အခန်း ၁၂၅၄
Vol. 84 Ch. 1254
အခန်း ( ၁၂၅၄ ) အထောက်အထားကို ဖော်ထုတ်ခြင်း။
ထိုစကားကိုကြားတော့ အားလုံး အံ့ဩသွားကြသည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က စိတ်အလိုလိုက်လွန်းသူ မဟုတ်ပေ။
ဘုရင်မနှင့် လင်ယွမ်က သူ့အပေါ်တွင် အလွန်ကောင်းသော်လည်း ရိုးရိုးသားသားနေကာ အကန့်အသတ်မျဉ်းကို မဖောက်ဖျက်ခဲ့ပါ။
"ညီအစ်ကို၊ မင်းက သူ့ကို လိုချင်လို့လား..."
လုဖူးကွေ့ စိတ်ရှုပ်ထွေးသွားသည်။
ရိုးရိုးသားသားပြောရလျှင်၊ သူက မော့ယန်းယုကို ဖမ်းမိခဲ့သော်လည်း သူမကို တကယ်မသတ်နိုင်ပေ။
မဟုတ်လျှင်၊ လုမိသားစုနှင့် မော့မိသားစုက ပြဿနာပိုကြီးသွားမည် ဖြစ်သည်။
ယခုအချိန်တွင် မိသားစုနှစ်စုက ပြိုင်ဆိုင်မှုများရှိနေကြသော်လည်း သေခြင်းရှင်ခြင်း ရန်ငြိုးဖွဲ့ခြင်းမျိုး မဟုတ်ပေ။
နောက်ဆုံးတွင် ထာဝရရန်သူမရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိသည်။
အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုသည်လည်း ရှန်းထျန်းကိုချေမှုန်းရန် အတူတကွ လှုပ်ရှားခဲ့ကြသည် မဟုတ်လော။
"ဟုတ်တယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လုဖူးကွေ့လည်း ခဏစဉ်းစားပြီးနောက် ယောက်ျားတိုင်း နားလည်နိုင်သော အပြုံးမျိုးဖြင့် ပြုံးလိုက်လေသည်။
"အဟမ်း၊ ငါက ဒီကောင်မကို အတော်လေး ကြည့်မရဖြစ်ပြီး ကိုယ်တိုင်သင်ခန်းစာပေးချင်နေတာ"
"ဒါပေမဲ့၊ ငါ့ညီနောင်က စိတ်ဝင်စားတဲ့အတွက် မင်းသုံးလို့ရတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်ပြပြီး မော့ယန်းယုကို သီးခြားအခန်းတစ်ခုသို့ ခေါ်သွားရန် ဟန်ပြင်လိုက်သည်။
"ညီနောင်၊ ငါ မင်းကို သတိပေးလိုက်ဦးမယ်။ ဒီကောင်မလေးက မာနကြီးပြီး ခက်ထန်တယ်နော်၊ သူ့ကို ယဉ်ပါးစေချင်ရင် ပြင်းပြင်းထန်ထန်လေး လုပ်ရမယ်"
လုဖူးကွေ့က ထပ်ပြောလိုက်၏။ သူက ကျွင်းရှောင်ယောက်ကို ဤအမျိုးသမီး၏လက်ထဲသို့ ကျရောက်မည် စိုးရိမ်သဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်၊ သူ့စကားအဆုံးတွင် အားလုံးက အေးစက်သွားသလို ခံစားလိုက်ရသည်။
၎င်း၏ ရင်းမြစ်ကတော့ လင်ယွမ်ပင်။
ဤအခိုက်အတန့်တွင် လင်ယွမ်က လွန်စွာ စိတ်မသက်မသာ ခံစားနေရသည်။
ကျွင်းရှောင်ယောက်က မော့ယန်းယုကို ခေါ်ဆောင်ခြင်းမှာ မကောင်းသောအရာများအတွက်မဟုတ်ကြောင်း သူ သိသည်။
သို့သော်လည်း သူ့စိတ်ထဲမှာတော့ အဆင်မပြေမှုကို ခံစားနေရသေးသည်။
မည်သည့်အမျိုးသမီးမဆို၊ ကိုယ်ချစ်ရသူက ကိုယ့်အပေါ်တွင်သာ သစ္စာရှိစေရန် မျှော်လင့်ကြသည်။
သို့ရာတွင်၊ လူအမျိုးမျိုး စိတ်အထွေထွေပင်။
ဥပမာအားဖြင့် ကျန်းစန်းယီက အလွန်နူးညံ့သိမ်မွေ့ပြီး စာနာစိတ်ရှိကာ ကျန်းလော့လီကို ခွင့်ပြုပေးနိုင်သည်။
သို့ရာတွင်၊ လင်ယွမ်ကတော့ ကျွင်းရှောင်ယောက်ကို အခြားမိန်းမများအား လက်ခံခွင့်ပြုရန် အစပြု၍ ပြောဆိုမည်မဟုတ်ပေ။
'ယဥ၊ ဒီကောင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို တကယ် အခွင့်ကောင်းယူလိုက်ပြီလား'
လင်ယွမ်၏ ထူးခြားသော အပြောင်းအလဲကို မြင်လိုက်ရသောအခါ လုဖူးကွေ့က သူ့စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
တစ်ဖက်တွင်၊ သီးသန့်အခန်းတစ်ခုထဲမှာ...
