အခန်း ၁၂၃၅
Vol. 83 Ch. 1235
အခန်း ( ၁၂၃၅ ) မင်းငါ့ကို မတွေ့ချင်ဘူးလား။
"ငါ့ရဲ့ ဇနီးနဲ့ မောင်းမမိဿံတွေက ပန်းကလေးတွေလို လှပကြပါတယ်။ သူတို့အားလုံးက ရှေးဟောင်းမျိုးနွယ်စုရဲ့ သမီးတော် ဒါမှမဟုတ် သူတော်စင်တွေချည်းပဲ။ ဒါပေမဲ့လည်း သူတို့တစ်ဦးမှ လင်ယွမ်နဲ့ မနှိုင်းယှဉ်နိုင်ဘူး"
"အားလုံးက သူ့ရဲ့ လက်တစ်ချောင်းလောက်တောင် မလှပကြပါဘူး"
လုဖူးကွေ့က သက်ပြင်းချလိုက်သည်။
ဟုတ်ပေသည်၊ သူက မျက်လုံးဖြင့် ကြည့်နေရုံသာ ဖြစ်သည်။
လုဖူးကွေ့က အလိုရမက်ကြီးသူဖြစ်သော်လည်း မိမိ၏ အကန့်အသတ်ကိုတော့ သိနေဆဲပင်။
လင်ယွမ်က သာမန် သူတော်စင်သမီးတော်မဟုတ်ဘဲ သူ စိတ်ကူးမယဉ်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
သူက လုမိသားစု၏ သခင်လေးဖြစ်လျှင်ပင် အသုံးဝင်မည် မဟုတ်ပါ။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဆိုလျှင်တော့ ဖြစ်နိုင်သည်။
သို့ရာတွင်... လုဖူးကွေ့သည် သူ၏ ရုပ်ရည်အပြင် အခြား အခြေအနေများကလည်း ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ လက်ချောင်းတစ်ချောင်းနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း သိထားသည်။
ပန်းပဲစွမ်းရည်ပင်လျှင်...
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က အနည်းငယ် သင်ယူလိုစိတ်ရှိသရွေ့၊ ပန်းပဲပညာ စွမ်းရည်သည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ သေချာသည်။
ထို့ကြောင့် ဤဧကရာဇ်ငယ် လင်ယွမ်ကို တွေးတောနေရန် မလိုပေ။ တစ်ချက်ကြည့်နိုင်ရုံဖြင့် လုံလောက်သည်။
မရေမတွက်နိုင်သော ပူပြင်းသည့် မျက်လုံးအကြည့်များကို လင်ယွမ်က ကျင့်သားရနေပြီဖြစ်သော်လည်း မျက်မှောင်ကြုတ်လိုက်ဆဲ ဖြစ်သည်။
ဤမျက်လုံးအကြည့်များကို သူ မကြိုက်ပေ။
"ဧကရာဇ်ငယ် လင်ယွမ်၊ ငါက ရှင်းယွိအဆောင်ရဲ့ သူတော်စင်သားတော်ပါ။ ဧကရာဇ်ငယ်နဲ့အတူ လိုက်ပါခွင့်ရဖို့ မျှော်လင့်ပါတယ်"
"ဧကရာဇ်ငယ် လင်ယွမ်၊ ငါက ကျိုးရွှမ်ဂိုဏ်းရဲ့ တပည့်ကြီးပါ။ မင်းအတွက် ကာကွယ်သူဖြစ်လာဖို့ ဆန္ဒရှိပါတယ်"
"ဧကရာဇ်ငယ်လင်ယွမ်၊ ငါက ချူမိသားစုရဲ့ ချူရှင်းယွင်ပါ"
ပါရမီရှင် လူငယ်များစွာက သူတို့ကိုယ်ကို အကြံပြုလိုက်ကြသည်။
လင်ယွမ်၏ အမူအရာကတော့ မပြောင်းလဲပါ။ တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ့အကြည့်က လူအုပ်ထဲသို့ ငြိမ်သက်စွာ ရပ်နေသော ဝတ်ရုံနက်ဝတ် အမျိုးသားအပေါ် ကျရောက်သွားသည်။
"နင့်ကိုမတွေ့ရင် ငါနောင်တရလိမ့်မယ်လို့ပြောခဲ့တာ နင်လား"
