အခန်း ၁၂၀၅
Vol. 81 Ch. 1205
အခန်း ( ၁၂၀၅ ) သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး ပေါ်လာခြင်း။
မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။
ကျွင်းရှောင်ယောက်ကလည်း ကျွင်းမိသားစုမှ ထွက်ခွာရန် ပြင်ဆင်နေပြီ။
အကြောင်းမှာ၊ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးရှိ ယင်ဟော်နတ်ဆိုးကြယ်တွင် ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ဟု သတင်းအချို့ ကြားသိရသောကြောင့် ဖြစ်သည်။
မေ့ပျောက်ခြင်းမြေ မွေးဖွားခြင်းက မဝေးလှတော့ပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်။
သို့ရာတွင်...
မမျှော်လင့်ဘဲ လော့ရှန်းလင်က ကျွင်းမိသားစုတွင် ဆက်နေလိုကြောင်း ပြောခဲ့သည်။
"ဒီကလူတွေက ငါ့အပေါ်မှာ အင်မတန် ကြင်နာကြပြီး ငါ့ကို စိတ်အေးချမ်းသာယာမှု ခံစားရစေတယ်။ အင်မော်တယ်အကယ်ဒမီမှာ နေရတာထက်တောင် ပိုသက်တောင့်သက်သာရှိပြီး လွတ်လပ်တယ်"
လော့ရှန်းလင်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
လော့ရှန်းလင်နှင့် ကျန်းရို့က ဤကာလအတွင်း ကောင်းစွာ ပေါင်းသင်းနေကြသည်ကို သူသိသည်။
သူက အိမ်နှင့် အမြဲဝေးနေပြီး တစ်နှစ်ပတ်လုံး ပြန်မရောက်နိုင်သလောက်ပင်။
ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ကျန်းရို့နှင့် အဖော်တစ်ဦး ရှိနေခြင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိခဲ့သည်။
"ကောင်းပြီလေ၊ ရှန်းလင်... ကျွင်းမိသားစုကို မင်းရဲ့အိမ်လိုပဲ သဘောထားပါ"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"ငါ့အိမ်..."
လော့ရှန်းလင်၏ မျက်နှာက နီရဲသွားသည်။
ဒါက တစ်ခုခုကို ဆိုလိုတာလား။
ကျွင်းရှောင်ယောက်က ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက်တွင်မှ သူ့စကားဟာ အဓိပ္ပာယ်တစ်မျိုးဖြစ်နိုင်ကြောင်း သတိပြုမိလိုက်၏။
ယင်းက လော့ရှန်းလင်ကို ကျွင်းမိသားစု၏ ချွေးမတစ်ဦးအဖြစ် သတ်မှတ်နိုင်သည် မဟုတ်လော။
ကျွင်းရှောင်ယောက်လည်း ထွေထွေထူးထူး မရှင်းပြနေတော့ဘဲ ဘုရင်ဖုဖုန်းနှင့် ရှောင်ချမ်ရွယ်ကို ခေါ်ဆောင်ကာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ထွက်ခွာခဲ့သည်။
ကျွင်းမိသားစုမှ လူတိုင်းက ထိုကလေးမလေး ချမ်ရွယ်ကို ချစ်ကြသည်။
သို့သော်လည်း သိကြသည့်အတိုင်း ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်နှင့်သာ အတူနေလိုခဲ့ပေသည်။
............
အဆုံးမရှိ ကျယ်ပြောသော ကြယ်ကောင်းကင်တွင်...
