← Chapters

သံသယ

Vol. 6 Ch. 286

သံသယ

Vol. 6 Ch. 286

လီလစ်က သူ့ကိုဓားနဲ့ရွယ်ထားတဲ့ ဆယ်ဗီကိုကြည့်လိုက်ပြီး ခပ်ဟဟပြုံးလိုက်တယ်။ သူ့ကျောနောက်မှာတော့ အခန်း တစ်ခန်းလုံးပြည့်လုနီးပါး တောင်ပံတစ်ခုပွင့်လာပြီး လက်ဖျောက်တစ်ချက် တီးလိုက်လေရဲ့။

ဖျောက်...

ဆယ်ဗိီ သတိပြန်ဝင်လာတော့ သူ့ခန္ဓာကိုယ်က လေပေါ်က ဇောက်ထိုးမိုးမျှော်ပြုတ်ကျနေပြီဖြစ်ပြီး မြေပြင်မှာရှိတဲ့ အိမ်ရာအဆောက်အဦးတွေကိုတစ်လှည့် ကောင်းကင်ပြာကြီးကိုတစ်လှည့် မြင်နေရတော့တာပေါ့။ လီလစ်ကတော့ သူ့ရဲ့ဘေးကနေ မေးကိုထောက်ပြီး ပျံသန်းနေရင်းနဲ့ လှောင်ပြောင်နေတော့တာပါပဲ။

“ပျံသန်းဖို့မေ့နေတဲ့ နတ်ဘုရားတစ်ပါးက ငါ့ကို ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်ချင်တာလဲ။”

ဆယ်ဗီတစ်ခုခု ပြန်ပြောချင်ပေမဲ့ ပါးစပ်ထဲကိုလေတွေ အတောင့်လိုက်ဝင်လာတဲ့အတွက် ဘာသံမှထွက်မလာဘူး။ ပြောရရင် တကယ်တိုက်ခိုက်တတ်တဲ့သူက အင်နာနာဖြစ်ပြီး ဆယ်ဗီမှမဟုတ်တာ။ လီလစ်ကတော့ သူ့ခြေထောက်ကို လေပေါ်မှာတင် ဆန့်ထုတ်လိုက်ပြီး လေပေါ်ကနေ ပြုတ်ကျနေဆဲ ဆယ်ဗီရဲ့ဝမ်းဗိုက်ကို အားနဲ့ကန်လိုက်တယ်။

ဘုန်း....

ဆယ်ဗီက လေပေါ်ကနေအောက်ကို တည့်တည့်ပြုတ်ကျ နေရာကနေ ဘေးဖက်ကိုလွင့်စင်သွားတယ်။ လီလစ်က ချက်ချင်းသူ့ရှေ့မှာ ထပ်ပေါ်လာပြီး ဒူးနဲ့ရင်ဝကိုတိုက်ဖို့ အသင့်စောင့်နေပြန်ရော။

“နင့်ကိုလည်း အဲဒီကောင်လေးက ကတိတစ်ခု ပေးထားတယ်မဟုတ်လား။”

ခရက်....

လီလစ်ရဲ့ဒူးနဲ့ထိမိတဲ့အချိန်မှာ ဆယ်ဗီသူ့ရဲ့နံရိုးတွေ ကျိုးပဲ့သွားတဲ့အသံကို ကြားလိုက်ရပြီ။ ခန္ဓာကိုယ်က အောက်ကို ပြင်းပြင်းပြုတ်ကျလို့။ လီလစ်က အတောင်ပံတွေကိုသုံးပြီး အောက်ကို အရင်ရောက်အောင် ပျံသန်းသွားရင်းကနေ ဆယ်ဗီကို အဆတ်မပြတ် လှောင်ပြောင် ရန်စစကားဆိုနေတယ်။

“ခန့်မှန်းကြည့်ရအောင်... နင့်ရဲ့အသိစိတ်လေးက ပျောက်ကွယ်သွားခါနီးဆိုတော့ နင်အစစ်က နင့်ခန္ဓာကိုယ်ကို ပြန်မရသွားစေဘူးဆိုပြီး ကတိပေးထားတာများလား။”

