အခန်း ၁၂၂၈
Vol. 82 Ch. 1228
အခန်း ( ၁၂၂၈ ) ထျန်းအဘိုးအို။
ရုတ်တရက် ပေါ်လာသော ဤအဘိုးအိုက သာမန်လူတစ်ဦးနှင့်ပင် တူလှသည်။
သို့သော်၊ သူက ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူက သာမန် အသွင်ပြင်နှင့် အဖြူရောင် ဆံပင်များ ရှိ၏။ သူ့နောက်တွင် အလင်းတောင်ပံများ မရှိဘဲ သေမျိုးလောကမှ အနည်းငယ် ကြင်နာတတ်သော အဘိုးအိုတစ်ယောက်နှင့်ပင် တူလှသည်။
သို့ရာတွင်... သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးအနက် ရှန်းထျန်း၏ ခေါင်းဆောင်ကြီးအနေဖြင့် ဤအဘိုးအိုသည် လူကောင်းတစ်ယောက်မဟုတ်ကြောင်း သိနိုင်သည်။
"အဲဒါက... အဘိုးအိုထျန်းလား"
အင်မော်တယ်နယ်မြေကြီး၏ အကျော်အမော်တချို့က ဤအဘိုးအိုကို တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။
အဘိုးအိုထျန်းက ရှန်းထျန်း၏ လျှို့ဝှက်ဆန်းကြယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အလွန်အိုမင်းနေပြီ။
သူက လောကီထဲတွင် မတွေ့ရသလောက်ဖြစ်ပြီး လှုပ်ရှားခဲသည်။
ယခုတော့ ကျွင်းမိသားစု၏ တပ်မဟာက ရောက်လာပြီ။
အဘိုးအိုထျန်းလည်း မအိပ်နိုင်တော့ဘဲ ထွက်လာခဲ့ရသည်။ မဟုတ်လျှင်လည်း ရှန်းထျန်းတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
ဧကရာဇ်အဆင့် နတ်သမီး သူတော်စင်ရုပ်သေးက ဧကရာဇ်ကြီးတစ်ပါးကို တားဆီးနိုင်မည်ဟု သူ မထင်ပါ။
၎င်းက ဧကရာဇ်အဆင့် ရုပ်သေးရုပ်ဖြစ်သော်လည်း ၎င်းတို့နှင့် စစ်မှန်သော ဧကရာဇ်ကြားတွင် ကွာဟချက်ရှိနေဆဲ ဖြစ်သည်။ ၎င်းက အချိန်အကြာကြီး တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ပြင် ထိုက်ဟွမ်းဧကရာဇ်၏ စွမ်းအားက သာမန် ဧကရာဇ်များထက် အများကြီး ပိုအားကောင်းသည်။
ထိုက်ဟွမ်းဧကရာဇ်ကို ရုပ်သေးရုပ်နှင့် တားဆီးလိုပါက အိပ်မက်မက်နေခြင်း ဖြစ်လိမ့်မည်။
"ထျန်းအဘိုးကြီး၊ မင်း အသက်ရှင်နေသေးတာလား"
ထိုက်ဟွမ်းဧကရာဇ်ပင်လျှင် အနည်းငယ် အံ့သြသွားမိသည်။
ထျန်းအဘိုးအို၏ နာမည်ကို သူကြားဖူးပေသည်။
ဟုတ်သည်၊ ယခုတော့ သူဟာ သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေရသော အဘိုးအိုတစ်ဦးသာ ဖြစ်နေပြီ။
နောက်ဆုံးမှာတော့ လူတိုင်းက ရှန်းအောင်ဘုရင်ကဲ့သို့ အလွန်ရှည်လျားသော သက်တမ်းနှင့် မွေးဖွားလာကြတာ မဟုတ်ပါ။
အထူးအခွင့်အရေးမရှိလျှင် ထျန်းအဘိုးအိုက ဘယ်လောက်မှ ကြာကြာရှင်သန်နိုင်တော့မည် မဟုတ်ပေ။
"ငါတို့တွေ တကယ်ကို ကျဆုံးခဲ့ကြတာပဲ၊ ဒါပေမဲ့လည်း မတတ်နိုင်တော့ဘူးလေ"
"မင်းရဲ့ ကျွင်းမိသားစုက တကယ်ကို ထူးခြားတဲ့ လူငယ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်"
ထျန်းအဘိုးအိုက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
"အပိုတွေ ပြောနေစရာ မလိုပါဘူး၊ ကောင်းကင်မှာ တိုက်ခိုက်ကြမယ်"
ထိုက်ဟွမ်းဧကရာဇ်က အလွန်ရိုးစင်းပြီး အပိုစကားများပြောရန် ပျင်းရိလွန်းလှသည်။
ထိုစကားကိုကြားတော့ အားလုံး အံ့ဩသွား၏။
ထိုက်ဟွမ်းဧကရာဇ်က အမှန်တကယ်ပင် ထျန်းအဘိုးအိုနှင့် ဧကရာဇ်အဆင့် နတ်သမီး သူတော်စင်ရုပ်သေးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုသည်။
အထူးသဖြင့် ဧကရာဇ်နယ်ပယ်ကို ရောက်လာပြီးနောက် အဆင့်တူ လူတစ်ဦးကို အနိုင်ယူရန်ပင် အလွန်ခက်ခဲသည်။ နှစ်ဦးကိုဆိုလျှင် ပြောရန်ပင် မလိုပေ။
"တတိယဘိုးဘေး..."
