အခန်း ၁၂၅၃
Vol. 84 Ch. 1253
အခန်း ( ၁၂၅၃ ) သဘာဝ ဖင်းဂေါ့များ မွေးဖွားလာခြင်း။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီ။
အချိန်များ မည်မျှကြာမြင့်သွားပြီမသိ...
ကျွင်းရှောင်ယောက်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ့မျက်လုံးထဲမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
"နိယာမ သုံးဆယ်..."
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဟုတ်ပေသည်၊ ဤအချိန်အတွင်း၌ ကျွင်းရှောင်ယောက်သည် နိယာမအသစ် ဆယ့်နှစ်ခုကို ထပ်မံနားလည်နိုင်ခဲ့သည်။
စင်စစ်တွင်၊ ဤနိယာမများက ပြန်လည်ဝင်စားခြင်းနိယာမ၊ ဟင်းလင်းပြင်နိယာမ၊ သေခြင်းရှင်ခြင်းနိယာမ၊ ဖန်ဆင်းခြင်းနိယာမ စသည်ဖြင့်... ယခင်က ကျွင်းရှောင်ယောက် နားလည်ခဲ့သော နိယာမများကဲ့သို့ မဟုတ်ပေ။
ထိုအစား သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေကဲ့သို့ အခြေခံအကျဆုံးသော နိယာမတချို့ ဖြစ်သည်။
နိယာမသုံးထောင်မှာလည်း အားကောင်းသူနှင့် အားနည်းသူများ ရှိ၏။
ဥပမာအားဖြင့်၊ အားအနည်းဆုံး နိယာမများမှာ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးစသည်ဖြင့် အမျိုးမျိုးသော ဒြပ်စင်များ ဖြစ်သည်။
သို့ရာတွင်၊ ဤနိယာမငါးပါးကို ဓာတ်ကြီးငါးပါးနိယာမအဖြစ် ပေါင်းစည်းနိုင်လျှင်တော့ အန္တိမနိယာမဟု မှတ်ယူနိုင်လိမ့်မည်။
ထို့ပြင် ပြန်လည်ဝင်စားခြင်း၊ ကံကြမ္မာ၊ ဖန်ဆင်းခြင်း၊ သေခြင်းရှင်ခြင်း အစရှိသည့် အန္တိမနိယာမအချို့လည်း ရှိသေးသည်။
ယခင်က ကျွင်းရှောင်ယောက် နားလည်ခဲ့သော နိယာမများတွင် အားလုံးနီးပါးက ဤကဲ့သို့ အန္တိမနိယာများ ဖြစ်ကြသည်။
ဒါကလည်း ကျွင်းရှောင်ယောက်က ဘုံအဆင့်များကို ဖြတ်ကျော်ပြီး ပိုအဆင့်မြင့်သူများကို အလိုရှိသလို သတ်နိုင်သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ခဲ့ပေသည်။
ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်က ရည်မှန်းချက်အသစ်တစ်ခု ရှိနေပြီ ဖြစ်သည်။ ယင်းက နိယာမသုံးထောင်ကို အပြည့်အဝ နားလည်ရန်ပင်။
'ရှေးယခင်က တာအိုကို သက်သေပြခဲ့တဲ့ ဘိုးဘေးတွေဆီကနေ သိခဲ့ရတာဟာ ဧကရာဇ်ဖြစ်လာဖို့ဆိုရင် ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေဖို့ဆိုတာပဲ'
'လူသတ်ဘုရင်ဆိုရင် သတ်ဖြတ်ခြင်းနဲ့ တာအိုကို သက်သေပြတယ်။ သူ့ရဲ့ လမ်းစဉ်က သတ်ဖြတ်ခြင်းလမ်းစဉ်ပဲ'
'လွမ်ကုဧကရာဇ်ဆိုရင် သူ့ဘဝရဲ့ ပထမနှစ်တွေမှာ အောင်ပွဲတွေ တစ်ကြိမ်မှ မရှိခဲ့ဘူး၊ ဒါပေမဲ့ ဘဝရဲ့ ဒုတိယပိုင်းမှာလည်း ဘယ်တော့မှ ရှုံးနိမ့်မှုမရှိတော့ဘူး။ သူ့ရဲ့လမ်းစဉ်က တိုက်ပွဲတွေကို ဘယ်တော့မှ မရပ်တန့်ဖို့ပဲ'
ကျွင်းရှောင်ယောက်က တွေးနေမိသည်။
သူကိုယ်တိုင်လည်း ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရမည် ဖြစ်၏။
သို့သော်လည်း လောကနိယာမများကို နားလည်ဆင်ခြင်ခြင်းက ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေလိမ့်မည်။
'ဒီဖီးရှန်းရေတံခွန်က တကယ်ကို အခွင့်အလမ်းကောင်းတစ်ခုပဲ'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
