အခန်း ၁၂၁၄
Vol. 81 Ch. 1214
အခန်း ( ၁၂၁၄ ) ကမ္ဘာဖျက်တံပိုးသံ တစ်ဖန်မြည်ဟီးလာခြင်း။
ထို့နောက်တွင် သတင်းတစ်ခု ထွက်လာသည်။
ကျွင်းရှောင်ယောက်ကို ဝိုင်းရံပြီး တိုက်ခိုက်သူများသည် အင်မော်တယ်နယ်မြေကြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး ဖြစ်၏။
ဧကရာဇ်တစ်ပိုင်းသုံးပါး၊ ဧကရာဇ်လက်နက်၊ ရှေဟောင်း သတ်ဖြတ်ခြင်းအစီရင်၊ ပျက်စီးခြင်းတာအိုသခင်၊ နတ်ဖန်ဆင်းခြင်းအဓိပဓိ စသည်ဖြင့် ထိပ်သီး အကျော်အမော်များစွာက ကျွင်းရှောင်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။
ဤသတင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့ပေသည်။
ပထမဆုံး သူတို့ကို တုန်လှုပ်စေခဲ့ခြင်းမှာ သတ်ဖြတ်ခြင်းနတ်ဘုရားပါးက ကျွင်းရှောင်ယောက်ကို လုပ်ကြံဝံ့ခြင်းကြောင့် ဖြစ်သည်။
ဒါက သေမင်း၏နားရွက်ကို တံတွေးဆွတ်ခြင်းနှင့် မခြားပေ။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက စွမ်းအားကြီးသော်လည်း ကျွင်းမိသားစုနှင့် နှိုင်းယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်။
ဒုတိယအချက်ကတော့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ အားထုတ်မှုကိုပင်။
ဧကရာဇ်တစ်ပိုင်း အကျော်အမော်များအပြင် ဧကရာဇ်လက်နက်တစ်ခုကိုပင် ယူဆောင်ခဲ့သေးသည်။ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်လည်း ပါဝင်သည်။
ဤအင်အားက ဧကရာဇ်တစ်ပိုင်းများကို လုပ်ကြံရန်ပင် လုံလောက်သည်။
သို့သော်လည်း ယင်းက ကောင်းကင်အဓိပဓိငယ်အဆင့် ကျွင်းရှောင်ယောက်ကိုသတ်ရန် ဖြစ်နေခဲ့၏။
သို့ပေသော်ငြား၊ ရယ်စရာကောင်းစွာ သူတို့အားလုံး ကျဆုံးခဲ့ပေသည်။
ဤလုပ်ကြံသတ်ဖြတ်မှုဖြစ်ရပ်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
အကြောင်းမှာ၊ ကျွင်းမိသားစုက သူတို့၏လူများနှင့်ပတ်သက်၍ ဆတ်ဆတ်ထိမခံမှန်း လူတိုင်းသိထားသောကြောင့်ပင်။
အထူးသဖြင့်၊ ယခုတစ်ကြိမ် ပစ်မှတ်ထားခံရသူမှာ ကျွင်းမိသားစု၏ အဖိုးတန်ဆုံး ချီလင်သားတော် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည်ဟု လူအများက ခန့်မှန်းလိုက်မိကြလေသည်။
"ဘာ၊ ကျွင်းရှောင်ယောက်က အသက်ရှင်နေသေးတာလား။ ဒီအရူးတွေက တကယ်ကို အသုံးမကျဘူး"
ကျွင်းရှောင်ယောက်က မသေကြောင်း သတင်းကြားရပြီးနောက်...
တားမြစ်မိသားစုသုံးစုမှ လူများ၏ မျက်နှာများမှာ မှုန်ကုပ်သွားကြသည်။
ကျွင်းရှောင်ယောက်က မည်ကဲ့သို့ ရှင်သန်နိုင်ခဲ့သလဲဆိုတာတော့ သူတို့ မသိပါ။
၎င်းက ဧကရာဇ်တစ်ပိုင်း အကျော်အမော်ကိုပင် သူ့ကိုယ်သူဖောက်ခွဲရန် တွန်းအားပေးနိုင်သည်။
ဟုတ်ပေသည်၊ ယခုထက်ပိုပြီး တိကျသော သတင်းအချက်အလက်များကိုတော့ မရရှိတော့ပေ။
ထို့ကြောင့် ပြင်ပကမ္ဘာက ကျွင်းရှောင်ယောက်သည် မည်ကဲ့သို့ လွတ်မြောက်ခဲ့သည်ကို မသိပါ။
သို့ရာတွင်၊ လူတော်တော်များများက ပေါ့ပေါ့တန်တန် နားလည်လိုက်ကြသည်။ ကျွင်းရှောင်ယောက်တွင် ဝှက်ဖဲများက တကယ်ကို များပြားလွန်း၏။
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့စဉ်ကလည်း သူသည် နည်းလမ်းများစွာကို အသုံးပြုခဲ့သည်။
ထိုဝှက်ဖဲများဖြင့် ဤတစ်ကြိမ်တွင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်လိမ့်မည်။
...........