ကျွင်းရှောင်ယောက်နှင့် မော့ယန်းယု နှစ်ယောက်တည်းသာ ရှိနေသည်။
ဤအခိုက်တွင်၊ မော့ယန်းယုက ပိုက်ကွန်ထဲတွင် ရှိနေသေးသည်။
သူသည် ကိုယ်ခန္ဓာဖွံ့ဖြိုးပြီး လှပသူတစ်ဦး ဖြစ်သည်။
ယခုအချိန်တွင် ပိုက်ကွန်ထဲတွင် ပိတ်မိနေသော သူ့အသွင်က သွေးဆောင်မှုတစ်မျိုးကို ဖြစ်ပေါ်စေပေသည်။
မော့ယန်းယု၏အလှက လင်ယွမ်၊ ကျန်းစန်းယီနှင့် ကျိချင်းရီတို့ကို မမီသော်လည်း အင်မော်တယ်နယ်မြေကြီးတွင် ကျော်ကြားနေဆဲ ဖြစ်သည်။
ထို့ပြင်၊ ပန်းပဲမိသားစုဖြစ်သော မော့မိသားစု၏ သမီးတော်အနေဖြင့် မရေမတွက်နိုင်သော လက်အောက်ငယ်သားများ ရှိ၏။
သူမ၏ အေးစက်ပြီး မာနကြီးသော စရိုက်ကြောင့်လည်း လှပသလောက် ကြမ်းတမ်းသော ကျားသစ်မလေးကဲ့သို့ဖြစ်ကာ လူများကို အနိုင်ယူလိုစိတ် ဖြစ်စေနိုင်သည်။
ယခုအချိန်မှာလည်း မော့ယန်းယု၏မျက်နှာက အေးစက်နေပေသည်။
"ငါက မော့မိသားစုက မော့ယန်းယုပဲ။ ကိုယ့်အတိုင်းအဆကိုသိရင် ဘာလုပ်ရမယ်ဆိုတာ သိသင့်တယ်"
မော့ယန်းယုက အေးစက်စက် ပြောလိုက်သည်။
လုဖူးကွေ့၏လက်ထဲကို ကျရောက်ခါစမှာတော့ သူမ အမှန်တကယ် စိတ်ဓာတ်ကျခဲ့ရသည်။
လုဖူးကွေ့က သူမကို သတ်မည်မဟုတ်ကြောင်း သိထားသော်လည်း...
အခွင့်ကောင်းယူပြီး တို့ဟူးစားခြင်းမျိုးကိုတော့ ပြုလုပ်နိုင်သေးသည်။
ယခုတော့ ဝတ်ရုံနက်ဝတ် အမျိုးသား၏ လက်ထဲသို့ ကျရောက်သွားပြီမို့ အခြေအနေပိုကောင်းနိုင်သည်။
သူမ၏ အေးစက်ပြီး မာနကြီးသော သဘောထားသည်လည်း သဘာဝအတိုင်း ပြန်လည်ရောက်ရှိလာတော့သည်။
ကျွင်းရှောင်ယောက်က အလျင်လိုမနေဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါက မင်းကို လုဖူးကွေ့ရဲ့လက်ကနေ ကယ်တင်ခဲ့တာနော်၊ ဒါက မင်းရဲ့ သဘောထားလား"
"နင့်ရဲ့လှည့်ကွက်ကြောင့်သာ မဟုတ်ရင် ဒီဖက်တီးက ငါ့ကိုဖမ်းမိမှာ မဟုတ်ဘူး"
မော့ယန်းယုက ပြော၏။
ထိုအကြောင်းကို တွေးမိသောအခါ မော့ယန်းယုက သွားများပင် ယားယံလာသည်။
လုဖူးကွေ့ကို အပိုင်းပိုင်း ကိုက်နိုင်ရန်ပင် ဆုတောင်းမိလေသည်။
"မိန်းကလေးမော့က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မင်းရဲ့ အမူအကျင့်ကလည်း လုဖူးကွေ့ပြောတဲ့အတိုင်းပဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
မော့ယန်းယုကတော့ ကျွင်းရှောင်ယောက်ကို အေးစက်စက်ဖြင့် ကြည့်နေဆဲပင်။
"နင့်ကို ကျေးဇူးပြန်ဆပ်ဖို့အတွက် အများကြီး လှည့်ပတ်ပြောနေစရာမလိုပါဘူး။ ငါ့ကို လွှတ်ပေးနေသရွေ့ ရတနာတွေ၊ အရင်းအမြစ်တွေ... လိုချင်တာရရစေမယ်"
“ဧကရာဇ်တစ်ပိုင်း လက်နက်တွေတောင် ရှိသေးတယ်။ ငါ့ကို လွှတ်ပေးနေသရွေ့ နင့်ကို ပေးလို့ရတယ်"