ကျွင်းမိသားစု၏ ဘိုးဘေးတချို့က စိုးရိမ်သွားကြသည်။
"စိတ်မပူပါနဲ့"
ကျွင်းထိုက်ရန်နှင့် အခြား ရှေးဘိုးဘေးများကတော့ သိပ်ပြီးဂရုမစိုက်ပေ။
ထိုက်ဟွမ်းဧကရာဇ်က သာမန်ပုဂ္ဂိုလ်မဟုတ်ပါ။
ထျန်းအဘိုးအိုက ဘာမျှမပြောတော့ဘဲ သက်ပြင်းချလိုက်သည်။
သူက တောက်ပသော ငွေရောင် လှံတစ်လက်ကို ထုတ်ယူလိုက်သည်။
ဒါကိုမြင်တော့ ထိုက်ဟွမ်းဧကရာဇ်၏ နောက်ကွယ်မှ ရွှေနဂါးကိုးကောင်က ဟိန်းဟောက်လိုက်၏။ နောက်ဆုံးတွင် ရောထွေးသွားကာ တောက်ပသော ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
"အစစ်အမှန်နဂါးကိုးကောင်"
ဤမြင်ကွင်းက အင်မော်တယ်နယ်မြေကြီး၏ အကျော်အမော်များစွာကို သက်ပြင်းချစေခဲ့သည်။
နဂါးကိုးကောင်ဓားက အင်မော်တယ်ရတနာ၊ တာအိုရွှေသတ္တုနှင့် အစစ်အမှန်နဂါးကိုးကောင်၏ ဝိညာဉ်များဖြင့် ပြုလုပ်ထားသော လက်နက်တစ်ခု ဖြစ်သည်။
ကျွင်းမိသားစု၏ ဧကရာဇ်အဆင့် ရှေးဘိုးဘေးများသာ ဤကဲ့သို့ အံ့ဖွယ်ကောင်းသော လက်နက်မျိုးကို ပြုလုပ်နိုင်လိမ့်မည်။
စင်စစ်တွင်၊ ၎င်းက ရှေးခေတ်ကပင် ရှားပါးခဲ့သော အစစ်အမှန်နဂါး ဝိညာဉ် ဖြစ်သည်။
အစစ်အမှန်နဂါး၏ အသွင်အပြင်က လမ်းကြောင်းအားလုံးကို ဖြတ်ကျော်ရန် လုံလောက်ပေသည်။
ထိုက်ဟွမ်းဧကရာဇ်က နဂါးကိုးကောင်းဓားကို ကိုင်ဆောင်ကာ ကျယ်ပြောသော ကောင်းကင်၏ နက်နဲရာသို့ ပျံတက်သွားသည်။
ထျန်းအဘိုးအိုနှင့် ဧကရာဇ်အဆင့် နတ်သမီး သူတော်စင် ရုပ်သေးတို့သည်လည်း ကောင်းကင်သို့ ပျံတက်၍ ပျောက်ကွယ်သွား၏။
နောက်အခိုက်တွင်၊ ကြယ်ကောင်းကင်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုတုန်ခါမှုစွမ်းအားက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးကိုပင် အနည်းငယ် တုန်လှုပ်စေခဲ့သည်။
ဧကရာဇ်ကြီးများ၏ တိုက်ပွဲ စတင်ပြီ။
လူအတော်များများက ဧကရာဇ်များ၏တိုက်ပွဲကို အနီးကပ် ကြည့်လိုကြသည်။ သို့သော်လည်း အနားသို့ မကပ်နိုင်ကြပေ။
အဝေးမှ စူးစမ်းရန် ကြိုးစားတာတောင် ခက်သည်။
ဧကရာဇ်ကြီးများ၏ စွမ်းအားက ကြီးမားလွန်းသဖြင့် သူတို့၏အမြင်ကို ကွယ်စေလုနီးပင်။
ဧကရာဇ်တစ်ပိုင်းအောက်မှ မည်သူမျှ တိုက်ပွဲကို မကြည့်နိုင်ကြပေ။
အောက်ဘက်မှာတော့ ကျွင်းမိသားစု၏ တပ်မဟာက ရှန်းထျန်းနှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။
ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ငါးဦးက ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို အားကိုးကာ အချိန်ဆွဲရန် ကြိုးစားနေ၏။
ကျွင်းမိသားစု၏ ရှေးဘိုးဘေးများက အသီးအရွက်ချည်း စားသုံးသူများ မဟုတ်ပါ။
ပဉ္စမဘိုးဘေး ကျွင်းထိုက်ဟောက်က သူ့လက်ထဲမှ ပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။ ပုဆိန်အလင်းက အစီရင်၏ နေရာများစွာကို ပြိုကျသွားစေခဲ့သည်။
