အခန်း ၁၂၁၃
Vol. 81 Ch. 1213
အခန်း ( ၁၂၁၃ ) ကျွင်းမိသားစု ဒေါသထွက်ခြင်း။
ယခုတစ်ကြိမ်တွင် သတ်ဖြတ်ခြင်း နတ်ဘုရားသုံးပါးက ကျွင်းရှောင်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန် အရာအားလုံးကို ရင်းနှီးခဲ့သည်ဟု ဆိုနိုင်သည်။
သူတို့ အောင်မြင်ပါက၊ သဘာအတိုင်း အဆုံးမဲ့အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးသည်လည်း ဆက်လက်ရှင်သန်နိုင်လိမ့်မည်။
မစ်ရှင်ပြီးသွားသည့်အခါ တစ်စုံတစ်ယောက်က သူတို့ကို သဘာဝအတိုင်း ကာကွယ်ပေးမည် ဖြစ်သည်။
သူတို့က ကောင်းကင်ကိုးခုအထက်သို့ မိသားစုတစ်ခုအဖြစ် သွားရောက်နိုင်မည် ဖြစ်၏။
ကျွင်းမိသားစုက မည်မျှ အားကောင်းပါစေ၊ ကောင်းကင်ကိုးခုအထက်သို့ အလွယ်တကူ တက်လာနိုင်မည် မဟုတ်ပေ။
အကြောင်းမှာ၊ ၎င်းက ကောင်းကင်ကိုးခုအထက်မှ တားမြစ်နယ်မြေအားလုံး၏ ရန်သူဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ကျွင်းမိသားစု၏ အခြေခံအုတ်မြစ်က ခိုင်မာလျှင်ပင် ထိုအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ပေ။
သို့ရာတွင်...
ကျဆုံးခဲ့လျှင်တော့ ခန့်မှန်းမရနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
ထို့ပြင်၊ ဘာအကျိုးအမြတ်မျှ ရရှိတော့မည် မဟုတ်ပေ။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးအတွက် အမှောင်မိုက်ဆုံးအခိုက်အတန့်များကို သယ်ဆောင်လာမည် ဖြစ်သည်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို လုပ်ကြံသတ်ဖြတ်ခြင်း၏ အကျိုးဆက်များက ရိုးရှင်းမည် မဟုတ်ပေ။
ထို့ကြောင့် ယခုအခါ ရှန်းထျန်းမှ ကောင်းကင်တမန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားမှုတို့ ပြည့်နေပြီ ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ ငါတို့ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက မင်းကို လျှော့တွက်ထားတယ်ဆိုတာ ငါဝန်ခံပါတယ်"
"ဒီနေ့ မင်းလက်ထဲမှာ ကျဆုံးရမယ်လို့ လုံးဝ မမျှော်လင့်ခဲ့မိဘူး။ ဒါပေမဲ့..."
"မစ်ရှင်ကို ပြီးအောင်လုပ်တာက လူသတ်သမားအဖွဲ့အစည်းရဲ့ အဓိကအချက်ပဲ"
"ငါဒီနေ့သေရင်တောင် မင်းလည်း အသက်မရှင်နိုင်တော့ဘူး"
အတောင်ကိုးခုရှိသော ကောင်းကင်တမန်၏ အသံက သေမင်း၏ တီးတိုးစကားသံကဲ့သို့ပင်။
သူ့တစ်ကိုယ်လုံးမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။
ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးအနေဖြင့်၊ သူနားလည်ခဲ့သော နိယာမများကို လောင်ကျွမ်းစေခြင်းမှာ ကြောက်စရာကောင်းလွန်းသည်။
ထို့ထက် အရေးကြီးဆုံးအချက်က...
ရှန်းထျန်းမှ ကောင်းကင်သူတော်စင်ချပ်ဝတ်ကိုပင် ဖောက်ခွဲရန် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
ကပ်ဘေးလေးခု ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှင့် ဧကရာဇ်လက်နက်တစ်ခုကို တပြိုင်နက်တည်း ဖောက်ခွဲသောအခါ...