လင်ယွမ်က ဝတ်ရုံနက်ဝတ် အမျိုးသားကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ဝတ်ရုံနက်ဝတ် အမျိုးသားက မတုံ့ပြန်ပေ။
"ငါနဲ့လိုက်ခဲ့"
လင်ယွမ်က နောက်ပြန်လှည့်၍ နန်းတော်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူမ၏ ကြမ်းတမ်းမှုကို လူသိရှင်ကြား မပြချင်ပေ။
၎င်းက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ဟူသော သူမ၏ အဆင့်အတန်းကို ထိခိုက်စေသည်။
ဝတ်ရုံနက်ဝတ် အမျိုးသားကတော့ စိတ်ကြီးဝင်လွန်းနေသလား သို့မဟုတ် ဘာကြောင့်မှန်းမသိရပေ။ သူက လုံးဝ ဂရုမစိုက်သလို အေးအေးလူလူ ဝင်ရောက်သွားသည်။
"ဟမ်၊ အဲဒါက တကယ်ကြီး အလုပ်ဖြစ်တာလား"
လုဖူးကွေ့ အံ့ဩသွားသည်။
ယခုလေးတင် သူ လှောင်ရယ်ခဲ့သေးသည်။ လင်ယွမ်ကို ဆွဲဆောင်ရန် ဤလှည့်ကွက်လေးကို အသုံးပြုတာက စိတ်ကူးယဉ်ဆန်လွန်းသည်။
ယခုတော့ တကယ် အောင်မြင်သွားပြီ။
လူအတော်များများက ဆွံ့အပြီး မနာလိုဖြစ်နေခဲ့ကြသည်။
ဝတ်ရုံနက်ဝတ် အမျိုးသားသည် ဤကာလအတွင်း၌ လင်ယွမ်နှင့် တွေ့ဆုံနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေခဲ့သည် မဟုတ်လော။
သို့သော်လည်း တစ်စုံတစ်ယောက်က ချက်ချင်း အမူအရာပြန်ပြောင်းလာကာ လှောင်ပြောင်ပြောဆိုလိုက်သည်။
"ကြည့်ထား၊ အဲဒီ ဝတ်ရုံနက်ဝတ် အမျိုးသားက ဧကရာဇ်ငယ်လင်ယွမ်ကို လှည့်စားဝံ့တယ်။ နောက်ပိုင်းကျမှ သူ ဘယ်လိုဖြစ်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့"
"ဧကရာဇ်ငယ် လင်ယွမ်က သူ့ကို ရိုက်တော့မယ်ဆိုတာ သေချာတယ်"
"တကယ်ပါပဲ၊ ဧကရာဇ်ငယ်လင်ယွမ်က သိပ်ပြီး စိတ်ကြည်နေတာ မဟုတ်ဘူးလို့တောင် ငါကြားတယ်"
အားလုံးက ဤပွဲကိုကြည့်ရန် စောင့်နေလိုက်ကြသည်။
နန်းတော်အတွင်းတွင်...
လင်ယွမ်နှင့် ဝတ်ရုံနက်ဝတ် အမျိုးသားတို့ နှစ်ယောက်သာ ရှိနေသည်။
ရူယင်းပင်လျှင် ရှောင်ထွက်သွား၏။
ဝတ်ရုံနက်ဝတ် အမျိုးသား၏ သနားစရာကောင်းသော မြင်ကွင်းကို သူမ မမြင်လိုပေ။
"ဟင်း၊ သနားစရာကောင်းလိုက်တဲ့လူ... အရှင်မကို လာတွေ့တာ အချိန်မှားသွားခဲ့ပြီပဲ"
ရူယင်းက စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
လင်ယွမ်က အေးတိအေးစက် အမူအရာဖြင့် သူ့ရှေ့မှ ဝတ်ရုံနက်ဝတ် အမျိုးသားကို ကြည့်နေသည်။
"ငါ စိတ်ခံစားချက် အဆိုးဆုံးဖြစ်နေချိန်ကို လာကြုံတာက မင်း ကံဆိုးတာပဲ"
သူမ၏ စရိုက်လက္ခဏာကြောင့် ဝတ်ရုံနက်ဝတ် အမျိုးသားကို တိုက်ရိုက်သတ်မည် မဟုတ်ပေ။
သို့ရာတွင်၊ တစ်သက်တာ မမေ့နိုင်စရာ သင်ခန်းစာမျိုး ပေးလိုက်ရန်တော့ ဖြစ်နိုင်သည်။
