← Chapters

အခန်း ၁၂၃၄

Vol. 83 Ch. 1234

အခန်း ၁၂၃၄

Vol. 83 Ch. 1234

အခန်း ( ၁၂၃၄ ) လုမိသားစု၏ သခင်လေး လုဖူးကွေ့။

ယခုအချိန်တွင်၊ ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ နန်းတော်အပြင်ဘက်မှာ လူအများအပြား ရှိနေကြသည်။

သူတို့အားလုံးက လင်ယွမ်ကိုတွေ့ရန် ရောက်ရှိလာသော လူငယ်သူရဲကောင်းများ ဖြစ်၏။

သူတို့ထဲတွင် အဆင့်အတန်းမြင့်မားသူများ အများကြီးရှိသည်။ သူတို့အားလုံးက ထူးချွန်ထက်မြက်ကြပေသည်။

ယခုမူ၊ သူတို့က ပန်းကလေးအနားမှ ပျားနှင့်လိပ်ပြာများကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

အကြောင်းပြချက်ကလည်း ရိုးရှင်း၏။

သူတို့အားလုံးက မေ့ပျောက်ခြင်းတိုင်းပြည်သို့ ဝင်ရောက်ရန် နေရာတစ်ခု ရယူကာ လင်ယွမ်နှင့်အတူ ခရီးသွားလိုသောကြောင့်ပင်။

မေ့ပျောက်ခြင်းတိုင်းပြည်က အန္တရာယ်များပြီး အံ့ဖွယ်ခုနစ်ပါးထဲမှတစ်ခု ဖြစ်သည်။

သို့သော်လည်း အခွင့်အလမ်းများစွာတို့ ရှိ၏။

ရှေး‌ခေတ် အင်မော်တယ်ခုံရုံး၏ အခွင့်အလမ်းကို ဘေးဖယ်ထားလျှင်ပင်၊ အခြား ရတနာများ အမွေအနှစ်များက ရှားပါးမည် မဟုတ်ပေ။

ထို့ပြင်၊ လင်ယွမ်က အလွန်လှပသော အလှလေး ဖြစ်သည်။

ဤခရီးတွင် သူမ၏ နှလုံးသားကို ဖမ်းဆုပ်နိုင်ပါက ကံကောင်းမှုကြီး ဖြစ်လိမ့်မည်။

ထိုသူက ချက်ချင်းပင် အင်မော်တယ်ခုံရုံး၏ မင်းသား ဖြစ်လာမည် ဖြစ်သည်။

အနာဂတ်တွင် အင်မော်တယ်ခုံရုံး၏ မဟာပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လာနိုင်သေးသည်။

ယင်းက တကယ်ကို အရှိန်အဝါကြီးမားသည်။

ဤမျှော်လင့်ချက်ဖြင့် လူငယ်အများအပြားက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြခြင်း ဖြစ်ပေသည်။

သူ၏ ရိုးသားမှုကို ဖော်ပြရန်အတွက် နန်းတော်တံခါးရှေ့တွင် ခုနစ်ရက်နှင့် ခုနစ်ည ဒူးထောက်ခဲ့သည့် လူငယ်တစ်ဦးပင် ရှိသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် ဤကာလအတွင်းတွင် လင်ယွမ်သည် မည်သူကိုမျှ မတွေ့ခဲ့ပါ။

ထိုအချိန်၊ လူအုပ်ကြားထဲတွင်...

အနက်ရောင်ဝတ်ရုံဝတ် လူတစ်ယောက်က ငြိမ်သက်စွာ ရပ်နေသည်။

သူ့ဦးခေါင်းတွင်လည်း ခေါင်းစွပ်ကို ဝတ်ဆင်ထားသောကြောင့် သူ့မျက်နှာကိုမြင်ရန် မလွယ်ပေ။

စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်တို့ဖြင့် စောင့်နေကြသော လူငယ်များနှင့် မတူခြားနားစွာပင် သူက အလွန်အေးဆေးတည်ငြိမ်ပုံရသည်။

ထိုအချိန်တွင် လူအုပ်ကြီးထဲမှ နောက်ထပ် စကားသံများ ထွက်ပေါ်လာသည်။

"ဟင်၊ နောက်ထပ် ရှေးဟောင်းမိသားစုတစ်ခုက သခင်လေးတစ်ယောက် ရောက်လာပြန်တာလား။ ဒီလိုဆိုရင် ငါတို့က ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်ရတော့မှာလဲ"

"အရင်က ရှေးဟောင်း ချင်မိသားစုရဲ့ မျိုးစေ့အဆင့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့တယ်။ အခုဆိုရင် ရှေးဟောင်း လုမိသားစုက သခင်လေးလည်း ထပ်ရောက်လာခဲ့ပြီ"

