အခန်း ၁၂၄၀
Vol. 83 Ch. 1240
အခန်း ( ၁၂၄၀ ) မော့မိသားစု၊ မော့ယန်းယု။
ချင်ယွမ်ချင်း၏ စကားများက လှောင်ပြောင်သရော်မှုတို့ ပြည့်နေသည်။
စင်စစ်တွင်၊ တစ်စုံတစ်ယောက်က သူ၏ အထောက်အထား သို့မဟုတ် တစ်ခုခုကို ဖုံးကွယ်ထားခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
အခြား အင်မော်တယ်မျိုးရိုးများမှ ပါရမီရှင်များ၏ ခရီးသွားဖော်များထဲတွင်လည်း ဝတ်ရုံနက် ဝတ်ဆင်ထားသူများ ရှိနေခဲ့သည် မဟုတ်လော။
ချင်ယွမ်ချင်းက မကျေမနပ်ဖြစ်နေခြင်းမှာ ဝတ်ရုံနက်ဝတ် အမျိုးသားအပေါ်ထားရှိသည့် လင်ယွမ်၏ အထူးသဘောထားကြောင့် ဖြစ်သည်။
"သေးငယ်တဲ့ မိသားစုက လာခဲ့တာဖြစ်လို့ ပြောဖို့ မထိုက်တန်ပါဘူး"
ကျွင်းရှောင်ယောက်က သူ့လေသံကိုဖျက်ကာ ပြောလိုက်သည်။
မေ့ပျောက်ခြင်းမြေသိူ့ အမှန်တကယ် နက်နက်ရှိုင်းရှိုင်း မဝင်မီတွင်၊ သူ၏ အထောက်အထားကို မထုတ်ဖော်နိုင်ပေ။ မဟုတ်ပါက သူ၏ ကြိုးပမ်းမှုအားလုံး အချည်းနှီးဖြစ်ရမည် ဖြစ်သည်။
ထိုစကားကိုကြားတော့ အေးစက်ပြီး အပြောင်းအလဲမရှိသော အမူအရာဖြင့် လင်ယွမ်ပင်လျှင် ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။
ကျွင်းမိသားစုက မိသားစုသေးသေးလေးလား။
ဤစကားများ ပြန့်သွားသည့်အခါ လူများ ဘယ်လောက်တောင် တုန်လှုပ်သွားမလဲ မသိနိုင်ပေ။
သို့သော်လည်း ချင်ယွမ်ချင်းကတော့ ဝတ်ရုံနက်ဝတ် အမျိုးသားကို ကျွင်းရှောင်ယောက်ဖြစ်မှန်း သဘာဝအတိုင်း မသိနိုင်ခဲ့ပါ။
သို့ရာတွင်၊ ဝတ်ရုံနက်ဝတ် အမျိုးသား၏ နောက်ခံက သူ့နောက်ကွယ်မှ ရှေးခေတ် ချင်မိသားစုနှင့် နှိုင်းယှဥ်နိုင်လျှင်ပင်... ထိုမျှသာဖြစ်မည်ဟု ယုံကြည်ထားခဲ့သည်။
"မင်းက သေးငယ်တဲ့ မိသားစုက လာတဲ့သူဆိုရင် မင်းရဲ့ အရည်အချင်းနဲ့ လိုက်လျောညီထွေ ပြုမူသင့်တယ်ဆိုတာ သိထားရမယ်။ ငါနဲ့ ဧကရာဇ်ငယ် လင်ယွမ်ကို အနှောင့်အယှက် မဖြစ်စေရင် အကောင်းဆုံးပဲ"
"တကယ်လို့ အန္တရာယ်တစ်ခုခုကြုံလာရင် ငါတို့ မင်းကို ဂရုစိုက်မှာမဟုတ်ဘူး"
ချင်ယွမ်ချင်း၏ လေသံက အေးစက်သွားသည်။ သူက လင်ယွမ်၏ရှေ့တွင် ကျွင်းရှောင်ယောက်ကို တမင်တကာ စော်ကားနေ၏။
ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ဘဲ ချင်ယွမ်ချင်းကို လူရွှင်တော်တစ်ယောက်လို ကြည့်ရုံသာ ကြည့်နေလိုက်သည်။
"အနှောင့်အယှက်....၊ မဖြစ်စေရပါဘူး"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ မင်းက မင်းရဲ့ အထောက်အထားကိုတောင် ထုတ်ဖော်ဖို့တောင် မဝံ့ရဲဘူး။ ငါတို့ မင်းကို ငြင်းပယ်မှာကို မင်းကြောက်နေတာလား"
ချင်ယွမ်ချင်းက ပို၍ ရဲတင်းလာသည်။
"ဒါက မဖြစ်နိုင်ဘူးလေ၊ အနည်းဆုံးတော့ ဧကရာဇ်ငယ်လင်ယွမ်က မဖြစ်နိုင်ဘူး"
"ငါ့ကို ငြင်းပယ်ဖို့မပြောနဲ့၊ ငါက သူ့ကိုထိလိုက်ရင်တောင် ဘာမှပြောမှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လိုက်ပါလာသော ခရီးသွားအားလုံး အံ့အားသင့်ပြီး တုန်လှုပ်သွားကြသည်။
