← Chapters

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အခန်း ( ၁၂၅၆ ) တိုင်းပြည်ကြီးကိုးခုအကြောင်း အမှန်တရား။

ထို့နောက်တွင်၊ အမျိုးသမီးတိုင်းပြည်က ကြီးကျယ်သော အခမ်းအနားပွဲတစ်ခုကို ကျင်းပခဲ့သည်။

လင်ယွမ်၊ ကျွင်းရှောင်ယောက်နှင့် အခြားပါရမီရှင်များလည်း ပွဲတော်တွင် ပါဝင်ခဲ့၏။

မြို့တော်တစ်ခုလုံးက မီးပုံး မီးအလင်းရောင်များဖြင့် လင်းထိန်နေတော့သည်။

လုဖူးကွေ့နှင့် အခြားသူများလည်း အားပါးတရ သောက်စားပြီး ပျော်ရွှင်နေခဲ့ကြသည်။

ပွဲတော်အပြီးတွင်၊ ဘုရင်မက ကျွင်းရှောင်ယောက်ကို သူမ၏ ‌တော်ဝင်ခြံဝင်းတွင် အနားယူရန် ဖိတ်ကြားခဲ့သည်။

‌ဤအခြေအနေကြောင့် လင်ယွမ်မှာ မနာလိုဖြစ်ပြန်တော့သည်။

တိတ်ဆိတ်ငြိမ်သက်သော တော်ဝင်ခြံဝင်းထဲတွင်...

စမ်းချောင်းငယ်တစ်ခုနှင့် တံတားငယ်တစ်ခု ရှိနေသည်။

စိမ်းလန်းသော ထင်းရှူးပင်များ၊ သစ်ပင်များနှင့် ပန်းပင်များကိုလည်း တွေ့ရ၏။

ရံဖန်ရံခါ သာမန် တောတိရစ္ဆာန်လေးများကို တွေ့ရသေးသည်။

မီးပုံးများဖြင့် အလှဆင်ထားသောကြောင့် အိပ်မက်လောကထဲ ရောက်နေသလို ခံစားရစေသည်။

ဘုရင်မနှင့် ကျွင်းရှောင်ယောက်က ခြံဝင်းအတွင်းရှိ အဆောင်တစ်ခုကို ရောက်လာကြလေသည်။

"ဒီတစ်ခေါက်မှာတော့ သခင်လေးကို ကျေးဇူးတင်ရမယ်"

ဘုရင်မက ပြုံးလိုက်သည်။

သူသည် လှပသလောက် ဘုရင်မတစ်ပါး၏ အရှိန်အဝါဖြင့် ကြီးစိုးပုံရသော်လည်း ယခုအချိန်မှာတော့ သာမန် အမျိုးသမီးတစ်နှင့် မခြားတော့ပေ။

"ဒါက နည်းနည်း အားစိုက်ထုတ်ရုံပါပဲ။ နောက်ပြီး ဒါက ကိုယ့်အကျိုးအတွက်ပဲလေ"

‌ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါက သခင်လေးအတွက်ပါ"

ဘုရင်မက ကျွင်းရှောင်ယောက်အတွက် ဝိုင်တစ်ခွက် လောင်းထည့်ပေးရင်း အတူတူသောက်ရန် ဖိတ်ခေါ်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း ဝိုင်ဖန်ခွက်ကိုယူကာ ပေါ့ပေါ့ပါးပါး သောက်လိုက်လေသည်။

"ဒါနဲ့လေ၊ သခင်လေးရဲ့ ရုပ်သွင်ကို မြင်တွေ့ရတဲ့အထိ ကံကောင်းနိုင်မလားလို့ တွေးမိပါတယ်"

ဘုရင်မက သိချင်စိတ်ဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ပြုံးပြီး အနက်ရောင်ဝတ်ရုံကြီးကို ဖယ်ရှားလိုက်၏။

ဘုရင်မမှာ သေချာကြည့်နေပြီးနောက် အံ့ဩသွားလေသည်။

"တောင်တန်းတွေက လှပသလို လူတွေကြားမှာလည်း နတ်သားတွေရှိတယ်"