"အဲဒါ လုမိသားစုရဲ့ သခင်လေး လုဖူးကွေ့ မဟုတ်လား"

"ဒါပေမဲ့ သူက ပျင်းရိတတ်ပြီး အလိုဆန္ဒလည်းကြီးတယ်လို့ ကြားတယ်။ အခုဆိုရင် သူ့မှာ မိန်းမသုံးရာ ရှိနေပြီတဲ့"

ဆွေးနွေးပြောဆိုသံများနှင့်အတူ လူများစွာက ဦးတည်ရာတစ်ခုကို လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ လှပသော မိန်းကလေး လေးယောက် စီးနင်းလိုက်ပါလာသော ရထားတစ်စီးကို တွေ့လိုက်ရ၏။

မိန်းကလေးများ၏ အလယ်မှာတော့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဆီတုံးကြီးကဲ့သို့ ဖက်တီးတစ်ယောက် ထိုင်နေသည်။

သူက ဝိညာဉ်သစ်သီးများကို စားသောက်ရင်း သွားကြားထိုးနေလေသည်။

လူတိုင်းကို အံ့အားသင့်စေသည်မှာ ထိုသွားကြားထိုးတံက ဧကရာဇ်တစ်ပိုင်းလက်နက်ဖြစ်နေခြင်း ဖြစ်သည်။

"ကျွတ်ကျွတ်... လုမိသားစုက ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတစ်ခု ဖြစ်ထိုက်ပါပေတယ်။ သူတို့က ငါတို့အင်မော်တယ်နယ်မြေကြီးရဲ့ အသန်မာဆုံး ပန်းပဲမိသားစုတွေထဲက တစ်ခုပဲ"

ပတ်ဝန်းကျင်မှ လူငယ်များက ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချလိုက်မိကြသည်။

လုမိသားစုသည် အင်မော်တယ်နယ်မြေကြီးရှိ ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများထဲတွင် ရှေ့တန်းမှမဟုတ်ပေ။

ကျွင်းမိသားစုက အင်မော်တယ်နယ်မြေကြီးရှိ ရှေးခေတ်မိသားစုများ၏ ထိပ်တန်းဟုဆိုလျှင် လုမိသားစုကို အလယ်လတ်အဆင့်မှ ထိပ်တန်းဟုသာ အဆင့်သတ်မှတ်ခံရနိုင်သည်။

သို့သော်၊ သူတို့၏ နာမည်ဂုဏ်သတင်းက မနိမ့်ကျပါ။

ကျွင်းမိသားစုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း တော်ရုံတန်ရုံ ရှေးဟောင်းမိသားစုများထက် အဆပေါင်းများစွာ အားကောင်းသည်။

အကြောင်းမူ၊ လုမိသားစုက ပန်းပဲဆရာမိသားစု ဖြစ်နေသောကြောင့်ပင်။

လုမိသားစု၏ ဘိုးဘေးများသည် တစ်ချိန်က အင်မော်တယ်တစ်ပိုင်းလက်နက်ကိုပင် ပြုလုပ်ခဲ့သည်ဟု ကောလဟာလများ ရှိသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်လက်နက်အားလုံးက ရှေးခေတ်မှ လက်ကျန်များဖြစ်ပြီး အသစ်များကို မည်သူမျှ မဖန်တီးနိုင်ကြောင်း သိထားကြရမည်။

အင်မော်တယ်တစ်ပိုင်း လက်နက်ကိုတောင် လူအများစု မလုပ်နိုင်ကြတော့ပါ။

လုဖူးကွေ့၏ ဖခင် ထျန်းကုန်းဧကရာဇ်က အင်မော်တယ်နယ်မြေကြီး၏ ပန်းပဲဆရာမျိုးဆက်တစ်ခု ဖြစ်သည်။

တိုက်ခိုက်ရေးစွမ်းအားအရ၊ သူသည် ဧကရာဇ်များကြားတွင် သာမန်ဖြစ်သော်လည်း သူ၏ ပန်းပဲပညာစွမ်းရည်ကတော့ နှစ်ယောက်မရှိပေ။

ဧကရာဇ်ကြီးများစွာပင် ဧကရာဇ်လက်နက်များနှင့် အခြားရှေးဟောင်းရတနာများကို ထုလုပ်ရန် တောင်းဆိုခဲ့ကြရသည်။ သူ့အပေါ်မှာလည်း အကြွေးများစွာ တင်ခဲ့ရပေသည်။

ထိုအချက်ကလည်း လုမိသားစု၏ ဩဇာကြီးမားနေရခြင်း အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။

အကြောင်းမူ၊ လုမိသားစုမှ လူများပင်လျှင် အကျော်အမော် ဘယ်လောက်များများက သူတို့ကို မျက်နှာသာပေးရမှန်း မသိသောကြောင့်ပင်။

