အခန်း ၁၂၄၆
Vol. 84 Ch. 1246
အခန်း ( ၁၂၄၆ ) ဗတ္တိဇံရေကန်။
ယခုအချိန်တွင်၊ လူတိုင်းအတွက် အရေးကြီးဆုံးပြဿနာက မေ့ပျောက်ခြင်းမြေ၏ အခြေအနေများကို မသိရှိခြင်း ဖြစ်သည်။
အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုအနေဖြင့်၊ မေ့ပျောက်ခြင်းမြေက လျှို့ဝှက်ဆန်းကြယ်လွန်း၏။
ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အပျက်အယွင်းက ဤနေရာတွင် ရှိနေခြင်းမှာ ဤနေရာကို အလုံခြုံဆုံးနေရာဟု သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်ဟန်တူသည်။
ယခုအချိန်တွင် လင်ယွမ်နှင့် အခြားသူများက မေ့ပျောက်ခြင်းမြေ၏ အစွန်အဖျားတွင်သာ ရှိသေးသည်။
ဤနေရာတွင် တိုင်းပြည်ကြီးကိုးခုမှ ဒေသခံမျိုးနွယ်စုများ ရှိကြသည်။
၎င်းတို့က လျှို့ဝှက်နယ်မြေသုံးခုအတွက် အချင်းချင်း ယှဉ်ပြိုင်ကြရပေသည်။
"ကျွန်မတို့ သဘောတူတယ်"
လင်ယွမ်က ခေါင်းညိတ်လိုက်သည်။
ထိုအခါ ဘုရင်မက ကျေနပ်စွာ ပြောလိုက်၏။
"ကောင်းပြီ၊ ဒီဘုရင်မရဲ့ ဥပဒေအရ အမျိုးသားတွေ တိုင်းပြည်အတွင်းကို ရောက်ရှိလာပြီဆိုရင် ကျွန်အဖြစ် နှိမ့်ချတာ ဒါမှမဟုတ် တိုက်ရိုက် ပြစ်ဒဏ်ပေးခြင်း နှင်ထုတ်ခြင်းတွေကို ပြုလုပ်ရမယ်"
"ဒါပေမဲ့ မင်းတို့က ကူညီလိုစိတ်ရှိတာကြောင့် ဒီဥပဒေက မင်းတို့အပေါ်မှာ သက်ရောက်မှု မရှိစေရဘူး"
လုဖူးကွေ့ကတော့ ထိုစကားကိုကြားသောအခါ ဝမ်းသာအားရ ရေရွတ်လေသည်။
"ဒါဆိုရင် ငါတို့တွေ ဘေးကင်းပြီကွ"
ကျွင်းရှောင်ယောက်မူကား ဤကိစ္စကို မှတ်ချက်မပေးဘဲ တိတ်ဆိတ်နေ၏။
စင်စစ်တွင်၊ မေ့ပျောက်ခြင်းမြေသို့ စတင်ဝင်ရောက်လာကတည်းက ကျွင်းရှောင်ယောက်သည် အရာအားလုံးကို အာရုံခံစားရန် သူ၏ဝိညာဉ်အသိစိတ်ကို အသုံးပြုနေခဲ့သည်။
မေ့ပျောက်ခြင်းမြေနှင့် တိုင်းပြည်ကိုးခု၌ လျှို့ဝှက်ချက်များရှိသင့်သည်ဟု သူအမြဲတမ်းခံစားနေမိသည် မဟုတ်လော။
"ကောင်းပြီလေ၊ မင်းတို့သွားနိုင်ပြီ၊ မင်းတို့ ပြင်ဆင်ပြီးရင် ရက်အနည်းငယ်အတွင်း ခရီးထွက်ကြမယ်"
ဘုရင်မက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
လင်ယွမ်နှင့် အခြားသူများလည်း လှည့်ထွက်လာတော့သည်။
ထိုအချိန်တွင် ဘုရင်မက ကျွင်းရှောင်ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အကြောင်းမူ၊ အပြင်လူ တစ်ဖွဲ့လုံးတွင် သူက ဝတ်ရုံနက်ဖြင့် လျှို့ဝှက်ဆန်းကျယ်ဆုံးဖြစ်နေသောကြောင့်ပင်။
အကြောင်းတစ်ခုခုကြောင့်၊ ဘုရင်မသည် ဤဝတ်ရုံနက်ဝတ်လူက တစ်ဖွဲ့လုံး၏ အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသောသူဟု ခံစားမိခဲ့သည်။
ဘုရင်မ၏ လှပသော မျက်လုံးများတွင် အလင်းရောင်များ လင်းလက်လာသည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ ဘုရင်မ၏ စစ်တပ်ကို စုစည်းခဲ့ပေသည်။