သူ၏ မကောင်းဆိုးရွားဆန်သော အရည်အချင်းဖြင့်ပင် ထိုကဲ့သို့သော အခွင့်အလမ်းမရှိလျှင် အခြေခံ နိယာမဆယ့်နှစ်ခုကို တစ်ပြိုင်နက် နားလည်သဘောပေါက်ရန် လွယ်ကူမည် မဟုတ်ပေ။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြာဝဠာကို ထပ်မံ စူးစမ်းလေ့လာခဲ့သည်။
အတွင်းစကြာဝဠာတွင် နောက်ထပ် စွမ်းအင် အလင်းစက်လုံး ဆယ့်နှစ်ခုကို တွေ့လိုက်ရ၏။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက် အံ့သြသွားသည်။
ယခင် အလင်းစက်ဆယ့်ရှစ်ခုက အမှန်တကယ် ပေါက်ဖွားလာ၏။
၎င်းတို့၏ အခွံများအတွင်းမှ သဘာဝဖင်းဂေါ့များ ထွက်ပေါ်လာကြပြီ။
၎င်းတို့အားလုံးသည် အတွင်းစကြာဝဠာအတွင်းရှိ ကျွင်းရှောင်ယောက် နားလည်ထားသော နိယာမများ၏ သက်ရှိအသွင်ယူကြခြင်း ဖြစ်သည်။
'သူတို့ရဲ့ လက်ရှိအင်အားက အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိနေပါလား'
သဘာဝဖင်းဂေါ့ ဆယ့်ရှစ်ကောင်၏ စွမ်းအားကို ခံစားကြည့်ပြီးနောက် ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ယခုအခါ အစစ်အမှန်နတ်ဘုရားနယ်ပယ်က ကျွင်းရှောင်ယောက်အတွက် မပြောပလောက်တော့ပေ။
သို့ရာတွင်၊ ၎င်းတို့က အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ စတင်မွေးဖွားလာခြင်းဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။
တစ်နည်းဆိုရသော်၊ သဘာဝ ဖင်းဂေါ့များအတွက် အနိမ့်ဆုံးအဆင့်က အစစ်အမှန်ဘုရား ဖြစ်၏။
ဒါက မည်သို့သောအဓိပ္ပာယ်ဖြစ်သနည်း။
သူတို့၏ အနာဂတ် အလားအလာက အဆုံးမရှိနိုင်တော့ပေ။
ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအခြေခံက တိုးတက်နေသရွေ့ ဤဖင်းဂေါ့များ၏ တိုးတက်မှုကလည်း အဆုံးမသတ်နိုင်ပါ။
ဒါက အလွန်တရာ ကြောက်စရာကောင်းသည်။
အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့်က မဟာဧကရာဇ်ထက် သာလွန်သည်ရှိသော်...
သူ၏ အတွင်းစကြာဝဠာတွင်၊ ဧကရာဇ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ဖင်းဂေါ့သုံးထောင် ရှိလာလိမ့်မည်။
တိုက်ခိုက်မှုတစ်ခုက ဧကရာဇ်သုံးထောင်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ညီမျှမည် ဖြစ်သည်။
အဆင့်တူ ဧကရာဇ်များက သူ့ကို ထိခိုက်စေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် မြင်ကွင်းမျိုးက ကျွင်းရှောင်ယောက်ကိုပင် မထိန်းချုပ်နိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်မိစေသည်။
အခြား ဧကရာဇ်များကတော့ ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိပေ။ အကြောင်းပြချက်က ရိုးရှင်းသည်။
ပထမအချက်မှာ၊ ကျွင်းရှောင်ယောက်ကဲ့သို့ လူတိုင်းက နိယာမသုံးထောင်ကို နားလည်နိုင်စွမ်းမရှိပေ။
လူသတ်ဘုရင်ကဲ့သို့ ဧကရာဇ်တစ်ပါးအတွက် နိယာမရာချီကို နားလည်နိုင်လျှင်ပင် အလွန်ကောင်းမွန်နေပြီ။
နောက်ဆုံးတွင်၊ အဓိပတိနယ်ပယ်အတွက် နိယာမတစ်ခုသာ လိုအပ်သည်။
ဒုတိယအချက်မှာ၊ မိမိ၏ ကိုယ်ပိုင်လမ်းစဉ်နှင့် သက်ဆိုင်သော စကြာဝဠာတွင်သာ သဘာဝ ဖင်းဂေါ့များကို မွေးဖွားနိုင်မည် ဖြစ်သည်။
ဒါက အရေးကြီးဆုံးအချက်ပင်။
အင်မော်တယ်နယ်မြေကြီးရှိ ဧကရာဇ်များစွာတို့၏ အတွင်းစကြာဝဠာသည်၊ အင်မော်တယ်နယ်မြေကြီး၏ နိယာမများကို အခြေပြုထားခြင်းဖြစ်ကြောင်း သိထားကြရမည်။
ကျွင်းရှောင်ယောက်အတွက်တော့...
