အခန်း ၁၂၄၇
Vol. 84 Ch. 1247
အခန်း ( ၁၂၄၇ ) အင်အား ထုတ်ပြခြင်း။
ရှုပ်ထွေးနေသော စစ်မြေပြင်တွင် တိုင်းပြည်သုံးခု၏ တပ်များက အချင်းချင်း တိုက်ခိုက်နေကြသည်။
အမျိုးမျိုးသော ဓားအလင်းများ၊ နတ်ဆိုးစွမ်းအင်များနှင့် နိယာမအလင်းတို့က ထိပ်တိုက် တွေ့ဆုံနေကြ၏။
ချင်ယွမ်ချင်းက အလွန်အားကောင်းပြီး အင်အားပြလိုသောကြောင့် နတ်ဆိုးမင်းသားကို တိုက်ရိုက် ရင်ဆိုင်သည်။
စစ်မြေပြင်တစ်ခုလုံးက ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားတော့သည်။
သူတို့အပြင်၊ လင်ယွမ်နှင့် အခြားသူများကလည်း လှုပ်ရှားလိုက်ကြသည်။
၎င်းတို့တွင် လုဖူးကွေ့က ရတနာအမျိုးမျိုး၊ လက်နက်အမျိုးမျိုးတို့ကို ထုတ်ဖော်ပြီး တိုက်ခိုက်နေ၏။
၎င်း၏ တိုက်ခိုက်မှုကလည်း ရန်သူအများအပြားကို သေဆုံးစေကာ ဒဏ်ရာများ ရရှိစေခဲ့သည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က အလွန်အေးဆေးကာ ဘာမျှမလုပ်ပေ။
သူကဲ့သို့ နယ်မြေနှစ်ခု၏ အင်မော်တယ်စစ်ပွဲနှင့် အန္တိမကပ်ဘေးကြီးနှင့်တိုက်ပွဲကို တွေ့ကြုံဖူးသူတစ်ဦးအတွက်...
ဤအဆင့်တိုက်ပွဲက ကလေးကစားနေသကဲ့သို့ပင်။
ယခုအချိန်မှာပင် တိုင်းပြည်ကိုးခု၏ အခြေအနေကို သူက တွေးနေဆဲ ဖြစ်သည်။
သို့သော်လည်း ဗတ္တိဇံရေကန်၏ အခွင့်အလမ်းက အလွန်ကောင်းမွန်သည်မှာ သေချာသည်။
သူ့အတွက်ပင် အတော်လေး အထောက်အကူဖြစ်စေသေးသည်။
ထိုအချိန်တွင်၊ နာကျင်စွာ အော်သံတစ်ခု ထွက်ပေါ်လာသည်။
အသံရှင်မှာ ချင်ယွမ်ချင်း ဖြစ်သည်။ နတ်ဆိုးမင်းသားကြောင့် သူ ဒဏ်ရာရရှိသွား၏။ သူ့ပါးစပ်မှ သွေးများအန်ထွက်လာပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ ဇောက်ထိုး ပြုတ်ကျသွားတော့သည်။
ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။
သူသည် ယခင်က ချင်ယွမ်ချင်း၏ နှောင့်ယှက်မှုများကို မတုံ့ပြန်ခဲ့ခြင်းမှာ...
တစ်ဖက်လူက နိမ့်ကျလွန်းပြီး သူ့မျက်လုံးထဲကိုဝင်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
လင်ယွမ်က လှုပ်ရှားပြီး နတ်ဆိုးမင်းသားကို ရင်ဆိုင်လိုက်၏။
အောက်ဘက်တွင်၊ ချင်ယွမ်ချင်းက ဒဏ်ရာကုသဆေးကိုသောက်ပြီး အကြည့်တချို့ကို ခံစားမိဟန်ဖြင့် ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ၊ မင်း လှုပ်ရှားရင်လည်း နတ်ဆိုးမင်းသားကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကို လျစ်လျူရှုထားခဲ့ပေသည်။
ထိုအချိန်၊ အခြားတစ်ဖက်မှာ...