ဆယ်ဗီက အဲဒီစကားတွေကို နားထောင်ရင်းငိုနေမိတယ်။ လက်ထဲမှာ ဓားကိုကိုင်ထားခဲ့ပေမဲ့ တိုက်ခိုက်ဖို့အခွင့် မရခဲ့ဘူး။ လီလစ်ဟာ သူတွေ့ဖူးတဲ့ ဘယ်သူထက်မဆို သန်မာတယ်။

ဆယ်ဗီ လေပေါ်ကနေ ဆက်ကျဆင်းနေခဲ့တယ်။ ကတ္တရာ လမ်းမနဲ့တိုက်မိခါနီးမှာ လီလစ်က ဆယ်ဗီကို ခြေသလုံးက ဖမ်းဆွဲလိုက်ပြီးတော့ လေပေါ်ဆွဲမြှောက်လိုက်ပြန်တယ်။ အဲဒီနောက် မြစ်ကမ်းနံဘေးတစ်နေရာကိုခေါ်သွားပြီး ဆယ်ဗီကို လည်ပင်းက​နေကိုင်ကာ ခန္ဓာကိုယ်ကို မြစ်ရေထဲ နှစ်မြုပ်လိုက်ပါပြီ။ မျက်နှာကိုသာ ရေပေါ်မှာဖော်ထားခဲ့ပြီး အလွန့်အလွန်အေးစက်နေတဲ့လေသံနဲ့ မေးလိုက်လေရဲ့။

“အဲဒီကောင်လေးက အဲဒီကတိတွေကို တကယ်ဖြစ်အောင် ဖြည့်ဆည်းပေးနိုင်မယ်လို့ နင်ထင်လို့လား။ ဒီကမ္ဘာမှာ နတ်ဘုရားတွေရဲ့အလိုဆန္ဒကို ဆန့်ကျင်နိုင်မယ့်လူသား ရှိနိုင်တယ်လို့ နင်ထင်နေတာလား။”

လီလစ်ရဲ့မျက်နှာပေါ်မှာ အရာအားလုံးကိုလှောင်ပြောငိတဲ့ အပြုံးတစ်ခုရှိနေတယ်။ လှပသလို အေးစက်လွန်းတယ်။ သူ့မျက်လုံးတွေက မှိုင်းညို့နေပြီး သူ့ခံစားချက်တွေကို ဖောက်ထွင်းသိမြင်နိုင်ဖို့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ဆယ်ဗီရဲ့ မျက်နှာပေါ်မှာ အေးခြမ်းတဲ့အမူအရာမျိုး ရှိလို့နေလေရဲ့။

“တကယ်လို့ အဲဒီကတိကို သူမတည်နိုင်ခဲ့ရင်တောင်မှ ဘာဖြစ်လဲ။ သူက ကျွန်မချစ်တဲ့သူ။ သူအကောင်းဆုံး ကြိုးစားနေတယ်ဆိုတာသိရုံနဲ့တင် သူ့ကိုယုံကြည်ဖို့ ထိုက်တန်တယ်။”

“အဲဒီလူက နင့်မျက်စိရှေ့မှာတင် အကြိမ်ကြိမ်ကျရှုံးနေတာ မြင်ရတာတောင်မှလား။”

လီလစ်က ဆယ်ဗီကိုရေထဲနှစ်လိုက်တယ်။ ဆယ်ဗီက ဓားကိုအသုံးပြုပြီး လီလစ်ရဲ့သွေးကြောတွေကိုပိုင်းဖြတ်ဖို့ လုပ်ပေမဲ့ ထူးခြားတဲ့လေဟာနယ်အလွှာက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပုံပဲ။ ခြစ်ရာလေးတစ်ချက်တောင်မှ ထင်မသွားဘူး။

“မလုပ်... နဲ့... ကျွန်မ... ထပ်မသေချင်.... သေး.... ဘူး...”

လီလစ်က ဆယ်ဗီကိုရေထဲမြှုပ်လိုက်၊ ပြန်ဖော်လိုက်နဲ့ နှိပ်စက်နေခဲ့ပြီး နောက်ဆုံးမှာတော့ မေးခွန်းတစ်ခုကို မေးလိုက်ပါပြီ။

“တကယ်လို့ နင်သူ့ကိုယုံကြည်မိလို့ ဒီလောကကြီးကနေ ပျောက်ကွယ်သွားရမယ်ဆိုရင်ရော နင်သူ့ကို ယုံကြည်နေဦးမှာလား။”