သူက ဧကရာဇ်ငယ်ကို ဒီလိုပြောဝံ့သလား။
လုဖူးကွေ့လည်း တုန်လှုပ်သွားသည်။
သူသည်လည်း လင်ယွမ်ကို သဘောကျပေသည်။ သို့ရာတွင်၊ တိတ်တခိုး ငေးကြည့်ရုံသာ တတ်နိုင်သည်။
ထိုလူကတော့ ထိုသို့ပြောဝံ့သည်။
"မင်းက အတင့်ရဲလိုက်တာ၊ ဧကရာဇ်ငယ် လင်ယွမ်ကို ဘယ်လိုတောင် မထီမဲ့မြင်ပြုဝံ့သလဲ"
ချင်ယွမ်ချင်းက ကြိမ်းမောင်းလိုက်သည်။
"တော်လောက်ပြီ"
အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ လင်ယွမ်က ချင်ယွမ်ချင်းနှင့် အခြားသူများကို ငေါက်လိုက်၏။
"ဒါပေမဲ့ ဧကရာဇ်ငယ်..."
ချင်ယွမ်ချင်းနှင့် အခြားသူများက လင်ယွမ်ကို လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အေးခဲသွားသည်။
လင်ယွမ်၏မျက်နှာတွင် ဒေါသအရိပ်အယောင်ကို မြင်ရသော်လည်း သူမ၏ ပါးပြင်များက အနည်းငယ် နီနေလေ၏။
ဒါက မြင့်မြတ်ပြီး အေးစက်တဲ့၊ ခပ်ခွာခွာနေတတ်တဲ့ ဧကရာဇ်ငယ်ကော ဟုတ်သေးရဲ့လား။
"ငြင်းခုန်နေတာတွေကို ရပ်လိုက်ဖို့ အချိန်တန်ပြီ"
လင်ယွမ်က သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။
သို့သော်လည်း သူက ကျွင်းရှောင်ယောက်ကို လျှို့ဝှက်စွာ ခိုးကြည့်နေသေးသည်။
ဒါက လူမြင်ကွင်းမှာ ပရောပရည်လုပ်တာလား။
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။ သူ့စိတ်က ငြိမ်သက်နေပြီး ချင်ယွမ်ချင်း၏ စကားများကြောင့် ဒေါသလည်း မဖြစ်ပေ။
ယခုအချိန်တွင် သူက ဧကရာဇ်ကြီး မဟုတ်သေးသော်လည်း သူ၏ စိတ်သဘောထားက ဧကရာဇ်ကြီးနှင့် မခြားပါ။
သူ့အမြင်အရတော့ ချင်ယွမ်ချင်း၏ မနာလိုမှုက ကလေးဆန်ပြီး ရယ်စရာကောင်းလှသည်။
ဟုတ်ပေသည်၊ ချင်ယွမ်ချင်းက မသိတတ်ဘဲ ထပ်မံ ရန်စနေသေးလျှင်တော့ မေ့ပျောက်ခြင်းမြေတွင် ထာဝရ ချန်ရစ်ခဲ့ရန် စိတ်ထဲမထားပေ။
ရှည်လျားသော ခေါင်းလောင်းမြည်သံက အင်မော်တယ်နယ်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်နေသည်။
ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ လူစုလည်း ထွက်ခဲ့ကြ၏။
ယင်ဟော်နတ်ဆိုးကြယ်က သွေးအလင်းများဖြင့် လင်းလက်နေသည်။
မေ့ပျောက်ခြင်းမြေက ပို၍ ထင်ရှားလာခဲ့ပြီ။
ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ အဖွဲ့များ ရောက်လာသောအခါ၊ အခြား အင်မော်တယ်မျိုးရိုးများ၏ လူများလည်း ရောက်နေကြပြီ ဖြစ်သည်။
"ဧကရာဇ်ငယ်"
ကျင်းဝေအင်မော်တယ်မျိုးရိုးဘက်မှ ပန်းပွင့်ပိုးစကတ်ကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက လင်ယွမ်အား လက်ဝှေ့ယမ်းပြနေသည်။
သူက ကျင်းဝေအင်မော်တယ်မျိုးရိုးမှ ပါရမီရှင် ဝေချမ်ချမ်ပင်။
သူ့ဘေးမှာလည်း နောက်လိုက်နောက်ပါတချို့ ရှိနေသည်။ ၎င်းတို့က အင်အားစုမျိုးစုံမှဖြစ်ပြီး တချို့ကလည်း မျက်နှာများကို ဖုံးကွယ်ထားကြပေသည်။
လင်ယွမ်က အနည်းငယ်ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