တစ်ဖက်တွင်၊ စန်းမျိုးနွယ်မှ လူများလည်း သတင်းရခဲ့သည်။
"ကျွင်းရှောင်ယောက်က တကယ်ကံကောင်းတာပဲ၊ ဒါပေမဲ့ သူ့အသက်ဘေးက လွတ်မြောက်ခဲ့ရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်။ သူ့ရဲ့ တာအိုအခြေခံက ပျက်စီးသွားတာကြောင့် သူ့အနာဂတ်က အလားအလာက ကြီးကြီးမားမား မရှိတော့ဘူး"
"ဒါဆို ငါတို့ဘာဆက်လုပ်ကြမလဲ"
စန်းမျိုးနွယ်စုဝင် နောက်တစ်ယောက်က မေးသည်။
"အခုဆိုရင် ကျွင်းရှောင်ယောက်က အမှိုက်တစ်စ ဖြစ်လာလုနီးပဲလေ။ ဘာဆက်လုပ်မယ်ဆိုတာကတော့ ကျိုးထျန်းတာအိုသားတော်ရဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်တယ်"
..........
တိဟောက်ထျန်း တည်ရှိရာ ရွှေရောင်နန်းတော်တွင်...
ကျစ်ယန်ထျန်းကျွင်းက ပြင်ပကမ္ဘာမှ လုပ်ကြံသတ်ဖြတ်မှုအကြောင်း တိဟောက်ထျန်းကို သတင်းပို့ခဲ့သည်။
"သူ မသေသေးဘူးပဲ၊ ဒီ ကျွင်းရှောင်ယောက်က တကယ်ကို ကံကောင်းတယ်"
တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများတွင် နားလည်ရခက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
ကျွင်းရှောင်ယောက်က သူ၏မျှော်လင့်ချက်များကို တစ်ဖန် ကျော်လွန်သွားပြန်ပြီ။
"ဒါပေမဲ့ ကျွင်းရှောင်ယောက်က မသေရင်တောင် အမှိုက်တစ်စ ဖြစ်လုနီးပါးပဲ"
"ကျွင်းမိသားစုက သူ့ကို ပြန်ကောင်းအောင် ကူညီပေးမယ်ဆိုရင်တောင် အချိန်အတော်ကြာလိမ့်မယ်။ အဲဒီအချိန်မှာ သူက အခြားသူတွေထက် အများကြီး နောက်ကျနေလိမ့်မယ်"
ကျစ်ယန်ထျန်းကျွင်းက ပခုံးတွန့်လိုက်သည်။
တိဟောက်ထျန်းကတော့ နက်နက်နဲနဲ တွေးတောနေဆဲပင်။
ယုတ္တိဗေဒအရ ဤသည်မှာ အမှန်ပင် ဖြစ်သင့်သည်။
အနည်းဆုံး ဆယ်စုနှစ်အနည်းငယ်အတွင်း ကျွင်းရှောင်ယောက်က ပြန်ကောင်းလာရန် ခက်လိမ့်မည်။
ဤရွှေခေတ်တွင် အရေးကြီးဆုံးက အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ထားနိုင်ရန် ဖြစ်သည်။
ယခုအခြေအနေအရတော့ ကျွင်းရှောင်ယောက်က အခွင့်အလမ်းများစွာကို လွဲချော်မည်ဖြစ်ပြီး ယခင်ကဲ့သို့ တန်ခိုးထွားနိုင်တော့မည် မဟုတ်ပေ။
သို့သော်... တိဟောက်ထျန်းက အမြဲတမ်း စိတ်မသက်မသာ ခံစားနေခဲ့ရသည်။
ကျွင်းရှောင်ယောက်ကို လုံးဝ မဖယ်ရှားနိုင်သရွေ့ သူ့နှလုံးသားထဲတွင် ကြိုးထုံးတစ်ခု ရှိနေဦးမည်ကဲ့သို့ပင်။
"ပေါင်းပင်တွေကို ဖယ်ရှားရာမှာ အမြစ်မပြတ်ရင် နွေဦးလေညင်းက အသစ်တစ်ဖန် ကြီးထွားလာစေလိမ့်မယ်။ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ငါ တကယ် စိတ်ပျက်သွားမိပြီ"
တိဟောက်ထျန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ယခုတစ်ကြိမ်တွင် လုပ်ကြံခံရခြင်းကြောင့် ကျွင်းမိသားစုက ခွန်အားအပြည့်ဖြင့် သဘာဝအတိုင်း ကာကွယ်ပေးလိမ့်မည်။