ဆယ်ဗီရဲ့မျက်နှာမှာ တူညီတဲ့အပြုံးဟာ ရှိနေဆဲပါပဲ။ သူက လီလစ်ကို တည့်တည့်ကြည့်လိုက်ပြီး

“ဟုတ်တယ်။ ကျွန်မက သူမဖြစ်နိုင်တာတွေကို ပြောနေမယ်ဆိုရင်တောင် ယုံကြည်ပေးမယ်။ အဆိပ်သီးကို ပန်းသီးလို့လိမ်ပြီး ကျွေးရင်တောင် လိမ်နေမှန်းသိသိကြီးနဲ့ ကျွန်မယုံဦးမှာ။ ကျွန်မကို သတ်တော့မှာမလို့ မျက်လုံးမှိတ်ထားပေးဆိုရင်တောင် မှိတ်ပေးလိုက်မယ်။ ရှင်ကျွန်မကို နုံနဲတယ်လို့ မှတ်ရင်လည်းမှတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကိုချစ်မိသွားတဲ့နေ့ကတည်းက သူ့ကို ယုံကြည်ပေးဖို့ဆုံးဖြတ်ခဲ့တာ။”

“အရူးပဲ၊ တကယ့်ကို အရူးတွေပဲ။ နင်တို့သုံးယောက်လုံး အတူတူပဲ။”

လီလစ်ရဲ့မျက်လုံးတစ်ဖက်ကနေ မျက်ရည်တစ်စက် စီးကျလာတယ်။ အဲဒီတစ်စက်တည်းပဲ။ နောက်တော့ လီလစ်က သူ့ပါးပြင်ကို လက်နှစ်ဖက်နဲ့အုပ်ထားပြီးတော့ ရူးသွပ်စွာရယ်မောလိုက်လေရဲ့။

“ဟားဟားဟား.... ဟားဟားဟား....”

လီလစ်က ဆယ်ဗီကို လွှတ်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံး ယိုင်ထိုးနေတဲ့အထိ ရယ်မောနေခဲ့တာ။ ဆယ်ဗီကတော့ မတ်မတ်ပြန်ရပ်နိုင်အောင်ကြိုးစားရင်း လီလစ်ကို စောင့်ကြည့်နေရင်းကနေ ပြောလိုက်တာပေါ့။

“မိုနီကာကလည်း ကျွန်မနဲ့ထပ်တူပဲ သူ့ကိုယုံတယ်။ ဒါကြောင့် သူ့ကို ရှင်ခေါ်သွားမှာကို ခွင့်မပြုပေးနိုင်ဘူး။”

ဆယ်ဗီက ခုခံဖို့ဆက်မတွေးတော့တဲ့ လီလစ်ကို ဓားနဲ့ ထပ်ပြီးရွယ်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဘီယန်ကာရဲ့ ဝိညာဥ်က ဆယ်ဗီနောက်မှာပေါ်လာပြီး သွေးဆာနေတဲ့ အငွေ့အသက်တွေက သူ့ကိုလွှမ်းမိုးထားလို့။ လီလစ်လို ပထမမိစ္ဆာနဲ့ယှဥ်ရင် အားနည်းလွန်းတယ်ဆိုပေမဲ့ ဆယ်ဗီက အသက်စွန့်တိုက်ခိုက်ဖို့အတွက် ရွေးချယ်ထားခဲ့ပြီးသား။

တစ်ဖက်မှာတော့ လီလစ်က ရယ်မောနေတာကိုရပ်ပြီး တစ်စုံတစ်ယောက်ရဲ့နာမည်ကို တသသနဲ့ရေရွတ်ခဲ့တယ်။

“အို... ဆင်မြူရယ်... ဒီကလေးတွေက အဲဒီတုန်းက ကျွန်မတို့တွေနဲ့ သိပ်တူတာပဲ။ ကျွန်မတို့နီးနီး ရူးသွပ်ခဲ့ကြတာပဲ။ မဟုတ်ဘူး၊ သူတို့က ကျွန်မထက် ပိုပြီးရူးသွပ်ခဲ့တာ။ ကျွန်မသာ ဒီကလေးတွေလောက် ရူးသွပ်ခဲ့မယ်ဆိုရင် ရှင်အဲဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူး။”

....