ကျင်းဝေအင်မော်တယ်မျိုးရိုးက အထူးရည်မှန်းချက်မရှိပေ။ ထို့ပြင် ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဦးဆောင်မှုကို အမြဲလိုက်ပါခဲ့သည်။
အတိအကျပြောရလျှင် သူက ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သလောက်ပင်။
ထို့ပြင် စန်းကျဲအင်မော်တယ်မျိုးရိုး၊ ရှန်းနွန်အင်အော်တယ်မျိုးရိုး၊ ချီယိုအင်မော်တယ်မျိုးရိုးအပါအဝင် အဓိက အင်မော်တယ်မျိုးရိုးများလည်း စောစောစီးစီး ရောက်လာခဲ့ကြသည်။
လင်ယွမ်၏ မျက်လုံးအကြည့်များက အနည်းငယ် လေးနက်လာသည်။
"စန်းကျဲအင်မော်တယ်မျိုးရိုးက စန်းဂျူ၊ ရှန်းနွန်အင်အော်တယ်မျိုးရိုးက ယောင်ကျွင်း၊ ဂုန်ဂွန်းအင်မော်တယ်မျိုးရိုး က မင်ယာ၊ ကျူးရုန်အင်မော်တယ်မျိုးရိုးက ရန်ရှောင်..."
"ဒီအင်မော်တယ်မျိုးရိုးတွေက ရှေးခေတ် အင်မော်တယ်ခုံရုံးရဲ့ အမွေအနှစ်အတွက် လှုပ်ရှားလာပုံရတယ်"
လင်ယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ချီယိုအင်မော်တယ်မျိုးရိုးမှလွဲ၍ ဤအင်မော်တယ်မျိုးရိုးများမှ လူများသည် အကြွင်းမဲ့ ပါရမီရှင်များ ဖြစ်ကြသည်။
ကျွင်းရှောင်ယောက်၏ လက်တွင် ချီလေ့ သေဆုံးသွားပြီးကတည်းက ချီယိုအင်မော်တယ်မျိုးရိုးတွင် ထက်မြက်သော ပါရမီရှင် တစ်ယောက်မှ မရှိတော့ပေ။
ပို၍ အံ့သြစရာကောင်းတာက ချီယိုအင်မော်တယ်မျိုးရိုးမှာ ခရီးသွားတစ်ယောက်အနေဖြင့် တစ်ယောက်မျှပင်မရှိပါ။
သူတို့သည် မေ့ပျောက်ခြင်းမြေသို့ သူတို့ဘာသာ ၀င်နိုင်သည်။
ထို့ကြောင့် ယခုအချိန်တွင် ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များဖြစ်သည့် ချီလုံ၊ ချီယုနှင့် အခြားသူများမှာ မျက်နှာပျက်နေကြတော့သည်။
ကျွင်းရှောင်ယောက်လည်း လှမ်းကြည့်လိုက်သည်။
ဤအင်မော်တယ်မျိုးရိုးများထဲတွင် စန်းကျဲအင်မော်တယ်မျိုးရိုး၊ ရှန်းနွန်အင်အော်တယ်မျိုးရိုးနှင့် ချီယိုအင်မော်တယ်မျိုးရိုးတို့ကို သူ မြင်ဖူးသည်။
နောက်ဆုံးတွင် စန်းလီ၊ ယောင်ချင်း၊ ချီလေ့နှင့် အခြား အင်မော်တယ်မျိုးရိုး၏ မျိုးဆက်များက သူ့လက်ထဲတွင် ကျဆုံးခဲ့ဖူးသည် မဟုတ်လော။
ယခုပေါ်လာသော ဤပါရမီရှင်များကတော့ မျိုးစေ့အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။
ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးနှင့် ကျူးရုန်အင်မော်တယ်မျိုးရိုးတို့၏ ပါရမီရှင်များကတော့ ကျွင်းရှောင်ယောက်အတွက် စိမ်းနေသေးသည်။
သို့ရာတွင်၊ သူတို့၏ အရှိန်အဝါများက အားကောင်းကြသည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ အာရုံက စန်းကျဲအင်မော်တယ်မျိုးရိုးဆီသို့ ကျရောက်သွားသည်။
အကြောင်းမူ၊ စန်းကျဲအင်မော်တယ်မျိုးရိုးမှ မျိုးစေ့အဆင့် ပါရမီရှင် စန်းဂျူ၏ဘေးတွင် ရင်းနှီးသော လူရိပ်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။
သူက ကုရ်အာန်သူတော်စင်ဂိုဏ်းမှ အမှန်တရား၏သားတော် ဖြစ်သည်။
နည်းလမ်းတစ်ခုခုဖြင့် သူလည်း ခွဲတမ်းနေရာတစ်ခုကို ရရှိသွားပုံပင်။
