အခန်း ၁၂၄၉
Vol. 84 Ch. 1249
အခန်း ( ၁၂၄၉ ) ကောင်းကင်သားတော်ရှစ်ပါး။
ထာဝရကွဲလွဲမှုဆိုသည်မှာ အဘယ်နည်း။
လုံးဝ ယုတ္တိမတန်သူကို ထာဝရကွဲလွဲမှုဟု ဆိုသည်။
ယုတ္တိမတန်သူဆိုသည်ကား...
ထိုသူ၏ ကျင့်ကြံမှုအရှိန်နှင့် နားလည်းနိုင်စွမ်းမှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည်။ ပါရမီက မကောင်းဆိုးရွားဆန်သူထက်ပင် အဆများစွာ ပိုအားကောင်း၏။ ၎င်းတို့က သာမန်လမ်းစဉ်ကိုလည်း မလျှောက်လှမ်းကြပေ။
သူတို့ကို ဓာတ်ကြီးငါးပါးနှင့် လောကသုံးပါးက မချုပ်နှောင်နိုင်ပါ။
ရာစုနှစ်များစွာကြာသည့်တိုင်အောင် ယင်းကဲ့သို့ တည်ရှိမှုက ပေါ်လာနိုင်ခဲသည်။
ယခင်က ကျွင်းရှောင်ယောက်ကို ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ထာဝရကွဲလွဲမှုတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
သူ့အဖေ ကျွင်းဝူဟွေ့ကိုလည်း ထာဝရကွဲလွဲမှုဖြစ်မည်ဟု လူအများက ယူဆကြ၏။
မဟုတ်လျှင်၊ သူက အဘယ်ကြောင့် ဤမျှစွမ်းအားကြီးမည်နည်း။
သို့သော်လည်း ထာဝရကွဲလွဲမှုများထက်ပင် ပိုကြောက်စရာကောင်းသော တည်ရှိမှုများ ရှိသေးသည်။
ယင်းက ထာဝရကွဲလွဲမှုများ၏ဘုရင် ဖြစ်သည်။
ကောလဟာလများအရ၊ ၎င်းတို့သည် ကောင်းကင်၏ တည်ရှိမှုကိုပင် ခြိမ်းခြောက်နိုင်သည်။
ထာဝရကွဲလွဲမှု ဘုရင်များက ထောင်စုနှစ်များတွင်ပင် တစ်ဦးပေါ်လာခဲပေသည်။
ဤတည်ရှိမှုမျိုးက ကန့်သတ်ချက်များကို ချိုးဖျက်ပြီး အဆုံးတွင် မယုံနိုင်လောက်အောင် အားကောင်းလာနိုင်သည်။
ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်ပြီး ကောင်းကင်ကလည်း ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
ဤသည်မှာ ထာဝရကွဲလွဲမှုဘုရင်က ကောင်းကင်လမ်းစဉ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သည့်အကြောင်းရင်း ဖြစ်သည်။
ကောင်းကင်လမ်းစဉ်က ၎င်း၏ထိန်းချုပ်မှုထက် ကျော်လွန်သော မည်သည့်အရာကိုမျှ ဤကမ္ဘာတွင် တည်ရှိခွင့်မပြုပေ။
ဤကောင်းကင်လမ်းစဉ်ကို စောင့်ရှောက်သူများကတော့ သဘာဝအတိုင်း စန်းမျိုးနွယ် ဖြစ်သည်။
ယခုအချိန်တွင်၊ ရှေးဟောင်းကျောက်နံရံကို မျက်နှာမူထားသည့် မိုးပြာရောင်ဝတ်စုံဝတ် အဘိုးအိုက စန်းမျိုးနွယ်၏ အကျော်အမော်တစ်ဦးပင်။
နံရံကို မျက်နှာမူရခြင်း၏ တစ်ခုတည်းသောတာဝန်က ကမ္ဘာကြီးကို စောင့်ကြည့်ရန် ဖြစ်သည်။
ကောင်းကင်လမ်းစဉ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော တည်ရှိမှုတစ်စုံတစ်ရာရှိပါက ၎င်းကို ချက်ချင်းရှာဖွေတွေ့ရှိလိမ့်မည်။
နံရံပေါ်ရှိ ထိုအနက်ရောင်အစက်လေးက ထာဝရကွဲလွဲမှူများ၏ဘုရင်ကို ရည်ညွှန်းသည်။
သို့ရာတွင်၊ ၎င်းက မည်သူမည်ဝါ ဖြစ်တာကိုတော့ မသိရသေးပေ။
"သူ့ရဲ့ကံကြမ္မာကို ငါ မခန့်မှန်းနိုင်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မိုးပြာရောင်ဝတ်စုံဝတ် အဘိုးအိုမှာ အနည်းငယ် အံ့သြသွားသည်။
ခေတ်ကာလတစ်လျှောက်လုံးတွင် ထာဝရကွဲလွဲမှုဘုရင်များ ပေါ်လာခဲသော်လည်း လုံးဝ မပေါ်ပေါက်တာ မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့ကို စန်းမျိုးနွယ်က ချေမှုန်းပစ်ခဲ့သည်။
ထာဝရကွဲလွဲမှုဘုရင်က ကောင်းကင်ကို အံတုနိုင်သော်လည်း အပြည့်အဝ မကြီးပြင်းသေးသရွေ့ ဖယ်ရှားနိုင်သေးသည်။
"ဖြစ်နိုင်မလား..."