လီလစ်ရဲ့အတွေးတွေက ကမ္ဘာဦးအစ လူသားတွေကို နတ်ဘုရားတွေ ဖန်ဆင်းခဲ့ချိန်။ ဧဒင်ဥယျာဥ်မှာ သူရှိနေချိန်က ကာလတွေအထိ ပြန်ရောက်သွားခဲ့တယ်။

ရွှေရောင်ဆံပင်တွေရှိတဲ့နတ်သားတစ်ပါးက လီလစ်ရဲ့ လက်တွေကိုကိုင်ထားခဲ့ပြီး ဥယျာဥ်ရဲ့အလယ်မှာ ရပ်နေခဲ့တယ်။ သူတို့နဲ့အတူတခြားတစ်ယောက်လည်း ရှိနေခဲ့ပြီးတော့ အဲဒါက ယာဝေနတ်ဘုရားဖန်တီးခဲ့တဲ့ ပထမဆုံးလူသားဖြစ်သူ အာဒံပါ။

သူတို့သုံးယောက်လုံးက ကောင်းကင်ပေါ်က အကောင်အထည်မရှိတဲ့ တည်ရှိမှုတစ်ခုကိုကြည့်နေခဲ့ပြီး အာဒံက ပထမဆုံးပြောခဲ့တယ်။

“အရှင်ဘုရားသခင်၊ အရှင်က ကျွန်တော့်အတွက် အခြားသတ္တဝါတွေလိုပဲ အဖော်တစ်ယောက်ရှိလာအောင် ဖန်ဆင်းပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အရှင် ဖန်ဆင်းပေးခဲ့တဲ့ မိန်းကလေးက ကျွန်တော့်ကိုမချစ်ဘဲ တခြားတစ်ယောက်ကိုသာ ချစ်နေပါတယ်။ ဒါက အရှင် ရည်ရွယ်ထားတဲ့အရာတစ်ခုလား။ ဘာလို့ကျွန်တော့်ကို နောက်ပြောင်ရတာလဲ။”

အာဒံက လက်ကိုင်ထားတဲ့ လီလစ်နဲ့နတ်သားစုံတွဲကို မုန်းတီးစွာကြည့်ရှုနေခဲ့ပေမဲ့ အဲဒီအကြည့်တွေကပဲ သူတို့ကို ပိုပြီးနီးကပ်သွားစေခဲ့တယ်။

“ချစ်သား၊ စိတ်ချလော့။ ငါဘုရားသခင်က အရာရာကို တတ်နိုင်တဲ့သူပဲ။ မင်းအတွက် ကတိတစ်ခုပေးပြီးမှတော့ ဖြစ်အောင်လုပ်ပေးရမှာပေါ့။”

အဲဒီစကားနဲ့အတူ အာဒံရဲ့နံရိုးတစ်ချောင်းက သူ့ကိုယ်က ခွဲထွက်သွားခဲ့ပြီး နောက်ထက်မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဧဝပါပဲ။

မဟာနတ်ဘုရားကြီးယာဝေက အာဒံနဲ့ဧဝကို ဥယျာဥ်ရဲ့ တခြားတစ်ဖက်ကို ပို့ခဲ့ပြီးတဲ့နောက် လီလစ်တို့စုံတွဲကို အာရုံစိုက်လိုက်လေရဲ့။

“သားတော်ဆင်မြူရယ်၊ မင်းက ငါဖန်တီးခဲ့တဲ့ အိန်ဂျယ် မျိုးနွယ်တွေထဲမှာ အဖြောင့်မတ်ဆုံးနဲ့ငါ့အပေါ်မှာ သစ္စာအရှိဆုံးပဲ။”

“သမီးတော်လီလစ်၊ မင်းက ငါဒုတိယမြောက်ဖန်တီးခဲ့တဲ့ လူသားသက်ရှိပဲ။”

“မင်းတို့နှစ်ယောက်က ငါ့ဆန္ဒကို ဆန့်ကျင်တဲ့ပထမဆုံး သက်ရှိတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။”

“မင်းတို့ ဒီလမ်းကိုရွေးချင်တာ သေချာရဲ့လား။”

မဟာနတ်ဘုရားကြီးယာဝေရဲ့စကားတွေက သူတို့တွေရဲ့ ခေါင်းထဲကို တိုက်ရိုက်ဝင်လာခဲ့တယ်။ အာ့ခ်အိန်ဂျယ် ဆင်မြူရယ်နဲ့လီလစ်တို့က ပြိုင်တူခေါင်းညိတ်လိုက်ပြီး ဆင်မြူရယ်က ပြောလိုက်တာပေါ့။