မိုးပြာရောင် ဂဠုန်ငှက်ကြီးတစ်ကောင်က ၎င်း၏ အတောင်များကို တအုန်းအုန်း ရိုက်ခတ်လျက် ပျံသန်းနေသည်။
၎င်း၏ အတောင်ရိုက်ခတ်အားက ပြင်းထန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ဥက္ကာခဲများစွာကို ကွဲကြေစေခဲ့ပေသည်။
ကျွင်းရှောင်ယောက်က ဂဠုန်ငှက်ကြီး၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ရှောင်ချမ်ရွယ်ကလည်း သူ့ကိုမှီပြီး ထိုင်နေလေ၏။
'မေ့ပျောက်ခြင်းတိုင်းပြည်ကို ဘယ်လိုဝင်ရပါ့မလဲ'
'နောက်ပြီးတော့ တားမြစ်မိသားစုတွေလည်း ရှိသေးတယ်။ ငါ့ကို တစ်ခါလောက် ဟန်ပြပြီးတာနဲ့ နောက်တစ်ခါ မလာကြတော့ဘူး'
ကျွင်းရှောင်ယောက်က တွေးနေမိသည်။
ဤအတိုင်းဆိုလျှင် သူ စိတ်ပျက်ရလိမ့်မည်။
သူက နည်းလမ်းတစ်ခုကို တွေးမိသည်။
သို့သော်လည်း ဤအခြေအနေက တစ်စုံတစ်ခုကို အခွင့်ကောင်းယူရန် လိုအပ်ပေသည်။
ထိုအချိန်တွင် ဘုရင်ဖုဖုန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"သခင်၊ တစ်ခုခုတော့ လွဲမှားနေပြီထင်တယ်"
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်သည် ယခင်က စဉ်းစားနေရသောကြောင့် ပတ်ဝန်းကျင်ကို ဂရုမပြုမိခဲ့ပေ။
ဘုရင်ဖုဖုန်း၏ စကားကို ကြားရသောအခါမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
ရုတ်တရက်၊ ကြယ်ကောင်းကင်က မှောင်မိုက်နေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်တွင် ကြယ်တစ်ပွင့်မျှ မတွေ့ရပေ။
သူတို့က စကြဝဠာ၏ အဆုံးစွန်သို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။
ဒါက ပုံမှန်မဟုတ်ပါ။
"ဒါက အင်မော်တယ်အကယ်ဒမီကို ပြန်သွားတဲ့လမ်း မဟုတ်ဘူးလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ဒါပေမဲ့..."
ဘုရင်ဖုဖုန်းကလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
ကျွင်းရှောင်ယောက်က မတ်တပ်ထရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူက ပြုံးပြီး ပြောလိုက်၏။
"မင်းတို့ ရောက်လာမှတော့ ဘာဖြစ်လို့ ကိုယ်ထင်မပြရတာလဲ"
စကားသံ ပျောက်ကွယ်သွားသော်လည်း ကောင်းကင်တွင် တုံ့ပြန်မှု လုံးဝ မရှိပေ။
ကျွင်းရှောင်ယောက်က တစ်ယောက်တည်း စကားပြောနေသကဲ့သို့ ဖြစ်သည်။
သို့သော်...
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုး ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"သူက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သူရယ်လို့ ကမ္ဘာအရပ်ရပ်မှာ ကျော်ကြားတဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်ထိုက်ပါပေတယ်။ ဒီလို တိကျပြတ်သားမှုမျိုးက အမှန်တကယ် လေးစားဖို့ကောင်းတယ်"
ဟင်းလင်းပြင်မှ ဝတ်စုံဖြူဝတ် လူတစ်စု ပေါ်လာခဲ့သည်။
သူတို့အားလုံး၏ အရှိန်အဝါများက အလွန်အစွမ်းထက်ပြီး အဓိပဓိနယ်ပယ် ခုနစ်ခုတွင် ရှိ၏။
သူတို့၏ တစ်ကိုယ်လုံးကို မြင့်မြတ်သော အလင်းရောင်များက ဖုံးအုပ်ထားသည်။ သူတို့၏နောက်ကျောမှာလည်း နိယာမကြိုးများဖြင့် ဖွဲ့စည်းထားသော အတောင်ပံများ ရှိနေကြသေးသည်။
ဤလူအုပ်စုက အလွန်မြင့်မြတ်ပြီး သန့်စင်သည်။ ၎င်းတို့က ဒဏ္ဍာရီလာ ကောင်းကင်တမန်များကဲ့သို့ပင်။
သို့သော်လည်း သူတို့၏ အသွင်အပြင်နှင့် မကိုက်ညီသည့်အရာမှာ အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ ရှိနေခြင်း ဖြစ်သည်။
၎င်းက မရေမတွက်နိုင်သော သက်ရှိများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီးမှ ဖြစ်ပေါ်လာနိုင်သော အငွေ့အသက်မျိုး ဖြစ်၏။