မိုးပြာရောင်ဝတ်စုံဝတ် အဘိုးအိုက တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
သူ့အမူအရာမှာလည်း အနည်းငယ် ပိုလေးနက်လာ၏။
ထို့နောက် သက်ပြင်းချလိုက်လေသည်။
"ဟင်း...၊ ဒီခေတ်က တကယ်ကို သာယာဝပြောတဲ့ ရွှေခေတ် ဒါမှမဟုတ် ကပ်ဘေးဒုက္ခတွေနဲ့ ခေတ်ပဲ။ အရာအားလုံးက ပြောင်းလဲသွားနိုင်တယ်၊ ဒါပေမဲ့ ကောင်းကင်လမ်းစဉ်က ထာဝရတည်ရှိနေလိမ့်မယ်"
ထို့နောက်တွင်၊ မိုးပြာရောင်ဝတ်စုံဝတ် အဘိုးအိုက တစ်ဖန် ငြိမ်သက်သွားပြန်တော့သည်။
ထိုအချိန်၊ စန်းမျိုးနွယ်၏ ရှေးဟောင်းကမ္ဘာတစ်ခုတွင်...
တစ်နေရာမှ အသံတစ်ခု ထွက်လာသည်။
"အိုး၊ ဝေါလ်ဖေ့သခင်က ထာဝရကွဲလွဲမှုဘုရင်တစ်ပါး ပေါ်လာတယ်လို့ ကြေညာလိုက်တယ်"
"ဒီတာအိုသားတော်က ပြဿနာတချို့ကို ဖြေရှင်းဖို့ ကမ္ဘာကြီးကို ထွက်လာသင့်ပြီထင်တယ်"
"ငါ့အခွင့်အလမ်းကို လုယူပြီး ငါ့အစေခံနဲ့ ငါ့မျိုးနွယ်က လူတွေကို သတ်တယ်။ ကျွင်းရှောင်ယောက်၊ မင်း ငါ့ရှေ့မှာ ဘယ်လောက်ကြာကြာ မာနကြီးနေနိုင်မှာလဲ"
ဤအသံပိုင်ရှင်ကား ကောင်းကင်သားတော်ရှစ်ပါးထဲမှ ကျိုးထျန်းတာအိုသားတော်ပင်။
ထို့ပြင်၊ သူနှင့် အဆင့်အတန်းတူသော တခြား လူခုနစ်ဦးလည်း ရှိသည်။
ကောင်းကင်သားရှစ်ယောက်နှင့် ထာဝရကွဲလွဲမှုဘုရင်တို့၏ တိုက်ပွဲတစ်ခု စတင်တော့မည်။
ဟုတ်သည်၊ ထာဝရကွဲလွဲမှုဘုရင် အထောက်အထားက မပေါ်ပေါက်ခဲ့လျှင်ပင်...
ထာဝရကွဲလွဲမှုတစ်ခုအနေဖြင့်၊ ကောင်းကင်နှင့် ကစားခဲ့ဖူးသည့် ကျွင်းရှောင်ယောက်သည် ကောင်းကင်သားတော်ရှစ်ပါး၏ အထူးဂရုစိုက်မှုကို လက်ခံရရှိမည်မှာ သေချာသည်။
..............
မေ့ပျောက်ခြင်းမြေတွင်ရှိနေသည့် ကျွင်းရှောင်ယောက်ကတော့ ပြင်ပကမ္ဘာ၏ ပြောင်းလဲမှုများကို သဘာဝအတိုင်း မသိရှိပါ။
သူ၏ ကျင့်ကြံမှုက စန်းမျိုးနွယ်ကြားတွင် ဤမျှလှုပ်ခတ်စေခဲ့တာကိုလည်း လုံးဝ မသိပေ။
ဤအရာကြောင့် ကောင်းကင်သားတော်ရှစ်ပါးပင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ဤအချိန်၊ ဗတ္တိဇံရေကန်မှာ...
