အခန်း ၁၂၀၃
Vol. 81 Ch. 1203
အခန်း ( ၁၂၀၃ ) နတ်ဆိုးဧကရီလေးနှင့် တွေ့ဆုံခြင်း။
ရောင်စုံစကတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီး၏ အငွေ့အသက်ကို ခံစားမိကတည်းက ကျွင်းရှောင်ယောက်သည် သူ့ကိုဖိတ်ကြားလိုသူအား ခန့်မှန်းမိလိုက်သည်။
ကျွင်းရှောင်ယောက်ကလည်း ထိုလျှို့ဝှက်ဆန်းကျယ်သော နတ်ဆိုးဧကရီလေးကို တွေ့ချင်သေးသည်။
ကျွင်းရှောင်ယောက်သည် နောက်ဆုံးအကြိမ်က နတ်ဆိုးဧကရီကို ငြင်းပယ်ခဲ့သော်လည်း...
သူမတွင် အချက်အလက်တချို့ ရှိသင့်သည်။
မကြာမီ၊ ကျွင်းရှောင်ယောက်က နတ်ဆိုးနတ်ဘုရားနန်းတော်ကို ရောက်လာခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့် ဟင်းလင်းပြင်ကို ဆုပ်ဖြဲပြီး မိုင်ပေါင်း သန်းရာနှင့်ချီ၍ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်သည်။
"နတ်ဘုရားသားတော်၊ ဧကရီက နန်းတော်ထဲမှာ နတ်ဘုရားသားတော်ကို စောင့်နေပါတယ်"
ရောင်စုံစကတ်ဝတ် အမျိုးသမီးက တလေးတစားပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ပြပြီး ခမ်းနားထည်ဝါသော နန်းတော်ထဲသို့ ဝင်ရောက်သွားတော့သည်။
"ဟင်း၊ ဒီကမ္ဘာမှာ နတ်ဆိုးဧကရီတောင်မှ ဖိတ်ခေါ်တွေ့ဆုံရတဲ့ လူတစ်ယောက် တကယ်ရှိနေသေးတာပဲ"
ရောင်စုံစကတ်ဝတ် အမျိုးသမီးက သက်ပြင်းချလိုက်သည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က နန်းတော်အတွင်းပိုင်းသို့ ရောက်လာခဲ့သည်။
အတွင်းပိုင်း အပြင်အဆင်က အလွန်ရိုးရှင်း၏။
ကန့်လန့်ကာတစ်ခုဖြင့် ကွယ်ထားသည့် အနီရောင်ကုတင်တစ်လုံးသာ ရှိသည်။ ကန့်လန့်ကာနောက်မှ ကုတင်ပေါ်မှာတော့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားဖြင့် ပုံရိပ်တစ်ခု ရှိနေလေ၏။
ပိတ်ကျဲစ ကန့်လန့်ကာတစ်ခု ခြားနေသော်လည်း လက်ရာမြောက်သော အလှအပတို့ကို ဝိုးတဝါး မြင်နိုင်သေးသည်။
"မောင်လေးရှောင်ယောက်၊ ငါတို့ နောက်ဆုံးမှာတော့ တကယ်တွေ့ကြပြီပေါ့။ ဒီအိပ်ရာက ကြီးပါတယ်... ငါတို့ အတူတူသုံးလို့ရတယ်"
နတ်ဆိုးဧကရီလေး၏ ချိုမြိန်သောအသံ ထွက်ပေါ်လာသည်။ သူမ၏ စကားသံက လူအများ၏ နှလုံးသားကို တုန်ယင်လှုပ်ရှားစေနိုင်ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လှိုင်းလုံးကြီးများနှင့် မုန်တိုင်းမျိုးစုံကို ဖြတ်သန်းခဲ့ဖူးသည်။
သူသည် အကြားအမြင် ဗဟုသုတက အလွန်ကြွယ်ဝ၏။
