အခန်း ၁၂၀၈
Vol. 81 Ch. 1208
အခန်း ( ၁၂၀၈ ) သတ်ဖြတ်ပွဲဆီသို့။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ ကိုယ်ထင်ပြလာသော ဧကရာဇ်တစ်ပိုင်းအဆင့် လူသတ်သမားများတွင် အားအနည်းဆုံးက တတိယကပ်ဘေး ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။
ရှန်းထျန်း၌ အတောင်ကိုးခုရှိသော စတုတ္ထကပ်ဘေး ဧကရာဇ်တစ်ပိုင်းတစ်ဦး ရှိသည်။
ယိုပြည်ထောင်နှင့် သွေးမျှော်စင်တို့မှာလည်း တတိယကပ်ဘေး ဧကရာဇ်တစ်ပိုင်းများ တစ်ဦးစီ ရှိ၏။
ဘုရင်ဖုဖုန်းမှာတော့ ဒုတိယကပ်ဘေး ဧကရာဇ်တစ်ပိုင်းသာ ဖြစ်သည်။
၎င်းက မျှော်လင့်ချက်မရှိသလောက် ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်သည်။
"ပုဆိန်နဲ့ ကြက်ကိုသတ်ရမယ်။ ဒီတစ်ခါက ငါတို့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးရဲ့ အနာဂတ်အတွက် အလောင်းအစားတစ်ခုပဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ စိတ်မကောင်းပါဘူး။ မင်းက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့ပေမဲ့ မင်းကိုယ်မင်းတော့ မကယ်တင်နိုင်တော့ဘူး"
အတောင်ကိုးခုရှိသော ဧကရာဇ်တစ်ပိုင်းအဆင့် ကောင်းကင်တမန်က ပြောလိုက်သည်။ သူ့နောက်ကျောမှ အတောင်များက တုန်ခါသွားပြီးနောက် ဧကရာဇ်တစ်ပိုင်းအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
နိယာမစွမ်းအားက မရေမတွက်နိုင်သော ဓားငှက်မွှေးများကဲ့သို့ ဟင်းလင်းပြင်ကို ထိုးခွဲသွားတော့သည်။
ဓားငှက်မွှေးတစ်ခုစီက ဧရာမရှေးဟောင်းကြယ်တစ်ခုကို အလွယ်တကူ ထိုးဖောက်သွားရန် လုံလောက်သည်။
ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ မျက်လုံးများတွင် ကျွင်းရှောင်ယောက်က ပုရွက်ဆိတ်တစ်ကောင်နှင့်မခြားပေ။
ကျွင်းရှောင်ယောက်က မည်မျှပင် ယုတ္တိမတန်သူဖြစ်ပါစေ၊ အဓိပဓိနယ်ပယ် ခုနစ်ခု၌သာ ရှိသည်။
ဧကရာဇ်တစ်ပိုင်းက အဓိပဓိနယ်ပယ် ခုနစ်ခုကို ကျော်လွန်နေပြီ။
သူတို့က တာအိုကို သက်သေမပြုရသေးသော်လည်း၊ တာအို၏ သန္ဓေသားပုံစံတချို့ကို ဖွဲ့စည်းနိုင်နေပြီ ဖြစ်သည်။
"သတ်"
အတောင်ကိုးခုရှိသော ကောင်းကင်တမန်က ဟိန်းဟောက်လိုက်သည်။ သူ့အသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့၏။
ဟုတ်သည်၊ ဤနေရာတွင် တားမြစ်ချက်နှင့် အစီရင်များ ချမှတ်ထားသောကြောင့် တိုက်ပွဲက မည်မျှပြင်းထန်သည်ဖြစ်စေ၊ အပြင်လောကသို့ မကူးစက်နိုင်ပေ။
"သခင်ကို တိုက်ခိုက်ဝံ့ရင် မင်းတို့ ကောင်းကင်မှာရော မြေပြင်မှာပါ ပုန်းစရာနေစရာ မရှိနိုင်ဘူး"
ဘုရင်ဖုဖုန်းက အော်ဟစ်လိုက်သည်။