“ခမည်းတော်၊ ကျွန်တော်ခမည်းတော်ရဲ့အလိုကို ဆန့်ကျင်လိုစိတ်မရှိခဲ့ပေမဲ့ ဒီမိန်းကလေးက ကျွန်တော့်ကို ခံစားချက်ဆိုတာဘာလဲ သင်ပေးခဲ့တယ်။ လောကကြီးမှာ ရှိနေတဲ့အရာတွေရဲ့အလှတရားကို သိမြင်စေခဲ့တယ်။ ဒါကြောင့် ဒီမိန်းကလေးကို အရာအားလုံးထက်ပိုပြီး ကျွန်တော်မြတ်နိုးမိပါတယ်။

ခမည်းတော်၊ သားတော်ကိုသက်ညှာသောအားဖြင့် ဒီမိန်းကလေးနဲ့ထာဝရအတူရှိနေခွင့်ကို ချီးမြှင့်တော်မူပါ။”

ယာဝေဟာ အကြာကြီးတိတ်ဆိတ်နေခဲ့တယ်။ ဆင်မြူရယ် ပြောခဲ့တဲ့စကားတိုင်းကို သေချာစေ့စေ့စပ်စပ် နားထောင် သုံးသပ်နေခဲ့ပုံပါပဲ။ ပြီးမှ ဆင်မြူရယ်ကို မေးခွန်းတွေ ထပ်မေးတယ်။

“အရာအားလုံးထက် ဆိုပါလား။ သားတော်၊ မင်းက ငါ့ထက်တောင်မှ ဒီမိန်းကလေးကို တန်ဖိုးထားတာလား။”

“ခမည်းတော်၊ အမှန်ပါပဲ။”

“အင်း၊ ဘယ်တတ်နိုင်ပါ့မလဲ။”

ယာဝေက ဆင်မြူရယ်နဲ့စကားပြောပြီးတဲ့နောက်မှာတော့ လီလစ်ကိုကြည့်ခဲ့ပါတယ်။ အရင်အကြိမ်တွေတုန်းကလိုပဲ ယာဝေရဲ့စကားသံတွေက လီလစ်ရဲ့စိတ်အတွင်းထဲကို တိုက်ရိုက်ထိုးဝင်လာခဲ့တာပေါ့။

“သမီးတော်၊ အသင်ကရော ဆင်မြူရယ်ကလွဲရင် တခြားဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူးလား။ အာဒံကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။”

လီလစ်က အသက်ကို ဝအောင်ရှုလိုက်ပါတယ်။ ပြီးနောက် တုန့်ဆိုင်းမနေဘဲ သူ့ရင်တွင်းခံစားချက်တွေကို ထုတ်ဖော် ပြောခဲ့တာပေါ့။

“သမီးတော် ဆင်မြူရယ်ကိုမြင်မြင်ချင်းမှာပဲ သူ့ကို စွဲလမ်းသွားခဲ့မိတာပါ။ သူကလွဲရင် တခြားတစ်​ယောက်ကို သမီးမျက်နှာသာမပေးနိုင်ဘူး။ ဒါကြောင့်ကျွန်မတို့ကို အတူရှိနေခွင့် ပေးသနားတော်မူပါ။”

နှစ်ယောက်လုံးရဲ့စကားတွေကို နားထောင်ပြီးတဲ့အချိန်မှာ ယာဝေနတ်ဘုရားဆီကနေ “ကောင်းပြီ။”ဆိုတဲ့ မှတ်ချက်နဲ့အတူ ဧဒင်ဥယျာဥ်ကြီးရဲ့အလယ်မှာ မုခ်ပေါက်တစ်ခု ဖြစ်တည်လာထဲ့လေရဲ့။ အဲဒီမုခ်ပေါက်ရဲ့ တစ်ဖက်ခြမ်းမှာတော့ ကျယ်ပြောလှတဲ့ အပြင်လောကကြီး ရှိနေခဲ့တော့တာပေါ့။

“ဒီမုခ်ဝကို ဖြတ်သွားပြီးရင် မင်းတို့နှစ်ယောက်လုံး လူ့လောကကြီးမှာ ထာဝရအတူတူ နေထိုင်ခွင့် ရကြလိမ့်မယ်။”