သူတို့ကို ကြည့်ရသည်မှာ သိုးရေခြုံထားသော ဝံပုလွေနှင့် တူလှသည်။
သူတို့၏ မြင့်မြတ်သော အသွင်အပြင်အောက်တွင် သွေးနှင့် သန်းပေါင်းများစွာသော အလောင်းများ ရှိနေခဲ့ပေသည်။
"အင်မော်တယ်နယ်မြေကြီးရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးထဲက တစ်ခု၊ ရှန်းထျန်း"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ရှန်းထျန်းဆိုသည်မှာ အလွန်လှပသော နယ်မြေတစ်ခု၏ အမည် ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်နယ်မြေကြီးမှာတော့ ယင်းက ကြောက်စရာကောင်းသော လူသတ်သမားများ၏ နယ်မြေတစ်ခုပင်။ ၎င်းတို့က ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး အမှောင်ထဲတွင် လျှို့ဝှက်စွာ ရှိနေခဲ့ကြသည်။
သူတို့၏ လုပ်ကြံသတ်ဖြတ်မှုသမိုင်းတွင် မည်သည့်အခါမျှ အမှားအယွင်း မရှိကြပေ။
"နတ်ဘုရားသားတော်က အမှန်တကယ် ဗဟုသုတကြွယ်ဝပါပေတယ်"
ရှန်းထျန်းမှ လူတစ်ဦးက ပြောလိုက်သည်။
သူတို့က တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန် လာရောက်ကြခြင်း မဟုတ်သကဲ့သို့ အေးအေးလူလူရှိကြသည်။
"မင်းက သတင်းပို့ချင်ရင် ဒါမှမဟုတ် အကူအညီတောင်းချင်ရင်တောင် မဖြစ်နိုင်တော့ဘူးလေ"
"မင်းက အတောင်ကိုးခုရှိတဲ့ ကောင်းကင်တမန်တစ်ပါးက သတ်မှတ်ထားတဲ့ တားမြစ်နယ်မြေထဲကို ဝင်ပြီးသွားပြီ"
ရှန်းထျန်းမှ လူက ထပ်ပြောလိုက်၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်လာသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးအနက် ရှန်းထျန်းတွင် လူသတ်သမား၏ ခွန်အားအဆင့်ကို ၎င်းတို့၏နိယာမအတောင်ပံများဖြင့် ပိုင်းခြားထားသည်။
အတောင်ကိုးခုရှိသော ကောင်းကင်တမန်တစ်ပါးက အနိမ့်ဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး ဖြစ်ချေသည်။
ထို့ကြောင့် ဧကရာဇ်တစ်ပိုင်းဖြစ်သည့် ဘုရင်ဖုဖုန်းက သတိမပြုမိခဲ့တာ အံ့ဩစရာမဟုတ်ပေ။
တစ်ခါတရံ၊ အဆင့်တူ လူတစ်ဦး၏ ဖုံးကွယ်ထားမှုကို အခြားလူတစ်ဦးက တွေ့ရှိရန် ခက်ခဲသည်။
ကျွင်းရှောင်ယောက်က ၎င်းတို့၏ နည်းလမ်းကို မသိသော်လည်း၊ ပြင်ပကမ္ဘာမှ ခွဲထုတ်ထားသည့် နည်းလမ်းတစ်ခုဖြစ်တာကတော့ သေချာပေသည်။
ထို့ကြောင့် ရှန်းထျန်း၏ လူတိုင်းက အေးအေးလူလူရှိကြခြင်း ဖြစ်သည်။
သူတို့က လှောင်အိမ်ထဲတွင် ပိတ်မိနေသော တိရိစ္ဆာန်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကျွင်းရှောင်ယောက်ကို ကြည့်နေကြလေသည်။
ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
"ဒီနေရာမှာ ရှန်းထျန်းရဲ့ တားမြစ်ချက်အပြင် ငါတို့ရဲ့ ရွှမ်ထျန်းတားမြစ်ချက်လည်းရှိတယ်"
"မင်း ကျွင်းရှောင်ယောက်ကိုမပြောနဲ့၊ ဧကရာဇ်တစ်ပိုင်းတောင်မှ ဒီနေရာကို အချိန်တိုလေးအတွင်းမှာ ရှာတွေ့နိုင်ဖို့ခက်လိမ့်မယ်"
ဝတ်စုံနက်ဝတ် လူတစ်စု ပေါ်လာခဲ့သည်။
သူတို့အားလုံးက အဖြူရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထား၏။ ထိုမျက်နှာဖုံးများက အဖြူရောင် အရိုးစုများမှ ထွင်းထုထားသကဲ့သို့ ကြောက်စရာကောင်းသော အငွေ့အသက်များ ရှိကြသည်။
သူတို့ထံမှလည်း ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။
ဤသည်မှာ တမင်တကာ ထုတ်လွှတ်ခြင်းမဟုတ်ဘဲ အလိုအလျောက် ထွက်ပေါ်နေကြခြင်း ဖြစ်သည်။
ဤလူအုပ်စု၏ သတ်ဖြတ်ခြင်းနှင့် ရက်စက်မှုက ရှန်းထျန်းမှ လူများထက် အားမနည်းကြပေ။
