အခန်း ၁၂၄၁
Vol. 83 Ch. 1241
အခန်း ( ၁၂၄၁ ) တိုက်ခိုက်ရေး မြင့်မြတ်ခန္ဓာ... ရှင်းယွီရှန်း။
အင်မော်တယ်မျိုးရိုးကြီးကိုးခုတွင် ဂုဏ်သိက္ခာနှင့် အခြေခံအုတ်မြစ်အရ ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ဝါဟွမ်အင်မော်တယ်မျိုးရိုးတို့ကို ယှဉ်နိုင်သူမှာ တစ်ခုသာ ရှိသည်။
ယင်းက ရှင်းထျန်း အင်မော်တယ်မျိုးရိုးပင်။
ရှင်းထျန်းအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးတွင် ပြစ်ဒဏ်စီရင်ခြင်းအာဏာကို ထိန်းချုပ်ထားကာ အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ ထိပ်ဆုံးစာရင်းတွင် အမြဲပါဝင်သည်။
ဤမျိုးဆက်တွင် နောက်ဆုံး အောင်နိုင်သူက ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့ကြားတွင် မွေးဖွားလာမည်ဟု လူအများက ယုံကြည်ကြသော်လည်း...
နောက်ဆုံးတွင် အခြေအနေက မရေမရာဖြစ်ကာ မည်သူမျှ အတပ်မပြောနိုင်ပေ။
ရှင်းထျန်းအင်မော်တယ်မျိုးရိုးကလည်း ဤအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသည်။
ယခုအချိန်တွင်... ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကြားမှာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အသွင်ပြင်ဖြင့် အမျိုးသားတစ်ဦး ရှိနေသည်။
သူ့ဆံပင်က လျော့တိလျော့ရဲဖြစ်ပြီး သူ့မျက်လုံးများကလည်း လျှပ်စီးတဖျတ်ဖျတ်လက်နေပုံရ၏။ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ့အရှိန်အဝါက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည်။
သူရောက်ရှိလာခြင်းက အင်မော်တယ်မျိုးရိုးကြီးများ၏ အခြား ပါရမီရှင်များကို လျှို့ဝှက်စွာ မျက်မှောင်ကြုတ်စေခဲ့သည်။
"ဒါက သူပဲ၊ ရှင်းထျန်းအင်မော်တယ်မျိုးရိုးရဲ့ တိုက်ခိုက်ရေးမြင့်မြတ်ခန္ဓာနဲ့ ရှင်းယွီရှန်းပဲ"
"သူက အိပ်စက်နေတဲ့ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးဆိုရင်လည်း မမှားဘူး။ ရှေးခေတ်က သူဟာ အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်ဖြစ်လာဖို့တောင် အင်မတန် နီးစပ်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ ကျရှုံးသွားခဲ့တယ်"
"ဒီလိုနဲ့ သူ အိပ်ပျော်သွားတယ်လေ။ မထင်မှတ်ပဲ သူကလည်း ဒီရွှေခေတ်ကို ကြံစည်နေတယ်"
အခြား အင်မော်တယ်မျိုးရိုးများမှ ပါရမီရှင်များက လေးနက်သော အမူအရာများဖြင့် ပြောဆိုလိုက်ကြသည်။
ဤရှင်းယွီရှန်း၏ တာအိုခန္ဓာက ဒဏ္ဍာရီလာ တာအိုခန္ဓာတစ်ခုဖြစ်သော တိုက်ခိုက်ရေး မြင့်မြတ်ခန္ဓာ ဖြစ်သည်။
အချို့သော မြင့်မြတ်ခန္ဓာများက မိမိထက် ပိုအဆင့်မြင့်သူများကိုပင် စိန်ခေါ်နိုင်စွမ်းရှိ၏။
ထို့ထက် အရေးကြီးဆုံးက အနှီရှင်းယွီရှန်းတွင် ကြီးမားသော ရည်မှန်းချက်များ ရှိသည်။
