အခန်း ၁၂၄၅
Vol. 83 Ch. 1245
အခန်း ( ၁၂၄၅ ) အမျိုးသမီးတိုင်းပြည်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများ ထွက်သွားပြီး မကြာမီတွင် ဤနေရာသို့ လူတစ်စု ရောက်လာကြသည်။ သူတို့က တိဟောက်ထျန်းဦးဆောင်သော အဖွဲ့ဖြစ်၏။
တိဟောက်ထျန်းက ရောက်လာသည်နှင့် ငွေရောင်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
'ဘယ်လိုဖြစ်တာလဲ၊ ငါပဲ အမှတ်မှားသွားလို့လား'
တိဟောက်ထျန်းက သူ့စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
သူ အမှတ်မမှားပါက ဤနေရာတွင် အတိတ်၏ပန်းတစ်ပွင့် ရှိရမည်။
အကြောင်းတစ်ခုခုကြောင့် တိဟောက်ထျန်းသည် ကျွင်းရှောင်ယောက်ကို တွေးလိုက်မိသည်။
ရွှီထျန်းလောကတွင် ရှိစဉ်အခါက သူ၏ အခွင့်အလမ်းအားလုံးကို ကျွင်းရှောင်ယောက်က လုယူသွားခဲ့သည် မဟုတ်လော။
ယခုလည်း တူညီသော အခြေအနေက ထပ်မံဖြစ်လာသည်။
ဟုတ်ပေသည်၊ သူက ကျွင်းရှောင်ယောက်ဖြစ်မည်ဟုတော့ မထင်ပေ။
ကျွင်းရှောင်ယောက်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကျွင်းမိသားစုတွင် ပြန်လည်ကုသမှုခံယူနေဆဲ ဖြစ်သည်။ သူက ဤနေရာကို မည်ကဲ့သို့ ရောက်လာနိုင်မည်နည်း။
'ဒါက သူမဖြစ်နိုင်ပါဘူးလေ၊ ငါ အမှတ်မှားတာပဲဖြစ်မှာပါ'
တိဟောက်ထျန်းက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
"သခင်၊ ဘာဖြစ်လို့လဲ"
ဘေးနားတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုလော့ရွယ်က မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ သွားရအောင်"
တိဟောက်ထျန်းက ပြောလိုက်၏။
ဤနေရာတွင် အတိတ်၏ပန်းကို မတွေ့ရသော်လည်း၊ မေ့ပျောက်ခြင်းမြေ၌ အတိတ်၏ပန်း တစ်ပွင့်ထက်မက ရှိသည်။
ဤပန်းပွင့်က တိဟောက်ထျန်း၏ အရေးကြီးသော အစီအစဥ်နှင့် သက်ဆိုင်သောကြောင့် တစ်ပွင့်ကိုတော့ ရအောင်ယူရမည်။
သူက အခြားနေရာများတွင် ရှာဖွေရန် နောက်လိုက်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်၊ အခြားတစ်ဖက်တွင်...
ကျွင်းရှောင်ယောက်၊ လင်ယွမ်နှင့် အခြားသူများက ယဲ့ဟွာတို့အဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသမီးတိုင်းပြည်သို့ ဦးတည်သွားခဲ့သည်။
လမ်းခရီးတွင်၊ ယဲ့ဟွာက အမျိုးသမီးတိုင်းပြည်၏ စစ်သူကြီးတစ်ဦးဖြစ်ကြောင်း သိခဲ့ရပေသည်။
သူ့ထံမှတစ်ဆင့် အခြေအနေများကိုလည်း အနည်းငယ် သိလာခဲ့ရသည်။
ဤမေ့ပျောက်ခြင်းမြေတွင် တိုင်းပြည်ကိုးခု ရှိသည်။
ယွီတိုင်းပြည်၊ ဝိညာဉ်တိုင်းပြည်၊ နတ်ဆိုးကမ္ဘာ၊ ပင်လယ်လောက၊ စုန်းမျိုးနွယ်၊ အမျိုးသမီးတိုင်းပြည် စသည်ဖြင့်....