ထိုစွမ်းအားက ရိုးရိုးရှင်းရှင်း တွေးကြည့်ရန် မဖြစ်နိုင်တော့ပေ။
အတောင်ကိုးခုရှိသော ကောင်းကင်တမန်က ဥက္ကာခဲကြွေသကဲ့သို့ ရှောင်ချမ်ရွယ်နှင့် ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းလာခဲ့သည်။
တခဏအတွင်း အချိန်နှင့်နေရာက အေးခဲသွားပုံရသည်။
အတောင်ကိုးခုရှိသော ကောင်းကင်တမန်က နေအမြုတေကဲ့သို့ တောက်ပနေ၏။
အဆုံးမဲ့ ကြောက်မက်ဖွယ် စွမ်းအားများ ဖြာထွက်လာတော့သည်။
သို့ရာတွင်၊ တစ်ခု ထူးဆန်းတာက ကမ္ဘာကို တုန်ဟီးစေမည့် ပေါက်ကွဲသံမျိုး တစ်ခုမျှ မဖြစ်လာခဲ့ပေ။
အရာအားလုံးဟာ တိတ်ဆိတ်စွာ ဖြစ်ပျက်သွားခဲ့သည်။
ဧကရာဇ်လေးတစ်ပိုင်း အကျော်အမော်နှင့် ဧကရာဇ်လက်နက်တစ်ခုကို ဖောက်ခွဲပစ်ခြင်း...
ထိုစွမ်းအားကြောင့် ဟင်းလင်းပြင်က ဘာမှမရှိခဲ့သလို ပြိုကျသွားသည်။
ခဏတာမျှ ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်... နောက်ဆုံးတွင် အသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားတို့၏ အမျက်ဒေါသကဲ့သို့ ပြင်းထန်လွန်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းရောင်များက ကြယ်တစ်သောင်း ပေါက်ကွဲသွားသကဲ့သို့ပင်။
ဤကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းလှိုင်းလုံးက ပတ်ဝန်းကျင်ရှိ အတားအဆီး အစီရင်များကို ချက်ချင်း ဖြတ်ကျော်သွားသည်။
မူလက မှောင်မိုက်သော ကြယ်ကောင်းကင်မှာ ပေါက်ကွဲမှုကြောင့် နေ့အခါကဲ့သို့ လင်းထိန်သွားတော့သည်။
"ဝုန်း"
ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းလုံးများက မိုင်ထောင်ချီဝေးသောအရပ်ရှိ ရှေးဟောင်းကြယ်စက်ဝိုင်းတချို့ကိုပင် တုန်ခါသွားစေခဲ့သည်။
"ဟင်... အဲဒါက ဘယ်လို စွမ်းအားအတက်အကျမျိုးလဲ"
"ကြောက်စရာကောင်းလွန်းတယ်၊ ဧကရာဇ်အဆင့် အကျော်အမော်တွေ တိုက်ခိုက်နေတာ ဖြစ်နိုင်မလား"
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းကြယ်စက်ဝိုင်းများမှ ကျင့်ကြံသူများစွာတို့ တုန်လှုပ်သွားကြသည်။
"အဲဒါက ဧကရာဇ်တစ်ပိုင်း အကျော်အမော်ရဲ့ ကိုယ်ကိုကိုယ် ဖျက်ဆီးခြင်းလှိုင်းပဲ"
ထိပ်သီး အကျော်အမော်တချို့လည်း ဤအတက်အကျကို ခံစားမိကြပြီး အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာကြ၏။
"မဟုတ်သေးဘူး၊ ဧကရာဇ်လက်နက်လည်း ပါဝင်လိမ့်မယ်"
ဧကရာဇ်တစ်ပိုင်း အကျော်အမော်အား ဧကရာဇ်လက်နက်နှင့်တူ မိမိကိုယ်ကို ဖောက်ခွဲရန် မည်သူက တွန်းအားပေးနိုင်သနည်း။
သို့သော်လည်း ၎င်းတို့မှာ ပါဝင်ညိစွန်းမည်ကို စိုးရိမ်သောကြောင့် အဝေးမှသာ စောင့်ကြည့်နိုင်ကြသည်။
ထိုအချိန်၊ အဆုံးမဲ့ ကြယ်ကောင်းကင်၏ တစ်နေရာမှာ...
