← Chapters

အခန်း ၁၂၂၁

Vol. 82 Ch. 1221

အခန်း ၁၂၂၁

Vol. 82 Ch. 1221

အခန်း ( ၁၂၂၁ ) ယိုပြည်ထောင် ပျက်စီးသွားပြီ။

ဤမြင်ကွင်းမျိုးကို မမြင်ခဲ့ရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီနည်း။

ကောင်းကင်မှ သွေးမိုးရွာနေပြီး နိယာမများက မိုးနှင့်မြေကို ပြန်သွားခဲ့သည်။

ထိုနိယာမများတွင် ဝမ်းသာမှုနှင့် ဝမ်းနည်းမှု သံစဉ်များ ပါဝင်နေပုံရ၏။

တာအိုကို သက်သေပြ၍ ဧကရာဇ်ကြီးဖြစ်လာသော်လည်း အဆုံးတွင် ဖုန်မှုန့်မှ ဖုန်မှုန့်သို့ ပြန်သွားခဲ့ရသည်။

သေဆုံးပြီးနောက် အရာအားလုံးက အချည်းနှီးဖြစ်ကာ ဘာမျှအရေးမပါတော့ပေ။

ဧကရာဇ်ကြီး သေဆုံးပြီးနောက် ၎င်း၏ ကျင့်ကြံမှုစွမ်းအင်များသည် မိုးနှင့်မြေကြသို့ ပြန်ရောက်သွားကြသည်။

ကျင့်ကြံခြင်းသည် မိုးနှင့်မြေ၏ စွမ်းအင်များကို ဆွဲယူလိုက်ခြင်းဖြစ်သောကြောင့် သေဆုံးပြီးနောက် ဆွဲယူခံထားရသောအရာများမှာ သဘာဝသို့ ပြန်သွားသင့်ပေသည်။

"အချိန်အတော်ကြာပြီးနောက်၊ နောက်ထပ် ဧကရာဇ်မင်းတစ်ပါး ကျဆုံးသွားပြီ..."

ရှေးကျသော တည်ရှိမှုတစ်ခုက သက်ပြင်းချလိုက်သည်။

ကမ္ဘာနှစ်နိုင်ငံအကြား ယခင်စစ်ပွဲများတွင်ပင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးမျှ မသေဆုံးခဲ့ပေ။

ကျွင်းရှောင်ယောက်နှင့် အခြားသူများသည် ထိုအချိန်က အန္တိမကပ်ဘေးကြီးကို တားဆီးနိုင်ခဲ့သောကြောင့် စစ်မှန်သော စစ်ပွဲကြီး မဖြစ်ပွားခဲ့ပါ။

ယခုမူကား၊ နယ်မြေဖြတ်ကျော် အင်မော်တယ်စစ်ပွဲတွင် ဧကရာဇ်ကြီးတစ်ပါး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို တုန်လှုပ်စေမည့် အဓိက ဖြစ်ရပ်တစ်ခုပင်။

အဆုံးမဲ့ကောင်းကင်၏ နက်နဲရာအရပ်တွင်...

ရှန်းယွီဧကရာဇ်က တည်ငြိမ်စွာ ရပ်နေသည်။ သူ့ခန္ဓာကိုယ်က အလင်းရောင်များ တောက်ပနေပြီး ဒဏ်ရာအားလုံး ချက်ချင်း ပျောက်ကွယ်သွား၏။

'ဒီကျိန်စာက တကယ်ကို ပြဿနာတစ်ခုပဲ'

ရှန်းယွီဧကရာဇ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ယခုတိုက်ပွဲတွင်၊ အန္တိမကပ်ဘေးကြီး၏ ကျိန်စာက သူ၏စွမ်းဆောင်ရည်ကို အမှန်တကယ် ထိခိုက်စေခဲ့သည်။

သို့သော်လည်း ကံကောင်းထောက်မစွာ၊ ဝိညာဉ်သခင်က အခြေအနေမကောင်းမွန်သော ဧကရာဇ်မင်းများထဲမှ တစ်ဦး ဖြစ်သည်။