နတ်ဆိုးဧကရီလေး၏ စကားက မရိုးရှင်းဘဲ တစ်စုံတစ်ခုကို ရည်ညွှန်းနေသလိုပင်။
သို့ရာတွင်၊ ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက်က ရှောင်ထွက်နိုင်ခဲ့သည်။
"အကြီးအကဲ နတ်ဆိုးဧကရီ၊ ခင်ဗျားက အတိတ်ကို ပြန်အောက်မေ့ဖို့ ခေါ်လိုက်တာတော့ မဟုတ်ဘူး မဟုတ်လား"
"ဟွန့်၊ အရင်က ပြောထားတာ မမှတ်မိဘူးလား။ ငါ့ကို အကြီးအကဲလို့ မခေါ်နဲ့"
နတ်ဆိုးဧကရီလေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ယောင်ယောင်"
ကျွင်းရှောင်ယောက်လည်း ဤအတွက် အကူအညီမဲ့နေပြီး ဘာမျှမတတ်နိုင်ခဲ့ပေ။
"အဲလိုမှပေါ့၊ မောင်လေးရှောင်ယောက်က အဲဒီလိုခေါ်တာကို ငါကြိုက်တယ်"
နတ်ဆိုးဧကရီလေးက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ယောင်ယောင်၊ ကျုပ်တို့တွေ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးသားသား မပြောကြတာလဲ။ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုဘူး"
ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း ပြောလိုက်သည်။
နတ်ဆိုးဧကရီလေးကမူ ထိုစကားကိုကြားသောအခါ သူမသည် တအံ့တဩ ထပြောလိုက်၏။
"တစ်ယောက်နဲ့တစ်ယောက် ရိုးသားရမှာလား။ ဒါဆိုရင် မောင်လေးရှောင်ယောက်ရဲ့ အဝတ်အစားတွေကို အရင်မချွတ်သင့်ဘူးလား"
ကျွင်းရှောင်ယောက် ဆွံ့အသွားသည်။
သူ့စကားက ရိုးသားပြီး ဤသို့ရည်ညွှန်းခြင်းမျိုး လုံးဝ မရှိပေ။
ဤနတ်ဆိုးဧကရီလေးက သူ့ထက်ပင် သတ္တိကောင်းသည်။
သာမာန်အမျိုးသားများက တကယ်ကို တောင့်မခံနိုင်ဘူးဟု ပြောနိုင်ပေသည်။
"ဟင်းဟင်း၊ ငါ မင်းကို မနောက်တော့ပါဘူး"
စကားသံအဆုံးတွင်၊ ကန့်လန့်ကာနောက်ကွယ်မှ နူးညံ့သော ကျောက်စိမ်းခြေထောက်တစ်စုံ ပေါ်လာခဲ့သည်။ ထို့နောက် လက်ကလေးတစ်ဖက်က ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
နောက်ဆုံးတွင် နတ်ဆိုးဧကရီလေး၏ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော မျက်နှာလေးက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာတော့သည်။
သူမ၏ လှပလွန်းသော ခန္ဓာကိုယ်ကို အနီရောင်ဖျော့ဖျော့ ၀တ်စုံဖြင့် ဖုံးအုပ်ထားသည်။
ခန္ဓာကိုယ်အချိုးအစားက လှပသည့်အပြင် ထူးခြားသော ကျက်သရေနှင့် ဆွဲဆောင်မှုတစ်မျိုးလည်း ရှိသေးသည်။
သူမ၏ အနက်ရောင် ဆံပင်များကိုမူ အစိမ်းရောင်ပိုးချည်ဖြင့် လျော့တိလျော့ရဲ စည်းထားသည်။