သူ၏ အတွင်းစကြာဝဠာက နတ်ဘုရား၏မူလမှ ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရား၏မူလက ကျွင်းရှောင်ယောက်တစ်ဦးသာ ပိုင်ဆိုင်နိုင်သော တာအို ဖြစ်၏။
ယင်းက မကြုံစဖူး ထူးကဲသည့် လမ်းစဉ်တစ်ခုပင်။
ဒါက ကျွင်းရှောင်ယောက် အလွန်ကြမ်းရခြင်း၏ အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။
အစစ်အမှန် နတ်ဘုရားနယ်ပယ်မှ ဖင်းဂေါ့ကြီး ဆယ့်ရှစ်ကောင်က ပိုးအိမ်မှ ပေါက်ထွက်လာသည်နှင့် အတွင်းစကြာဝဠာ၏ စွမ်းအားကို စုပ်ယူလာကြသည်။
သို့သော်၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
သူ၏ အတွင်းစကြာဝဠာတွင်၊ အင်မော်တယ်အရင်းမြစ် ဘိုးဘေးသွေးကြော၊ တိုင်းတပါးမှ နဂါးသွေးကြော၊ အသက်စမ်းရေ၊ ကောင်းကင်အင်မော်တယ်သစ်ပင်၊ လမ်းကြောင်းခြောက်သွယ် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ်၊ ကမ္ဘာသစ်ပင်နှင့် အခြား ထိပ်တန်းရတနာများ ရှိသည်။
ထို့ကြောင့် စွမ်းအင်ကုန်ခမ်းခြင်းကို စိုးရိမ်စရာ မလိုပေ။
စူးစမ်းလေ့လာပြီးနောက်တွင်၊ ကျွင်းရှောင်ယောက်၏ အသိစိတ်က လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင်၊ လှပသော မျက်လုံးနှစ်စုံက သူ့အား ကြည့်နေကြ၏။
လင်ယွမ်နှင့် ဘုရင်မ ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင်၊ သူတို့နှစ်ဦးစလုံး စူးစမ်းချင်ကြသည်။
လျှို့ဝှက်နယ်မြေတစ်ခုတွင် လေ့ကျင့်ပြီးတိုင်း၊ ကျွင်းရှောင်ယောက်က အရည်အသွေးပိုင်းပြောင်းလဲမှု ဖြစ်လာသည်ဟု သူတို့ ခံစားခဲ့ရသည်။
ထို့နောက်တွင်၊ အားလုံး၏ ကျင့်ကြံမှုက အဆုံးသတ်သွားသည်။
ဖီးရှန်းရေတံခွန်အခွင့်အလမ်းက ပြီးဆုံးခဲ့ချေပြီ။
ဟုတ်သည်၊ စွမ်းအင်အများစုကို ကျွင်းရှောင်ယောက်က စုပ်ယူခဲ့ပေသည်။
လင်ယွမ်၏ အကျိုးအမြတ်ကလည်း မနိမ့်ကျဘဲ သူမ၏ အရှိန်အဝါက ပိုအားကောင်းလာသည်။
ချင်ယွမ်ချင်းမှာတော့ မျက်နှာမသာမယာ ဖြစ်နေ၏။
သူသည် အဓိကနယ်မြေတွင် မရှိသောကြောင့် ရိတ်သိမ်းမှုမှာလည်း အထူးကောင်းမွန်ခြင်းမရှိပါ။
တစ်ဖက်မှာတော့ လုဖူးကွေ့က ဂရုမစိုက်ပေ။
သူသည် ရတနာအမျိုးမျိုးနှင့် ရှေးဟောင်းပစ္စည်း စသည်တို့ကို ရှာဖွေရန်သာ ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။
သူ၏ လက်သုံးစကားက 'ရတနာအလုံအလောက်ရှိသရွေ့ အဆင့်တူအားလုံးကို အင်အားသုံးပြီး သတ်နိုင်တယ်'ဟုပင်။