သူသည် သေခြင်းတရားကို အမှန်တကယ် ကြောက်သည်။ မဟုတ်ပါက၊ ကျွင်းဝူဟွေ့ကို ရင်ဆိုင်ရချိန်တွင် ဤမျှ တုန်လှုပ်နေမည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်မှာတော့ သူ ဆန္ဒမရှိလျှင်ပင် တိုက်ခိုက်ရတော့မည် ဖြစ်သည်။
"ဟမ့်၊ ဒီလိုဆိုရင် ငါမင်းကို အရင်သတ်မယ်။ မင်းတို့ သူ့ကို သွားဖြေရှင်းလိုက်"
အတောင်ကိုးတောင်ရှိသော ကောင်းကင်တမန်က တခြားသူများကို အမိန့်ပေးလိုက်သည်။
အမှန်အတိုင်းဆိုရလျှင်၊ သူတို့၏အဆင့်အတန်းဖြင့် ကောင်းကင်အဓိပဓိငယ်တစ်ပါးကို ကိုင်တွယ်ရန် သိပ်ပြီး စိတ်မဝင်စားပေ။
ဧကရာဇ်တစ်ပိုင်း သုံးဦးစလုံးက လှုပ်ရှားခဲ့ကြသည်။
သူတို့က ဘုရင်ဖုဖုန်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်လိုကြ၏။
အကြောင်းမူ၊ ဘုရင်ဖုဖုန်းက သူတို့ကို ဖမ်းစားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေသောကြောင့်ပင်။ ၎င်းက သူတို့နှင့် အဆင့်တူလုနီးပါး ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ မင်းရဲ့ဒဏ္ဍာရီက ငါတို့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးလက်ထဲမှာပဲ ဆုံးခန်းတိုင်သွားလိမ့်မယ်။ ဒါက ငါတို့ လူသတ်သမားလောမှာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းသွားရမဲ့ အောင်မြင်ခြင်းတစ်ခုပဲ"
ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် လူသတ်သမားတစ်ဦးက လှောင်ပြောင်လိုက်သည်။
"ထာဝရ လက်ဆင့်ကမ်းသွားရမှာလား။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေကြတာပဲ"
"ဒီနေ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကမ္ဘာပေါ်မှာ မင်းတို့အတွက် နေရာမရှိဘူး"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်စကို ခါယမ်းလိုက်သည်။
ပြင်းထန်သော ကစဥ့်ကလျားစွမ်းအင်များ တဟုန်ထိုး တက်လာ၏။
သူ့ခန္ဓာကိုယ်ထဲမှ အနှိုင်းမဲ့နတ်ဘုရားသွေးကလည်း ပွက်ပွက်ဆူလာတော့သည်။
သူက အနှိုင်းမဲ့သွေး၏ စတုတ္ထမြောက် နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်။
သူ့စွမ်းရည်များက ကဏ္ဍပေါင်းစုံတွင် အဆများစွာ တိုးတက်လာ၏။
မေယုကမ္ဘာသုံးထောင်၏ စွမ်းအားကြောင့်လည်း ကမ္ဘာတစ်ခုလုံး တုန်ခါလာတော့သည်။
ထို့နောက်...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ တားမြစ်ဝိညာဉ်လော့ခ်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။။
"ချမ်ရွယ်၊ ဒီတစ်ခေါက် မင်းကို ပါဝင်ပတ်သက်စေမိတာ စိတ်မကောင်းပါဘူး။ မင်း နောက်ဆုတ်နေလိုက်ပါ"
ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်ကို ထားခဲ့ပြီး ကောင်းကင်သို့ပျံတက်သွားသည်။