မှော်မျိုးနွယ်မှ ထျန်းဝူကျစ်က လှုပ်ရှားလိုက်သည်။ သူ၏ပစ်မှတ်က အမျိုးသမီးတိုင်းပြည်၏ ဘုရင်မ ဖြစ်၏။
ဘုရင်မကို ဖိနှိပ်နိုင်သရွေ့ အမျိုးသမီးတိုင်းပြည်၏ တပ်များက ဘာမျှလုပ်နိုင်တော့မည် မဟုတ်ပေ။
"အတင့်ရဲလိုက်တာ"
စစ်သူကြီးယဲ့ဟွာက ဤမြင်ကွင်းကိုမြင်သောအခါ တားဆီးချင်သော်လည်း အခြား အကျော်အမော်တစ်ဦးမှ တားဆီးထားခဲ့သည်။
အမျိုးသမီး ဘုရင်မက ဤမြင်ကွင်းကို မြင်သောအခါ အားကောင်းသော အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။ မဟာကောင်းကင်အဓိပတိ အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
နှစ်ဖက်ကြားမှ တိုက်ပွဲက အလွန်ပြင်းထန်သည်။
ရုတ်တရက်၊ ထျန်းဝူကျစ်က အနက်ရောင် ခေါင်းလောင်းကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို အန်းယုရွှေနက်ဖြင့် ပြုလုပ်ထားပုံရပြီး မှော်မျိုးနွယ်၏ ရှေးစာလုံးများ ထွင်းထုထား၏။
"မှော်နတ်ဘုရားခေါင်းလောင်း"
ဤခေါင်းလောင်းကြီး ပေါ်လာသည်နှင့် ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ဘုရင်မ၏ ခန္ဓာကိုယ်ကလေးက တုန်ခါကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
"ဟားဟားဟား... အမျိုးသမီးတိုင်းပြည်က လျှို့ဝှက်နယ်မြေသုံးခုအတွက် ယှဉ်ပြိုင်ချင်နေတယ်။ ဒါက မိုက်မဲလွန်းတဲ့ အိပ်မက်ကိုမက်နေတာပဲ"
ထျန်းဝူကျစ်က လှောင်ပြောင်ပြီး ဆက်လက်ဖိနှိပ်လိုက်သည်။ နှစ်ဘက်အင်အားက ညီမျှနေချိန်တွင် မှော်နတ်ဘုရားခေါင်းလောင်းက မျှချေကို ဖျက်ဆီးခဲ့ပေသည်။
ဘုရင်မက တောက်ပသော အလင်းများ ဖြာထွက်နေသည့် ပန်းချီကားတစ်ချပ်ကို ထုတ်ယူကာ ခုခံလိုက်သည်။
သို့သော်၊ ဤအတိုင်း ဆက်သွားနေပါက အမျိုးသမီးတိုင်းပြည်အတွက် အခြေအနေကောင်းမည် မဟုတ်ပေ။
နောက်ဆုံးတွင်၊ သူတို့က မိမိတို့ထက် အင်အားကြီးသော ရန်သူနှစ်ဦးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထိုအချိန်တွင်၊ နောက်ဆုံးမှာ ကျွင်းရှောင်ယောက်က လှုပ်ရှားလိုက်သည်။
ဤအဆင့် စစ်ပွဲများကို သူ စိတ်မဝင်စားပါ။
သို့ရာတွင်၊ ဗတ္တိဇံရေကန်ကို ရယူလိုပါက ရှေ့မှ တိုက်ပွဲများကို အဆုံးသတ်ရမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားလာပြီး ထျန်းဝူကျစ်နှင့် ဘုရင်မတို့၏ တိုက်ပွဲအလယ်သို့ ချက်ချင်း ရောက်ရှိသွား၏။
ထျန်းဝူကျစ်သည် မူလက မှော်နတ်ဘုရားခေါင်းလောင်းဖြင့် ဘုရင်မကို ဖိနှိပ်တော့မည် ဖြစ်သည်။
သို့ရာတွင်၊ ဝတ်ရုံနက်ဝတ် အမျိုးသားက သူတို့၏ကြားတွင် ရုတ်တရက် ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
"မင်း..."