သူ၏ အကြီးမားဆုံး အိပ်မက်က ရှင်းထျန်း အင်မော်တယ်ခုံရုံးကို ဦးဆောင်ပြီး အဓိပတိအင်မော်တယ်ခုံရုံး၏ ခေါင်းဆောင် ဖြစ်လာနိုင်ရန်ပင်။
ယခုအချိန်တွင်၊ ရှင်းယွီရှန်း ပေါ်လာခြင်းက ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အကြွင်းအကျန်ကို ရည်မှန်းထားကြောင်း ထင်ရှားသည်။
သို့ရာတွင်၊ အံ့ဩစရာအကောင်းဆုံးက ရှင်းယွီရှန်းတစ်ဦးတည်း မဟုတ်ပါ။
သူ့အနားမှာ... ဦးခေါင်းတွင် နဂါးဦးချိုနှင့် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ ၎င်းက ခရမ်းရောင်နှင့်ရွှေရောင် တော်ဝင်၀တ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အဆင့်အတန်းကို ပြသထား၏။
"သူက...၊ နဂါးနန်းတော်ရဲ့ မကောင်းဆိုးရွား... ရှေးနဂါးဧကရာဇ် လုံထန်ရဲ့ သားတော်... လုံရွှမ်ယီပဲ"
ထိုမြင့်မြတ်သောပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ ပါရမီရှင်များစွာ၏ မျက်လုံးများက တုန်လှုပ်မှု အရိပ်အယောင်တို့ ပေါ်လာတော့သည်။
လုံရွှမ်ယီသည် ရှေးနဂါးဧကရာဇ် လုံထန်၏ သားတော်ဖြစ်သကဲ့သို့ နဂါးနန်းတော်၏ ခေါင်းဆောင်ငယ်လည်း ဖြစ်သည်။
အဆင့်အတန်း၊ သွေးမျိုးဆက်ခွန်အားအရ၊ သူသည် အင်မော်တယ်ရှေးဧကရာဇ်၏ သားတော် ဟွမ်နျဲ့တောက်နှင့် တူညီသောအဆင့်တွင် ရှိ၏။
နဂါးနှင့် ဖီးနစ်တို့သည် ရှေးဟောင်းတော်ဝင်မိသားစုများ၏ အကြမ်းဆုံးနှင့် ထိပ်တန်း ရှေးဟောင်းဘုရင်များ ဖြစ်ကြသည်။
သို့သော်လည်း ဟွမ်နျဲ့တောက်ကို ကောင်းကင်ကိုးပါးအထက်မှ ခေါ်ဆောင်သွားပြီ။ လုံရွှမ်ယီကမူ အင်မော်တယ်နယ်မြေကြီးတွင် ရှိနေဆဲ ဖြစ်သည်။
"လုံရွှမ်ယီက ရှင်းယွီရှန်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာပဲ။ သူတို့မှာ အစီအစဉ် ကြီးကြီးမားမား ရှိပုံရတယ်"
အင်မော်တယ်မျိုးရိုးများမှ ပါရမီရှင်များစွာ၏ မျက်နှာအမူအရာမှာ အလွန်လေးနက်လာခဲ့သည်။
တစ်ဦးက နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့သော တိုက်ခိုက်ရေး မြင့်မြတ်ခန္ဓာ ရှင်းယွီရှန်း ဖြစ်သည်။
ကျန်တစ်ဦးကမူ၊ ရှေးဧကရာဇ်လုံထန်၏သားတော် ဖြစ်ပြီး ရှေးဟောင်းတော်ဝင်မိသားစုများအနက် အသက်အငယ်ဆုံး ခေါင်းဆောင်ငယ် ဖြစ်၏။
သူတို့နှစ်ဦး ပူးပေါင်းလိုက်ပါက ခုခံနိုင်သောသူကို လက်နှစ်ဖက်ဖြင့် ရေတွက်၍ရလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ တစ်ချက်သာ ကြည့်လိုက်သည်။
'ရှေးဧကရာဇ်လုံထန်ရဲ့ သားတော်တဲ့လား'
ကျွင်းရှောင်ယောက်က သိပ်ဂရုမစိုက်ပေ။
သူ့မျက်လုံးထဲတွင် ဟွမ်နျဲ့တောက်က ဤမျှသာ ဖြစ်သည်။
ဟွမ်နျဲ့တောက်နှင့် တူညီသော အဆင့်ရှိ လုံရွှမ်ယီက သဘာဝအားဖြင့် သူ့ကို အလေးအနက်ထားစေရန် အရည်အချင်းမရှိပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို အနည်းငယ် စောင်းငဲ့ကြည့်စေသောအရာမှာ...