သူ့စိတ်ထဲမှ မကျေမနပ်ဖြစ်မှုများကို ဖြေဖျောက်ရန် နည်းလမ်းတစ်ခုအနေနဲ့လည်း မှတ်ယူနိုင်ပေသည်။
ထိုအချိန်တွင် ဝတ်ရုံနက်ဝတ် အမျိုးသားက ရုတ်တရက် ရယ်မောလိုက်သည်။
"လင်ယွမ်၊ ဓမ္မတာလာနေလို့ ဒီလောက်စိတ်ကြီးနေရတာလား"
ထိုအသံကို ကြားလိုက်ရပြီးနောက် လင်ယွမ်၏ အေးစက်နေသော မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ ပြည့်သွားသည်။
ဓမ္မတာလာချိန်နှင့် ပတ်သက်ပြီး စနောက်မှုကိုပင် လျစ်လျူရှုခဲ့မိ၏။
ထိုအချိန်တွင် ဝတ်ရုံနက်ဝတ် အမျိုးသားက အနက်ရောင် ဝတ်ရုံကြီးကို ဖယ်ရှားလိုက်သည်။
အဖြူရောင်ဝတ်စုံဖြင့် ပြီးပြည့်စုံစွာ ချောမောသော ရုပ်သွင်တစ်ခုက သူမ၏ရှေ့တွင် ပေါ်လာတော့သည်။
"ကျွင်း... ကျွင်းရှောင်ယောက်၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လင်ယွမ် အံ့အားသင့်သွားသည်။ သူ ခဏတာမျှ အသိစိတ်လွတ်သွား၏။
တစ်စုံတစ်ယောက်က ကျွင်းရှောင်ယောက်အဖြစ် ဟန်ဆောင်ထားခြင်းဟုပင် သံသယဖြစ်ခဲ့မိသည်။
သို့သော်လည်း ချက်ခြင်းပင် သူမက ထိုအကြံကို ငြင်းပယ်ခဲ့သည်။
ကျွင်းရှောင်ယောက်၏ အသွင်အပြင်ကို အတုယူရန် မလွယ်ပေ။
ကျွင်းရှောင်ယောက်၏ အသွင်ပြင်ကို အတုမယူနိုင်၍ ခြေတစ်လှမ်းဆုတ်လျှင်လည်း... သူ၏ စိတ်နေစိတ်ထားကို အတုယူရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် သူ့ရှေ့မှလူက ကျွင်းရှောင်ယောက်ဖြစ်သည်မှာ သေချာသည်။
သို့သော်...
ကျွင်းရှောင်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ကျွင်းမိသားစုတွင် ပြန်လည်ကုသနေရဆဲ မဟုတ်လော။
အင်မော်တယ်ခုံရုံးသို့ ရောက်ရှိလာပြီး သူ့ရှေ့တွင် မည်သို့ရပ်နေနိုင်မည်နည်း။
လင်ယွမ်၏ ကြောင်တက်တက်ဖြစ်နေသော အမူအရာကိုမြင်လိုက်ရတော့ ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်မိသည်။
"ဘာလဲ၊ ငါ့ကို မတွေ့ချင်ဘူးလား။ ဒါဆိုရင် ငါသွားတော့မယ်"
"ခဏလေး..."
လင်ယွမ်က သူ့နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်၏။
ယခုအချိန်တွင် သူက ယခင်ကဲ့သို့ အေးစက်ပြီး လျစ်လျူရှုခြင်းမျိုး မရှိတော့ပေ။
တစ်စုံတစ်ခုကို ဆုံးရှုံးရမှာ စိုးရိမ်ပူပန်နေသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။
လုဖူးကွေ့နှင့် နန်းတော်အပြင်မှ တခြားလူများသာ ဒါကိုမြင်ရင် သူတို့မျက်လုံးများ ပြူးထွက်ကုန်လိမ့်မည်။
ဒါက ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဧကရာဇ်ငယ် လင်ယွမ် ဟုတ်ပါသေးရဲ့လား။
"ဘာတွေဖြစ်နေတာလဲ၊ နင်က တကယ်ကို နင်ပါပဲ။ ဒါပေမဲ့ ပုံမှန်မဟုတ်ဘူး..."