ဘုရင်မ၏ မျက်လုံးများက တောက်ပလာသည်။
ကျွင်းရှောင်ယောက်က စကားတစ်ခွန်းမျှမပြောဘဲ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
လက်သီးအင်အား၏ ရှေ့လမ်းတစ်လျှောက်ရှိ လေဟာနယ်က ပြိုကျသွား၏။
မှော်နတ်ဘုရားခေါင်းလောင်းက သတ္တုအပိုင်းအစများအဖြစ် ပေါက်ကွဲကာ နေရာအနှံ့ လွင့်စဉ်သွားသည်။
ထျန်းဝူကျစ်သည်လည်း အံ့ဩခြင်း၊ တုန်လှုပ်ခြင်းတို့ဖြင့် အော်ပင်မအော်နိုင်ရှာဘဲ ချက်ချင်းပင် သေဆုံးသွားတော့သည်။
နေရာတိုင်းတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
စစ်သူကြီးယဲ့ဟွာလည်း ဤမြင်ကွင်းကိုကြည့်ရင်း ကြက်သေသေသွား၏။
"မဟာကောင်းကင်အဓိပတိကို လက်သီးတစ်ချက်နဲ့ သတ်ပစ်လိုက်တာလား"
ချင်ယွမ်ချင်းမှာလည်း ဤမြင်ကွင်းကိုမြင်တော့ ထိတ်လန့်တုန်လှုပ်သွားသည်။
"သူက မျိုးဆက်သစ်လူငယ် ပါရမီရှင် မဟုတ်ဘူးလား"
ချင်ယွမ်ချင်းမှာ မယုံနိုင်ပေ။
မျိုးဆက်သစ်လူငယ်တစ်ဦးက သန်မာလျှင်ပင် မည်မျှသန်မာနိုင်မည်နည်း။
"ဘုရား... ဘုရား၊ ဒီကောင်က တကယ်ကို လျှို့ဝှက်ချက်တွေကို အများဆုံး ဖုံးကွယ်ထားတဲ့သူပဲ"
လုဖူးကွေ့လည်း ခဏတာ တုန်လှုပ်သွားမိသည်။
အရပ်ရပ်မှ အာမေဋိတ်သံများကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်က စိတ်မဝင်စားပါ။ သူက ဘုရင်မကို လှည့်ပြောလိုက်သည်။
"အဆင်ပြေရဲ့လား"
ဘုရင်မလည်း ထိုအခါမှ သတိပြန်ဝင်လာကာ ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
တစ်ဖက်တွင်၊ နတ်ဆိုးမင်းသားက ဤမြင်ကွင်းကို မြင်သောအခါ သူ၏အမူအရာသည်လည်း ရုတ်တရက် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင်၊ သူ့ကို တိုက်ခိုက်နေသော လင်ယွမ်၏ နည်းလမ်းများက ပို၍ ရက်စက်လာပုံရကြောင်း ခံစားလိုက်ရ၏။
သူ့အပေါ်တွင် ဒေါသများ ထုတ်ဖော်နေသကဲ့သို့ပင်။
ဘုရင်မကို ကယ်တင်ခဲ့သည့် ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုများကို လင်ယွမ်လည်း မြင်ခဲ့ရသည်။
ထိုအခါ ဘာရယ်ကြောင့်မှန်းမသိ၊ အနည်းငယ် မကျေနပ်သလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က သူမကို ကူညီရန် ဦးစွာမလာရောက်ဘဲ ဘုရင်မထံသို့ ရောက်သွား၏။
နောက်ဆုံးတွင်၊ လင်ယွမ်က ကောင်းကင်ဧကရာဇ်၏ပလ္လင် အမှတ်အသားကိုပင် ထုတ်ယူခဲ့သည်။
နတ်ဆိုးမင်းသားလည်း သူမကို မတားဆီးနိုင်တော့ပေ။
ထို့ထက်၊ သူဟာ ကျွင်းရှောင်ယောက်ကို ပိုကြောက်သည်။
မကြာမီ၊ နတ်ဆိုးကမ္ဘာနှင့် မှော်မျိုးနွယ်တို့ ရှုံးနိမ့်ပြီး ဖရျိုရဲ ထွက်ပြေးသွားတော့သည်။။
အမျိုးသမီးတိုင်းပြည်၏ စစ်သည်များလည်း ပျော်ရွှင်သွားကြသည်။
မရေမတွက်နိုင်သော မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်ဆီသို့ စုပြုံကျရောက်သွား၏။
ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ထိုလူအကြောင်းကိုလည်း ပိုပိုပြီး သိချင်လာတော့သည်။
"သူက ဘယ်လိုလူလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်"
"သူက ဖက်တီးနဲ့တော့ မတူလောက်ဘူး မဟုတ်လား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်က အင်မတန် ချောမောပြီး ကျက်သရေရှိသင့်တယ်"
အမျိုးသမီးတိုင်းပြည်က အမျိုးသားများအပေါ်တွင် အလွန် အထင်သေးကာ နှိမ့်ချသည်။