အသားအရေကလည်း လေကြမ်းကြမ်းတိုးလျှင်ပင် သွေးခြေဥမလို ဖြူနုလေ၏။
ထိုလှပသော အသွင်ပြင်ရှေ့တွင် ကမ္ဘာတစ်ခုလုံး၏ အလင်းရောင်က မှိန်ဖျော့သွားပုံရသည်။
အထူးသဖြင့် သူမ၏ ပတ္တမြားသဖွယ် အနီရောင်နှုတ်ခမ်းများအထက်မှ မှဲ့ကလေးက နတ်ဆိုးဧကရီလေးကို ပို၍ ဆွဲဆောင်မှုတိုးစေသည်။
ဤသည်မှာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ အလှဘုရင်မတစ်ပါးဖြစ်သော နတ်ဆိုးဧကရီလေးပင်။
"ဘာလဲ၊ မင်း အံ့ဩသွားလား"
နတ်ဆိုးဧကရီလေးက ပြုံးလိုက်သည်။
ဤအခိုက်တွင် သူမက ခပ်ဟော့ဟော့ ဝတ်ထား၏။
သူမ၏ ရှည်လျားပြီး ဖြူဖွေးသော ခြေထောက်တစ်စုံကို ပြောင်ပြောင်တင်းတင်း ဖော်ဆောင်ထားသည်။
ကျွင်းရှောင်ယောက်လည်း ခိုးကြောင်ခိုးဝှက်မလုပ်နေဘဲ ကျေနပ်သည်အထိ ကြည့်လိုက်လေသည်။
"ပန်းတစ်ပွင့်ရဲ့ တန်ဖိုးကို မြင့်မားစေချင်ရင် ဥယဉ်မှူးတစ်ယောက်က တန်ဖိုးထားရမယ်"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"ဒါဆိုရင် အဲဒီအချိန်က ယောင်ယောင်ကို မင်းက ရက်ရက်စက်စက်ကြီး ငြင်းခဲ့တာလဲ"
နတ်ဆိုးဧကရီလေးက စိတ်ဆိုးဟန်ဖြင့် ပြောလိုက်၏။
အမျိုးသမီးတစ်ဦးကို ပစ်မှားမိခြင်းမှာ မြွေပွေးကို ထိပ်ပုတ်ခြင်းထက် အမှန်တကယ် ပိုဆိုးသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"ဒါက မတူညီတဲ့ အရာနှစ်ခုပဲ"
"တကယ်ပဲလား၊ ဟင်း... ငါ အရမ်းဝမ်းနည်းတယ်။ မင်းအတွက်ကြောင့် ငါက အင်မော်တယ်ခုံရုံးက တိဟောက်ထျန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတောင် စွန့်လွှတ်ခဲ့တာ" နတ်ဆိုးဧကရီလေးက သက်ပြင်းချလိုက်လေသည်။
"တိဟောက်ထျန်း... သူက မင်းကိုတွေ့ဖို့ လာခဲ့တယ်။ ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။
နတ်ဆိုးဧကရီလေးကလည်း တိဟောက်ထျန်း၏ လည်ပတ်မှုအကြောင်း ကျွင်းရှောင်ယောက်ကို ပြောပြလိုက်လေသည်။
"အမှန်အတိုင်းပြောရရင် ငါလည်း နည်းနည်းတော့ အံ့ဩမိတယ်"
"အဲဒီ တိဟောက်ထျန်းက အရာရာတိုင်းကို သိမြင်နေသလို ခံစားရတယ်။ သူ့ကို ငါမသိပေမဲ့ သူက ငါ့ကိုတွေ့ဖူးသလိုပဲ။ ဒါက တစ်မျိုးပဲ"
နတ်ဆိုးဧကရီလေးက ပြောလိုက်သည်။
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွား၏။ ရွှီထျန်းလောကတွင် တိဟောက်ထျန်း၏ လှုပ်ရှားမှုများကို သူ ပြန်သတိရလာသည်။
အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူတစ်ဦး၏ ခံစားချက်မျိုးက...