မော့ယန်းယု၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက်က ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။
ပန်းပဲဆရာမိသားစုအနေဖြင့် မော့မိသားစု၏ အမျိုးမျိုးသော အရင်းအမြစ်များသည် အခြား ရှေးဟောင်းမိသားစုများထက် များစွာပို၍ ပေါများသည်။
သို့ရာတွင်၊ ကျွင်းမိသားစုနှင့် နှိုင်းစာလျှင်တော့ အဆများစွာ ဝေးကွာနေသေးသည်။
စင်စစ်တွင်၊ အင်မော်တယ်ခုံရုံးမှာတောင် ဧကရာဇ်လက်နက်များ ရှားပါးမှုမရှိပါ။
သို့တိုင် မော့ယန်းယုက ဧကရာဇ်တစ်ပိုင်းလက်နက်ဖြင့် ညှိနှိုင်းလိုနေသည်။
ကျွင်းရှောင်ယောက်၏ အမြင်မှာတော့ ဒါက တကယ်ကို ရယ်စရာကောင်းပေသည်။
"ငါ မင်းကို ကယ်တင်ခဲ့တာက မင်း ငါ့ဆီမှာ လက်အောက်ခံဖို့ပဲ။ ဒီလိုဆိုရင် မင်းကို လွှတ်ပေးနိုင်တယ်"
ကျွင်းရှောင်ယောက်က ဝေ့ဝိုက်မနေတော့ဘဲ သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည်။
မော့ယန်းယုတစ်ဦးတည်းဆိုလျှင် သူက စိတ်မဝင်စားပေ။
သို့ရာတွင် မော့မိသားစုက ထိုက်တန်သည်။
ထို့ပြင် ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ အကြံတစ်ခုရှိနေပြီ။
ကျွင်းဧကရာဇ်ခုံရုံးတွင် ဌာနခြောက်ခုကို ထူထောင်ရန် လိုအပ်သည်။
ဌာနခြောက်ခုအနက် တစ်ခုသည် လုပ်ငန်းဌာန ဖြစ်၏။
လုပ်ငန်းဌာနက လက်နက် သန့်စင်ခြင်း၊ ဆေးဖော်စပ်ခြင်း... စသည်တို့ကို ပြုလုပ်ကြရမည် ဖြစ်သည်။
အားလုံးသိကြသည့်အတိုင်း၊ အင်မော်တယ်နယ်မြေကြီးတွင် လက်နက်ပြုလုပ်ရာမှာ အကောင်းဆုံး အင်အားစုများတွင် လုမိသားစုနှင့် မော့မိသားစုတို့ ပါဝင်သည်။
ကျွင်းရှောင်ယောက်က လုဖူးကွေ့နှင့် ဆက်သွယ်ရန် ဆန္ဒရှိခဲ့သည့် အကြောင်းရင်းမှာလည်း လုမိသားစုအတွက် ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်က လုမိသားစုနှင့် မော့မိသားစု နှစ်ခုလုံးကို ကျွင်းဧကရာဇ်ခုံရုံး၏ လုပ်ငန်းဌာနတွင် ပေါင်းစည်းလိုသည်။
ဒါက နေ့ချင်းညချင်း လုပ်လို့ရသော ကိစ္စ မဟုတ်ပေ။
သို့သော်လည်း လုဖူးကွေ့နှင့် မော့ယန်းယုကို အနိုင်ယူနိုင်ပါက အနည်းငယ်ပို၍ နီးစပ်လာမည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏စကားကို ကြားသောအခါ မော့ယန်းယု၏ မျက်နှာက တင်းမာသွားသည်။
"နင်က ငါ့ကို လက်အောက်ခံစေချင်တာလား၊ မဖြစ်နိုင်ဘူး"
"နင့်ကိုယ်နင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လို့ ထင်နေတာလား။ ငါ့ကို လက်အောက်ခံစေရအောင် နင့်မှာ ဘာအရည်အချင်းရှိလို့လဲ"
မော့ယန်းယုက မတုံ့ဆိုင်းဘဲ ချက်ချင်း ငြင်းလိုက်၏။
သူဟာ မူလကတည်းက မာနကြီးသူ ဖြစ်သည်။
လူတိုင်းက သူမကို လက်အောက်ခံစေရန် အရည်အချင်းမရှိပေ။
"ဟားဟားဟား..."
