ရွှေပုစဉ်းရင်ကွဲ ပညာရပ်ကို အသုံးပြု၍ ရှာဖွေလျှင်ပင် သူ၏ နတ်ဘုရားဝိညာဉ် အတွင်း၌ မည်သည့် ပြောင်းလဲမှုကိုမျှ အာရုံမခံနိုင်ခဲ့ပေ။
ထို သွေးနီရောင် အမှတ်အသား မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်းကိုလည်း လုံးဝ ရှာမတွေ့နိုင်ခဲ့ပါ။
'ဒါက ဘာပစ္စည်းလဲ...'
စုယွီ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု နှင့် မသေချာ မရေရာမှုများဖြင့် ပြည့်နှက်သွားသည်။
သူ့အနေဖြင့် မည်သည့် သက်သောင့်သက်သာ မရှိမှုမျိုးကိုမျှ မခံစားရချေ။
ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းသည်ပင်လျှင် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သည့် အရာမျှ တကယ်တမ်း ဖြစ်မလာခဲ့သကဲ့သို့ ခံစားရ၏။
သူက သူ၏ ခန္ဓာကိုယ် နှင့် နတ်ဘုရားဝိညာဉ်ကိုနောက်တစ်ကြိမ် အသေးစိတ် ထပ်မံ စစ်ဆေး ကြည့်လိုက်ပြန်၏။
မည်သည့် အရာကိုမျှ ရှာမတွေ့ခဲ့ပါချေ။
စုယွီ သတိပြန်ဝင်လာသောအခါ သူ၏ လက်ထဲရှိ ရုပ်တုတစ်ဝက်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"ဘယ်လိုလုပ် ပြောင်းလဲသွားတာလဲ"
မူလက ကောင်းကင်သို့ ထိုးတက်လုမတတ် မိစ္ဆာချီများကို ဖြာထွက်နေသော ရုပ်တုတစ်ဝက်သည် ယခုအခါ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ လင်းလက်နေ၏။ ၎င်းထံမှ အမွှေးတိုင် ယုံကြည်မှု နတ်ဘုရား လမ်းစဉ် ၏ သန့်စင်သော အရှိန်အဝါများ ဖြာထွက်နေသည်။
ထို နတ်ဘုရား အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး စုယွီ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် အနည်းငယ် ထိတ်လန့်မိ၏။
ဤရုပ်တုတစ်ဝက်သည် ပကတိဟင်းလင်းပြင်အဆင့် ထက် ကျော်လွန်သော ရတနာ တစ်ပါး ဖြစ်သည်မှာ သေချာလှသည်။
၎င်းက အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ပြောခဲ့သကဲ့သို့ ရှေးဟောင်း မိစ္ဆာသခင်ကြီး တစ်ပါး ချန်ရစ်ခဲ့သော နတ်ဘုရားခန္ဓာ တစ်ဝက် တကယ်ပဲ ဖြစ်နေနိုင်၏။ သို့မဟုတ် နတ်ဘုရားရုပ်တု တစ်ခုလော။
နတ်ဘုရားရုပ်တု ပြောင်းလဲသွားပြီးနောက် ၎င်းကို သူ ယခုအခါ ထိန်းချုပ်နိုင်ပြီ ဖြစ်သကဲ့သို့ ရုပ်တုတစ်ဝက် နှင့် သေးငယ်သော ဆက်သွယ်မှု တစ်ခုကို စုယွီ ခံစားနေရဆဲ ဖြစ်၏။
ထို့အပြင် စုယွီသည် ရုပ်တုတစ်ဝက် မှတစ်ဆင့် သွေးနီရောင် ဂိတ်တံခါး တစ်ခုကို ခပ်ရေးရေး မြင်တွေ့နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဤခံစားချက်မှာ တံလျှပ်တစ်ခုအလား ဖြစ်နေပြီး အစစ်အမှန် သိပ်မဆန်လှ။
အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ကလည်း ရုပ်တု၏ အသွင်ပြောင်းလဲမှုကို အံ့အားသင့်စွာ ကြည့်ရှုနေပြီးနောက် အားကျစွာဖြင့် စုတ်သပ်လိုက်သည်။
"ဒါက ရှေးဟောင်း မိစ္ဆာလမ်းစဉ် ပဲ... အင်မော်တယ် လမ်းစဉ်၊ ဗုဒ္ဓ လမ်းစဉ်၊ မိစ္ဆာ လမ်းစဉ် နဲ့ အခြားသော လမ်းစဉ်တွေနဲ့ အဆင့်အတန်း အတူတူပဲ ရှိတယ်"
"ဒီရုပ်တုက တန်ဖိုးကြီးတဲ့ အရာ တစ်ခု ဖြစ်တာ သေချာတယ်... မင်းရဲ့ ဝိညာဉ်ခွဲထွက် နတ်ဘုရားခန္ဓာကို တည်ဆောက်ဖို့အတွက်... ၎င်းကို ဝိညာဉ် ပစ္စည်း တစ်ခုအနေနဲ့ အသုံးပြုပြီး... စမ်းသပ် ကြည့်နိုင်တယ်"
မည်သို့ပင်ဆိုစေ ဒါက တာအို ပေါင်းစည်း အဆင့် ကျင့်ကြံသူ တစ်ဦးထံမှ ရတနာ တစ်ပါး ဖြစ်သည် လေ။
၎င်းကို အသုံးပြုပြီး နတ်ဘုရားခန္ဓာကို အာရုံစိုက် ဖန်တီးမည် ဆိုပါက အလွန်တရာ ဖြုန်းတီးရာ ကျမည်။
သို့သော်လည်း ယခုအခါ အမွှေးတိုင် ယုံကြည်မှု နတ်ဘုရား လမ်းစဉ် ၏ အရှိန်အဝါများ ထုတ်လွှတ်နေသော နတ်ဘုရားရုပ်တုကို ကြည့်ရင်း စုယွီ စိတ်လှုပ်ရှားလာမိသည်။
သူသည် ယွဲ့ အင်မော်တယ် ချန်ရစ်ခဲ့သော ကောင်းကင် ရုပ်သေး သိုင်းကျမ်းကို ကျင့်ကြံခဲ့ပြီး ဖြစ်၏။
၎င်းအတွင်း၌ ရုပ်သေး တစ်ခုက တာအိုကို ရယူနိုင်မည့် ပညာရပ် မှတ်တမ်းများ ပါဝင်သည်။
ယခု ရုပ်တုသည် မိစ္ဆာချီများ ထုတ်လွှတ်ခြင်း မရှိတော့ရာ ၎င်းက ဝိညာဉ်ခွဲထွက် နတ်ဘုရားခန္ဓာကို အာရုံစိုက် ဖန်တီးရန်အတွက် ထိပ်တန်း အဆင့် ဝိညာဉ် ပစ္စည်း တစ်ခု ဖြစ်လာခဲ့ပုံ ပါပင်။
'နောင်အနာဂတ်မှာ အသုံးပြုဖို့ သိမ်းထားလို့ ရတယ်'
စုယွီက ၎င်းကို သိမ်းဆည်းလိုက်ပြီး ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်သည်။
ထို့နောက် သူက အနည်းငယ် မျက်မှောင် ကုတ်လိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ်ကိုနောက်ထပ် အကြိမ်အနည်းငယ် ထပ်မံ စစ်ဆေးကြည့်လိုက်၏။
ဤရုပ်တုတစ်ဝက်ကို ရရှိခြင်းက ကောင်းချီး တစ်ခုလား၊ ဒါမှမဟုတ် ကျိန်စာ တစ်ခုလား ဆိုတာကိုတော့ စုယွီ မသိနိုင်ခဲ့ချေ။
သို့သော် အနည်းဆုံးတော့
ယခု အခိုက်အတန့်တွင် မည်သည့် နိမိတ်ဆိုးကိုမျှ မခံစားရပေ။
သူ၏ စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန် ရွှေပုစဉ်းရင်ကွဲ ပညာရပ်ကို အသုံးပြုလိုက်ရင်း စုယွီ တွက်ဆလိုက်သည်။
'ငါ.. ချန်ကျိုး နယ်မြေ ထဲမှာနေနေသရွေ့... တခြားနေရာတွေ ဒါမှမဟုတ် မိစ္ဆာလမ်းစဉ် ရဲ့ နယ်မြေတွေ ဆီကို မသွားသရွေ့တော့... ဘေးကင်းနိုင်လောက်ပါတယ်'