လုမိသားစု၏ ပန်းပဲပညာစွမ်းရည်ဖြင့် အားလုံးက လေးစားသမှုပြုကာ မျက်နှာသာပေးခဲ့ကြရသည်။

လုဖူးကွေ့က ထျန်းကုန်းဧကရာဇ်၏ အမွေဆက်ခံသူဖြစ်ပေရာ မည်သူမျှ မစော်ကားဝံ့ပေ။

သို့ရာတွင်၊ သူ၏ နာမည်ဂုဏ်သတင်းက အကောင်းဘက်တွင် မရှိပါ။

အစားကြီးသူ၊ အပျင်းကြီးသူ၊ လောဘကြီးသူ စသည်ဖြင့်...

သူက အင်အားစုတစ်ခုမှ သူတော်စင်ငယ်တစ်ဦးကိုပင် လုယက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း သူ့နောက်ခံကြောင့် မည်သူမျှ ထိုကိစ္စကို ဆက်မလိုက်ဝံ့ခဲ့ပေ။

"ဘောပါပဲကွာ၊ သူ့မှာ မိန်းမနဲ့ အငယ်အနှောင်း သုံးရာရှိနေတာတောင် ငါတို့နဲ့ လာပြီး ယှဉ်ပြိုင်နေသေးတယ်"

လူငယ်တချို့က စိတ်မချမ်းမသာ ဖြစ်သွားကြသည်။

လုဖူးကွေ့၏ အသွင်အပြင်နှင့် သတင်းများကြောင့် လင်ယွမ်ကို ဆွဲဆောင်နိုင်ရန် မဖြစ်နိုင်ပေ။

သို့ရာတွင်၊ နေရာတစ်ခုကို ရယူသွားနိုင်လျှင်ပင် အခြားသူများအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နိုင်သည်။

"ဘာလဲ၊ မင်းတို့က ငါ့ကို သဘောမကျဘူးလား"

သူ့ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ယောင်ဝါးဝါး ကြားလိုက်ရဟန်ဖြင့် လုဖူးကွေ့က နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ သဘောကျပါတယ်"

သူ့ပတ်ဝန်းကျင်မှ လူများက ချက်ချင်း ပြောဆိုလိုက်ကြ၏။ ထို့နောက်မှာတော့ သူနှင့် ပြဿနာမဖြစ်ချင်သလို နေရာမှ ထွက်သွားကြတော့သည်။

သို့‌သော်၊ အနက်ရောင်ဝတ်ရုံဖြင့် အမျိုးသားက နေရာတွင် တည်ငြိမ်စွာရပ်နေခဲ့သည်။

သူက လုမိသားစု၏ သခင်လေး ရောက်လာတာကို လုံးဝသတိမထားမိသလိုပင်။

"ဟမ်"

ဖက်တီး လုဖူးကွေ့က ကျဉ်းမြောင်းသော မျက်လုံးများကို ထပ်မံမှေးစင်းကာ အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားကို ကြည့်လိုက်သည်။

သူ့နာမည်ဆိုးကြောင့် လူတော်တော်များများက သူနှင့် ခပ်ဝေးဝေးတွင် နေလိုကြသည်။

ယခုလည်း သူ့အနီးနားရှိ လူအားလုံးက ဝေးရာသို့ ရှောင်ထွက်သွားကြ၏။ သို့သော်လည်း အနက်ရောင် ၀တ်ရုံဝတ် အမျိုးသားက သူ့ကို လုံးဝဂရုမစိုက်သလို မလှုပ်မယှက် ရပ်နေသည်။

ဒါက လုဖူးကွေ့ကို စူးစမ်းချင်စိတ် ဖြစ်စေသည်။

သူက ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။

"ညီ‌အစ်ကို၊ မင်းလည်း ဧကရာဇ်ငယ် လင်ယွမ်နဲ့တွေ့ရဖို့ တောင်းဆိုရအောင် ရောက်လာတာလား"

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ထိုအခါမှပင် လုဖူးကွေ့ကို သတိထားမိပုံရသည်။

သူက အေးအေးဆေးဆေးပင် ပြော၏။

"မဟုတ်ပါဘူး၊ ငါက သူ့ကိုတွေ့ရအောင်လို့ မတောင်းဆိုဘူး။ သူက ငါနဲ့တွေ့ဖို့ တောင်းဆိုလိမ့်မယ်"

"အာ"

လုဖူးကွေ့မှာ ခဏတာမျှ အံ့အားသင့်သွားသည်။ ထို့နောက် သဘောကျစွာ ရယ်မောလိုက်၏။

"ဟားဟားဟား၊ ညီအစ်ကို... မင်းက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လျှို့ဝှက်ဆန်းကျယ်သလို ရှိနေတာနဲ့ ဧကရာဇ်ငယ်လင်ယွမ်က အဖွဲ့ထဲမှာ နေရာပေးမယ်လို့ ထင်နေတာလား"