အကယ်၍ ၎င်းက အဆင့်တူသော ဘီလူးကြီးအဆင့် ဧကရာဇ်တစ်ပါးဖြစ်ပါက ရှန်းယွီဧကရာဇ်အတွက် လွယ်ကူမည် မဟုတ်ပေ။

ထို့နောက်တွင် ရှန်းယွီဧကရာဇ်၏ မျက်လုံးအကြည့်က‌ ရှေးဟောင်းကြေးမီးအိမ်ပေါ်သို့ ကျရောက်လာသည်။

ဝိညာဉ်သခင် သေဆုံးပြီးနောက် ဝိညာဉ်လမ်းပြမီးအိမ်က မီးရောင်မှိန်ဖျော့ဖျော့လင်းကာ ကျန်ခဲ့လေသည်။

အင်မော်တယ်တစ်ပိုင်းလက်နက်ကို ရှန်းယွီဧကရာဇ်ပင်လျှင် အင်အားသုံးကာ မဖျက်ဆီးနိုင်ပေ။

'အမှောင်ကမ္ဘာရဲ့ အင်မော်တယ်တစ်ပိုင်း လက်နက်ဆယ်ခုက အဆင့်မြင့် အင်မော်တယ်လက်နက်အဖြစ် ပေါင်းစပ်နိုင်တယ်'

'ဒီဝိညာဉ်လမ်းပြမီးအိမ်ကလည်း အဲဒီထဲက တစ်ခုပဲ'

'ကြည့်ရတာ ဒီဝိညာဉ်သခင်က အမှောင်ကမ္ဘာမှာ အဆင့်အတန်းမြင့်မားတဲ့ တည်ရှိမှုတစ်ခု ဖြစ်သင့်တယ်'

ရှန်းယွီဧကရာဇ်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူက လက်တစ်ဖက်ကိုမြှောက်ပြီး ဝိညာဉ်လမ်းပြမီးအိမ်ကို ဖမ်းယူရန် လက်လှမ်းလိုက်၏။

ရုတ်တရက်၊ ဟင်းလင်းပြင်မှ မှောင်မိုက်သော လက်တစ်ဖက်ပေါ်လာပြီး ဝိညာဉ်လမ်းပြမီးအိမ်ကို ဆွဲယူသွားတော့သည်။

"ဟမ့်၊ ငါ့ရှေ့မှာ လှည့်ကွက်ကစားချင်သေးတာလား"

ရှန်းယွီဧကရာဇ်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူက ပုဆိန်ဖြင့် အမှောင်လက်ကြီးကို ခုတ်ချလိုက်၏။

ထိုအချိန်မှာပင်၊ ဟင်းလင်းပြင်၏ အခြားတစ်ဖက်မှ လက်ကြီးတစ်ဖက် ထပ်မံပေါ်လာပြီး ဝိညာဉ်လမ်းပြမီးအိမ်ကို ဆွဲယူလိုက်တော့သည်။

"ဒါက ငါ့အမှောင်ကမ္ဘာနဲ့ သက်ဆိုင်တယ်"

အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဧကရာဇ်နှစ်ပါး..."

ရှန်းယွီဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။

ဟုတ်ပေသည်၊ ဤဧကရာဇ်နှစ်ပါးက ကိုယ်တိုင်မရောက်လာခဲ့ဘဲ အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

သူတို့က ဝိညာဉ်သခင်အတွက် လက်စားချေရန် စိတ်ကူးမရှိဘဲ ဝိညာဉ်လမ်းပြမီးအိမ်ကိုသာ ယူငင်လိုပေသည်။

နောက်ဆုံးတွင်၊ အမှောင်ကမ္ဘာက ရှုပ်ထွေးပွေလီသော အတွင်းရေးပြဿနာများဖြင့် အင်မော်တယ်နန်းတော်နှင့် အတူတူပင် ဖြစ်သည်။

ဝိညာဉ်သခင်သည် တစ်ချိန်က အမှောင်ကမ္ဘာမှ လူတစ်ဦးဖြစ်ခဲ့သော်လည်း သေလွန်ပြီးသော ဝိညာဉ်သခင်အတွက် ရှန်းယွီဧကရာဇ်ကို တိုက်ခိုက်ရန် မလိုပေ။

"ယိုပြည်ထောင်ရဲ့ လုပ်ရပ်တွေက ငါ့အမှောင်ကမ္ဘာနဲ့ မသက်ဆိုင်ဘူး"

ပထမဦးဆုံး လှုပ်ရှားခဲ့သော အမှောင်လက်ပိုင်ရှင်က ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင်လား..."