ရှေင်ချမ်ရွယ်လည်း ငိုကျွေးရင်း မျက်ဝန်းအိမ်မှ ကြည်လင်သော မျက်ရည်များ စီးကျလာ၏။
ရှောင်ချမ်ရွယ်၏ မျက်လုံးများတွင် လျှို့ဝှက်ဆန်းကျယ်ပြီး ရှင်းပြရန်ခက်ခဲသော လှိုင်းလုံးများ လည်ပတ်လာပုံရသည်။
ယင်းကို မည်သူမျှ သတိမထားမိဘဲ ရှောင်ချမ်ရွယ်ကိုယ်တိုင်ပင် သတိမပြုမိပေ။
သူမက စိုးရိမ်မှု၊ ကြောက်ရွံ့တုန်လှုပ်မှုတို့ကိုသာ ခံစားနေခဲ့ရသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူများကလည်း ရှောင်ချမ်ရွယ်ကို လျစ်လျူရှုထားကြ၏။
သူတို့အားလုံးက ကျွင်းရှောင်ယောက်အပေါ်မှာ အာရုံစိုက်နေခဲ့ကြသည်။
ကျွင်းရှောင်ယောက် သေဆုံးပြီးမှ သူမကို နှုတ်ပိတ်လျှင်ပင် နောက်ကျမည် မဟုတ်ပေ။
ဤသည်ကား သွေးအေးရက်စက်သော သတ်ဖြတ်ခြင်းနတ်ဘုရားများ ဖြစ်သည်။ ရှောင်ချမ်ရွယ်က ကလေးတစ်ယောက်ဖြစ်သောကြောင့် အသက်ရှင်ခွင့်ပေးမည် မဟုတ်ချေ။
"ကျွင်းရှောင်ယောက်၊ မင်းရဲ့ဒဏ္ဍာရီက အဆုံးသတ်ချိန်တန်ပြီ"
ရှန်းထျန်းမှ ကောင်းကင်တမန်တစ်ဦးက ပြောလိုက်သည်။ သူက တိုက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းရန် တိုက်ရိုက်လှုပ်ရှားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ယိုပြည်ထောင်နှင့် သွေးမျှော်စင်မှ လူသတ်သမားများကလည်း တိုက်ခိုက်လိုက်၏။
ကြီးမားသော လက်ကြီးသုံးဖက်က ကျွင်းရှောင်ယောက်ဆီသို့ တပြိုင်နက်တည်း ရောက်ရှိလာတော့သည်။
အားလုံးက ကျွင်းရှောင်ယောက်ကို ဦးစွာသတ်ချင်ကြသည်။
အကြောင်းက ရိုးရှင်းပေသည်။
ကျွင်းရှောင်ယောက်၏ အရည်အချင်းများဖြင့် အလောင်းကောင်ဖြစ်သွားလျှင်ပင် တန်ဖိုးရှိသည်။
ကစဉ့်ကလျား သွေးအနှစ်သာရတစ်စက်ကို မြင့်မားလွန်းသော ဈေးနှုန်းဖြင့် ရောင်းချနိုင်၏။
ကစဉ့်ကလျားခန္ဓာ တစ်ကိုယ်လုံးဆိုလျှင် ပြောပြရန်ပင် မလွယ်ပေ။
ထို့ပြင်၊ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်အနေဖြင့် ကျွင်းရှောင်ယောက်တွင် ရတနာအမျိုးမျိုးတို့က သဘာဝအတိုင်း ရှိသည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်က သဘာဝ ရတနာတိုက်ကြီးတစ်ခုဟု ဆိုနိုင်ပေသည်။
သဘာဝအတိုင်း၊ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ လူသတ်သမားများက ဤအခွင့်အရေးကို လက်လွှတ်မခံလိုကြပေ။
"ငါ့ကို ဘယ်သူမဆို သတ်နိုင်တဲ့ ခြေလက်မရှိသူလို့ တကယ်ထင်နေတာလား"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။
သူက သိုလှောင်ခြင်းရတနာအတွင်းမှ ရှေးဟောင်းရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်၏။
ဥပမာအားဖြင့် သစ်သား ဓားကျိုး၊ စုတ်ပြဲနေသော ချပ်ဝတ်တန်ဆာ၊ ရှေးဟောင်းအဆောင် စသည်ဖြင့်...