ရှင်းယွီရှန်းနှင့် လုံရွှမ်ယီတို့၏ နောက်ကွယ်မှ အနက်ရောင်ဝတ်ရုံနှင့် အနက်ရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ဖြစ်သည်။
သို့ပေသော်ငြား၊ ဒါက သိပ်ပြီး ထူးဆန်းတာတော့ မဟုတ်ပေ။ ကျွင်းရှောင်ယောက်အပါအဝင်၊ ဤနေရာတွင် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားသူများ အများအပြား ရှိသည်။
သို့သော်လည်း သူ၏ မသိစိတ်မှ ခံစားနိုင်စွမ်းသည် အလွန် ထက်မြက်၏။ ထိုရုပ်သွင်က ထူးဆန်းပြီး အေးစက်သော ရောင်ဝါတစ်ခု ရှိနေသည်ဟု သူ ခံစားရသည်။
၎င်း၏အင်အားက ရှင်းယွီရှန်းနှင့် လုံရွှမ်ယီထက် အားမနည်းသင့်ပေ။
သို့ရာတွင်၊ သူက နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားခဲ့သည်။ သူ၏ အထောက်အထားကို လုံးဝ မဖော်ပြခဲ့ပေ။
ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
ထိုအချိန်တွင်၊ ရှင်းယွီရှန်းက လင်ယွမ်အား ဖုံးကွယ်မထားသော တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဧကရာဇ်ငယ် လင်ယွမ်၊ ကျေးဇူးပြုပြီး မေ့ပျောက်ခြင်းမြေ ခရီးစဉ်မှာ လမ်းညွှန်ပေးပါဦး"
ရှင်းယွီရှန်းက ကောင်းမွန်စွာ ပြောဆိုနေပုံရသော်လည်း သူ့လေသံမှ တိုက်ခိုက်လိုစိတ်က သိသာထင်ရှားမှုရှိ၏။
နောက်ဆုံးတွင်၊ ဧကရာဇ်ငယ် ရာထူးက ရှင်းယွီရှန်း၏ အိပ်မက် ဖြစ်သည်။
တစ်ချိန်က သူသည် ဤရာထူးနှင့် အနည်းငယ် လွဲချော်ခဲ့ရပေသည်။
သို့ရာတွင်၊ ယခုတစ်ကြိမ်မှာ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အမွေအနှစ်ကို ရရှိပါက လင်ယွမ်ကိုစိန်ခေါ်ပြီး ဧကရာဇ်ငယ် ရာဇပလ္လင်ကို ဖမ်းဆုပ်နိုင်မည် ဖြစ်သည်။
"ရှင်းယွီရှန်း၊ ဒီရွှေခေတ်က မင်းအတွက် ပြင်ဆင်ထားပုံမရတာကတော့ စိတ်မကောင်းစရာပဲ"
လင်ယွမ်က တည်ငြိမ်စွာ ပြောသည်။ သူ့လေသံက အလွန်လွှမ်းမိုးပြီး အေးစက်၍ ဂုဏ်ယူဝံ့ကြွားမှုတို့ ပါဝင်နေ၏။
သူမ၏ မိန်းမဆန်မှုအပိုင်းကို ကျွင်းရှောင်ယောက်ရှေ့တွင်သာ ထုတ်ဖော်သည်။
အပြင်လူများနှင့် ရင်ဆိုင်ရချိန်မှာတော့ သူမက အေးစက်ပြီး ကြီးစိုးခဲ့ပေသည်။
"အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ"
ရှင်းယွီရှန်းက ပြုံးလိုက်သည်။။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များအားလုံး တိုက်ပွဲအငွေ့အသက်များကို ခံစားလိုက်ရ၏။
မေ့ပျောက်ခြင်းမြေက မစတင်သေးသော်လည်း အင်မော်တယ်မျိုးရိုးများ၏ ထိပ်သီး ပါရမီရှင်များကြားတွင် စိန်ခေါ်မှုတို့ ရှိနေပြီ။
ထိုအချိန်တွင် ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"လူတိုင်းပဲ၊ ငါတို့အားလုံးက အင်မော်တယ်ခုံးရုံးကပါပဲ။ ဘာဖြစ်လို့ ဒီလောက် သဘောထားကွဲလွဲမှုတွေ ရှိနေရမှာလဲ"
ထိုအသံက တည်ငြိမ်အေးဆေးပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သကဲ့သို့ ယုံကြည်မှုအပြည့်ရှိပုံရ၏။
လေသံကို နားထောင်ရုံမျှဖြင့် ရောက်လာသူကို ခန့်မှန်းရန် မခက်တော့ပေ။
သဘာဝအတိုင်း၊ တိဟောက်ထျန်း ဖြစ်သည်။
တိဟောက်ထျန်းက ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ရှည်လျားသော ရွှေရောင်ဆံပင်များက လေထဲတွင် လွင့်မျောနေ၏။
သူရောက်လာသည်နှင့် တပြိုင်နက် ဆူညံနေသော မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
၎င်းက အင်မော်တယ်ခုံရုံး၏ အရှင်သခင် အစစ်အမှန် ဖြစ်သကဲ့သို့ အရှိန်အဝါကြီးပေသည်။