"သတ်ဖြတ်ခြင်း နတ်ဘုရားသုံးပါးထဲက ယိုပြည်ထောင်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများ အေးစက်သွားသည်။
ယိုပြည်ထောင်သည် ရက်စက်ကြမ်းကြုတ်သော သေမင်းနတ်ဘုရားများ၏ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သူတို့အတွက် လုံလောက်သော အကျိုးကျေးဇူး ပေးနိုင်သရွေ့ မည်သူ့ကိုမဆို သတ်ဖြတ်ဝံ့ပေသည်။
ကောလဟာလများအရ ယိုပြည်ထောင်၏ ဦးဆောင်သူမှာ အမှောင်ကမ္ဘာနှင့် ဆက်စပ်နေသည်။
ထို့ကြောင့် သူတို့က ကြောက်စရာကောင်းပြီး ထူးဆန်းသော ကျိန်စာနည်းလမ်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်း စွမ်းရည်များ စသည်တို့ကို သိရှိကြ၏။
ထိုအချိန်တွင် ဘုရင်ဖုဖုန်းက အနည်းငယ် ရင်တုန်သွားသည်။
အကြောင်းမူ၊ သူကိုယ်တိုင် နားမလည်နိုင်သော အငွေ့အသက်ဖြင့် လူတချို့ကို တွေ့လိုက်ရသောကြောင့်ပင်။
၎င်းတို့က သူ့ထက် အဆင့်ပိုမြင့်ပုံရသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ကိုလည်း ကပ်ဘေးတစ်ခုမှ ကိုးခုအထိ ပိုင်းခြားထား၏။
ဘုရင်ဖုဖုန်းက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးပေ။ သူက လော့ရှန်းလင်ထက် အဆင့်နိမ့်ပြီး ကပ်ဘေးနှစ်ခုကို ကျော်ဖြတ်ခဲ့သော ဧကရာဇ်တစ်ပိုင်းသာ ဖြစ်ခဲ့သည်။
သို့သော်၊ ယင်းက မပြီးသေးပါ။
သွေးရောင်ဝတ်စုံများ ဝတ်ဆင်ထားသော အခြားလူတစ်စု ပေါ်လာကြသည်။
"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးထဲက သွေးမျှော်စင်"
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။ ယနေ့တွင်၊ အားလုံး ရောက်လာခဲ့ကြပြီ။
သူသည် အဆုံးစွန်ရှေးဟောင်းလမ်းတွင် ရှိစဉ်အခါက သွေးမျှော်စင်၏ ဆက်ခံသူကို သတ်ခဲ့ကြောင်း သတိရမိသည်။
ဤသတ်ဖြတ်ခြင်းနတ်ဘုရား သွေးမျှော်စင်က ရှန်းထျန်းနှင့် ယိုပြည်ထောင်ထက် အားမနည်းပေ။
"ငါတို့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက တစ်နေ့မှာ လူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပူးပေါင်းရမယ်လို့ မမျှော်လင့်ထားဘူး။ နောက်ပြီးတော့ သူက အငယ်လေးတစ်ဦး ဖြစ်နေသေးတယ်"
"အမှန်ပဲ၊ ကျွင်းရှောင်ယောက်... မင်းသေသွားရင်တောင် ဂုဏ်ယူဖို့ လုံလောက်ပါတယ်။ ဒါက မင်းအတွက် အကောင်းဆုံး နောက်ဆုံးခရီးဖြစ်လာလိမ့်မယ်"
"မင်းလို ကောင်းကင်အဓိပဓိငယ်ကို သတ်ဖို့အတွက် ဧကရာဇ်တစ်ပိုင်းတောင်မှ လှုပ်ရှားခဲ့ရတယ်။ မင်း နောက်ဆံမတင်းဘဲ သေလိုက်ပါတော့"
လူသတ်နတ်ဘုရားသုံးပါးမှ လူများက ပြောဆိုလိုက်ကြသည်။
ဒါက ကြက်တစ်ကောင်ကို ပုဆိန်ကြီးနှင့် ခုတ်သတ်ခြင်းပင်။
ဤအနေအထားမျိုးက စစ်မှန်သော ဧကရာဇ်တစ်ပိုင်းကို လုပ်ကြံရန်ပင် လုံလောက်သည်ထက် ပိုသည်။
ယခုတော့ ပါရမီရှင် လူငယ်တစ်ဦးအတွက် စုဝေးနေကြရပြီ။
ထိုပါရမီရှင်က ကျွင်းရှောင်ယောက်ဆိုလျှင်ပင် အနည်းငယ် လွန်နေဆဲ ဖြစ်သည်။
သို့သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ဤလုပ်ကြံသတ်ဖြတ်မှုကို မည်မျှသတိထားနေကြကြောင်း တွေ့မြင်နိုင်သည်။
ဒါက သူတို့အတွက် ကြီးမားသော အလောင်းအစားတစ်ခုပင်။
၎င်းတို့ အနိုင်ရရှိပါက အဆုံးမဲ့အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
တစ်ခုခု လွဲချော်ခဲ့လျှင်တော့...
ကျွင်းမိသားစုကို စော်ကားခြင်း၏ အကျိုးဆက်များသည် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးပင်လျှင် စိတ်ကူးမယဉ်နိုင်ပေ။