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ကမ္ဘာကူးပြောင်းလာသူတစ်ဦးအနေဖြင့် သူ၏ အတွေးအမြင်များက သာမန်နှင့်မတူပေ။
ဤကဲ့သို့ စိတ်ကူးယဉ်ကမ္ဘာတွင် ပြန်လည်ဝင်စားခြင်းများက အမှန်တကယ် ဖြစ်ပေါ်လာနိုင်သည်။
သို့သော်၊ အနာဂတ်မှ ပစ္စုပ္ပန်ကို ပြန်ရောက်လာရန်က မဖြစ်နိုင်သလောက်ပင်။
ဒဏ္ဍာရီလာဧကရာဇ်များက ရှည်လျားသော အချိန်မြစ်ထဲသို့ ခြေချနိုင်ပြီး ထာဝရအစီအစဥ်များကို ချမှတ်နိုင်သည်။
သို့သော်၊ အတိတ်သို့ လူကိုယ်တိုင် ပြန်လည်ဝင်စားရန်တော့ မဖြစ်နိုင်ပေ၊၊
ထိုကဲ့သို့သော အကြောင်းအကျိုးတရားကို ဒဏ္ဍာရီလာ ဧကရာဇ်ပင်လျှင် သတိထားရသည်။
ထို့ကြောင့် ဒဏ္ဍာရီလာဧကရာဇ်များ၏ အတိတ်နှင့် အနာဂတ်ကို ဖန်တီးနိုင်စွမ်းမှာ အကန့်အသတ်ရှိပေသည်။
တိဟောက်ထျန်းက ဘီလူးတစ်ကောင်ဖြစ်သော်လည်း ဤစွမ်းအားမျိုး မရှိနိုင်ပေ။
သို့သော်လည်း တိဟောက်ထျန်း၏ ယခင်အမူအရာများကို ပြန်တွေးမိသောအခါ၊ ယင်းက ပြန်လည်မွေးဖွားလာသူနှင့် အမှန်တကယ် မတူပေ။
ရွှီထျန်းလောကတွင် မည်သို့သော အခွင့်အလမ်းများ ရှိသလဲဆိုတာကို သူသိထားပြီး နတ်ဆိုးဧကရီလေး၏ မူလဇာစ်မြစ်ကိုလည်း သိနေသည်။
'တကယ်လို့ သူက အနာဂတ်ကနေ ပြန်မွေးဖွားသူဆိုရင် လုပ်ရိုးလုပ်စဉ်အတိုင်း သူပြန်ပေါ်လာဖို့ ရွှေလက်ချောင်းတစ်မျိုး ရှိသင့်တယ်'
'ဒါပေမဲ့ အဲဒါက တကယ်ဟုတ်ပါ့မလား'
ကျွင်းရှောင်ယောက်က တစ်ခုခု မှားနေသည်ဟု အမြဲခံစားခဲ့ရသည်။
ထို့ပြင် ကျွင်းရှောင်ယောက်က ကြီးမားသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။
တိဟောက်ထျန်းက သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းလို့မရနိုင်ပေ။
ရွှီထျန်းလောကတွင်ရှိစဉ်မှာ ကျွင်းရှောင်ယောက်က အခွင့်အလမ်းအားလုံးကို ရယူနိုင်ခဲ့သည်။
'ဒီလိုဆိုရင် တိဟောက်ထျန်းက အတိတ်ကို ပြန်လည်ဝင်စားသူ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ငါ့အကြောင်း မှတ်အမှတ်တရတွေ မရှိနိုင်ဘူး'
'ဒါက ငါဟာ ဗလာနယ်ကံကြမ္မာဖြစ်နေလို့လား'
ကျွင်းရှောင်ယောက်က တွေးနေမိသည်။
ထို့ပြင် တိဟောက်ထျန်းက ရိုးရိုး မွေးဖွားလာခြင်းမဟုတ်ကြောင်း သူခံစားမိသည်။
သူ့နောက်တွင် လက်မည်းကြီးတစ်စုံ ရှိနေပုံရ၏။
ယင်းကို တိဟောက်ထျန်းကိုယ်တိုင်ပင် သတိထားမိပုံမရပေ။
"မောင်လေးရှောင်ယောက်၊ ဘာတွေစဉ်းစားနေတာလဲ"
နတ်ဆိုးဧကရီလေးက ပျင်းရိစွာ မေးလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
တိဟောက်ထျန်းက အတိတ်သို့ ပြန်လည်မွေးဖွားလာသူဖြစ်နိုင်ကြောင်း ခန့်မှန်းမိပြီးနောက်...