သို့သော်လည်း အင်အားကြီးသူကို ရိုသေလေးစားတာက သဘာဝပင်။ ဒါက မပြောင်းလဲသော နိယာမ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ကြီးစိုးသော အင်အားက အခြားသူများ၏ လေးစားမှုကို ရရှိနိုင်ခဲ့ပေသည်။
"မင်းတို့... သူများကို ချီးမွမ်းချင်ရင်လည်း ကောင်းကောင်းပြောလေ။ မဆီမဆိုင် ငါ့ကို ဘာဖြစ်လို့ လာဆွဲထည့်နေရတာလဲ"
လုဖူးကွေ့က စိတ်မချမ်းမသာဖြင့် ရေရွတ်လိုက်သည်။
သို့သော်လည်း၊ သူကိုယ်တိုင်ပင် ကျွင်းရှောင်ယောက်ကို ပို၍ သိချင်လာတော့သည်။
ချင်ယွမ်ချင်းကမူ၊ ယခင်ကကဲ့သို့ မထောင်လွှားတော့ဘဲ ကုပ်ကုပ်ကလေး ဖြစ်နေသည်။
ယခုလေးတင် ကျွင်းရှောင်ယောက်က နတ်ဆိုးမင်းသားကို တားဆီးနိုင်မည်မဟုတ်ကြောင်း သူ ပြောခဲ့သေးသည်။
ရလဒ်အနေဖြင့်၊ ယခုအခါ ကျွင်းရှောင်ယောက်က နတ်ဆိုးမင်းသားနှင့် အဆင့်တူသော ထျန်းဝူကျစ်ကို တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ အင်အားကို မြင်ရပြီးနောက်မှာတော့ ချင်ယွမ်ချင်းသည် ယခင်ကကဲ့သို့ မထောင်လွှားဝံ့တော့ပေ။
ဤနေရာကား မေ့ပျောက်ခြင်းမြေ ဖြစ်သည်။ ဝတ်ရုံနက်ဝတ်လူက သူ့ကို တကယ်သတ်ချင်လျှင် မည်သူမျှ ကယ်နိုင်လိမ့်မည် မဟုတ်ပေ။
"မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ရတာ ဘယ်လိုလဲ"
လင်ယွမ်က နှုတ်ခမ်းကို အသာဟကာ ပြောလိုက်သည်။
ထိုစကားသံတွင် အူတိုမှု အရိပ်အမြွက်တို့ ပါဝင်နေ၏။
အမျိုးသမီးတစ်ဦးအနေဖြင့် ဘုရင်မသည်လည်း ၎င်းကို သဘာဝအတိုင်း သတိပြုမိခဲ့သည်။
လင်ယွမ်၏ အထောက်အထားက အပြင်ဘက်ကမ္ဘာတွင် အလွန်ထူးခြားမည်ဖြစ်ကြောင်း သူ ခံစားနိုင်သည်။
ဤမျှထူးခြားသော အဆင့်အတန်းဖြင့် အမျိုးသမီးသည်ပင် ဝတ်ရုံနက်ဝတ် အမျိုးသားအတွက် အူတိုနေရသေးသည်။
ယင်းက ဘုရင်မ၏ စိတ်ဝင်စားမှုကို ပိုတိုးစေခဲ့သည်။
"အခုချိန်မှာ ဗတ္တိဇံရေကန် အခွင့်အလမ်းကိုပဲ အာရုံစိုက်သင့်တယ်လို့ ငါထင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
လျှို့ဝှက်နယ်မြေသုံးခုအတွက် မဟုတ်လျှင် လှုပ်ရှားရန် ပျင်းနေလိမ့်မည်။
ထို့နောက် အားလုံးက ဗတ္တိဇံရေကန်သို့ ရောက်လာခဲ့ကြသည်။
ဟုတ်သည်၊ လူတိုင်းမှာတော့ ဝင်ရောက်ခွင့်မရှိပေ။
ဗတ္တိဇံရေကန်ကို နယ်ပယ်များစွာ ခွဲထားသည်။
အပြင်စက်ဝိုင်း၊ အလယ်စက်ဝိုင်းနှင့် အတွင်းစက်ဝိုင်းတို့ ဖြစ်ကြသည်။
ဗတ္တိဇံရေကန်၏ အကျိုးသက်ရောက်မှုကို သုံးသပ်လျှင် အတွင်းစက်ဝိုင်းက အကောင်းဆုံး အကျိုးသက်ရောက်မှုရှိကြောင်း အထူးပြောနေရန် မလိုပေ။
သို့သော်လည်း ယင်းက သာမန်လူများ ခံစားနိုင်သောအရာမဟုတ်ကြောင်း ထင်ရှားသည်။
အမျိုးသမီးတိုင်းပြည်၏ အမျိုးသမီး စစ်သည်အများစုက ဗတ္တိဇံရေကန်ပတ်လည်တွင် ရေကန်၏စွမ်းအင် အရိပ်အယောင်ကိုသာ စုပ်ယူနိုင်ကြသည်။
အမျိုးသမီးတိုင်းပြည်၏ လက်ရွေးစင် အနည်းစုကတော့ ပြင်ပနေရာများတွင် လေ့ကျင့်နိုင်၏။
စစ်သူကြီးယဲ့ဟွာ၊ လင်ယွမ်၊ လုဖူးကွေ့၊ ချင်ယွမ်ချင်းနှင့် အခြားသူများသည်လည်း အလယ်ပိုင်းတွင်သာ ရှိနိုင်သည်။
အတွင်းစက်ဝိုင်းက သမီးတော်နှင့် ဘုရင်တစ်ပါးတည်းသာ ခံစားနိုင်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် ဘုရင်မက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မင်းက ဒီတိုက်ပွဲမှာ အဓိက စွမ်းဆောင်ပေးခဲ့သူပဲ။ ဒါကြောင့် ငါနဲ့လိုက်ခဲ့နိုင်တယ်"
ထိုစကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။