ရှင်းယွီရှန်းကဲ့သို့ အရှိန်အဝါကြီးသူတစ်ဦးပင်လျှင် တိဟောက်ထျန်း ရောက်လာသည်ကို မြင်သောအခါ အမူအရာများ လေးနက်သွားရသည်။
သူသည် ခေတ်ပြိုင်ဧကရာဇ်ငယ် လင်ယွမ်နှင့် ယှဉ်ပြိုင်ဝံ့သော်လည်း တိဟောက်ထျန်းကို အလွယ်တကူ မထိဝံ့သေးပေ။
ဤသည်မှာ တိဟောက်ထျန်း၏ အရှိန်အဝါ ဖြစ်သည်။
တိဟောက်ထျန်း၏ အနားမှာတော့ ပါကွားတာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရှိပေသည်။ ၎င်းက ကူတိကျစ် ဖြစ်သည်။
တစ်ချိန်က သူသည် လင်ယွမ်နှင့် ပုခုံးချင်းယှဉ်ရပ်ခဲ့သော တည်ရှိမှုတစ်ခု ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် ဟိတ်ဟန်မှုမရှိဘဲ အစေခံတစ်ဦးကဲ့သို့ တိဟောက်ထျန်း၏နောက်မှ လိုက်ပါလာခဲ့သည်။
ယခုအခါ ကူတိကျစ်က သူ၏ကံကြမ္မာကို လက်ခံလိုက်ပြီ။
သူသည် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။
နောက်ပိုင်းတွင် အင်မော်တယ်နယ်မြေကြီးရှိ လူတိုင်းက သူ့အား မထီမဲ့မြင်ပြုခဲ့ကြ၏။
အကယ်၍ သူသည် ဖူရှီအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်လျှင် ချက်ချင်း ရိုက်နှက်ခံရမည် ဖြစ်သည်။
ယခုတော့ တိဟောက်ထျန်းနှင့် အတူနေပြီး ရှေ့ဆက် လျှောက်လှမ်းရန်သာ ရှိတော့သည်။
ကူတိကျစ်အပြင် ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ဦးမှ အစွမ်းထက်မြက်သူများလည်း တိဟောက်ထျန်း၏နောက်သို့ လိုက်လာခဲ့ကြသည်။
ဥပမာအားဖြင့် ပုလော့ရွယ်၊ ဆံနီမိစ္ဆာ၊ ကျစ်ယန်ထျန်းကျွင်းနှင့် အခြားသူများအားလုံး လိုက်ပါလာကြ၏။
၎င်းတို့ထဲမှ နှစ်ဦးဆိုလျှင် အလွန်အားကောင်းသောကြောင့် လူအများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအရှိန်အဝါက အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ထိပ်သီး ပါရမီရှင်များထက် များစွာ အားမနည်းပေ။
"အဲ့ဒီနှစ်ယောက်က ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ယောက်ထဲက အသန်မာဆုံးဖြစ်တဲ့ ယုဟွေ့နဲ့ ယုမော့တို့ မဟုတ်လား"
"သူတို့က ညီအကိုတွေလေ။ ကောလဟာလတွေအရ တစ်ယောက်မှာ ကြီးမြတ်တဲ့ တိုက်ခိုက်ရေးခန္ဓာရှိပြီး နောက်တစ်ယောက်မှာတော့ အမှောင်ည ဘုရင်ခန္ဓာရှိတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ဖြည့်စွတ်နိုင်ပြီး အားနည်းချက်မရှိဘူး"
"အမှန်ပေါ့၊ ဒါပေမဲ့လည်း သူတို့က တိဟောက်ထျန်းကို ရှုံးနိမ့်ခဲ့ကြတယ်လေ"
"ဒါပေမဲ့ သူတို့ နှစ်ယောက် ပေါင်းရင် တိဟောက်ထျန်းတောင်မှ ခဏတာ ဒုက္ခရောက်ရလိမ့်မယ်"
"ငါတို့က ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရမှာလဲ။ တိဟောက်ထျန်းရဲ့ နောက်လိုက်တွေကတောင် ငါတို့ကို လွှမ်းမိုးနိုင်သလောက် ဖြစ်နေပြီ"
ဤမြင်ကွင်းကိုမြင်တော့ အင်မော်တယ်ခုံရုံး၏ ပါရမီရှင်များစွာမှာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
ယခုအခါ အသန်မာဆုံး အင်အားစုများအားလုံး ပေါ်လာခဲ့ပြီ။
၎င်းတို့မှာ...
ဖူရှီအင်မော်တယ်မျိုးရိုး၏ တိဟောက်ထျန်းဦးဆောင်သောအဖွဲ့...
ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ လင်ယွမ်ဦးဆောင်သော အဖွဲ့...
ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ ရှင်းယွီရှန်း၏အဖွဲ့တို့ ဖြစ်ကြသည်။
ခြေသုံးချောင်းထောက် အနေအထားဖြင့် အဖွဲ့သုံးခု ပေါ်လာပြီ။