လင်ယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ဒါက ဇာတ်လမ်းရှည်ကြီးပါပဲ၊ ဒါပေမဲ့လည်း အရမ်းရိုးရှင်းတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက နင့်ရဲ့ ဓမ္မခန္ဓာကို ဝိုင်းပြီးသတ်ခဲ့တာတော့ မဟုတ်ဘူး မဟုတ်လား။ သူတို့က ဒီလောက်တော့ မမိုက်မဲနိုင်ဘူးလေ"
လင်ယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာကို ဝိုင်းပြီး တိုက်ခိုက်ခဲ့တာဆိုလျှင် ရယ်စရာကောင်းလိမ့်မည်။ ဒါက သူတို့၏ နာမည်ဂုဏ်သတင်းနှင့် မထိုက်တန်ပေ။
"သူတို့က ဝိုင်းပြီး တိုက်ခိုက်ခဲ့တာ မှန်ပါတယ်။ နောက်ပြီး အဲဒါက ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာပဲ"
ကျွင်းရှောင်ယောက်က အမှန်အတိုင်း ပြောလိုက်သည်။
"ဒါဆိုရင် အခု နင်က ဓမ္မခန္ဓာလား"
လင်ယွမ်က ထပ်မံခန့်မှန်းကြည့်လိုက်သည်။
သို့သော်လည်း မဖြစ်နိုင်သလို သူ ခံစားရ၏။
ကျွင်းရှောင်ယောက်ထံမှ ဖိနှိပ်ချုပ်ချယ်မှု အရိပ်အယောင်တို့ကို သူ ခံစားရသည်။
ကျွင်းရှောင်ယောက်က မည်မျှသန်မာပါစေ၊ ဓမ္မခန္ဓာ၏ အရှိန်အဝါဖြင့် သူမကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ပေ။
"အခု ငါကလည်း ခန္ဓာအစစ်ပါပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါပေမဲ့..."
လင်ယွမ်က တစ်ခဏမျှ တိတ်ဆိတ်သွား၏။
"ငါက တစ်ယောက်ပဲရှိတယ်လို့ ဘယ်သူပြောလဲ"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါက ချီတစ်ခုကို သန့်စင်ခြင်းသုံးခု ပြောင်းလဲခြင်းကျင့်စဉ် လေ့ကျင့်ထားတယ်။ ငါ့ရဲ့ မူလခန္ဓာနဲ့ ကိုယ်ပွားတွေက အင်အားကွာခြားမှု သိပ်မရှိဘူးလေ"
"ဒါမှမဟုတ် တစ်နည်းပြောရရင် မူလခန္ဓာနဲ့ ကိုယ်ပွားကြားမှာ ခြားနားမှု လုံးဝမရှိပါဘူး။ လူသုံးယောက်လုံးက အစစ်အမှန် ငါပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုမှသာ လင်ယွမ်က ရုတ်တရက် သိလိုက်သည်။
ချီတစ်ခုကို သန့်စင်ခြင်းသုံးခု ပြောင်းလဲခြင်းကျင့်စဉ်က ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ အထူးနည်းလမ်းတစ်ခု ဖြစ်သည်။
ထို့ပြင် လေ့ကျင့်ရန် အလွန်ခက်ခဲ၏။
အခြားသူများက ၎င်းကိုရရှိလျှင်ပင် မူလပုံစံနှင့် ခွန်အားတူညီသော ကိုယ်ပွားများကို မွေးထုတ်နိုင်ရန် ခက်ခဲသည်။
သို့သော်... ဤသည်က မကောင်းဆိုးရွားဆန်သော ကျွင်းရှောင်ယောက်အတွက် ခက်ခဲသော ပြဿနာတစ်ခု မဟုတ်ပေ။
"ဒါပေမဲ့ နင့်ရဲ့ခန္ဓာမှာ ကစဉ့်ကလျားအငွေ့အသက် မရှိဘူးလေ"
လင်ယွမ်က စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။
သူ့ရှေ့မှ ကျွင်းရှောင်ယောက်က မူလခန္ဓာဖြစ်လျှင် ကစဉ့်ကလျားခန္ဓာ၏ ထူးခြားသောအသွင်ပြင်က ဘာကြောင့်မရှိရသနည်း။
ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ရုတ်တရက်၊ အားကောင်းသော သွေးစွမ်းအင်နှင့် အရှိန်အဝါတို့က နန်းတော်တစ်ခုလုံး ပြည့်နှက်သွားသည်။
နန်းတော်တစ်ခုလုံး တုန်ခါနေသလို ထင်မှတ်ရ၏။
ဟုတ်သည်၊ ဒါက လင်ယွမ်၏ နန်းတော်ဖြစ်ပြီး အစီရင်များလည်း ရေးထွင်းထားသောကြောင့် အပြင်လူများ စူးစမ်းရန် မဖြစ်နိုင်ပေ။
ထို့ပြင်၊ လင်ယွမ်၏ နန်းတော်ကို နတ်ဘုရားစိတ်အာရုံဖြင့် မည်သူမျှ အလွယ်တကူ မစစ်ဆေးဝံ့ပါ။
ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် လင်ယွမ်၏ မျက်လုံးများ ပြူးကျယ်လာပြီး အသက်ရှုရပ်လုနီးပါး ဖြစ်သွားသည်။
သူမက အလွန်ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
"မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ"
လင်ယွမ်က တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ဤမျှထူးကဲသော တာအိုခန္ဓာ မည်သည့်အချိန်က ပိုင်ဆိုင်ခဲ့သနည်း။