သူတို့အားလုံးက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အသွင်ပြင်မျိုးဖြင့် အမျိုးသမီးများ ဖြစ်သည်။
လူအင်အားက တစ်သိန်းကျော်ရှိ၏။
ပြင်ပကမ္ဘာမှာတော့ ဒါက အံ့ဖွယ်ကောင်းသော အရေအတွက်မဟုတ်သည်မှာ သေချာသည်။
ကျွင်းမိသားစု၏ အင်မော်တယ်စစ်ပွဲမှာဆိုလျှင် အနည်းဆုံး ကျင့်ကြံသူပေါင်း သန်းနှင့်ချီ ပါဝင်လိမ့်မည်။
သို့သော်လည်း ဤနေရာက မေ့ပျောက်ခြင်းမြေ ဖြစ်သည်။ တိုင်းပြည်ကြီးကိုးခုက ဒေသခံမျိုးနွယ်စုများဖြင့် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် အရေအတွက်မှာ အလွန်များပြားမည် မဟုတ်ပေ။
ယခုတစ်ကြိမ်တွင်၊ ဘုရင်မက လူကိုယ်တိုင် ဦးဆောင်မည်ဖြစ်ပြီး စစ်သူကြီးယဲ့ဟွာလည်း သူမနှင့်အတူ ရှိခဲ့သည်။
လင်ယွမ်နှင့် အခြားသူများကလည်း သဘာဝအတိုင်း ပါဝင်ကြ၏။
သူတို့လူစုနှင့် အမျိုးသမီးတိုင်းပြည်၏ တပ်မဟာက ရက်အနည်းငယ်ကြာပြီးနောက် အိုအေစစ်ကဲ့သို့ ထူးကဲသော အရပ်တစ်ခုကို ရောက်လာခဲ့ကြသည်။
အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင် အရောင်ဝါများက လေထဲတွင် စီးဆင်းနေ၏။
လူတိုင်းက ကြည့်လိုက်သောအခါ အိုအေစစ်တွင် တည်ငြိမ်သော ရေကန်တစ်ခုကို တွေ့လိုက်ရသည်။ ရေကန်က အနည်အနစ် လုံးဝမရှိဘဲ ကြည်လင်နေလေသည်။
ဤရေကန်တွင် နိယာမများကို ချမှတ်ထားပုံရသည်။
"ဗတ္တိဇံရေကန်ဆိုတာက ဒါပဲ၊ အဲဒီရေကန်က လူတစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီး မပြည့်စုံမှုအားလုံးကို ဆေးကြောပေးနိုင်လို့ ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ကို ဖန်တီးပေးနိုင်တယ်တဲ့"
ယဲ့ဟွာက ရှင်းပြလိုက်သည်။
လင်ယွမ်နှင့် အခြားသူများ၏ မျက်လုံးများက တောက်ပလာသည်။
၎င်းတို့အားလုံးက ပါရမီရှင်များ ဖြစ်၏။ ၎င်းတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက အပြစ်ကင်းစင်ကာ ကျင့်ကြံမှုအခြေခံ နက်နဲသည်။
သို့သော်လည်း အကြွင်းမဲ့ ပြီးပြည့်စုံရန်တော့ မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောကကဲ့သို့ ပြီးပြည့်စုံလျှင်ပင် မပြည့်စုံမှု အနည်းငယ်တော့ ရှိနိုင်သည်။
သို့ရာတွင်၊ ဤသည်က အားနည်းချက် မဟုတ်ပေ။ သက်ရှိသတ္တဝါတိုင်းတွင် ရှိသောအရာ ဖြစ်သည်။
ဆိုရလျှင်၊ ကောင်းကင်လမ်းစဉ်ပင်လျှင် ပြီးပြည့်စုံမှုမရှိနိုင်ဘူး မဟုတ်လော။
အကယ်၍ ပြီးပြည့်စုံမှုတစ်ခုရှိလျှင် ဒဏ္ဍာရီထဲမှ အင်မော်တယ်များသာ ဖြစ်နိုင်သည်။
ဟုတ်ပေသည်၊ ဤဗတ္တိဇံရေကန်က လူတိုင်းကို သန့်စင်ပေးနိုင်သော်လည်း အင်မော်တယ်များ ဖြစ်လာနိုင်စေမည်ဟု မဆိုလိုပေ။
ထိုအစား သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက ပို၍ အပြစ်ကင်းစင်လာမည် ဖြစ်သည်။
