← Chapters

အခန်း ၁၂၄၄

Vol. 83 Ch. 1244

အခန်း ၁၂၄၄

Vol. 83 Ch. 1244

အခန်း ( ၁၂၄၄ ) မေ့ပျောက်ခြင်းမြေ၏ ဒေသခံများ။

လူတိုင်း၏ မျက်လုံးများက ၎င်းကို အာရုံစိုက်လိုက်ကြသည်။

ဤမေ့ပျောက်ခြင်းမြေတွင် မည်သည့်အခွင့်အလမ်းမဆို ပေါ်ပေါက်လာခြင်းမှာ ပုံမှန် ဖြစ်၏။

ထိုအုံ့မှိုင်းသော အလင်းရောင်အတွင်း၌ ရှိနေသည်က...

အံ့ဩစရာကောင်းအောင် ကောင်းကင်တောင်မှ နှင်းကြာပန်းကဲ့သို့ သန့်စင်ပြီး ကြည်လင်သော ပန်းတစ်ပွင့် ဖြစ်တော့သည်။

၎င်းကို အဖြူရောင် ကျောက်စိမ်းဖြင့် ထွင်းထုထားပုံရပြီး နတ်အလင်းတို့ ဝန်းရံထားသည်။

သို့သော်လည်း ယခုအချိန်တွင် ပန်းက အဖူးအပွင့်အနေအထားသာဖြစ်ပြီး မပွင့်သေးဘူးဟု ဆိုရမည်။

သို့ပေသော်ငြား၊ အခြား ပန်းပွင့်များမှတဆင့် လူတိုင်းက ယောင်ဝါးဝါး တွေ့မြင်နိုင်သည်။

ပန်းဝတ်ဆံများ၏ အလယ်တွင် နတ်သမီးလေးများ ကခုန်နေပုံရ၏။ နတ်သမီးများ၏ ကခုန်မှုက ကျက်သရေရှိပြီး လူများကို ကြည်နူးမှု ခံစားရစေသည်။

အထူးသဖြင့် ပန်းဖူးလေးတွင် ပို၍ပင် အုံ့ဆိုင်းနေပုံရလေသည်။

"အဲဒါကဘာလဲ..."

လင်ယွမ်အပါအဝင် ပါရမီရှင်အားလုံးက မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြသည်။

အမှန်အတိုင်းဆိုရလျှင်၊ လင်ယွမ်ကဲ့သို့ အဆင့်အတန်းမြင့်မား၍ ဗဟုသုတကြွယ်ဝသူတစ်ဦးပင်လျှင် မည်သည့်ပန်းပွင့်ဖြစ်သည်ကို မပြောနိုင်ပေ။

"ဒါက အင်မော်တယ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်လိုမျိုး မိုးနဲ့မြေရဲ့ ရတနာတစ်ခုခုဖြစ်နိုင်မလား"

ချင်ယွမ်ချင်းလည်း အလွန်သိချင်မိသည်။

ဤအခိုက်အတန့်တွင် ပန်းပွင့်က ထူးဆန်းသော ဆွဲဆောင်မှုတစ်ခု ရှိလာပုံရသည်။

လူတိုင်း၏ မျက်လုံးများက မှေးစင်းကာ ပန်းပွင့်ရှိရာသို့ တဖြည်းဖြည်း လျှောက်သွားတော့သည်။

"အရိပ်တချို့ကို ငါမြင်နေရတယ်၊ အဲဒါတွေက ဘာတွေလဲ"

"ငါ ဘယ်ကိုရောက်နေတာလဲ၊ အဲဒါက ငါပဲလား"

ရုတ်တရက်၊ ပါရမီရှင်တစ်ယောက်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

"ဟမ်၊ ငါ ဘာကိုတွေ့နေရတာလဲ။ မီးဖိုကြီးတစ်ခုလား"

လုဖူးကွေ့က အော်ဟစ်လိုက်သည်။ သူ့မျက်နှာပေါ်မှ အဆီများက တုန်ယင်လာ၏။

လင်ယွမ်ပင်လျှင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်တို့ ပေါ်လာတော့သည်။

သူသည်လည်း ထူးဆန်းသော မြင်ကွင်းအချို့ကို မြင်တွေ့ခဲ့ရသည်။

ဒါက တိမ်များ၊ မြူခိုးများဖြင့် ပြည့်နေသော အင်မော်တယ် နန်းတော်တစ်ခုကဲ့သို့ပင်။

လူများစွာကလည်း သူမကို အရိုအသေပြုနေကြသည်။

အဆုံးမဲ့ ဧကရာဇ်အလင်းများဖြင့် ဝန်းရံထားသည့် ပုံရိပ်တစ်ခုလည်း ရှိသေးသည်။ ထိုသူ၏မျက်နှာကိုတော့ သေချာမမြင်နိုင်ဘဲ မှုန်ဝါးဝါး ဖြစ်သည်။ ထိုပုံရိပ်က ချစ်မြတ်နိုးစွာဖြင့် သူမ၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်နေလေသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်တစ်ဦးသာ သတိရှိနေသည်။