တစ်ဖက်တွင်၊ စတုတ္ထဘိုးဘေး ကျွင်းထိုက်ရန်က နူးညံ့သိမ်မွေ့ပုံရလေသည်။ သူမက နူးညံ့ပြီး ကြင်နာတတ်သော မိန်းကလေးတစ်ယောက်နှင့်ပင် တူသည်။
သို့သော်... ယခုအခါတွင် သူက ကြမ်းတမ်းခက်ထန်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ လှုပ်ရှားမှုတိုင်းတွင် ကပ်ဘေးကိုးခု ဧကရာဇ်တစ်ပိုင်း၏ စွမ်းအားများ ပါဝင်နေကာ ဟင်းလင်းပြင်ကို တုန်ခါအက်ကွဲစေခဲ့ပေသည်။
"ငါ့ကျွင်းမိသားစုရဲ့ ကလေးကို ဘယ်လိုတောင် နာကျင်အောင် လုပ်ဝံ့တာလဲ။ ငါ အဖွားကြီးတောင် သူ့ကို မတွေ့ရသေးဘူး... မင်းတို့က သူ့ကို သတ်မိလုနီးပဲ"
ကျွင်းထိုက်ရန်က ကြိမ်းမောင်းလိုက်သည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် အဆုံးမဲ့ကြယ်များ၏ စွမ်းအားများက စုစည်းကာ ဧရာမကြယ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။
ဂြိုလ်ကြီးတစ်ခု ကြွေဆင်းလာသကဲ့သို့ ဧရာမကြယ်က ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်အပေါ် ကျဆင်းလာတော့သည်။
ဤမြင်ကွင်းက တိုက်ပွဲကို စောင့်ကြည့်နေသော အကျော်အမော်များ၏ မျက်ခုံးများကို တလှုပ်လှုပ်ဖြစ်သွားစေခဲ့သည်။
"ကျွင်းမိသားစုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ယောက်ျား... မိန်းမ၊ လူကြီး... လူငယ် ဘယ်သူပဲဖြစ်ဖြစ် သူတို့အားလုံးက ကြီးစိုးပြီး ရက်စက်လွန်းတယ်"
"ဝုန်း"
ဧရာမကြယ်ကြီး ကျဆင်းလာသည်။
ဆဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်က တုန်ခါနေပြီး အစီရင်အမှတ်အသားများစွာ ပျက်စီးသွား၏။
ပြင်းထန်သော စွမ်းအားကြောင့် အစီရင်ကို ထိန်းချုပ်နေသော လူသတ်သမားများမှာ သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
ရှန်းထျန်း၏ လုပ်ကြံသတ်ဖြတ်သူများက ထျန်းအဘိုးအိုနှင့် ဧကရာဇ် နတ်သမီးသူတော်စင် ရုပ်သေးအပေါ် ပို၍ မျှော်လင့်ချက်ထားလာခဲ့ကြသည်။
သူတို့အနိုင်ရခဲ့ရင်တောင် ကျွင်းမိသားစုကို ယာယီ နောက်ဆုတ်စေရန်သာ တတ်နိုင်လိမ့်မည်။
သို့သော်လည်း အနည်းဆုံးတော့ သူတို့အတွက် မျှော်လင့်ချက်ရှိနိုင်သည်။
အချိန်များ မည်မျှကြာမြင့်ခဲ့ပြီမှန်း မသိပါ။
နယ်မြေတစ်ခုလုံးက သွေးချောင်းစီးနေပြီ ဖြစ်သည်။
သန်းနှင့်ချီသော အလင်းများက သွေးပင်လယ်တွင် မျောပါနေကြ၏။
ဤသည်က ပြင်းထန်ရက်စက်သော စစ်ပွဲတစ်ခုပင်။
ထိုအချိန်တွင် ကျယ်ပြောလှသော ကောင်းကင်၏ နက်နဲရာအရပ်မှ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ တောက်ပသော ဧကရာဇ်တစ်ပါး၏ သွေးများ ကျဆင်းလာခဲ့သည်။
"ငါ အသက်ကြီးနေပြီ"
အားနည်းနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းက ထျန်းအဘိုးအို၏ အသံပင်။
နောက်အခိုက်တွင်၊ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ရွှေရောင်ဓားအလင်းကို ကောင်းကင်ယံတွင် မြင်တွေ့လိုက်ရသည်။
ထို့နောက်တွင် ဧကရာဇ် နတ်သမီး သူတော်စင်ရုပ်သေးက ထက်ပိုင်းပြတ်သွား၏။
"မဟုတ်ဘူး..."