ယာဝေရဲ့ဒီစကားကို ကြားရချိန်မှာ သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာအပြုံးတစ်ခု ပြိုင်တူပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မဟာနတ်ဘုရားကြီးယာဝေရဲ့စကားက ဒီနေရာမှာတင် မဆုံးသေးပါဘူး။

“ဒါပေမဲ့ ဒီမုခ်ဝက စမ်းသပ်မှုတစ်ခုလည်းဖြစ်တယ်။ မုခ်ဝကို တစ်ဦးကိုတစ်ဦး အပြည့်အဝအပြန်အလှန် ယုံကြည်ကြတဲ့ စုံတွဲတွေသာ ဖြတ်သန်းသွားနိုင်တယ်။ ဖြတ်သန်းသွားနိုင်တဲ့စုံတွဲတွေကို ဘယ်နတ်ဘုရား၊ ဘယ်တည်ရှိမှုကမှ မခွဲနိုင်စေရဘူးလို့ ငါအာမခံတယ်။”

ယာဝေရဲ့ကြေညာချက်က လွှမ်းမိုးမှု သိပ်ကို ပြင်းထန်တယ်။ မဟာနတ်ဘုရားကြီးယာဝေလို အရာရာကို စူးစမ်းလေ့လာချင်တဲ့ နတ်ဘုရားတစ်ပါးဆီက အခုလို ဆုံးဖြတ်ချက်မျိုးထွက်လာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

လီလစ်က ဆင်မြူရယ်ကို စိုးရိမ်စွာနဲ့ ကြည့်လိုက်တယ်။ ဆင်မြူရယ်က လီလစ်ရဲ့ဆံသားတွေကို သူ့လက်နဲ့ ဖြည်းဖြည်းချင်း ထိတွေ့လိုက်ပြီးတော့ ဘုရားသခင်ကို မေးလိုက်တာပေါ့။

“ခမည်းတော်၊ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ကြဘူးဆိုရင်ရော။”

ဟားဟား....

ယာဝေဆီကနေ သဘောတကျရယ်သံထွက်လာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ ကျက်သီးထစရာကောင်းတဲ့ အဖြေတစ်ခုကို နှစ်ယောက်လုံးကြားအောင်ပြောခဲ့တာပေါ့။

“မင်းတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ဘဲ သံသယတွေရှိနေမယ်ဆိုရင်တော့ ထာဝရခွဲခွာခြင်းခံရလိမ့်မယ်။ အပြစ်ကင်းစင်တဲ့ တစ်ယောက်က ပျောက်ကွယ်သွားပြီး တစ်ယောက်ကတော့ အဲဲဒီအပြစ်တွေကိုသယ်ဆောင်ရင်း အပြစ်သားအဖြစ်နဲ့ ထာဝရရှင်သန်သွားရလိမ့်မယ်။”

အဖြေကို ကြားလိုက်ရပြီးနောက်မှာတော့ ဆင်မြူရယ်က လီလစ်ရဲ့လက်ကလေးကို ညာလက်နဲ့ ဖွဖွလေး ကိုင်လိုက်ပြီးတော့ ဘယ်လက်နဲ့အပေါ်ကထပ်လိုက်တယ်။

“မစိုးရိမ်ပါနဲ့၊ မင်းရဲ့အချစ်တွေကို ကိုယ်ယုံတယ် လီလစ်။ ဒါကြောင့် ကိုယ့်ကိုယ်လည်း ယုံကြည်ပေးပါ။”

“အင်း... “ လီလစ်က ဆင်မြူရယ်ကိုခေါင်းညိတ်ပြပြီး နှစ်ယောက်အတူလက်တွဲကာ မုခ်ဝဆီကိုလျှောက်ခဲ့တယ်။ ဒါပေမဲ့ အနားနီးလာလေလေ လီလစ်ရဲ့နှလုံးသားတွေက ပြောင်းဆန်လာလေလေပါပဲ။