သူ့မျက်စိရှေ့တွင် မည်သည့်ပုံရိပ်မျှ မရှိပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် ပါရမီရှင်အားလုံး၏ ဝိညာဉ်စွမ်းအားကို ပန်းပွင့်မှ တဖြည်းဖြည်း စုပ်ယူသွားပုံရကြောင်း‌ တွေ့လိုက်ရသည်။

ထိုပန်းပွင့်က ဝိညာဉ်များကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားသကဲ့သို့အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

"ဖြစ်နိုင်မလား..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်လာသည်။

ယခင်က လမ်းလျှောက်နေသော အလောင်းကောင်များကို ပြန်အမှတ်ရမိ၏။

သူတို့အားလုံးက ဤပန်းပွင့်မျိုးကို မြင်လိုက်ရခြင်းကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်းပင်လော။

ထိုအတိုင်းသာမှန်လျှင် ဤပန်းပွင့်က အနည်းငယ် ကြောက်စရာကောင်းသည်။

အဓိပတိနယ်ပယ်ခုနစ်ခုတွင် မည်သူမျှ ဤပန်းပွင့်၏ဆွဲဆောင်မှုကို မည်သူမျှ တွန်းလှန်နိုင်မည်ဟု မထင်ပေ။

သို့ရာတွင်၊ သူ့ကို အဘယ်ကြောင့် မဆွဲဆောင်ခဲ့သနည်း။

ကျွင်းရှောင်ယောက်က ဤပန်းပွင့်ကို ပို၍ သိချင်လာမိသည်။

ဟုတ်ပေသည်၊ ယခုက စူးစမ်းပြီး အဖြေထုတ်နေရန် အချိန်မဟုတ်ပါ။

လင်ယွမ်နှင့် အခြားသူများက ပုံရိပ်ယောင်တစ်ခုခုတွင် နစ်မြှုပ်နေသကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး မကယ်တင်နိုင်ခဲ့လျှင်၊ ယခင်က လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ဖြစ်လာမှာကို ကြောက်ရသည်။

ကျွင်းရှောင်ယောက်က ရှေ့သို့တိုးကာ ပန်းပွင့်ကို ခူးဆွတ်ရန် အသင့်ဖြစ်နေပြီ။

ထိုအချိန်တွင်၊ စကားသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"အားလုံး နိုးထကြ‌ပါတော့"

ထိုအသံကိုကြားတော့ ကျွင်းရှောင်ယောက်က အနည်းငယ် အံ့သြသွားကာ လှည့်ကြည့်လိုက်သည်။

မနီးမဝေးတွင် လူတစ်စု ပေါ်လာတာကို တွေ့လိုက်ရ၏။

ယခင်ကကဲ့သို့ ဖုတ်ကောင်များမဟုတ်ဘဲ အမျိုးသမီးများသာ ဖြစ်သည်။

အမျိုးသမီးအားလုံးက ပျော့ပျောင်းသောချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူရဲကောင်းဆန်ပေသည်။

ယခုအချိန်တွင်၊ ရှေ့ဆုံးမှ အမျိုးသမီးက ပြောလာခြင်း ဖြစ်သည်။ သူ့အရှိန်အဝါက အားမနည်းဘဲ ကောင်းကင်အဓိပတိငယ် ကျင့်ကြံမှုရှိ၏။

"မေ့ပျောက်ခြင်းမြေရဲ့ ဒေသခံတွေလား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခု တောက်ပလာသည်။

ရှေးခေတ် ကမ္ဘာများတွင် ဒေသခံ မျိုးနွယ်စုများ ရှိခဲ့သည်

ဤမေ့ပျောက်ခြင်းမြေတွင်လည်း ဒေသခံများ အမှန်တကယ် ရှိနေပါသလော။

ခဏတာ အံ့အားသင့်သွားပြီးနောက် ကျွင်းရှောင်ယောက်က ပန်းကို တိုက်ရိုက်ခူးဆွတ်လိုက်သည်။

လင်ယွမ်နှင့် အခြားသူများလည်း ထိုအခါမှ သတိပြန်ဝင်လာကြတော့သည်။

"ငါ... ငါဘာဖြစ်သွားတာလဲ"

"အိပ်မက်မက်နေတာလား"