ဤအရာက လင်ယွမ်အား ဒဏ္ဍာရီပုံပြင်များထဲမှ တိုင်းပြည်များသို့ ရောက်လာသည်ဟုပင် ခံစားရစေခဲ့သည်။
၎င်းတို့ထဲတွင် အမျိုးသမီးတိုင်းပြည်၊ ယွီတိုင်းပြည်၊ ဝိညာဉ်တိုင်းပြည် အစရှိသော တိုင်းပြည်များက အပြင်လူများအပေါ် ပိုမိုကောင်းမွန်သော သဘောထား ရှိသည်။
စုန်း၊ နတ်ဆိုး၊ မိစ္ဆာ အစရှိသည့် အပြင်လူများကို သဘောမကျသည့် မျိုးနွယ်များလည်း ရှိသေးသည်။
သို့သော်လည်း လင်ယွမ်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အပျက်အယွင်းအကြောင်းကို မေးမြန်းသောအခါ ယဲ့ဟွာက ငြင်းဆန်ခဲ့သည်။
ဘုရင်မနှင့် တွေ့ဆုံပြီးနောက် ဤအကြောင်းကို ပြောပြမည်ဟုသာ ပြောခဲ့လေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊ လူတိုင်း၏ မျက်စိရှေ့တွင် ကြီးမားသော မြို့ကြီးတစ်မြို့ ပေါ်လာသည်။
၎င်းက သာမန်မြို့များနှင့်မတူပေ။
ဤမြို့က အလွန်လက်ရာမြောက်ပြီး လှပသည်။ မြို့ရိုးများကိုပင် ပုလဲအမျိုးမျိုးနှင့် ကျောက်မျက်များဖြင့် အလှဆင်ထားသေး၏။
၎င်းက လှပသည့်အပြင် ခံစစ်စွမ်းရည်များလည်း ရှိသည်။
"ဒါက အမျိုးသမီးတိုင်းပြည်လား"
အားလုံးက အံ့ဩသွားကြသည်။
အထူးသဖြင့်၊ လင်ယွမ်နှင့် အခြား မိန်းကလေးများမှာ လှပသော ဤမြို့ကြီးကို မြင်လိုက်ရသော် သူတို့၏ လှပသော မျက်လုံးလေးများက အံ့ဩမှုဖြင့် တောက်ပနေတော့သည်။
ယဲ့ဟွာက သူတို့ကို မြို့ထဲသို့ ခေါ်ဆောင်သွားသည်။
မြို့ထဲတွင် ချောမောလှပသော အမျိုးသမီးများ အများအပြား ရှိ၏။
အားလုံးက ပျော့ပျောင်းသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ဗိုက်သားလေးများနှင့် လက်မောင်းများကို ပေါ်လွင်စေသည်။
အမျိုးသမီးများ၏ မျက်လုံးများကတော့ လင်ယွမ်နှင့် အခြားသူများကို အထူးအဆန်းသဖွယ် အံ့အားသင့်စွာဖြင့် စူးစမ်းသလို ကြည့်နေကြလေသည်။
အတိအကျဆိုရလျှင် သူတို့က အမျိုးသားများကို ကြည့်သည်။
စင်စစ်တွင်၊ အမျိုးသမီးတိုင်းပြည်မှာ အမျိုးသားများနှင့် ထိတွေ့ဆက်ဆံရခြင်း သိပ်မရှိပေ။
"သူတို့က အပြင်လူတွေလား"
"သူတို့အထဲမှာ ယောက်ျားတချို့ ရှိနေတယ်"
"ကျွန်ယောက်ျားတွေက ကြည့်လို့ကောင်းသားပဲ"
"ဒါနဲ့ စကားမစပ်၊ ဟိုလူကို နင်ပိုင်တယ်"
"မလိုချင်ဘူးနော်"
ပတ်ဝန်းကျင်မှ အမျိုးသမီးများက တစ်ယောက်နှင့်တစ်ယောက် ပြောဆိုလိုက်ကြသည်။
အစပိုင်းတွင်၊ လုဖူးကွေ့၏ မျက်လုံးများက အရောင်တဖိတ်ဖိတ်တောက်လာသည်။ သူက ကောင်းကင်ဘုံသို့ ရောက်နေပြီဟုပင် ထင်မှတ်လိုက်မိ၏။
သို့သော်လည်း တိုင်းပြည်မှ မိန်းကလေးများ၏ စကားများကို ကြားရပြီးနောက် သူ့မျက်နှာမှာ မည်းမှောင်သွားတော့သည်။
'ဘာလဲကွ၊ ဝတဲ့သူတွေကို အထင်သေးတာလား။ ဝတဲ့သူတွေမှာရော လူ့အခွင့်အရေး ရပိုင်ခွင့်တွေ မရှိဘူးလား'
လုဖူးကွေ့က ဒေါသတကြီး ဖြစ်သွားသည်။ ကျွန်ယောက်ျားဖြစ်လို့ မထီမဲ့မြင်ပြုနေကြတာလား။
အခြားတစ်ဖက်မှာတော့ ချောမောသော ချင်ယွမ်ချင်းမှာ အမျိုးသမီးတိုင်းပြည်မှ အမျိုးသမီး အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ချင်ယွမ်ချင်းကလည်း ဤအတွက် အလွန်ကျေနပ်ပြီး ပြုံးရွှင်နေတော့သည်။
"ဟင်း၊ ငါလည်း မတတ်နိုင်ဘူး။ ငါလို ချောမောတဲ့သူက သွားလေရာသွားတိုင်းမှာ မိန်းကလေးတွေရဲ့အာရုံကို အမြဲစွဲဆောင်နိုင်တယ်..."