တိဟောက်ထျန်း၏ ဓမ္မခန္ဓာက အဝေးမှ တောက်ပနေသော အလင်းရောင်များကို လှမ်းကြည့်နေသည်။
ယင်းမှာ ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှင့် ဧကရာဇ်လက်နက်၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းမှ ထွက်ပေါ်လာသော ပေါက်ကွဲအလင်းပင်။
"ဘယ်လောက်တောင်လှလိုက်တဲ့ မီးရှူးမီးပန်းတွေလဲ"
တိဟောက်ထျန်းက ပြုံးလိုက်သည်။
ထူးခြားသော ရန်သူကို ဖြေရှင်းနိုင်လိုက်ပြီ။
အကြီးမားဆုံး ပြောင်းလဲမှုနှင့် အတားအဆီးကို ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် အရာအားလုံးဟာ သူ့မှတ်ဥာဏ်ထဲမှအတိုင်း ဖြစ်လာလိမ့်မည်။
"နောက်တဆင့်ကတော့ မေ့ပျောက်ခြင်းတိုင်းပြည်နဲ့ အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရေးပဲ"
တိဟောက်ထျန်းက လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး လှည့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ကိုးခုအထက် တားမြစ်မိသားစုများနှင့် စန်းမျိုးနွယ်မှ လူများမှာ...
သူတို့အားလုံး အနည်းငယ် အံ့ဩသွားကြသည်။ ကျွင်းရှောင်ယောက်ကို ချေမှုန်းရာတွင် ဧကရာဇ်တစ်ပိုင်းအကျော်အမော်က အဘယ်ကြောင့် မိမိကိုယ်ကို ဖျက်ဆီးရန် လိုအပ်သနည်း။
သို့သော်လည်း နောက်ဆုံးရလဒ်က ကောင်းမွန်နေသရွေ့ အရာအားလုံးက ပြဿနာမဟုတ်ပေ။
မိမိကိုယ်ကို ဖျက်ဆီးခြင်းလှိုင်းလုံးက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင်...
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ကျွင်းမိသားစု၏ အဋ္ဌမ ဘိုးဘေး ကျွင်းထျန်းမင်က လေထဲတွင် ရပ်နေသည်။ သူ့မျက်လုံးမှာလည်း ကောင်းကင်ကိုးခုကို လောင်ကျွမ်းစေနိုင်သကဲ့သို့ ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်လောင်လျက်ရှိ၏။
သူက အဆုံးမဲ့ဒေါသတို့ဖြင့် ဟိန်းဟောက်လိုက်သည်။
"ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရားသားတော်ကို တိုက်ခိုက်ဝံ့ရင် မိုးမြေအဆုံး ဘယ်နေရာကိုပဲ ရှောင်ပြေးပါစေ ရှင်သန်စရာ အခွင့်အရေး မရှိစေရဘူး"
ကျွင်းထျန်းမင်၏ အသံက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပေါ်သည်နှင့်တပြိုင်နက်၊ ကျွင်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ ပထမဆုံး သတိပြုမိခဲ့ကြသည်။
သူတို့၏ နတ်ဘုရားသားတော်တွင် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး မိသားစု၏ဘိုးဘွားခန်းမရှိ ဝိညာဉ်မီးခွက်သည်ပင် တုန်လှုပ်သွားပေသည်။
ကျွင်းထျန်းမင်၏ ဟိန်းဟောက်သံက နေရာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။
"ဘာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို တကယ် တိုက်ခိုက်ဝံ့တာလား"
"သူတို့ သေချင်နေကြတာလား"
"ကျွင်းမိသားစုက ရွယ်တူတွေကြား တိုက်ခိုက်မှုဖြစ်ရင် ဂရုမစိုက်ပါဘူး"
"ဒါပေမဲ့ တစ်ယောက်ယောက်က အရှက်ကင်းမဲ့ပြီး ငယ်သူကို အနိုင်ကျင့်ရင် ကျွင်းမိသားစုက ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး"