သူ၏ ကျင့်ကြံခြင်းက တာအို ပေါင်းစည်း အဆင့် သို့ တက်လှမ်းနိုင်သောအခါနှင့် ၎င်းထက်ပင် ကျော်လွန်သွားသော အခါကျမှသာ ကျင့်ကြံခြင်းကမ္ဘာ ရှိ အခြားသောနေရာများသို့သွားရောက်ရန် စုယွီ စဉ်းစားနိုင်ပါမည်။
ထိုအချိန် ရောက်လာပါက ကျင့်ကြံခြင်းကမ္ဘာ မှ လူမည်မျှက သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဦးမည်နည်း။
အသခ်ျေ ပုစဉ်းရင်ကွဲ စံအိမ်။
ရုတ်တရက်.. အခြားသော ရှေးဟောင်း အင်အားစု တစ်ခုကို သတိရသွားသည်။
*
တစ်ချိန်တည်းမှာပင်
အင်အားစု အသီးသီး ကြား ပြင်းထန်သော တိုက်ပွဲကြီးက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၏။
အင်မော်တယ်နန်းတော် မှ လူအနည်းငယ်မှာ အလွန်အမင်း စိတ်ပျက် ဒေါသထွက်နေကြပြီး လူတိုင်းကို ရပ်ဖို့ ဖျောင်းဖျနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျင်းဟုန် အရှင်သခင်ကြီး သည် ရုပ်တုတစ်ဝက်ကို မယူဆောင်လာဘဲ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အင်မော်တယ်ဂိုဏ်း က သတင်းပို့ထားပြီး ဖြစ်သည် မဟုတ်ပါလား။
ဆိုလိုသည်မှာ ရုပ်တုတစ်ဝက် သည် တစ်စုံတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရပြီး ယခုအချိန်၌ မည်သူ့ လက်ထဲသို့ ရောက်ရှိသွားကြောင်းကို မည်သူကမျှ မသိရှိကြတော့ချေ။
အခြေအနေက ဤသို့ ဖြစ်နေသည့်တိုင် ဤလူမိုက်များက အင်မော်တယ်နန်းတော်ကို အဆက်မပြတ် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
*
နေ့တဝက်ခန့် ကြာပြီးနောက်။
အင်မော်တယ်နန်းတော် မှ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး တစ်ပါး ရောက်ရှိလာ၏။ လူတိုင်းက နောက်ဆုံးတွင် ထွက်ပြေးရန် အခွင့်အရေး ရရှိသွားကြသည်။ ယန္တရားတစ်ထောင်ဂိုဏ်းတွင် ဖြစ်ပွားခဲ့သော အခွင့်အရေး လုပွဲကြီးက အခြားသော အင်အားစုများ အနေဖြင့် ရလဒ်ကို မလိုလားစွာဖြင့် လက်ခံလိုက်ရသဖြင့် အဆုံးသတ်သွားခဲ့တော့သည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် နှင့် မိုင်တစ်ရာ အကွာတွင် အင်အားစုများ၏ တိုက်ပွဲ အဆုံးသတ်သွားသည်ကို စုယွီ
စောင့်ကြည့်နေ၏။ သူ၏ မျက်လုံးများက ရွှေရောင် နတ်ဘုရား အလင်းတန်းများဖြင့် လင်းလက်နေသည်။
ထို့နောက် ရွှေပုစဉ်းရင်ကွဲ ၏ နတ်ဘုရား အမြင် ပညာရပ်ကို အသုံးပြုကာ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ရှိရာ အရပ်ဆီသို့ စစ်ဆေးကြည့်လိုက်သည်။
ထို အခိုက်အတန့်တွင် ယန္တရားတစ်ထောင်ဂိုဏ်း သည် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် သို့ စည်းယပ်သေဝပ်မှုကို ပြန်လည် ယူဆောင်လာပေးခဲ့ပြီး ထိန်းချုပ်မှုကို ပြန်လည် ရယူထားနိုင်ခဲ့၏။