ကျွင်းရှောင်ယောက်က မစိုးရိမ်သည့်အပြင် ပို၍ စိတ်ဝင်စားလာခဲ့မိသည်။
'ဒီလိုဆိုရင်လည်း ကောင်းတယ်၊ စိတ်ခေါ်မှုပိုရှိတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာပေါ့'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်၏။
မဟုတ်ပါက ငြီးငွေ့ဖွယ်ကောင်းနေလိမ့်မည်။
"တိဟောက်ထျန်းက ဒီလောက် စိတ်ဝင်စားဖို့ကောင်းတာလား"
နတ်ဆိုးဧကရီလေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း သူ့ကို ငြင်းပယ်လိုက်တာက တကယ်ကို အံ့ဩစရာကောင်းတယ်။ ကျုပ်တို့ သူငယ်ချင်းဖြစ်သင့်တယ်လို့ ထင်တယ်"
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကမ်းပေးလိုက်သည်။
နတ်ဆိုးဧကရီလေးက ခပ်တိုးတိုးရယ်ပြီး ရုတ်တရက် ရှေ့သို့ တိုးလာ၏။
သူမက လက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲ သူမ၏လျှာဖျားလေးကိုထုတ်ပြီး ကျွင်းရှောင်ယောက်၏ လက်ချောင်းကို နမ်းလိုက်တော့သည်။
"ငါက မောင်လေးနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး"
ကျွင်းရှောင်ယောက် ရှက်ရွံ့လာမိသည်။
အမျိုးသမီးတစ်ယောက် ဦးဆောင်လာသောအခါ အမှန်တကယ် ကြောက်စရာကောင်းသည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က နတ်ဆိုးနတ်ဘုရားနန်းတော်မှ ထွက်ခွာသွားလေသည်။
နတ်ဆိုးဧကရီလေး၏ နောက်ကွယ်မှ မူလဇာစ်မြစ်ကိုတော့ သူမက အချိန်မတန်သေးဘူးဟု ဆိုခဲ့သည်။
ကျွင်းရှောင်ယောက်ကလည်း သိပ်ပြီး ဂရုမစိုက်ပေ။
သူက ကောင်းကင်ကိုးပါးအထက်မှ စွမ်းအားကို ဆွဲယူအသုံးပြုရန် စိတ်ကူးမရှိပါ။
နတ်ဆိုးဧကရီလေးက သူ့ရန်သူမဖြစ်သရွေ့ လုံလောက်သည်။
'အတိတ်ကို ပြန်လည်မွေးဖွားလာသူအနေနဲ့ တိဟောက်ထျန်းမှာ အနာဂါတ်အကြောင်း အချက်အလက်တွေ အများကြီးရှိနိုင်တယ်။ ဒါပေမဲ့ ငါ့အစီအစဉ်တွေကိုတော့ သိဖို့နေနေသာသာ ခန့်မှန်းလို့တောင် မရနိုင်ဘူး'
ကျွင်းရှောင်ယောက်က စိတ်ထဲမှတွေးရင်း အနည်းငယ် ပြုံးလိုက်သည်။
ဤအပြုံးကိုတော့ သူနှင့် ရင်းနှီးသူတိုင်း သိထားပြီးသား ဖြစ်လိမ့်မည်။