ပါရမီရှင်များ အားလုံး မှင်တက်သွားကြလေသည်။

ခေါင်းဆောင်အမျိုးသမီးက ကျွင်းရှောင်ယောက်ကို လွန်စွာအံ့ဩသော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းက အတိတ်ရဲ့ပန်းပွင့်ရဲ့ လွှမ်းမိုးမှုကို အမှန်တကယ် ခံနိုင်ရည်ရှိတာလား"

အခြား အမျိုးသမီးများကလည်း ထူးထူးဆန်းဆန်း အရာတစ်ခုခုကို ကြည့်နေသကဲ့သို့ ကျွင်းရှောင်ယောက်ကို ကြည့်နေလေ၏။

"အတိတ်ရဲ့ပန်းပွင့်လား"

ကျွင်းရှောင်ယောက်က သူ့လက်ထဲမှ ကြည်လင်သော ပန်း‌ပွင့်လေးကို ကြည့်လိုက်သည်။

'ဒါက အတိတ်ရဲ့ပန်းပွင့်လား၊ အင်မော်တယ်နယ်မြေကြီးမှာ တကယ်ကို မြင်ရခဲတယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

မကြာမီ၊ လင်ယွမ်နှင့် အခြားသူများအားလုံး သတိပြန်ဝင်ခဲ့ပေသည်။

သူတို့အားလုံး၏ မျက်နှာအမူအရာကတော့ သိပ်ပြီး ကြည့်မကောင်းလှပေ။

လူအများစုက ပန်းပွင့်၏ ဆွဲဆောင်မှုအောက်တွင် သေလုနီးပါး ဖြစ်ခဲ့သည်။

"အစ်ကိုကြီး၊ ဒီပန်းပွင့်က ဒီလောက်ထူးဆန်းပြီး ကြောက်စရာကောင်းတာ... မင်းက ဘာဖြစ်လို့ ဘာမှမဖြစ်တာလဲ"

လုဖူးကွေ့က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူကလည်း ကျွင်းရှောင်ယောက်ကဲ့သို့ ချင်ယွမ်ချင်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

ထို့ကြောင့် လုဖူးကွေ့မှာ ကျွင်းရှောင်ယောက်နှင့် ပို၍ ရင်းနှီးလာခဲ့သည်။

"ငါလည်း မသိဘူး"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အမှန်တော့ ၎င်းသည် သူ၏ ဗလာနယ်ကံကြမ္မာနှင့် ဆက်စပ်နေနိုင်သည်ဟု ယောင်ဝါးဝါး မှန်းဆမိသည်။

အတိတ်ဘဝ၊ ပြန်လည်ဝင်စားခြင်းနှင့် အကြောင်းအကျိုး သက်ရောက်မှု စသည်ဖြင့် မည်သည့်အရာကမျှ သူ့အပေါ် သက်ရောက်မှု မရှိနိုင်ပေ။

"ဒီပန်းပွင့်ကို အတိတ်ရဲ့ပန်းလို့ ခေါ်တယ်။ ဒါက အင်မတန်လှပပေမဲ့ အရမ်းကြောက်စရာကောင်းတယ်"

"ကောလဟာလတွေအရ ဒီလိုပန်းမျိုးက လူတွေရဲ့ အတိတ်ဘဝကို မြင်စေနိုင်ပေမဲ့ နောက်ဆုံးမှာ ဝိညာဉ်ပျောက်ကွယ်သွားလိမ့်မယ်"

အမျိုးသမီး၏ စကားသံက ပါရမီရှင်အားလုံးကို တုန်လှုပ်သွားစေသည်။

"မထူဆန်းတော့ပါဘူး၊ အရင်က ဖုတ်ကောင်တွေဟာ ဒီအတိတ်ရဲ့ပန်းပွင့်ကြောင့်ပဲ"

လင်ယွမ်က နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း သူမြင်လိုက်ရသော မြင်ကွင်းများကြောင့် အနည်းငယ် အံ့ဩမိ၏။

အခြားသူများလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

ဒါက တကယ်ကို သူတို့ရဲ့ အတိတ်ဘဝလား။

လူအများစုကတော့ ဒါကို မယုံကြပေ။

အထူးသဖြင့် လုဖူးကွေ့က ခါးခါးသီးသီး ငြင်းဆန်သည်။

"မယုံဘူး၊ ငါကတော့ လုံးဝမယုံဘူး။ ဒါဆိုရင် ငါက ဘာဖြစ်လို့ မီးဖိုကိုတွေ့တာလဲ။ ငါ့အရင်ဘဝက မီးဖိုကြီးဖြစ်လို့လား"

လုဖူးကွေ့သည် အတိတ်၏ပန်းက တစ်ခုခုမှားနေတာဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

သူသည် မီးဖိုကြီး ပြန်လည်ဝင်စားသူဟု ဘယ်တော့မှ လက်ခံမည်မဟုတ်ပေ။

"ဒါနဲ့၊ နင်တို့က..."