"ဘယ်သူကများ ဒီလောက်တောင် ရဲတင်းနေတာလဲ"
ကျွင်းမိသားစုက ဒေါသထွက်လျှင် ကောင်းကင်ကို မှောက်လှန်နိုင်သည်ဟု ဆိုခြင်းမှာ အလကားသက်သက် မဟုတ်ပေ။
မကြာမီ၊ ကျွင်းမိသားစု၏ အကျော်အမော်များက ဟင်းလင်းပြင်ကို ခုန်ကျော်ပြီး ကျွင်းရှောင်ယောက် ဝိုင်းရံခံရသောနေရာသို့ ရောက်လာခဲ့သည်။
"ရှောင်ယောက်"
ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးလည်း ဟင်းလင်းပြင်မှ ထွက်ပေါ်လာ၏။
သူမက လော့ရှန်းလင် ဖြစ်သည်။
ဤအခိုက်တွင် သူမ၏ နူးညံ့သိမ်မွေ့ပြီး လှပသော မျက်နှာက စိုးရိမ်ပူပန်မှုတို့ ပြည့်နေသည်။
ယနေ့တွင် ကျွင်းရှောင်ယောက်ကို လုပ်ကြံခံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ အပြစ်တင်မိသည်။ အကယ်၍၊ သူမက ကျွင်းမိသားစုတွင် မနေရစ်ခဲ့ဘဲ ကျွင်းရှောင်ယောက်နှင့်အတူ အင်မော်တယ်အကယ်ဒမီသို့ ပြန်လိုက်ခဲ့လျှင် အခြေအနေမှာ ကွဲပြားသွားနိုင်သည်။
ထို့နောက်တွင် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က မသေဆုံးသော်လည်း အလွန်ဆိုးရွားသော ထိခိုက်ဒဏ်ရာများ ခံစားခဲ့ရပြီး တာအိုအခြေခံ ထက်ဝက်နီးပါး ပျက်စီးသွားပေသည်။
နောက်ဆုံးတွင်၊ ဤသည်က ဧကရာဇ်တစ်ပိုင်း၏ မိမိကိုယ်ကို ဖောက်ခွဲခြင်း ဖြစ်သည်။ ဧကရာဇ်လက်နက်တစ်ခုပင် ပါဝင်သေးသည်။
ကြီးမြတ်သော ဧကရာဇ်များပင်လျှင် ဤပေါက်ကွဲမှုမျိုးကို သတိထားရမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ မျိုးဆက်သစ်လူငယ်တစ်ဦးသာ ဖြစ်သေးသည်။ သူက ကောင်းကင်အဓိပဓိငယ် ကျင့်ကြံမှုရှိသော်လည်း ဤပေါက်ကွဲမှုကို မခံနိုင်ပေ။
နောက်ဆုံးတွင် တစ်ယောက်ယောက်က ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစုသို့ ပြန်ခေါ်သွားသည်အား မြင်ခဲ့ရသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ကစဉ့်ကလျားအငွေ့အသက် အများစုဟာ ပျောက်ကွယ်သွားခဲ့ပြီ။ သူက အလွန်ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည်မှာ သိသာထင်ရှားသည်။
ယင်းက အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
ဒေါသထွက်သူများလည်း ထွက်ကြ၏။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦးပင် မဟုတ်လော။
"ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်းကို ဘယ်သူက လုပ်ကြံဝံ့တာလဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငါတို့ အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ တကယ် လုပ်ကြံခံလိုက်ရပြီ။ ငါသိရင် အဲဒီသူကို ဘယ်တော့မှ အလွတ်မပေးဘူး"
အင်အားစုများနှင့် အကျော်အမော်များစွာက ဒေါသတကြီးဖြင့် ကျွင်းရှောင်ယောက်အတွက် ကလဲ့စားချေရန် အော်ဟစ်လာခဲ့ကြသည်။
ဟုတ်ပေသည်၊ သူတို့အားလုံးက တကယ်ရိုးသားသလား... ကျွင်းမိသားစုကို စိတ်ကျေနပ်အောင် လုပ်ချင်တာလားဆိုတာတော့ သူတို့ကိုယ်တိုင်သာသိမည်။