ချင်ယွမ်ချင်းက သက်ပြင်းချကာ ပြောလိုက်သည်။
"ဟေ့ကောင်၊ မင်းကိုတောင် လာမဆွဲဘဲနဲ့ ဘာကို မိမိုက်သလို ဟန်ဆောင်နေတာလဲ"
လုဖူးကွေ့က ပို၍ပင် မကျေမနပ်ဖြစ်လာသည်။
သူက ကျွင်းရှောင်ယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ညီအစ်ကို၊ ဒီကောင့်ကို သင်ခန်းစာပေးသင့်တယ်လို့ မထင်ဘူးလား"
ဒါကိုမြင်တော့ ချင်ယွမ်ချင်းက လှောင်ပြောင်သရော်ဟန်ဖြင့် နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"သူကလည်း ရုပ်ဆိုးသူပဲ ဖြစ်ရမယ်။ ဒါကြောင့် သူ့ခေါင်းနဲ့အမြီးကို ဖုံးကွယ်ထားပြီး သူ့မျက်နှာအမှန်ကို တခြားသူတွေကို မပြရဲဘူး"
တစ်ဖက်တွင်၊ လင်ယွမ်က ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်ကို တိတ်တဆိတ် ခိုးကြည့်လိုက်၏။
ကျွင်းရှောင်ယောက်သာ သူ့မျက်နှာအမှန်ကို ပြခဲ့မည်ဆိုလျှင် အမျိုးသမီးတိုင်းပြည်တစ်ခုလုံးက အမျိုးသမီးများ ရူးသွားမှာကို ကြောက်ရသည်။
ကျွင်းရှောင်ယောက်ကတော့ ငြိမ်သက်စွာ ရှိနေဆဲပင်။
သူက အခြားသူများ၏ ထင်မြင်ယူဆချက်များကို ဂရုမစိုက်ဘဲ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ဖြင့် အမျိုးသမီးတိုင်းပြည်တစ်ခုလုံးကို ခံစားကြည့်နေသည်။
သူ့စိတ်ထဲမှ တစ်ခုခုလွဲမှားနေသလို ခံစားချက်က ပိုမိုထင်ရှားလာ၏။
'ဘယ်နေရာက မှားနေတာလဲ'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
မကြာမီ၊ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့သည်။
ယဲ့ဟွာ၏ လမ်းညွှန်မှုဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွား၏။
နန်းတော်အတွင်းရှိ ပလ္လင်ပေါ်မှာတော့ အသက်နှစ်ဆယ်ခန့်ရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦး ထိုင်နေလေသည်။
သူမက အနီရောင်တောက်တောက် ဖီးနစ် ၀တ်ရုံကို ၀တ်ဆင်ထားသည်။ ဖြူစင်သော အသားအရေနှင့် လှပသောအသွင်အပြင်ရှိ၏။ သူ၏ မျက်ခုံးနှစ်ခုကြားမှာလည်း အနီရောင် အစက်လေးတစ်စက် ရှိနေသေးသည်။
တစ်ချက်ကြည့်ရုံဖြင့် ထူးထူးကဲကဲ လှပသော အလှလေးတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။
"ဘုရင်မကို နှုတ်ခွန်းဆက်ပါတယ်"
ယဲ့ဟွာက ဒူးတစ်ဖက်ထောင်ကာ ဒူးထောက်လိုက်သည်။
ထို့နောက် လင်ယွမ်နှင့် အခြားသူများကိုလည်း ဒူးထောက်ရန် အချက်ပြလိုက်၏။
သို့သော်လည်း မည်သူမျှ ဒူးမထောက်ကြပေ။
ဤလူများက အင်မော်တယ်ခုံရုံးမှ ပါရမီရှင်များ ဖြစ်သည်။ အခြားသူများကလည်း ရှေးဟောင်းမိသားစု၏ အမွေဆက်ခံသူကဲ့သို့ အဆင့်အတန်းမြင့်မားကြသူများ ဖြစ်၏။
သို့ဖြစ်ပေရာ၊ မည်ကဲ့သို့ ဒူးထောက်လိုမည်နည်း။
"ကိစ္စမရှိပါဘူး၊ သူတို့က အပြင်လူတွေလား"
ဘုရင်မက လင်ယွမ်နှင့် အခြားသူများကို ကြည့်လိုက်သည်။
"ရှင်က အမျိုးသမီးတိုင်းပြည်ရဲ့ ဘုရင်မပေါ့၊ ရိုးရိုးသားသားပြောရရင် ကျွန်မတို့က ဒီမေ့ပျောက်ခြင်းမြေအကြောင်း သိပ်မသိပါဘူး"
"ဒါပေမဲ့ ကျွန်မတို့မှာ ရှင်တို့ကို ထိခိုက်စေလိုစိတ် လုံးဝ မရှိဘူး။ နောက်ပြီးတော့ ကျွန်မတို့က ဒီမှာ ကြာကြာမနေပါဘူး"
အဖွဲ့ခေါင်းဆောင်အနေဖြင့် လင်ယွမ်က ပြောလိုက်သည်။
အမျိုးသမီးတိုင်းပြည်တွင် ကြောက်စရာကောင်းလွန်းသည့် အကျော်အမော်များမရှိသော်လည်း...