"‌ရှေးဟောင်း မျိုးနွယ်တစ်ခုရဲ့ အဲဒီသခင်လေးကို တွေ့တယ် မဟုတ်လား။ သူဆိုရင် နန်းတော်ရှေ့မှာ ခုနစ်ရက် ခုနစ်ည ဒူးထောက်နေခဲ့ပေမဲ့ ဧကရာဇ်ငယ် လင်ယွမ်ကတော့ လုံးဝ မတွေ့ခဲ့ဘူး"

"လဝက်လောက် ကြိုတင်လာပြီး ဧကရာဇ်ငယ်လင်ယွမ်ရဲ့ ပုံတူကိုဆွဲတဲ့ သူလည်းရှိသေးတယ်၊ ဒါပေမဲ့ ဘယ်သူမှ မတွေ့ခဲ့ရဘူး"

လုဖူးကွေ့က ပြုံးရယ်ကာ ပြောလိုက်သည်။

သူဆိုလျှင်လည်း ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ ခွဲတမ်းတစ်ခု ရရှိရန် သူ၏ အရင်းအမြစ်များကို အားကိုးခဲ့ရသည်။

အနက်ရောင်ဝတ်ရုံဝတ် ဤအမျိုးသားကို လင်ယွမ်က ‌မည်သို့ အလွယ်တကူ တွေ့ခွင့်ပြုမည်နည်း။

"ညီအစ်ကို၊ ငါ့ကိုယ်ငါ ကြွားလုံးထုတ်တာ ထူးချွန်တယ်လို့ ထင်ခဲ့ပေမဲ့ မင်းက ငါ့ထက်တောင်မှ ပိုကြွားနိုင်သေးတယ်"

"ဒါပေမဲ့ မင်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆိုရင်တော့ ဖြစ်နိုင်တယ်"

လုဖူးကွေ့က ပြုံးလျက် ပြောလိုက်သည်။

ဟုတ်ပေသည်၊ ဒါက ဟာသတစ်ခုဖြစ်မှန်း လူတိုင်းသိကြသည်။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ကျွင်းမိသားစု၏ ဘိုးဘွားမြေတွင် သူ၏ဒဏ်ရာများကို ပြန်လည်ကုသနေဆဲပင်။ သူက နှစ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပါ။

သို့ရာတွင်၊ အနက်ရောင်ဝတ်ရုံဝတ် လူက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"သူ ငါ့ကို တွေ့လိမ့်မယ်"

ဒါကိုမြင်တော့ လုဖူးကွေ့က ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်လေသည်။

"‌ဟင်း၊ နောက်ထပ် စိတ်ဖောက်နေတဲ့ လူတစ်ယောက်ပဲ"

ထို့နောက်မှာတော့ လုဖူးကွေ့က အနက်ရောင်ဝတ်ရုံနှင့် လူကို အာရုံမစိုက်တော့ပေ။

ထိုအချိန်တွင် နန်းတော်တံခါးက ရုတ်တရက် ပွင့်သွားသည်။

အရပ်မြင့်ပြီး အံ့မခန်း ချောမောလှပသော အမျိုးသမီးတစ်ဦးက တည်ငြိမ်စွာ ထွက်လာခဲ့သည်။

တာအိုပန်းပွင့်များလည်း ပေါ်လာကြ၏။

အင်မော်တယ်ခုံရုံး၏ မြင့်မြတ်ပြီး အေးစက်သော ဧကရာဇ်ငယ်က လူတိုင်း၏ရှေ့မှောက်တွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့ပြီ။

ရထားလုံးပေါ်မှ လုဖူးကွေ့လည်း တည်ငြိမ်မှု လုံးဝ မရှိတော့ဘဲ မျက်လုံးများပင် ပြူးကျယ်လာခဲ့သည်။

မူလက အပေါက်ကျဉ်းလေးသာရှိသော သူ့မျက်လုံးများက ရုတ်တရက် အဆမတန် ပြူးထွက်သွား၏။

သူ့တွင် လှပသော ဇနီးသည်နှင့် မောင်းမမိဿံ သုံးရာရှိသည်။ သို့ရာတွင်၊ ၎င်းတို့က သူ့ရှေ့မှ လင်ယွမ်နှင့် နှိုင်းယှဥ်ရန် ဝေးကွာနေဆဲပင်။

မဟုတ်သေး...

နှိုင်းယှဉ်စရာ လုံးဝမရှိပေ။

ကောင်းကင်ယံမှ နတ်ဖီးနစ်နှင့် မြေပြင်ပေါ်မှ ကြက်မများကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

All Chapters