ရှန်းယွီဧကရာဇ်က ခေတ္တရပ်လိုက်သည်။

"အမှောင်ကမ္ဘာတောင်မှ ငါ့ကျွင်းမိသားစုရဲ့ ဒေါသကို မခံနိုင်ဘူး"

"ဟီးဟီး..."

အက်ရှရှ ရယ်မောသံက ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။

ထို့နောက်မှာတော့ မှောင်မိုက်သော လက်ကြီးနှစ်ဖက်က ဝိညာဉ်လမ်းပြမီးအိမ်ကို ဖမ်းယူကာ ပျောက်ကွယ်သွားတော့သည်။

ရှန်းယွီဧကရာဇ်က တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

စင်စစ်တွင်၊ သူ တကယ်လိုချင်ပါက ဝိညာဉ်မီးအိမ်ကို ယူထားနိုင်သည်။

သူက အမှောင်ကမ္ဘာကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။

ယခုအချိန်တွင် ပြဿနာများ ထပ်မလိုချင်သေးရုံသာ ဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးနှင့် နှိုင်းယှဉ်ပါက အမှောင်ကမ္ဘာသည် ပို၍ လျှို့ဝှက်ဆန်းကျယ်ကာ ထူးဆန်းပြီး အရှက်လည်းမရှိပေ။

သင်္ချိုင်းများကို တူးဖော်ခြင်း၊ အလောင်းများကို တူးဖော်ခြင်း၊ ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ခြင်း စသည်ဖြင့်...

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ရက်စက်မှုက အမှောင်ကမ္ဘာနှင့်ယှဉ်လျှင် ဘာမျှမဟုတ်ပေ။

"အမှောင်ကမ္ဘာက ရေအောက်ကနေ တဖြည်းဖြည်း ထွက်ပေါ်လာနေပြီ"

ရှန်းယွီဧကရာဇ်က သက်ပြင်းချလိုက်သည်။

ဤအင်မော်တယ်နယ်မြေဖြတ်ကျော် အင်မော်တယ်စစ်ပွဲက မုန်တိုင်းဟုပင် မခေါ်နိုင်သလို သူ ခံစားခဲ့ရပေသည်။

ဤသည်က မုန်တိုင်းမလာခင် လှိုင်းသေးသေးလေးသာ ရှိသေးသည်။

"ဘယ်လိုလုပ်... ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဝိညာဉ်သခင် ကျဆုံးသွားပြီ"

အောက်ဘက်တွင်၊ ယိုပြည်ထောင်၏ ကျန်သော ဧကရာဇ်နှစ်ပါးမှာ စိတ်ဓာတ်များ ပြိုလဲလုနီးဖြစ်နေပြီ ဖြစ်သည်။

သူတို့၏ နှလုံးသားထဲတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်၊ ယိုပြည်ထောင်၏ ဝိညာဉ်သခင် ကျဆုံးသွားပြီ။

"မဟုတ်ဘူး...ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ဧကရာဇ်တစ်ပိုင်းနှစ်ပါးက မယုံနိုင်စွာ ရေရွတ်လိုက်သည်။

သို့သော်လည်း အေးစက်သော အမှန်တရားက သူတို့ရှေ့တွင် ရှိနေ၏။

ယခုအခါ ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာတစ်ခုလုံးက သွေးသံတရဲရဲနှင့် ငရဲပြည်ကဲ့သို့ပင်။