ယခင်က ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးကဲ့သို့ ပါရမီရှင်အားလုံးကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားခဲ့သည်။
အမှန်တရား၏သားတော်ကတော့ မပါဝင်ခဲ့ပေ။
ထို့ကြောင့် သဘာဝအားဖြင့် သူသည် အခြားနည်းလမ်းများဖြင့်သာ အခွင့်အလမ်းများကို ရှာနိုင်သည်။
မေ့ပျောက်ခြင်းမြေကတော့ ဤကာလအတွင်း၌ အကြီးမားဆုံးအခွင့်အရေးဖြစ်သောကြောင့် ၎င်းကို လက်လွှတ်ရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။
ကျွင်းမိသားစုနှင့် ကျွင်းရှောင်ယောက်နှင့် ပတ်သက်သော ပါရမီရှင်များကိုတော့ မမြင်ရပါ။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။
အင်မော်တယ်ခုံရုံးအနေဖြင့် ဤအခွင့်အရေးတွင် ရန်ဘက်တို့ကို ပါဝင်ခွင့်ပေးရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ဟမ်၊ အဲဒီမိန်းမလည်း ဒီမှာဘဲ..."
လုဖူးကွေ့က တစ်စုံတစ်ယောက်ကို သတိပြုမိသောအခါ ကျိန်ဆဲလိုက်သည်။
၎င်းက စန်းဂျူ၊ အမှန်တရား၏သားတော်တို့နှင့်အတူ ရပ်နေသော မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ကျွင်းရှောင်ယောက် သတိပြုမိလိုက်၏။ သူသည်လည်း အဆင့်အတန်းမြင့်မားပုံရသည်။
သူမက ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ၏ ရုပ်သွင်က ချောမောလှပပြီး ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ် အလှများ ရှိ၏။ သူမက ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှပိုင်ရှင်ကလေး ဖြစ်သည်။
သူမ၏ ခရမ်းရောင် ဆံပင်များကိုတော့ ခရမ်းရောင် ကျောက်စိမ်းဆံထိုး ဆံထုံးဖြင့် ချည်နှောင်ထားလေသည်။
"သူက..."
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"မော့မိသားစု၊ မော့ယန်းယု"
လုဖူးကွေ့က အံကြိတ်လိုက်၏။
ကျွင်းရှောင်ယောက်လည်း ရုတ်တရက် သဘောပေါက်သွားသည်။
မော့မိသားစုနှင့် လုမိသားစုတို့က ပန်းပဲဆရာမိသားစုများဖြစ်ပြီး အချင်းချင်း အမြဲပြိုင်ဆိုင်နေကြပေသည်။
မော့ယန်းယုကလည်း လုဖူးကွေ့ကို မြင်သောအခါ အေးစက်စက်ဖြင့် မျက်ခုံးပင့်လိုက်သည်။
သူမ၏ အနီရောင်နှုတ်ခမ်းများက လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်၏။
လုဖူးကွေ့ကို မေ့ပျောက်ခြင်းမြေတွင် သင်ခန်းစာပေးရန် သူ စိတ်ကူးထားသည်။
"တောက်စ်၊ ငါနဲ့ နေ့တိုင်းရန်ဖြစ်နေတာ။ အနှေးနဲ့အမြန် ဒီမိန်းမကို ငါ ရှင်းပစ်ရမယ်"
လုဖူးကွေ့က ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။
ကျွင်းရှောင်ယောက်ကတော့ မှတ်ချက်မပေးတော့ပေ။
သူက ကျွင်းဧကရာဇ်ခုံရုံး၏ အင်အားကို မည်ကဲ့သို့ တိုးချဲ့ရမည်အား စဉ်းစားနေသည်။
ထိုအချိန်တွင် ကြီးမားသော တိုက်ခိုက်ရေးစိတ်ဆန္ဒများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက်က လှည့်ကြည့်လိုက်၏။
ရှင်းထျန်းအင်မော်တယ်မျိုးရိုး ရောက်လာပြီ။