တာအိုအခြေခံက ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး ပင်ကိုယ်စွမ်းရည်၊ နားလည်မှုနှင့် ကျင့်ကြံမှု အခြားကဏ္ဍများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာလိမ့်မည်။
ဤသည်မှာ ဗတ္တိဇံရေကန်၏ စွမ်းရည် ဖြစ်သည်။
'ဒီသခင်လေးက ရေချိုးပြီးရင် ဗတ္တိဇံရေကို ခပ်ယူသွားရမယ်။ ဒီရေကို လက်နက်ထုလုပ်ရာမှာ အသုံးပြုမယ်ဆိုရင် စစ်မှန်တဲ့ အင်မော်တယ်လက်နက်ကိုတောင် ထုလုပ်နိုင်မလားပဲ'
လုဖူးကွေ့၏ မျက်လုံးများက တောက်ပလာသည်။
လုမိသားစု၏ မျိုးဆက်များအတွက် အကြီးမားဆုံး အိပ်မက်က စစ်မှန်သော အင်မော်တယ်လက်နက်ကို ထုဆစ်ရန်ပင်။
သို့သော်လည်း ယခုအချိန်အထိ လုမိသားစု၏ ဘိုးဘေးတစ်ဦးတည်းသာ အင်မော်တယ်တစ်ပိုင်းလက်နက်ကို ထုဆစ်နိုင်ခဲ့သည်။
ထို့ပြင် ဒါက အင်မော်တယ်နယ်မြေကြီး၏ စံချိန်တစ်ခု ဖြစ်နေပြီ။
အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်လက်နက်များအားလုံးက အမွေဆက်ခံခြင်းဖြစ်ကာ နောက်ပိုင်းမျိုးဆက်များမှ ဖန်တီးထားခြင်းမဟုတ်ကြောင်း ကောလာဟလများပင် ရှိသည်။
လုမိသားစုက အင်မော်တယ်လက်နက်တစ်ခုကို ဖန်တီးနိုင်ပါက ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် အဆပေါင်းများစွာ မြင့်တက်လာပေလိမ့်မည်။
လင်ယွမ်နှင့် အခြား ပါရမီရှင်များ၏ မျက်လုံးများမှာလည်း တောက်ပနေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်ပင်လျှင် အနည်းငယ် စူးစမ်းမိသည်။
လူတိုင်းက စိတ်လှုပ်ရှားနေချိန်တွင်...
မြေပြင်က ရုတ်တရက် တုန်ခါသွားသည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များသည် အဝေးမှ လေထုထဲတွင် ပြည့်သွား၏။ ပြင်းထန်သည့် တိုက်ခိုက်လိုသော စိတ်ဆန္ဒများလည်း ဖြာတက်လာတော့သည်။
"သူတို့လာကြပြီ"
ဘုရင်မ၏ မျက်လုံးအကြည့်များက လေးနက်လာသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူမ၏ လှပသော မျက်လုံးအကြည့်များက ပြောင်းလဲသွားပြန်သည်။
အကြောင်းမူ၊ အခြားဦးတည်ချက်များမှ တပ်မဟာများ ရောက်လာသောကြောင့်ပင်။
"နှစ်ဖွဲ့က တစ်ပြိုင်တည်းရောက်လာတယ်"
စစ်သူကြီးယဲ့ဟွာ၏ အမူအရာလည်း ပြောင်းလဲသွားသည်။
နောက်ထပ်ရောက်လာသော အဖွဲ့နှစ်ခု လူအင်အားက အမျိုးသမီးတိုင်းပြည်ထက် မနည်းပေ။
"အလို၊ အမျိုးသမီးတိုင်းပြည်ပါလား။ မင်းတို့လည်း ဒီဗတ္တိဇံရေကန်အတွက် ယှဉ်ပြိုင်ဝံ့မယ်လို့ မထင်ထားဘူး"
အဖွဲ့တစ်ခုမှ အသံတစ်သံ ထွက်လာသည်။
၎င်းက တိုင်းပြည်ကိုးခုအနက်မှ နတ်ဆိုးကမ္ဘာပင်။
စကားပြောသူမှာ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး သွေးစွန်းနေသော လှံတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။
၎င်း၏အရှိန်အဝါက အားမနည်းဘဲ မဟာကောင်းကင်အဓိပတိ ကျင့်ကြံမှု ရှိ၏။
သူ့ရုပ်ရည်က ငယ်ရွယ်ပုံရသော်လည်း တကယ်တမ်းတွင် အသက်မငယ်တော့ပေ။
"နတ်ဆိုးမင်းသား..."