သွေးများက မြစ်များသဖွယ် စီးဆင်းနေပြီး အလောင်းများမှာလည်း တောင်လိုပုံနေသည်။

သူတို့က လုံးဝ မပျက်စီးသွားမီ အချိန်တစ်ခုသာ ရှိမည်။

ဧကရာဇ်တစ်ပိုင်းနှစ်ပါး၏ နှလုံးများက ပေါက်ထွက်တော့မတတ် ခုန်ပေါက်နေပြီ ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးက ပို၍ အားကောင်းလေလေ၊ သေရမှာကို ပိုကြောက်လေလေပင်။

မူလကတည်းက မသေလိုသောကြောင့် ပိုမြင့်မားသော ကျင့်ကြံမှုကို လိုက်စားနေကြခြင်း ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းနှစ်ပါးတို့က ဆုံးဖြတ်ချက်ချလိုက်သော မျက်လုံးတို့ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဝိညာဉ်သခင်ပင် သေပြီဖြစ်၍ ဆက်လက်ခုခံရန်မှာ အသုံးမဝင်တော့ပေ။

"ငါတို့က ငါတို့ရဲ့ ပြစ်မှုတွေကို ဖြေဖျောက်ဖို့အတွက် မင်းတို့မိသားစုကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်"

ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းတစ်ပါးက ပြောလိုက်သည်။

မဟာမိတ်များဘက်တွင် လူများ အံ့ဩသွားကြသည်။

ယင်းက ဧကရာဇ်တစ်ပိုင်း ပညာရှင်များ ဖြစ်၏။

၎င်းတို့က ကျင်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိပြီဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ သန်းရာနှင့်ချီသော သတ္တဝါများအထက်တွင် တည်ရှိနေသူတစ်ဦး ဖြစ်နေဆဲပင်။

ယခုတော့ သူဟာ အသက်ချမ်းသာပေးရန်အတွက် တောင်းပန်နေပြီ ဖြစ်သည်။

"ဧကရာဇ်တစ်ပိုင်းတောင်မှ သေမှာကြောက်ပုံရတယ်"

ကျင့်ကြံသူအတော်များများက လှောင်ပြောင်လိုက်ကြသည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ရှေးဘိုးဘေးတစ်ဦးက လျစ်လျူရှုစွာ ပြောလိုက်သည်။

"အပြစ်တွေကိုချေဖို့ အညံ့ခံမယ်... ဟုတ်လား။ ငါ့ကျွင်းမိသားစုက ဧကရာဇ်တစ်ပိုင်း တစ်ယောက်၊နှစ်ယောက်ကို လိုအပ်လို့လား"

ကျန်းတောက်ရွှီကလည်း အေးစက်စက် ပြောလိုက်၏။

"ငါ့ရဲ့မြေးကို ဒဏ်ရာရစေခဲ့တဲ့ပြစ်မှုက ခွင့်လွှတ်နိုင်စရာမရှိဘူး။ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ကြက်တွေ၊ခွေးတွေတောင်မှ မလွတ်မြောက်နိုင်ဘူးလို့ ငါပြောပြီးပြီ"

ကျန်းဟန်ကမူ တစ်ခွန်းသာ ပြောသည်။

"သတ်"

"မင်းတို့..."

ဧကရာဇ်တစ်ပိုင်းနှစ်ပါးမှာ အလွန်တုန်လှုပ်ပြီးနောက် ဒေါသတကြီး ဖြစ်သွားခဲ့ကြသည်။

ကျွင်းမိသားစုနှင့် ကျန်းမိသားစုက ဧကရာဇ်တစ်ပိုင်းနှစ်ပါးကိုပင် စိတ်မဝင်စားပေ။

နောက်ပိုင်းကတော့ ထူးထူးခြားခြား မရှိတော့ပါ။

ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းနှစ်ပါးက ပြင်းပြင်းထန်ထန် ခုခံကြသော်လည်း...