ထို့ကြောင့် ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ရန်မှာ ဖြစ်နိုင်ရန်မလွယ်တော့ပေ။
ဤအခွင့်အရေးကို သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ဖြုန်းတီးခဲ့သည်ဟု ဆိုနိုင်သည်။
"မေ့လိုက်ပါ၊ မေ့ပျောက်ခြင်းတိုင်းပြည်ကို အရင်အာရုံစိုက်ကြည့်ရအောင်။ ကျွင်းရှောင်ယောက်က လောလောဆယ်မှာ လှုပ်ရှားနိုင်စွမ်းမရှိတော့ဘူး။ သူ့ကို နောင်မှပဲ အခွင့်အရေးရှာပြီး ဖြေရှင်းရမယ်"
တိဟောက်ထျန်က ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင်၊ ကျစ်ယန်ထျန်းကျွင်းက ပြောလာသည်။
"ဒါနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ငါတို့ဆီကနေ အကူအညီလိုချင်တယ်လို့ သတင်းပို့ထားတယ်"
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ၎င်းတို့၏တာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့သော်လည်း ကျွင်းမိသားစုကို ဒေါသထွက်စေခဲ့သည်။
သူတို့၏ အင်အားသက်သက်ဖြင့် ရင်ဆိုင်ပါက အဆုံးသတ်ရလဒ်မှာ အကောင်းမရှိသလောက်ပင်။
ထိုစကားကိုကြားတော့ တိဟောက်ထျန်းက ပေါ့ပေါ့ပါပါး ပြောလိုက်သည်။
"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး... ငါတို့က သူတို့နဲ့ အဆက်အသွယ်ရှိဖူးလို့လား "
ကျစ်ယန်ထျန်းကျွင်းက တအံ့တဩဖြင့် တိဟောက်ထျန်းကိုကြည့်လိုက်သည်။
"ဧကရာဇ်ငယ်က တကယ်ကို ထူးခြားတာပဲ"
တိဟောက်ထျန်းက လျစ်လျူရှုထားပြီး ဘာမျှမပြောပေ။
သူက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
စန်းမျိုးနွယ်နှင့် ကောင်းကင်ကိုးခုအထက်မှ မိသားစုများကလည်း အလားတူပင်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက လူများကို အကူအညီတောင်းရန် စေလွှတ်ခဲ့သော်လည်း တားမြစ်မိသားစုသုံးခုက လုံးဝ လျစ်လျူရှုခဲ့သည်။
စန်းမျိုးနွယ်မှ လူများဆိုလျှင် ရှာ၍ပင်မတွေ့ပေ။
ယင်းက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ အဆင့်မြင့် ပညာရှင်များ၏ နှလုံးသားများကို အေးစက်သွားစေသည်။
ယခုအချိန်တွင် သူတို့က ဤကိစ္စကို ဖုံးကွယ်ထားလိုသော်လည်း မဖြစ်နိုင်တော့ပေ။
ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစု၏ ရတနာဖြစ်သော်လည်း ယခုမူ ဤသို့ဖြစ်လာခဲ့ရသည်။
ကျွင်းမိသားစု၏ လက်စားချေမှုကို မည်သူမျှ တားဆီးမရနိုင်တော့ဟု ဆိုနိုင်ပေသည်။
မျှော်လင့်ထားသည့်အတိုင်း အချိန်အကြာကြီး မကြာလိုက်ပေ။
ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်ပြည်နယ်၌ ကြီးကျယ်ခမ်းနားသော အသွင်တစ်ခုက ကောင်းကင်သို့ ပျံတက်လာသည်။