ကျွင်းရှောင်ယောက်က ထူးခြားသော ခံစားမှုတစ်ခုကို ခံစားနေရသည်။
သူ့ခန္ဓာကိုယ်က ဗောဓိပင် ဖြစ်သည်။
သူ့နှလုံးသားက ကြည်လင်နေသော မှန်တစ်ချပ်ကဲ့သို့ ဖြစ်၏။
လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် လိုက်လျောညီထွေရှိနေပုံရသည်။
ယခင်က သူသည် ပျက်စီးခြင်းဧကရာဇ်၏ သွေးတစ်စက်ဖြင့် မြင့်မြတ်ခန္ဓာ၏ ရူပါရုံကို နားလည်ဆင်ခြင်ခဲ့ဖူးသည်။
ယခုတော့ ကျန်ရှိသော မြင့်မြတ်ခန္ဓာ ရူပါရုံနှစ်ခုကို ရုတ်တရက် နားလည်သွားခဲ့ပြီ။
သူက ချက်ချင်း သဘောပေါက်သွားတာတော့ မဟုတ်ပါ။
ရှေးယခင်က နက်ရှိုင်းစွာ စုဆောင်းခဲ့ခြင်းများက ဗတ္တိဇံရေကန်တွင် ပေါက်ကွဲထွက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ နောက်ဆုံး ရူပါရုံ နှစ်ခုကို သူ အပြည့်အဝ နားလည်ခဲ့ပြီ။
"အခု ငါက ထာဝရကွဲလွဲမှုဘုရင်ဖြစ်လာပြီ"
သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှ အပြောင်းအလဲများကို ခံစားရင်း ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ရုပ်ခန္ဓာက ဗောဓိပင်ကဲ့သို့ မဟာလမ်းလမ်းစဥ်နှင့် လိုက်လျောညီထွေမှု ရှိသည်။
သူ၏ စိတ်ဝိညာဉ်က မှန်ကဲ့သို့ ကြည်လင်ပြီး အပြစ်ကင်းစင်၏။
နောက်ထပ် ပိတ်ဆို့မှုများ မရှိတော့ပေ။
ထို့နောက်တွင်၊ သူ၏ ရှေးဦးဝိညာဉ်က လုံလောက်သော စွမ်းအင်ရှိသရွေ့ ထာဝရသဲအဆင့်သို့ ဖြတ်ကျော်ရောက်ရှိနိုင်သည်။
ဒါက မတူညီသော ကမ္ဘာသစ်တစ်ခု ဖြစ်လိမ့်မည်။
'ဒါပေမဲ့ ထာဝရကွဲလွဲမှုဘုရင်ဖြစ်လာတာတောင်မှ အလားအလာက လုံးဝ မပေါက်ကွဲသေးဘူးလို့ ဘာဖြစ်လို့ ခံစားနေရတာလဲ'
ကျွင်းရှောင်ယောက်မှာ သံသယစိတ်ပင် ဖြစ်ပေါ်လာမိသည်။
သူ၏ ခန္ဓာကိုယ်က ဗောဓိပင်နှင့်တူပြီး စိတ်ဝိညာဥ်က မှန်တစ်ချပ်ကဲ့သို့ ဖြစ်သည်။
ဤသည်က အလွန်မြင့်မားသော နယ်ပယ်တစ်ခုဖြစ်မည်မှာ အသေအချာပင်။
သို့သော်....
အမြင့်မားဆုံး ဟုတ်ပုံမရပေ။
'ထားလိုက်ပါ၊ ထာဝရကွဲလွဲမှုဘုရင်က ခေတ်များစွာမှာ တစ်ယောက် ပေါ်ပေါက်လာခဲတယ်။ အခုချိန်မှာတော့ ဒါက လုံလောက်ပါပြီ'
ကျွင်းရှောင်ယောက်လည်း ခေါင်းခါယမ်းလိုက်သည်။
သူ၏ အရည်အချင်းဖြင့် အနာဂတ်တွင် အဆုံးစွန်သော ပြီးပြည့်စုံမှုကို သေချာပေါက် ရောက်နိုင်မည်ဟု ယုံကြည်ပေသည်။
နောက်ဆုံးတွင်၊ သူ၏ ရည်မှန်းချက်က အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် အကြွင်းမဲ့ လွှမ်းမိုးနိုင်သော တည်ရှိမှုတစ်ခုဖြစ်လာရန် ဖြစ်သည်။
ဗတ္တိဇံရေကန်တွင် လေ့ကျင့်မှုပြီးနောက်...