သူတို့အားလုံး စုပေါင်းလိုက်ပါက လင်ယွမ်တို့အတွက် ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။
"စိတ်မပူပါနဲ့၊ ငါ့ရဲ့ မေ့ပျောက်ခြင်းမြေက နတ်ဆိုးကမ္ဘာလို စုန်းမျိုးနွယ်တို့လို မဟုတ်ဘူး။ မင်းတို့ အပြင်လူတွေအပေါ်မှာ ရန်လိုတာမျိုးလည်း မရှိပါဘူး"
"အဲဒီအစား မင်းတို့ ရောက်လာတာကိုတောင် ငါတို့က ကြိုဆိုတယ်။ ငါ့ရဲ့ ခန့်မှန်းချက်မှန်ရင် မင်းတို့တွေက အခွင့်အလမ်းအတွက် ရောက်လာသင့်တယ်"
ဘုရင်မက ပြောလိုက်သည်။
လင်ယွမ်နှင့် အခြားသူများ၏ မျက်လုံးများက တောက်ပလာသည်။
"သွေးရောင်လမင်း မြင့်တက်တဲ့အခါ လျှို့ဝှက်နယ်မြေသုံးခု ပြန်ပွင့်လာလိမ့်မယ်"
ဘုရင်မက ဆက်ပြောလိုက်၏။
"လျှို့ဝှက်နယ်မြေသုံးခုလား"
လင်ယွမ်နှင့် အခြားသူများ အားလုံး စိတ်ရှုပ်သွားကြသည်။
သွေးရောင်လဆိုသည်မှာ ယင်ဟော်နတ်ဆိုးကြယ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အားလုံး ခန့်မှန်းမိ၏။
သို့ပေသော်ငြား၊ လျှို့ဝှက်နယ်မြေသုံးခုက အဘယ်နည်း။
"ဗတ္တိဇံရေကန်၊ ရှန်ဟွင်းထန်နဲ့ ဖီးရှန်းရေတံခွန်တို့က ဒီမေ့ပျောက်ခြင်းမြေရဲ့ အခွင့်အလမ်း လျှို့ဝှက်နယ်မြေကြီးသုံးခုပဲ"
"အဲဒီအထဲက အခွင့်အလမ်းတစ်ခုခုကို ရရှိနိုင်ရင် ဘယ်တိုင်းပြည်မဆို ပိုပြီး တိုးတက်နိုင်လိမ့်မယ်"
"ကံမကောင်းချင်တော့ ငါ့ရဲ့ အမျိုးသမီးတိုင်းပြည်က တိုင်းပြည်ကြီးကိုးခုမှာ အလယ်လတ် အဆင့်လောက်ပဲရှိပြီး အသန်မာဆုံး မဟုတ်ဘူး"
"ဒါကြောင့် ငါတို့မှာ လျှို့ဝှက်နယ်မြေသုံးခုအတွက် ယှဉ်ပြိုင်ဖို့ အခွင့်ကောင်းသိပ်မရှိဘူး"
"ဒါပေမဲ့ မင်းတို့ရဲ့အင်အားက အားမနည်းဘူးလို့ ငါခံစားရတယ်"
"ဒါကြောင့် မင်းတို့က ငါ့ရဲ့ အမျိုးသမီးတိုင်းပြည်ကို လျှို့ဝှက်နယ်မြေတစ်ခုအတွက် တိုက်ပွဲဝင်ဖို့ ကူညီပေးရင်... လျှို့ဝှက်နယ်မြေရဲ့ အခွင့်အလမ်းကို မင်းတို့နဲ့ မျှဝေပေးလို့ရတယ်"
ဘုရင်မက ပြောလိုက်သည်။
သူမ၏ စကားများက လင်ယွမ်နှင့် အခြားသူများကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
သူတို့က အခွင့်အလမ်းများအတွက် မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အပျက်အယွင်းများအကြောင်း သဲလွန်စမရှိသေးသော်လည်း...
လျှို့ဝှက်နယ်မြေသုံးခု၏ အခွင့်အလမ်းကို ရရှိနိုင်ပါက မဆိုးပေ။