ဘုရင်မက ရေရွတ်လိုက်သည်။

ယင်ဟော်နတ်ဆိုးကြယ်၏ လရောင်အောက်တွင် အဖြူရောင်ဝတ်စုံဖြင့် လူငယ်လေးတစ်ဦးက ဝိုင်တစ်ခွက်ကို မြည်းစမ်းကြည့်နေသည်။

ဒါက ဘယ်လို ရင်သပ်ရှုမောဖွယ်မြင်ကွင်းမျိုးလဲ။

ဘုရင်မက ဤမြင်ကွင်းကို သူမ၏ နှလုံးသားထဲတွင် လေးလေးနက်နက် ရေးထွင်းနေသလို စိုက်ကြည့်နေခဲ့လေသည်။

ကျွင်းရှောင်ယောက်က ဝိုင်တစ်ငုံသောက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

"ဘုရင်မ၊ ငါ့ရဲ့ ရုပ်သွင်အမှန်ကို ဖော်ပြလိုက်ပါပြီ။ ဒါပေမဲ့ မင်းရဲ့နာမည်ကို မသိရသေးဘူး"

ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီး‌မှ ဘုရင်မသည် သတိပြန်ဝင်လာကာ မျက်နှာအနည်းငယ်နီမြန်းသွားသည်။

ထို့နောက် ခေါင်းကိုခါယမ်းပြီး ပြောလေသည်။

"ငါ မှတ်မိသလောက်ဆိုရင် လူတိုင်းက ငါ့ကို ဘုရင်မလို့ပဲ ခေါ်ကြတယ်။ ငါ့မှာ သီးခြားနာမည် မရှိပါဘူး"

"တကယ်ပဲလား"

ကျွင်းရှောင်ယောက်က သူ့လက်ထဲက ဝိုင်ခွက်ကို ကြည့်လိုက်သည်။

သူ တွေးထားသည့်အတိုင်း အမှန်ပင်။

"‌ကောင်းပြီလေ၊ မင်း စိတ်ထဲမထားဘူးဆိုရင် ငါမင်းကို နာမည်ပေးချင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဘယ်လိုလဲ"

ဘုရင်မက စိတ်ရှုပ်ထွေးသွားသည်။

"ကျွမ်းရှောင်မန်... မင်းကို ကျွမ်းရှောင်မန်လို့ခေါ်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ကျွမ်းရှောင်မုံ့... ကျွမ်းရှောင်မုံ့..."

ဘုရင်မက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ ထို့နောက် တောက်ပနေသော မျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

"ကျွမ်းရှောင်မုံ့၊ ဒီနာမည်က လှတယ်"

"တကယ်တော့ ဒီနာမည်မှာ အကြောင်းရှိပါတယ်"

ကျွင်းရှောင်ယောက်က သူ၏ ဝိုင်ခွက်ကို လှုပ်ခါရင်း ပြောလိုက်သည်။

"ဟုတ်လား၊ ဘယ်လိုအကြောင်းလဲ"

ဘုရင်မက စူးစမ်းတတ်သော ကောင်မလေးတစ်ယောက်ကဲ့သို့ သိလိုစိတ်ဖြင့် ကြည့်လိုက်၏။

“တစ်ခါတုန်းက လူတစ်ယောက်ဟာ အိပ်ပျော်နေချိန် အိပ်မက်မက်တယ်"

"အိပ်မက်ထဲမှာ သူက ကျက်သရေရှိပြီး ပေါ့ပေါ့ပါးပါး ပျံသန်းနေတဲ့ လိပ်ပြာတစ်ကောင် ဖြစ်သွားတယ်တဲ့"

"သူ့ကိုယ်သူ မေ့လုနီးပါးဖြစ်အောင် ပျော်လွန်းရွှင်နေချိန်မှ ရုတ်တရက် လန့်နိုးသွားခဲ့တယ်"

"ဒါက အိပ်မက်တစ်ခုဖြစ်ကြောင်း သူသိလိုက်တယ်၊ ဒါပေမဲ့ ဒါကို အစစ်အမှန်လို့လည်း သူက မှတ်ယူခဲ့တယ်"