ကျွင်းရှောင်ယောက်က သဘောကျစွာ ရယ်မောလိုက်သည်။
ထို့နောက် သူသည် ပိုက်ကွန်ကို တိုက်ရိုက်ဖယ်ရှားလိုက်၏။
ပိုက်ကွန်မှ လွတ်မြောက်သည်နှင့် တပြိုင်နက်၊ မော့ယန်းယုက လှုပ်ရှားလာတော့သည်။
သူမ၏ခေါင်းမှ ခရမ်းရောင် ကျောက်စိမ်းဆံထိုးကို လျင်မြန်စွာ ယူလိုက်ခြင်း ဖြစ်သည်။
ခရမ်းရောင် ကျောက်စိမ်းဆံထိုးက ချွန်ထက်သော ဆူးချွန်တစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။
ယင်းက ဧကရာဇ်တစ်ပိုင်းလက်နက်တစ်ခုပင်။
မော့ယန်းယုက ကျောက်စိမ်းဆံထိုးဆူးချွန်ဖြင့် ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးလိုက်သည်။
"ခဏနေဦး"
အသံတစ်ခု ထွက်ပေါ်လာ၏။
ဆူးချွန်က ကျွင်းရှောင်ယောက်၏နဖူးနှင့် တစ်လက်မမျှသာ ဝေးတော့သည်။
"ဘာလဲ၊ ကြောက်နေတာလား"
မော့ယန်းယုက လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး အနက်ရောင် ဝတ်ရုံကြီးကို ဖယ်ရှားလိုက်လေသည်။
ထိုအခါ အဖြူရောင် အဝတ်အစားများဖြင့် ချောမောသော ရုပ်သွင်တစ်ခုက မော့ယန်းယု၏ရှေ့တွင် ပေါ်လာခဲ့သည်။
မော့ယန်းယု အံ့သြသွားသည်။
သူ့လက်ထဲမှ ဆူးချွန်က မြေပြင်ပေါ်သို့ လွတ်ကျသွား၏။
ကျွင်းရှောင်ယောက်က ပြုံးပြီး ဆူးချွန်ကို ကောက်ယူလိုက်လေသည်။
“တော်တော်လှတဲ့ ဆံထိုးပဲ"
သူ့လက်ကို တစ်ချက်လှုပ်လိုက်သည်နှင့် ဆူးချွန်က ခရမ်းရောင် ကျောက်စိမ်းဆံထိုးအဖြစ် ပြန်ပြောင်းသွားသည်။
ထို့နောက် ကျွင်းရှောင်ယောက်က မော့ယန်းယု၏ ဆံပင်များကြားတွင် ပြန်ထုံးဖွဲ့ပေးလိုက်၏။
မော့ယန်းယု တုန်ယင်နေပြီ။
သူ့ရှေ့မှ ဝတ်စူံဖြူကို ဝတ်ဆင်ထားပြီး ချောမောသော လူငယ်က မည်သူမည်ဝါမှန်း သူမ သဘာဝအတိုင်း သိသည်။
သူသည် အဆုံးစွန်ရှေးဟောင်းလမ်းနှင့် ပျက်စီးခြင်းနယ်စပ်မှ တိုက်ပွဲများတွင် ကံကောင်းစွာဖြင့် ထိုသူကို လှမ်းမြင်ခဲ့ဖူးသည်။
သို့သော်လည်း သူသည် ကိုယ့်အကြောင်းကိုသိပြီး ကျွင်းရှောင်ယောက်နှင့် သက်ဆိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့ရာတွင်၊ ယခု မည်သို့ဖြစ်သနည်း။
ဒဏ္ဍာရီဆန်ဆန် ထိုပါရမီရှင်က သူမရှေ့တွင် အသက်ရှင်လျက် ပေါ်လာသည်။
သူမကို ဆံထိုးထိုးရန်ပင် ကူညီခဲ့သေးသည်။
ယင်းကြောင့် မော့ယန်းယုမှာ အိပ်မက်ထဲတွင် ရှိနေသကဲ့သို့ မူးမေ့လဲလုနီးပါး ခံစားလိုက်ရသည်။
ထို့နောက် သူမသည် သူမ၏ လုပ်ရပ်ကို သတိရပြီးနောက် ချွေးစေးများ စီးကျလာကာ ကျွင်းရှောင်ယောက်ကို ချက်ချင်း ဦးညွတ်လိုက်လေသည်။
"ကျွန်...ကျွန်မက ရှင့်ကို နတ်ဘုရားသားတော်မှန်း မသိခဲ့လို့ပါ။ ရှင့်ကို အကြိမ်ကြိမ် စော်ကားခဲ့တာတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
မော့ယန်းယုက တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။