နောက်ဆုံးတွင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များစွာ၏ ဝန်းရံမှုအောက်မှာ မုန်းတီးစွာဖြင့် သေဆုံးသွားတော့သည်။

ယိုပြည်ထောင်၏ သန်မာသော ပညာရှင်အားလုံး အသတ်ခံခဲ့ရသည်။

ယိုပြည်ထောင်တစ်ခုလုံး ဖျက်ဆီးခံရပြီး မည်သူမျှ မလွတ်မြောက်ခဲ့ပေ။

"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက တစ်ပါးကို သုတ်သင်လိုက်ပြီ။ အခုကစပြီး ယိုပြည်ထောင်ဆိုတာ မရှိတော့ဘူး"

"ဒါက ကျွင်းမိသားစုကို စော်ကားခြင်းရဲ့ ရလဒ်လား"

"ကျွင်းမိသားစုက သူတို့ရဲ့အာဏာကို တည်ဆောက်နေတာလို့ ဘာဖြစ်လို့ ခံစားရတာလဲ"

အခြေအနေကို အာရုံစိုက်နေသော အကျော်အမော်အားလုံးက သက်ပြင်းချလိုက်ကြသည်။

အင်အားစု အများစုအတွက် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးသည် အဆိပ်ပြင်းသော‌ မြွေဆိုးများကဲ့သို့ ကြောက်စရာကောင်းလှသည်။

သို့ရာတွင်၊ ကျွင်းမိသားစုနှင့် ကျန်းမိသားစုက အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။

ဤသည်မှာ ရှေးဟောင်းမင်းမျိုးနွယ် မိသားစုကြီး၏ စွမ်းအား ဖြစ်သည်။

ဟုတ်ပေသည်၊ ဤနေရာတင်မကဘဲ ရှန်းထျန်းနှင့် သွေးမျှော်စင်ကလည်း လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျွင်းဧကရာဇ်ခုံရုံးဦးဆောင်သော အခြားတပ်အင်အားစုတစ်ခုက ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ဖရိုဖရဲကြယ်ပင်လယ်ကို ဦးတည်နေကြသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ အဆင့်မြင့်ပုဂ္ဂိုလ်များတည်ရှိရာအဓိကစစ်သင်္ဘောပေါ်တွင်...

ဝူဟူ၊ ရှန်းကုကမ္ဘာအဖွဲ့အစည်း၏ ခေါင်းဆောင် လီရှန်းနှင့် အခြားသူများ...

ကြေးအင်မော်တယ်နန်းတော်မှ မျက်ကန်းအဘိုးကြီး၊ ဖန့်ရှို့နျန်းနှင့် အခြားသူများ...

မြွေလူသားမျိုးနွယ်၏ဘုရင်မ မီဒူဇာနှင့် အခြားသူများလည်း ရှိသည်။

ရှမိသားစုမှ ညီအစ်မများနှင့် အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်မှ အခြားသူများအားလုံးလည်း ဤနေရာတွင် ရှိနေကြ၏။

၎င်းတို့ကို ကျွင်းဧကရာဇ်ခုံရုံး၏ ပထမအသုတ်မှ အဆင့်မြင့်ပုဂ္ဂိုလ်များဟု ဆိုနိုင်သည်။

ပိအန်းမျိုးနွယ်မှ အလှလေး မုန့်နုအာလည်း ရှိသေးသည်။

ဤအခိုက်တွင် သူမက ရုတ်တရက်ပြုံးပြီး ပြောလိုက်သည်။

"တကယ်တော့ ကျွန်မတို့အားလုံး လိုက်လာရင်တောင် အင်အားပြရုံသက်သက်ပဲဖြစ်‌မယ်ထင်တယ်"

"အိုး၊ ဘာဖြစ်လို့လဲ"

ကျွင်းဧကရာဇ်ခုံရုံး၏ ပတ်ဝန်းကျင်မှ အဆင့်မြင့်အရာရှိများက မုန့်နုအာကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြ၏။

မုန့်နုအာက ထူးခြားစွာပြုံးပြီး ပြောလိုက်သည်။

"ကျွင်းသခင်လေး ဒဏ်ရာရသွားပြီလေ။ ကျွန်မတို့မျိုးနွယ်ရဲ့ အဓိပဓိက သိပ်ပြီး မပျော်ရွှင်တော့ဘူး"

All Chapters