"သူက အိပ်မက်ထဲက လိပ်ပြာလေးတစ်ကောင်ပဲ"

ကျွင်းရှောင်ယောက်က စကားကို အဆုံးသတ်လိုက်သည်။

ဘုရင်မလည်း လေးလေးနက်နက် တွေးနေမိလေသည်။

ကျွင်းရှောင်ယောက်က ဝိုင်ကို တစ်ငုံသောက်လိုက်ပြီးနောက် ပြောလိုက်သည်။

"အရှင်မ၊ ငါတို့ ထွက်သွားကြတော့မယ်"

သို့သော်လည်း ဘုရင်မက ခေါင်းကိုခါယမ်းလိုက်၏။

"အခု အရှင်မလို့ မခေါ်ရတော့ဘူး"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ရှောင်မုံ့"

"နင်... ဒီမှာ ဆက်နေလို့မရတော့ဘူးလား"

ဘုရင်မ တစ်နည်း ကျွမ်းရှောင်မုံ့က တွန့်ဆုတ်နေသောလေသံဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ခေတ္တ တိတ်ဆိတ်နေပြီးနောက် ကောင်းကင်ယံမှ ယင်ဟော်နတ်ဆိုးကြယ်ကို မော့ကြည့်လိုက်၏။

မူလက ယင်ဟော်နတ်ဆိုးကြယ်ကို မေ့ပျောက်ခြင်းမြေမှကြည့်သောအခါ လခြမ်းကွေးနှင့် တူသည်။

သို့သော်လည်း ယခုအခါ လပြည့်ခါနီးပြီ။

"ငါ အခုမထွက်သွားရင် လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလို ဖြစ်လာမှာကို ကြောက်ရတယ်"

ကျွင်းရှောင်ယောက်က ပြည့်ဝခါနီး ယင်ဟော်နတ်ဆိုးကြယ်ကို ကြည့်လိုက်သည်။

ရှေးဦးဝိညာဉ်အဆင့်က ထာဝရသဲအဆင့်သို့ ဖြတ်သွားပြီးနောက်... နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အရာအားလုံးကို သဘောပေါက်သွားသည်။

ယခင်က လမ်းလျှောက်နေသော ဖုတ်ကောင်များ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ အတိတ်၏ပန်းပွင့်ကြောင့်သာ မဟုတ်ပေ။

အဓိကအချက်မှာ ယင်ဟော်နတ်ဆိုးကြယ်ကြောင့် ဖြစ်သည်။

ယခုအခါ၊ ယင်ဟော်နတ်ဆိုးကြယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားရှိကြောင်း သူ ခံစားနိုင်နေပြီ။

ဤဝိညာဉ်စွမ်းအားက မရေမတွက်နိုင်သောလူများ၏ ဝိညာဉ်ကို စုပ်ယူလိုက်သကဲ့သို့ဖြစ်ပြီး အလွန်အစွမ်းထက်သည်။

သာမန်လူများက ယင်ဟော်နတ်ဆိုးကြယ်၏ စွမ်းအားကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။

ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို ချိုးဖြတ်သွားသော ကျွင်းရှောင်ယောက်ပင်လျှင် အာမမခံနိုင်ပါ။

ယင်ဟော်နတ်ဆိုးကြယ်က အပြည့်အဝ နိုးထလာချိန်တွင် လူတိုင်းက ဤမေ့ပျောက်ခြင်းမြေရှိ ဖုတ်ကောင်များကဲ့သို့ ဖြစ်လာမည်ဟု သူခံစားခဲ့ရသည်။

ဤသည်မှာ မေ့ပျောက်ခြင်းမြေ၌ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်မှုပင်။

ကျွမ်းရှောင်မုံ့၏ မျက်နှာက ဖြူဖျော့သွားသည်။

ကျွင်းရှောင်ယောက်က ကျွမ်းရှောင်မုံ့ကိုကြည့်ပြီး ပြောလိုက်သည်။

"ငါပြောတာကို မင်း ကောင်းကောင်းသိပါတယ်"

"ငါ..."