၎င်းက လက်ရှိ ကျွင်းမိသားစု၏ ခေါင်းဆောင်၊ ကျွင်းရှောင်ယောက်၏ ဒုတိယဦးလေး၊ ကျွင်းဝူဟွေ့၏ ညီဖြစ်သူ ကျွင်းဝူရီပင်။
ဤအခိုက်တွင် သူ့မျက်လုံးအကြည့်များက ရေခဲတောင်ကြီးအလား အေးစက်နေသည်။
ကျွင်းရှောင်ယောက်က သူ၏တူဖြစ်သော်လည်း ယခုအခါ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ လုပ်ကြံမှုကို ခံခဲ့ရပြီ။
ဤသည်မှာ မျိုးဆက်တူများကြားမှ ပြိုင်ဆိုင်မှုသာဆိုလျှင် သည်းခံနိုင်သည်။
သို့ရာတွင်၊ တစ်ဖက်လူများက ဧကရာဇ်တစ်ပိုင်း အကျော်အမော်သုံးဦး၊ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်နှင့် အဓိပဓိနယ်ပယ်ခုနစ်ခုမှ ပညာရှင်အများအပြားကို စေလွှတ်ခဲ့၏။
ဤသတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက တကယ်ကို ရက်စက်ပြီး အရှက်မရှိပေ။
"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကများ ငါတို့ရဲ့ နတ်ဘုရားသားတော်ကို လုပ်ကြံသတ်ဖြတ်ဝံ့တယ်။ တကယ်ကို ရဲတင်းလွန်းတာပဲ။ ဒီလိုဆိုမှတော့ ငါတို့မိသားစုက မင်းတို့ရဲ့ သံသရာကို ဖြတ်တောက်ပစ်ပြီး ဘယ်တော့မှ လူပြန်မဝင်စားစေရတော့ဘူး"
ကျွင်းဝူရီက သွေးစွန်းနေသော ဦးချိုကိုကိုင်ကာ ပြောလိုက်သည်။
အဝေးမှ လူများစွာက သွေးစွန်းနေသောဦးချိုကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
ဤဦးချိုက ကျွင်းမိသားစု၏ ကမ္ဘာဖျက်တံပိုးပင် မဟုတ်လော။
ဤတံပိုးကို မှုတ်လိုက်ခြင်းသည် ကျွင်းမိသားစုက အင်မော်တယ်စစ်ပွဲ စတင်တော့မည်ဟု ဆိုလိုသည်။
ဤတံပိုးကို နောက်ဆုံးအကြိမ် မှုတ်ခဲ့စဉ်တွင်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးအတွင်း၌ အင်မော်တယ်စစ်ပွဲ ဖြစ်ခဲ့သည်။ ကျွင်းမိသားစုက အင်မော်တယ်အင်အားစု ခုနစ်ခုကို တစ်ဦးတည်း ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
ယခုမူ၊ ကျွင်းဝူရီက ကမ္ဘာဖျက်တံပိုးကို ထပ်မံမှုတ်လိုက်ပြီ။ ကမ္ဘာဖျက်တံပိုးသံက ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးသာမကဘဲ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဒါက အင်မော်တယ်နယ်မြေတစ်ခုမှ အင်မော်တယ်စစ်ပွဲမဟုတ်တော့ပေ။
၎င်းက အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ဖြတ်သန်းသွားမည့် အင်မော်တယ်စစ်ပွဲ ဖြစ်သည်။
အကြောင်းမှာ၊ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ဌာနချုပ်များက အင်မော်တယ်နယ်မြေကြီးတွင် မရှိသောကြောင့်ပင်။
သို့ရာတွင်၊ ဒေါသပေါက်ကွဲသွားသည်မှာ ကျွင်းမိသားစုတစ်ခုတည်း မဟုတ်ပါ။
ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီး၊ ချင်ပြည်နယ်ရှိ ရှေးဟောင်းကျန်းမိသားစု၏ နယ်မြေတွင်...