ဘုရင်မနှင့် လင်ယွမ် နှစ်ယောက်စလုံးက ကျွင်းရှောင်ယောက်ကို တအံ့တသြ ကြည့်လိုက်ကြသည်။
ကျွင်းရှောင်ယောက်က ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားသောကြောင့် သူ့အမူအရာနှင့် အခြေအနေကို မမြင်နိုင်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်တွင် ရှင်းပြရန်ခက်သော အပြောင်းအလဲတချို့ရှိနေသည်ဟု သူတို့ ခံစားခဲ့ရသည်။
"သခင်လေးက အကျိုးအမြတ်အများကြီး ရရှိခဲ့ပုံပဲ"
ဘုရင်မက ပြုံးလိုက်သည်။
"ဒီနေရာမှာ လေ့ကျင့်ခွင့်ပေးတဲ့အတွက် ဘုရင်မကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
နှစ်ယောက်သား အပြန်အလှန် ဆက်ဆံတာကိုကြည့်ရင်း လင်ယွမ်မှာ အပြင်လူတစ်ယောက်ကဲ့သို့ ခံစားလာရသည်။
ရုတ်တရက်၊ သူ့စိတ်ထဲတွင် သိပ်ပြီး မပျော်ပိုက်တော့ပေ။
"ကဲ၊ ပြီးပြီဆိုရင် သွားကြရအောင်"
လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။
ဘုရင်မလည်း ပြုံးရုံသာပြုံးပြီး ဘာမျှမပြောတော့ပေ။
သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းများ စီးဆင်းသွားပြီးနောက် ရေများက ချက်ချင်းပင် အငွေ့ပျံသွားသည်။
သုံးယောက်သား ရေကန်အပြင်သို့ ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် အခြားသူများကလည်း အပြင်သို့ ပြန်ရောက်နေကြပြီ။
ချင်ယွမ်ချင်း၊ လုဖူးကွေ့နှင့် အခြားသူများလည်း အကျိုးအမြတ် ရရှိခဲ့ကြသည်။
အထူးသဖြင့်၊ လုဖူးကွေ့သည် သိုလှောင်ခြင်းရတနာတစ်ခုက်ု အသုံးပြု၍ ရေကန်ငယ်တစ်ခု၏ အရွယ်အစားရှိ ဗတ္တိဇံရေများကို သိမ်းဆည်းခဲ့ပေသည်။
ယင်းက ယဲ့ဟွာနှင့် အမျိုးသမီးတိုင်းပြည်၏ စစ်သည်များမှ သူ့အား အထင်မြင်သေးသလို ကြည့်ရှုစေခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် မိန်းကလေးနှစ်ယောက် ထွက်လာတာကို တွေ့လိုက်ရပြီးနောက်...
ချင်ယွမ်ချင်းသည် သဘာဝအတိုင်း မနာလိုဖြစ်မိခဲ့သည်။
သို့သော်လည်း သူက မမိုက်မဲပေ။ ယခုအချိန်တွင် သူက ရိုးသားကာ ကျွင်းရှောင်ယောက်ကို မလှောင်ပြောင်ဝံ့တော့ပါ။
ကျွင်းရှောင်ယောက်ကလည်း သူ့ကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။
သို့သော်၊ သူက သနားကြင်နာတတ်သော သူတော်စင်တစ်ဦး ဖြစ်လာတာကြောင့် မဟုတ်ပေ။
ဤပုရွက်ဆိတ်မျိုးကို လုံးဝ အာရုံမစိုက်လိုသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဟွာက ရှေ့သို့လှမ်းလာကာ မေးလိုက်သည်။
"အရှင်မ၊ ကျွန်မတို့ အခု တိုင်းပြည်ကို ပြန်ကြတော့မှာလား"
ဘုရင်မက ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်ကို မသိစိတ်မှ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောသည်။
"လျှို့ဝှက်နယ်မြေက သုံးခုရှိတာကို ဘာဖြစ်လို့ တစ်ခုတည်းအတွက်ပဲ တိုက်နေရမှာလဲ"
ထိုစကားကိုကြားတော့ အမျိုးသမီးတိုင်းပြည်၏ စစ်သည်အားလုံး အံ့ဩသွားကြ၏။
သူက အားလုံးကို ဝါးမျိုချင်သလော။