ဘုရင်မ၏ မျက်နှာက အေးစက်သွားသည်။
တစ်ဖက်လူက နတ်ဆိုးကမ္ဘာ၏ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုအချိန်မှာပင် အခြားတစ်ဖက်မှ အသံတစ်ခုထွက်လာသည်။
"ငါ့ရဲ့ ခန့်မှန်းချက်မမှားရင် အဲဒီလူအုပ်စုက အပြင်လူတွေ ဖြစ်သင့်တယ်။ အဲဒါက အမျိုးတိုင်းပြည်ရဲ့ အဓိကခွန်အားပဲလား"
စကားပြောဆိုသူမှာ အနက်ရောင် မှော်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင်အရိုးလှံတံကို ကိုင်ထား၏။ ၎င်းက မှော်မျိုးနွယ်မှ အကျော်အမော် ထျန်းဝူကျစ် ဖြစ်သည်။
"ထျန်းဝူကျစ်၊ အမျိုးသမီးတိုင်းပြည်နဲ့ အပြင်လူတွေကို ဖျက်စီးဖို့ ငါတို့ အရင်ဆုံး ပူးပေါင်းကြရအောင်၊ ဘယ်လိုသဘောရသလဲ"
နတ်ဆိုးမင်းသားက လှောင်ပြောင်လိုက်သည်။
"ပြဿနာမရှိဘူး။ လျှို့ဝှက်နယ်မြေသုံးခုဟာ ငါတို့ တိုင်းပြည်ကြီးကိုးခုရဲ့ ပြိုင်ဆိုင်မှုဖြစ်လို့ အပြင်လူတွေ ဝင်ရောက်စွက်ဖက်စရာ မလိုဘူး"
ထျန်းဝူကျစ်က ပြောလိုက်၏။
"ဟားဟားဟား၊ ဒီလိုဆိုရင် ကောင်းပြီ။ ငါကလည်း ဘုရင်မကို ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အစေခံတစ်ဦး ဖြစ်လာစေချင်နေတာ"
နတ်ဆိုးမင်းသားက မောက်မာစွာ ပြောသည်။
"ဘုရင်မကို စော်ကားဝံ့တယ်၊ သေချင်နေတာလား"
စစ်သူကြီးယဲ့ဟွာက အော်ဟစ်လိုက်သည်။ လှပသော သူ့မျက်လုံးများက ဒေါသတို့ ပေါ်လာ၏။
နတ်ဆိုးမင်းသားက သူ့ကို ဂရုမစိုက်ဘဲ ကျွင်းရှောင်ယောက်တို့လူစုကို အကဲခတ်လိုက်သည်။ လင်ယွမ်ကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများက အံ့သြမှုတို့ဖြင့် တောက်ပသွား၏။
"အလို၊ ဒီမိန်းမက ဘုရင်မထက်တောင် ပိုပြီး မွန်မြတ်ပုံရတယ်။ စိတ်ဝင်စားစရာပဲ၊ မင်းရဲ့အသက်ကိုတော့ ငါ ချမ်းသာပေးနိုင်တယ်"
လင်ယွမ်၏ မျက်နှာက အေးစက်သွားသည်။ ဤနတ်ဆိုးမင်းသားက သူ့ကို စိတ်ကူးကြံစည်ဝံ့သလော။
သို့သော်လည်း လင်ယွမ် မလှုပ်ရှားမီတွင် ချင်ယွမ်ချင်းက ရှေ့သို့လှမ်းလိုက်သည်။ လင်ယွမ်၏ မျက်နှာသာကိုရရန် အခွင့်အလမ်းပေါ်လာပြီ။
"မင်း ဧကရာဇ်ငယ်လင်ယွမ်ကို ဘယ်လိုတောင် စော်ကားဝံ့တာလဲ။ သေချင်နေပြီထင်တယ်"
ချင်ယွမ်ချင်းက ငေါက်ငမ်းပြောဆိုရင်း သူ့အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။ သူ၏ ကျင့်ကြံမှုက ကောင်းကင်အဓိပတိငယ်အဆင့်သို့ ရောက်နေပြီ။
ကျွင်းရှောင်ယောက်က ကောင်းကင်အဓိပတိငယ်အဆင်သို့ ဖြတ်သွားပြီးနောက် အချိန်အတန်ကြာသောအခါ လင်ယွမ်နှင့် အခြားသော ပါရမီရှင်များလည်း ကောင်းကင်အဓိပတိငယ်အဆင့်သို့ တဖြည်းဖြည်း ချိုးဖြတ်နိုင်ခဲ့ကြသည်။
သို့သော်လည်း စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းမှာတော့ ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ကြောင်း ထင်ရှားလှပေသည်။
လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ လက်သီးတစ်ချက်ဖြင့် မဟာကောင်းကင်အဓိပတိကို မသတ်နိုင်ပေ။
သို့သော်လည်း ချင်ယွမ်ချင်းက ယုံကြည်မှုအပြည့် ရှိသည်။ သူက နတ်ဆိုးမင်းသားကို အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံးတော့ သူနှင့် တိုက်ခိုက်ပြီး လင်ယွမ်အတွက် စိတ်စေတနာကောင်းကို ဖော်ပြနိုင်သေးသည်။
ရုတ်ချည်းဆိုသလို၊ တိုင်းပြည်သုံးခုကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်လာတော့သည်။