ကျွင်းမိသားစုနှင့်ယှဉ်လျှင် ကျန်းမိသားစုက အနည်းငယ် နှိမ့်ချသော်လည်း ယခုအချိန်မှာတော့ ငြိမ်မနေတော့ပေ။
အဘိုးအိုတစ်ယောက်က ကောင်းကင်ပေါ်သို့ လှမ်းတက်လာသည်။ သူ့မျက်လုံးမှာတော့ ကောင်းကင်ကိုးခုကို လောင်ကျွမ်းစေနိုင်ပုံရသော ဒေါသမီးတောက်များ တောက်လောင်နေ၏။
၎င်းက ကျွင်းရှောင်ယောက်၏အဖိုး ကျန်းတောက်ရွှီပင်။
"ကျွင်းရှောင်ယောက်က ငါ့ရဲ့မြေးဖြစ်သလို ငါ့ကျန်းမိသားစုရဲ့ သခင်လေးပဲ"
"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ရဲတင်းပြီး အထိန်းမကွပ်မရှိဘူး။ ဒီလိုဆိုမှတော့ သူတို့အားလုံးကို အင်မော်တယ်နယ်မြေကြီးကနေ ဖယ်ရှားပစ်မယ်။ တစ်ယောက်မှ မလွတ်မြောက်စေရဘူး"
ကျန်းတောက်ရွှီ၏ စကားဆုံးသည်နှင့် သွေးစွန်းနေသော အလံတစ်ခုက လေထဲတွင် လွင့်မျောထွက်ပေါ်လာသည်။
ထိုသွေးများက ပြိုးပြိုးပြက်ပြက်တောက်ပပြီး ကြီးကျယ်ခမ်းနားသော ဧကရာဇ်အငွေ့အသက်များ ထုတ်လွှတ်နေ၏။
ဤသည်မှာ ကျဆုံးသွားသော ကျန်းမိသားစုမှ ဧကရာဇ်ကြီး၏သွေးများဖြင့် စွန်းထင်းနေသော တိုက်ပွဲအလံ ဖြစ်သည်။
သံမဏိသွေးစစ်အလံ။
ဤအလံကို လွှင့်တင်လိုက်ခြင်းက ကျန်းမိသားစုသည် အင်မော်တယ်စစ်ပွဲ စတင်တော့မည်ဟု ဆိုလိုသည်။
ဤသည်မှာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
နောက်ဆုံးအကြိမ်၊ ကျွင်းမိသားစုက အင်မော်တယ်စစ်ပွဲ စတင်ခဲ့ချိန်တွင် ကျန်းမိသားစုက မပါဝင်ခဲ့ပါ။
သို့ရာတွင်၊ ဤတစ်ကြိမ်မှာတော့ ကျန်းမိသားစုကလည်း လှုပ်ရှားခဲ့သည်။
ကျန်းမိသားစုတွင်လည်း ကျွင်းရှောင်ယောက်၏ အဆင့်အတန်းက တုနှိုင်းမယှဉ်နိုင်သည်ကို တွေ့နိုင်ပေသည်။
လူတစ်ဦးအတွက်၊ အင်မော်တယ်စစ်ပွဲတစ်ခု စတင်သည်။
သို့ရာတွင်... ဒါက မပြီးသေးပါ။
ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီး၌ ကစဉ့်ကလျားအငွေ့အသက်တို့ဖြင့် ကြေးနန်းတော်တစ်ခု ပေါ်လာသည်။
ကြေးနန်းတော်မှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
၎င်းတို့မှာ ကျွင်းဧကရာဇ်ခုံရုံး၏ ထိပ်တန်း အကျော်အမော်များ ဖြစ်တော့သည်။
ရှေ့ဆုံးမှ ရပ်နေသူမှာ ရွှေရောင်သွေးနှင့် ချီစွမ်းအင်များ အားကောင်းစွာ ထွက်ပေါ်နေသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်စက် အငွေ့အသက်တို့ ထွက်ပေါ်နေ၏။ ၎င်းက ဝူဟူမှတပါး အခြားမဟုတ်ပေ။
"ငါတို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ခေါင်းဆောင်ကို လုပ်ကြံဝံ့တဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးအတွက် ကောင်းကင်နဲ့မြေပြင်ကြားမှာ ရှင်သန်စရာ နေရာမရှိစေရဘူး"
ထိပ်တန်း အင်အားစုသုံးခုဖြစ်သော ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် ကျွင်းဧကရာဇ်ခုံရုံးတို့က အင်မော်တယ်စစ်ပွဲစတင်ရန် ထွက်ပေါ်လာကြပြီ ဖြစ်သည်။