ဤအရာများမှာ ကျွင်းမိသားစု၏ ဘိုးဘေးများက သူ့ကို ကာကွယ်ရန် ပေးအပ်ခဲ့သော ရတနာများ ဖြစ်သည်။
ကြေးအင်မော်တယ်နန်းတော်ကို စူးစမ်းချိန်တွင် ကျွင်းရှောင်ယောက်က အသုံးပြုခဲ့သော်လည်း နောက်ပိုင်းမှာတော့ သိပ်ပြီး အသုံးမပြုဖြစ်ခဲ့ပေ။
အကြောင်းမှာ၊ သူ့ကို ခြိမ်းခြောက်နိုင်သောအရာကို မတွေ့ခဲ့သောကြောင့် ဖြစ်သည်။
ယခုတော့ ဆန်းကျယ်ကောင်းကင်အဓိပဓိနှင့် အဆင့်မြင့် ပညာရှင်များက အရှက်မဲ့စွာဖြင့် သူ့အား တိုက်ခိုက်နေပြီ။
ကျွင်းရှောင်ယောက်လည်း ဤရတနာများကို ထုတ်ယူရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"ဟမ့်၊ ဒီအရာတွေနဲ့ ငါ့ကို တားဆီးလို့မရဘူး"
ပျက်စီးခြင်းတာအိုသခင်တစ်ပါးက အေးစက်စက် ပြောလိုက်သည်။ သူက သစ်သားဓားကျိုးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပြင်းထန်သော လှိုင်းလုံးကြီးများ ဖြာထွက်လာတော့သည်။
ယိုပြည်ထောင်နှင့် သွေးမျှော်စင်မှ အကျော်အမော်များကိုတော့ ရှေးဟောင်းအဆောင်၊ ကြေးခေါင်းလောင်းနှင့် အခြား ရှေးဟောင်းရတနာများက တားဆီးခဲ့ကြသည်။
ထို့ပြင် ကောင်းကင်အဓိပဓိငယ်၊ မဟာကောင်းကင်အဓိပဓိနှင့် ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် ပညာရှင်များလည်း ရှိနေကြသေးသည်။
ကျွင်းရှောင်ယောက်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်သည်။
"ဟုတ်ပါတယ်၊ ဒါတွေနဲ့ အချိန်အကြာကြီး တားဆီးထားလို့ မရဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ အချိန်တစ်ခုလောက် နှောင့်နှေးနေသရွေ့တော့ လုံလောက်ပါတယ်"
"အဆုံးမှာ ငါသေရရင်တောင် လူနည်းနည်းလောက်တော့ ခေါ်သွားရမယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က စုတ်ပြဲနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ယင်းက သူ့အား ခိုင်မာသော အကာအကွယ်ကို ပေးစွမ်းနိုင်၏။
ဤသည်မှာ ကျွင်းမိသားစု၏ ဘိုးဘေးများ အသုံးပြုခဲ့သော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်။
"သတ်"
နောက်ပိုင်းကတော့ ကြမ်းတမ်းသော တိုက်ပွဲတစ်ခုပင်။
ယခင်က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ပါရမီရှင်များက သူ့အား ဓားသွေးကျောက်အဖြစ် အသုံးပြုကာ လေ့ကျင့်လိုသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ အကျော်အမော်များနှင့် လေ့ကျင့်ပြီး သတ်ပွဲတစ်ခုသို့ သွားလိုနေပြီ။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ အနှိုင်းမဲ့သွေးက ဆူပွက်ပြီး သူ့ခန္ဓာကိုယ်၊ ခြေလက်အင်္ဂါများနှင့် အရိုးများအနှံ့ စီးဆင်းနေသည်။
သူ့တစ်ကိုယ်လုံးကို နတ်မီးတောက်များက ရစ်ပတ်ထား၏။