ကျွမ်းရှောင်မုံ့က တုံ့ဆိုင်းသွားလေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျွမ်းရှောင်မုံ့က ပြောလိုက်သည်။

"ဒီနေရာကို ထွက်သွားပြီးရင် အနောက်ဘက်ကို ဆက်သွားလိုက်ပါ၊ ဒါဆိုရင် အကြွင်းအကျန် အမွေအနှစ်နယ်မြေထဲကို ဝင်နိုင်ပြီ"

"အရင်က နင်တို့ပြောခဲ့တဲ့ အင်မော်တယ်ခုံရုံးရဲ့ အပျက်အယွင်းဟာလည်း အကြွင်းအကျန် အမွေအနှစ်နယ်မြေထဲမှာ ဖြစ်သင့်တယ်"

"ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က မတ်တပ်ရပ်လိုက်သည်။

"ခဏလေး..."

ကျွမ်းရှောင်မုံ့က တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းနေသည်။ သူမက နှုတ်ခမ်းကိုကိုက်ပြီး လွန်ဆွဲနေပုံရ၏။

ကျွင်းရှောင်ယောက်က ကျွမ်းရှောင်မုံ့ကို ကြည့်လိုက်သည်။

"နင်...ငါ့ကို ပွေ့ဖက်လို့ရလား"

ကျွမ်းရှောင်မုံ့က ခပ်တိုးတိုး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ကျွမ်းရှောင်မုံ့ကို ညင်သာစွာ ပွေ့ဖက်လိုက်လေသည်။ ထို့နောက်မှာတော့ နေရာမှ လှည့်ထွက်သွားတော့သည်။

နောက်တစ်နေ့တွင်...

ကျွင်းရှောင်ယောက်၊ လင်ယွမ်နှင့် အခြားသူများက အမျိုးသမီးတိုင်းပြည်မှ ထွက်ခွာသွားကြသည်။

ကျွမ်းရှောင်မုံ့က မြို့ရိုးပေါ်တွင် ရပ်ကာ ကျွင်းရှောင်ယောက်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ကျန်နေခဲ့၏။

မျက်ရည်တစ်စက်က သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာလေသည်။

"အိပ်မက်လိပ်ပြာ... ကျွမ်းရှောင်မုံ့..."

ကျွမ်းရှောင်မုံ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူမ၏ ပုံရိပ်ကလည်း တဖြည်းဖြည်း ဝေဝါးလာတော့သည်။

တစ်ဖက်တွင်၊ လုဖူးကွေ့နှင့် အခြားသူများက အနောက်ကို ပြန်လှည့်ကြည့်ပြီးနောက် တအံ့တဩ အော်ဟစ်လိုက်ကြသည်။

"အမျိုးသမီးတိုင်းပြည်ရဲ့မြို့တော်က ဘယ်မှာလဲ၊ ဘာဖြစ်လို့ မတွေ့ရတော့တာလဲ"

သူတို့က ခပ်လှမ်းလှမ်းသာ ရှိသေးသဖြင့် မြို့ကိုမြင်နိုင်ရမည်။

ယခုမူကား အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"မင်းတို့ သတိမထားမိသေးဘူးလား"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ညီအစ်ကိုက ဘာကိုဆိုလိုတာလဲ"

လုဖူးကွေ့က စိတ်ရှုပ်ထွေးနေဆဲပင်။

မော့ယန်းယုလည်း စိတ်ရှုပ်ထွေးသွားသည်။

လင်ယွမ်သာလျှင် တစ်စုံတစ်ခုကို တွေးမိပုံရပြီး၊ သူမ၏ လှပသော မျက်လုံးများတွင် အံ့ဩခြင်းအရိပ်အမြွက် ထွက်ပေါ်လာတော့သည်။

"အရာအားလုံးက အိပ်မက်တစ်ခု ဒါမှမဟုတ် စိတ်ကူးယဉ်မှုတစ်ခုပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဘာ"

လုဖူးကွေ့က မယုံကြည်နိုင်စွာ ထအော်လိုက်၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါတို့ကြုံဖူးသမျှက ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ မင်းပြောနေတာလား"