‘အိန်ဂျယ်မျိုးနွယ်တွေက ငါတို့နဲ့မတူဘဲဘုရားသခင်ကို ခစားဖို့ဖန်တီးယူခဲ့တာတဲ့။ သူတို့မှာ ခံစားချက်ဆိုတာ မရှိသလောက်ပဲတဲ့။ သူက ငါ့ကိုတကယ်ချစ်တာမဟုတ်ဘဲ မယာနတ်ဘုရားကြီးလိုပဲ အချစ်ဆိုတဲ့ခံစားချက်ကိုပဲ သိချင်စိတ်နဲ့ လေ့လာနေတာဆိုရင်ရော ဘယ်လိုလုပ်မလဲ။’

လီလစ် သတိဝင်လာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ မှော်ဆန်တဲ့ မုခ်ဝထဲကို ခြေလှမ်းဝင်နေမိကြပါပြီ။ လီလစ်ရဲ့ နှလုံးသားထဲမှာ တစ်ခုခု ကွဲကြေသွားသလိုမျိုး ခံစားရပြီး မျက်သူငယ်အိမ်တွေ ပြူးကျယ်သွားခဲ့တာပေါ့။

“မဟုတ်ဘူး.... ကျွန်မအသင့်မဖြစ်သေးဘူး။ ဆင်မြူရယ်၊ ကျွန်မတို့ခဏနေမှ ရှေ့ဆက်သွား...”

လီလစ်စကားမဆုံးသေးခင်မှာပဲ သူ့လက်ကိုကိုင်ဆွဲထားတဲ့ အမျိုးသားရဲ့အထိအတွေ့ကို ဆုံးရှုံးသွားခဲ့တယ်။ လီလစ်ရဲ့ ခြေထောက်တွေက ပြင်ပကမ္ဘာကြီးကို ခြေချလိုက်မိပြီး ဆင်မြူရယ်ရဲ့ခန္ဓာကိုယ်ကတော့ အလင်းမှုန်တွေအဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားခဲ့ပါပြီ။

“ဆင်မြူရယ်... မဖြစ်ရဘူး.... ခမည်းတော်....”

လီလစ်က ပြန်ဝင်ဖို့အတွက် မုခ်ပေါက်ကို လိုက်ရှာခဲ့ပေမဲ့ ဘယ်နေရာမှာမှမရှိခဲ့ဘူး။ အဲဒီနောက် စိုးရိမ်တကြီးနဲ သူ့လက်တွေကို ပြန်ငုံကြည့်ခဲ့တယ်။ ဆင်မြူရယ်ဆီက နွေးထွေးမှုကို လက်ခံရယူခဲ့တဲ့ ဒီလက်တွေက အခုတော့ လေကိုသာ ဆုပ်ကိုင်မိလေရဲ့။

လီလစ်က ဆင်မြူရယ်ရဲ့အနွေးဓာတ်ကို ခံစားမိလို့မိညား အဲဒီလက်တွေနဲ့ သူ့ပါးပြင်တွေကို ထိတွေ့လိုက်မိတယ်။ ချွေးစေးတွေကြောင့် အေးစက်နေတဲ့အထိအတွေ့ကိုသာ သူခံစားမိချိန်မှာတော့ မျက်ရည်တစ်စက်က သူ့လက်ပေါ် ကျဆင်းလာခဲ့ပြီး ပုံပျက်နေတဲ့အပြုံးနဲ့ ရယ်မောမိလေရဲ့။

‘ဟားဟားဟား.... ဟားဟားဟား.....’

နောက်တစ်ခဏအကြာမှာပဲ လီလစ်မြင်နေရတဲ့ သူ့အရိပ်မှာ အမြီးတစ်ချောင်းပေါက်လာခဲ့ပြီး သူ့လက်သည်းတွေ ရှည်ထွက်လာတာကို သတိထားမိလိုက်တယ်။ ဦးခေါင်းခွံ တစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားရပြီးနောက်မှာတော့ သူ့ဦးခေါင်းပေါ်မှာ ဆိတ်ချိုတွေရှိနေခဲ့ပါပြီ။

‘အပြစ်သားတစ်ယောက်ရဲ့အမှတ်အသား' ဒါက ဆင်မြူရယ်အပေါ်မှာ သံသယဝင်မိတဲ့အတွက် သူပေးဆပ်ခဲ့ရတဲ့အရာပါပဲ။ ဒါပေမဲ့ အ​ပြစ်ကင်းစင်တဲ့ ဆင်မြူရယ်ကိုယ်တိုင်ကတော့ သူ့ထက်ပိုပြီး ပေးဆပ်ခဲ့ရတယ်။

All Chapters