လင်ယွမ်နှင့် အခြားသူများက အမျိုးသမီးများကို ကြည့်လိုက်သည်။

မေ့ပျောက်ခြင်းမြေတွင် ဒေသခံမျိုးနွယ်စုများ ရှိ‌ခြင်းက တွေးကြည့်ရန်မလွယ်ပေ။

"ငါ့နာမည်က ယဲ့ဟွာပါ၊ ငါတို့က အမျိုးသမီးတိုင်းပြည်ကလာခဲ့တာ။ နင်တို့က အပြင်လူတွေ ဖြစ်မယ်ထင်တယ်။ အချိန်တစ်ခုကြာတိုင်း မေ့ပျောက်ခြင်းမြေကို အပြင်လူတွေ ရောက်လာကြသင့်တယ်"

ယဲ့ဟွာအမည်ရှိသော အမျိုးသမီးက ပြောလိုက်သည်။

"အမျိုးသမီးတိုင်းပြည်လား"

လင်ယွမ်နှင့် အခြားသူများ၏ မျက်လုံးများက သံသယတို့ ပေါ်လာ၏။

လုဖူးကွေ့၏ မျက်လုံးများကမူ အရောင်လက်လာတော့သည်။

အမျိုးသမီးတိုင်းပြည်ဟူသော အမည်တစ်ခုတည်းက သူကဲ့သို့ နှာဘူး‌မျိုးကို ဆွဲဆောင်နိုင်သည်။

"နင်တို့ ကံကောင်းတယ်၊ ဒီမေ့ပျောက်ခြင်းမြေမှာ တိုင်းပြည်ကိုးခု ရှိတယ်"

"တချို့ နတ်ဆိုးနဲ့ စုန်းမျိုးနွယ်တွေဟာ အပြင်လူတွေအပေါ် ရန်လိုလွန်းကြတယ်။ အပြင်လူတွေကိုမြင်တာနဲ့ သတ်ဖြတ်မှုတွေ ပြုလုပ်တတ်တယ်"

"တချို့ကတော့ ငါတို့ အမျိူသမီးတိုင်းပြည်လိုမျိုး အတော်လေး အေးချမ်းပါတယ်"

ယဲ့ဟွာက ပြောလိုက်သည်။

ထိုစကားကိုကြားတော့ လူတိုင်း အံ့သြသွားကြသည်။

ဤမေ့ပျောက်ခြင်းမြေတွင် တိုင်းပြည်ကိုးခု အမှန်တကယ် ရှိနေ၏။ အမျိုးသမီးတိုင်းပြည်က ၎င်းတို့အနက်မှ တစ်ခုသာ ဖြစ်သည်။

"ဒါဆိုရင် ငါတို့ကို အမျိုးသမီးတိုင်းပြည်ကို ခေါ်သွားလို့ရမလား"

လင်ယွမ်က မေးလိုက်သည်။

ယခုအချိန်တွင် သူတို့က မေ့ပျောက်ခြင်းမြေအကြောင်း ဘာမျှမသိသေးပေ။

အမျိုးသမီးတိုင်းပြည်မှ လူများ၏ စိတ်နေသဘောထားက ကောင်းမွန်သောကြောင့် ၎င်းတို့ထံမှ အချက်အလက်အချို့ကို ရရှိနိုင်သည်။

ထို့ပြင်၊ ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အပျက်အယွင်းကိုလည်း ရှာဖွေရဦးမည်။

"အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီအမျိုးသားတွေက..."

ယဲ့ဟွာက အေးစက်စက် ပြုံးလိုက်သည်။

"ဘာလဲ၊ ယောက်ျားတွေကို နှိမ့်ချတာလား"

လုဖူးကွေ့က မျက်ခုံးပင့်လိုက်၏။

"ထားပါ၊ ဘုရင်မက နင်တို့ကို နည်းနည်း စိတ်ဝင်စားလောက်တယ်"

ယဲ့ဟွာက ခေါင်းခါယမ်းပြီး သူ့လက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားသည်။

'အမျိုးသမီးတိုင်းပြည်ရဲ့ ဘုရင်မလား'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။

အကြောင်းတစ်ခုခုကြောင့် တစ်ခုခုမှားနေပြီဟု ယောင်ဝါးဝါးခံစားမိသော်လည်း လောလောဆယ်တွင် ဘာမှားနေလဲဆိုတာ မပြောနိုင်သေးပေ။

'မေ့ပျောက်ခြင်းမြေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ'

ကျွင်းရှောင်ယောက်က အတိတ်၏ပန်းပွင့်ကို သိမ်းလိုက်သည်။ သူ့မျက်လုံးများမှာတော့ ပို၍ နက်နဲလာတော့သည်။

All Chapters