၎င်းက စစ်မှန်သော မီးတောက်မဟုတ်ဘဲ အနှိုင်းမဲ့သွေးမှ ဖွဲ့စည်းထားသော သွေးမီးတောက် ဖြစ်သည်။
အနှိုင်းမဲ့သွေးက အနှိုင်းအရိုး၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်ပြီး ထိပ်သီး တာအိုခန္ဓာများထဲမှ တစ်ခုပင်။
ကျွင်းရှောင်ယောက်က ၎င်းကို အသုံးပြုခဲသော်လည်း အနှိုင်းမဲ့အရိုးသည် အားနည်းသည်ဟု မဆိုလိုပေ။
ရုတ်တရက်၊ သူ၏ ခွန်အားက အဆများစွာ တိုးလာသည်။
သူ၏ ဘယ်ဘက်လက်တွင် ခွန်ပန် မဟာနတ်ဘုရားသိုင်းကို အသက်သွင်းထားသည်။ သူ၏ ညာဘက်လက်ကမူ နတ်ဆိုးနတ်ဘုရား သဘာဝစွမ်းရည်ကို အသုံးပြုထား၏။
ခွန်ပန်နတ်လက်သီးနှင့် နတ်ဆိုးနတ်ဘုရားလက်သီး... အလွန်အစွမ်းထက်သော နည်းလမ်းနှစ်ခုကို တစ်ချိန်တည်းတွင် သူအသုံးပြုခဲ့သည်။
လက်သီးအင်အား ဖြတ်သန်းသွားရာ နေရာတိုင်းရှိ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ ကောင်းကင်အဓိပဓိငယ်များမှာ လုံးဝ မခုခံနိုင်ဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲသွားတော့သည်။
ဒါက စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
ဤအဆင့်အထိ လေ့ကျင့်နိုင်သူတိုင်းက သာမန်မဟုတ်ပါ။
၎င်းတို့ ငယ်ရွယ်စဉ်က ထူးချွန်သူများ ဖြစ်ခဲ့ကြသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ကြတော့ပေ။
ထို့ပြင်၊ ဒါက အဆုံးသတ်မဟုတ်သေးပါ။
အကြောင်းမူ၊ မဟာကောင်းကင်အဓိပဓိတစ်ပါးပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးအောက်တွင် သွေးများအန်ပြီး ဆုတ်သွားခဲ့ရသောကြောင့်ပင်။ ထိုမျှသာမကဘဲ တိုက်ခိုက်မှုပြုခဲ့သော သူ၏ လက်က ပေါက်ကွဲသွားရသည်။
"ဒါက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ"
လူတစ်ယောက်က မျက်လုံးများ နီရဲသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ယခင်က ကျွင်းရှောင်ယောက်သည် မဟာကောင်းကင်အဓိပဓိကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်ကြောင်း ကြားခဲ့ရသော်လည်း သိပ်ပြီး မယုံခဲ့ကြပေ။
အကြောင်းမှာ အဓိပဓိနယ်ပယ်ခုနစ်ခုတွင် မိမိထက် အဆင့်မြင့်သူကို သတ်ရန်မဆိုထားဘိ၊ စိန်ခေါ်ရန်ပင် ခက်သောကြောင့် ဖြစ်သည်။
ယခုမူကား၊ အဖြစ်မှန်များသည် မျက်စိရှေ့တွင် ရှိနေသောကြောင့် ငြင်းဆန်နိုင်စရာ မရှိတော့ပေ။
"မင်းက သေခါနီးမှာတောင် ဂုဏ်ယူဝံ့ကြွားရဲတယ်"
ထိုအချိန်တွင် အလွန်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် အကျော်အမော်တစ်ဦးက တိုက်ခိုက်လာခြင်းဖြစ်၏။
ဤနယ်ပယ်မှ အကျော်အမော်၏ စွမ်းအားက ကြီးမြတ်သော ကောင်းကင်အဓိပဓိငယ်များ ယှဉ်နိုင်သောအရာ လုံးဝ မဟုတ်ပေ။