ရှန်းထျန်း၏ လူအားလုံးမှာ ဤမြင်ကွင်းကြောင့် စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်သွားခဲ့သည်။
ထျန်းအဘိုးအိုနှင့် ဧကရာဇ်အဆင့် နတ်သမီး သူတော်စင်ရုပ်သေးက ထိုက်ဟွမ်းဧကရာဇ်ကို ရှုံးနိမ့်ခဲ့ကြပြီ။
"ငါ့ကျွင်းမိသားစုရဲ့ ကလေးကို တိုက်ခိုက်ခဲ့ကတည်းက ဒီလိုအသိတရားရှိသင့်တယ်"
ထိုက်ဟွမ်းဧကရာဇ်က နဂါးကိုးကောင်ဓားကို ကိုင်ဆွဲထားကာ လျစ်လျစ်လျူစွာ ပြောလိုက်သည်။
ထျန်းအဘိုးအိုက ခါးသီးစွာ ရယ်မောလိုက်လေသည်။
"ငါ လက်မခံချင်ဘူး။ ဒီတာဝန်ကို အောင်မြင်မယ်ဆိုရင် ငါ့ရဲ့သက်တမ်းကို တိုးစေဖို့အတွက် အခွင့်ကောင်းတစ်ခု ရလိမ့်မယ်။ အဲဒီအခါကျရင် အခြေအနေတည်ငြိမ်ဖို့ တကယ့်အခွင့်အရေးကို စောင့်မျှော်နိုင်မှာ၊ ကံမကောင်းချင်တော့..."
"ဒါက ဝဋ်လည်တာလို့ပဲ ထင်ပါတယ်။ နောက်ဆုံးမှာတော့ ငါတို့ဟာ အင်မော်တယ်ခုံရုံးအတွက် လူအများကြီးကို သတ်ခဲ့ကြတယ်"
ထျန်းအဘိုးအို၏ စကားက စောင့်ကြည့်နေသူအားလုံးကို အံ့ဩသွားစေခဲ့သည်။ အချို့မှာ မိမိနားကိုပင် မိမိမယုံနိုင်အောင် ဖြစ်သွား၏။
"အင်မော်တယ်ခုံရုံးအတွက် သတ်ခဲ့ကြတာလား။ သူ ဘာတွေပြောနေတာလဲ"
"ဒါက ဘယ်လိုဖြစ်နေတာလဲ"
ထျန်းအဘိုးအိုမှာ ပတ်ဝန်းကျင်မှ အံ့ဩတုန်လှုပ်နေသော အကြည့်များကို လျစ်လျူရှုထားသည်။
ဝမ်းနည်းနေသော အပြုံးမျိုးဖြင့် တစ်ယောက်တည်း စကားပြောနေသလို ဆက်ပြောလိုက်လေသည်။
"အင်မော်တယ်ခုံရုံးရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းအနေနဲ့ ငါ့ရဲ့ ရှန်းထျန်းဟာ အခု ပျက်စီးလုနီး ဖြစ်နေပြီ။ အင်မော်တယ်ခုံရုံးက ငါတို့ကို တကယ် မျက်ကွယ်ပြုထားတော့မှာလား"
"ဒါမှမဟုတ် အင်မော်တယ်ခုံရုံးကို စတင်တည်ထောင်တုန်းက ငါတို့ရှန်းထျန်းရဲ့ ဘိုးဘေးတွေရဲ့ ကြိုးပမ်းမှုနဲ့ အပ်နှံမှုက အချည်းနှီးပဲလို့ ပြောနေတာလား"