ချင်ယွမ်ချင်းလည်း မယုံနိုင်ပေ။

သူတို့အားလုံးက အားကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ တော်ရုံတန်ရုံ ပုံရိပ်ယောင်များဖြစ်ပါက တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လိမ့်မည်။

ကျွင်းရှောင်ယောက်က အကြောင်းရာတချို့ကို ရှင်းပြလိုက်သည်။

"ဘာ၊ တိုင်းပြည်ကိုးခုလုံးက ပုံရိပ်ယောင်တွေလား"

"မေ့ပျောက်ခြင်းမြေရဲ့ လူသတ်သမားအစစ်အမှန်က ယင်ဟော်နတ်ဆိုးကြယ်တဲ့လား"

ကျွင်းရှောင်ယောက်၏ ရှင်းပြချက်ကို ကြားရပြီးနောက်တွင် လူအားလုံးက မယုံနိုင်ခြင်းကို ခံစားခဲ့ရသည်။

ဒါက တကယ်ကို အံ့သြစရာကောင်းပေသည်။

အိပ်မက်ပြည်ကို ခရီးထွက်ခဲ့ကြသလို ဖြစ်သည်။

"မဟုတ်ရင် မေ့ပျောက်ခြင်းမြေက အံ့ဖွယ်ခုနစ်ပါးထဲရ တစ်ပါး ဖြစ်လာနိုင်ပါ့မလား"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

သူသည် ယခင်က အမျိုးသမီးတိုင်းပြည်သို့ ဝင်ရောက်စဉ်တွင် ဖော်ပြ၍မရသော ထူးဆန်းမှု ခံစားချက်ကိုရရှိခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏ ရှေးဦးဝိညာဉ်အဆင့်က ထာဝရသဲအဆင့်သို့ မရောက်ရှိသေးသောကြောင့် မသေချာခဲ့ပေ။

"ဒါပေါ့၊ လျှို့ဝှက်နယ်မြေသုံးခုမှာရှိတဲ့ အခွင့်အလမ်းအားလုံးက အစစ်အမှန်တွေပဲ။ ဒါက မေ့ပျောက်ခြင်းမြေအပြင်စွန်းမှာ အကြီးမားဆုံး အခွင့်အလမ်းတွေဆိုရင်လည်း မမှားဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါက အတိအကျ မမှန်နိုင်ဘူး၊ အဲဒါတွေက ပုံရိပ်ယောင်တွေဆိုရင် အဲဒီတိုင်းပြည်တွေရဲ့လူတွေက ငါတို့ကို ဘယ်လို နာကျင်စေမှာလဲ"

လုဖူးကွေ့က ပြောလိုက်သည်။

ယခင်က ချင်ယွမ်ချင်းသည် နတ်ဆိုးမင်းသားကြောင့် ဒဏ်ရာရရှိခဲ့ဖူးသည်။

ထိုဒဏ်ရာက အစစ်အမှန်ဖြစ်ပြီး တကယ်ကို နာကျင်ခဲ့ရပေသည်။

"သူတို့က အိပ်မက်ပုံရိပ်တွေဖြစ်ပေမဲ့ အင်မတန်ကြီးမားတဲ့ ဝိညာဉ်စွမ်းအားနဲ့ ပုံဖော်ထားတာလေ"

"အကြောင်းပြချက်အစစ်အမှန်ကို သိချင်ရင်တော့ မင်းက မေ့ပျောက်ခြင်းမြေရဲ့ လျှို့ဝှက်ချက်တွေကို လုံးလုံးလျားလျား ဖော်ထုတ်နိုင်ရမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် မေ့ပျောက်ခြင်းမြေကို စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

အကြောင်းမူ၊ ယခင် ဝင်ရောက်ခဲ့စဉ်က သူ့ခန့်မှန်းချက်သည် မှန်နေသောကြောင့်ပင်။

မေ့ပျောက်ခြင်းမြေက အမှန်တကယ် အသက်ဝိညာဥ် ရှိနေသည်။

All Chapters