ဤအချိန်တွင် လျှို့ဝှက်နယ်မြေသုံးခု အခွင့်အလမ်းက ပြီးဆုံးသွားပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်၊ အမြတ်အကြီးဆုံး တိုင်းပြည်က အမျိုးသမီးတိုင်းပြည်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အမျိုးသမီးစစ်သည်အားလုံးက အလွန်ပျော်ရွှင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် လှပသော မျက်လုံးများက ကျွင်းရှောင်ယောက်ကို အခါအားလျော်စွာ စိုက်ကြည့်နေကြတော့သည်။
ဤကောင်းကျိုးအားလုံးက ကျွင်းရှောင်ယောက်ကြောင့်ဖြစ်မှန်း သူတို့အားလုံးသိသည်။
အနက်ရောင်ဝတ်ရုံကြီးအောက်တွင် လျှို့ဝှက်ထားသော ထိုလူက ဘယ်လိုတည်ရှိမှုမျိုးဆိုတာကို သူတို့ သိလိုကြပေသည်။
တိုင်းပြည်ကိုပြန်သည့်လမ်းတွင် ဘုရင်မက ကျွင်းရှောင်ယောက်ကို သူမ၏ရထားလုံးတွင် လိုက်ပါစီးနင်းရန် ဖိတ်ခေါ်ခဲ့သည်။
ကျွင်းရှောင်ယောက်ကလည်း သဘောတူခဲ့၏။
ထိုမြင်ကွင်းကြောင့် လင်ယွမ်မှာ ပို၍ စိတ်ဓာတ်ကျလာသလို မနာလိုမှုကို ခံစားလာရတော့သည်။
တစ်ဖက်မှာတော့ လုဖူးကွေ့က ညစ်ကျယ်ကျယ်ပြုံးပြီး မော့ယန်းယုကို ဆွဲခေါ်သွားသည်။
မော့ယန်းယု၏ မျက်နှာလေးမူကား စက္ကူကဲ့သို့ ဖြူဖျော့နေ၏။
လုဖူးကွေ့၏ လက်ထဲသို့ ကျရောက်သွားသည့်အတွက် အလွန်ဝမ်းနည်းမိသည်။
လုဖူးကွေ့က လောဘကြီးမှုနှင့် တဏှာစိတ်ကြောင့် ကျော်ကြားသည်။
ဤဖက်တီးစုတ်က သူ့အား မည်ကဲ့သို့ ပြုမူဆက်ဆံမည်ကို တွေးကြည့်ရန်မလွယ်ပေ။
အမျိုးသမီးတိုင်းပြည်သို့ ပြန်ရောက်ခဲ့သည်။
ထို့နောက်၊ ကြီးကျယ်ခမ်းနားသော အခမ်းအနားပွဲတစ်ခု ကျင်းပရန် ပြင်ဆင်လေသည်။
"သခင်လေးက ဒီညပွဲတော်ကို တက်ရောက်မယ်လို့ မျှော်လင့်ပါတယ်"
ဘုရင်မ၏ လေသံက ယခင်ကထက် နူးညံ့လာခဲ့သည်။
"ငါက ဘယ်လိုလုပ်ပြီး မလာဘဲနေမှာလဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က လုဖူးကွေ့ကို သွားရောက်တွေ့ခဲ့သည်။
"ညီနောင်လု၊ ငါ မင်းဆီကနေ တစ်ခုခုတောင်းဆိုချင်လို့ ရနိုင်မလား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဘာများပါလိမ့်"
လုဖူးကွေ့က မေးလိုက်၏။
သူက မိုက်မဲသူမဟုတ်ပေ။
ကျွင်းရှောင်ယောက်က ထိုမျှအားကောင်းသောကြောင့် ထူးကဲသော နောက်ခံရှိမည်မှာ သေချာသည်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ကျွင်းမိသားစု၏ ဘိုးဘွားမြေတွင် ပြန်လည်ကုသနေသေးသည်ဟု ကြားသိရခြင်းကြောင့် မဟုတ်လျှင်...
သူ့ရှေ့မှလူက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဟုပင် သံသယဖြစ်နိုင်သည်။
ဟုတ်ပေသည်၊ ထိုနောက်ခံကြောင့် မဟုတ်လျှင်ပင် သူပြသခဲ့သော ခွန်အားက လုဖူးကွေ့ကို မိတ်ဆွေဖွဲ့ရန် လုံလောက်သည်။
"ဒီကောင်မလေးကို ပေးနိုင်မလားလို့ပါ"
ကျွင်းရှောင်ယောက်က မော့ယန်းယုကို လက်ညှိုးညွှန်ပြလိုက်လေသည်။