အခန်း ၁၂၅၇
Vol. 84 Ch. 1257
အခန်း ( ၁၂၅၇ ) နတ်နယ်မြေ။
ကျွင်းရှောင်ယောက်၏ စကားများက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
အမှန်တရား ထွက်ပေါ်လာသောအခါ လူတိုင်းက မယုံနိုင်သလို ခံစားခဲ့ကြရ၏။
မေ့ပျောက်ခြင်းမြေရှိ တိုင်းပြည်ကိုးခုက ထင်ယောင်ထင်မှား ဖြစ်သည်။
သို့ရာတွင်၊ ၎င်းတို့က အစစ်အမှန်မဟုတ်ဟုလည်း အတိအကျ ဆို၍မရပေ။
၎င်းက အမှန်ဖြစ်သည်၊ အမှားဟုလည်း ဆိုနိုင်ပေသည်။
ဤအရာကပင် မေ့ပျောက်ခြင်းမြေ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူတို့ ဝင်မလာခင်က အင်မော်တယ်ခုံရုံး၏ အကျော်အမော်များ ပြောခဲ့သည့်စကားများကို ပြန်သတိရလာသည်။
မေ့ပျောက်ခြင်းမြေတွင် အမှန်နှင့်အမှား၊ အမှားနှင့်အမှန်အကြား ခြားနားချက်ကို မည်သူမျှ မပြောနိုင်ပေ။ ၎င်းတွင် ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်များ ပါဝင်သည်။
ယခုတော့၊ ထိုစကားများက အမှန်ဖြစ်ပုံပင်။
"ညီအစ်ကိုသာ သတိမပေးခဲ့ရင် ငါတို့တွေ အခုထိ ပိတ်မိနေကြဦးမှာ ကြောက်ရတယ်"
လုဖူးကွေ့က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
သူက လမ်းလျှောက်နေသော အလောင်းကောင် မဖြစ်ချင်ပေ။
လင်ယွမ်အတွက်တော့ သူမ၏ ပါးပြင်နှစ်ဖက်က နီမြန်းလာသည်။
ဤသို့ဆိုလျှင်၊ သူမက တကယ်မရှိသောအရာကို မနာလိုခဲ့ခြင်း ဖြစ်မည်လော။
ဘုရင်မက ပုံရိပ်ယောင်သာဖြစ်ပြီး လူသားစင်စစ်မဟုတ်ပေ။
ထိုအတွေးက လင်ယွမ်ကို ရှက်ရွံ့သွားစေသည်။
ကံကောင်းထောက်မစွာ၊ ကျွင်းရှောင်ယောက်က စိတ်ထဲမထားခဲ့ပေ။
ထို့နောက်တွင် လူတိုင်းက အကြွင်းအကျန်များတည်ရှိရာ နတ်နယ်မြေသို့ နက်နက်နဲနဲ လျှောက်လှမ်းသွားကြသည်။
ကျွင်းရှောင်ယောက်၏ သတိပေးခြင်းခံရပြီးနောက် ဤနေရာရှိလူတိုင်းသည် သူ့ကို ပို၍ပင် လေးစားကြောင်း ပြသလာခဲ့ကြသည်။
လင်ယွမ်က ခေါင်းဆောင်ဖြစ်သော်လည်း သူ့ဩဇာပင် အနည်းငယ် လျော့ကျသွား၏။
သို့သော်လည်း သူက ဂရုမစိုက်ပေ။
ကျွင်းရှောင်ယောက်က တောက်ပလေလေ၊ သူမ၏ မြင်နိုင်စွမ်းက ကောင်းမွန်သည်ဟု ခံစားလာရလေပင်။
ချင်ယွမ်ချင်းကလည်း ရိုးသားနေပြီ ဖြစ်သည်။
သူက ပါးနပ်သူတစ်ဦးဖြစ်ပြီး တစ်စုံတစ်ခုကို ယောင်ဝါးဝါး မှန်းဆမိနေပြီ။
သို့သော်၊ သူ မယုံနိုင်သေးပေ။
ဤသို့ဖြင့် နောက်ထပ် လဝက်ကြာသွားသည်။
လင်ယွမ်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း နောက်ဆုံးတွင် နတ်နယ်မြေ၏အစွန်းသို့ ရောက်ရှိခဲ့ပေသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အားလုံးက အသက်ပြင်းပြင်းရှူလိုက်ကြသည်။
အကြောင်းမူ၊ နတ်နယ်မြေက မြေပြင်မရှိဘဲ လေဟာနယ်ချည်း ဖြစ်နေသောကြောင့်ပင်။
ထို့ပြင် တိုက်ကြီးတစ်ခုကဲ့သို့မဟုတ်ဘဲ...
လေထဲမှ ကျွန်းများကဲ့သို့ ဖြစ်သည်။
ဤကျွန်းများက လေဟာနယ်တွင် ဆိုင်းငံ့ထားပေသည်။
ကျွန်းများက များပြားလွန်းသဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် ထောင်သောင်းချီ၍ ရှိနေသည်။
ကျွန်းများပေါ်မှာလည်း ရှေးဟောင်း အဆောက်အအုံများစွာ ရှိနေသေးသည်။
အဖိုးတန်ဆေးပင်များ၏ ဆေးရနံ့များလည်း ပျံ့လွင့်နေသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ စနစ်၏အသံကို မကြားရသေးပေ။
ဤအရာက မေ့ပျောက်ခြင်းမြေ၏ အနက်ရှိုင်းဆုံးအပိုင်း မဟုတ်သောကြောင့် လက်မှတ်မထိုးနိုင်သေးကြောင်း ထင်ရှားသည်။
"ဒါက အမြင်မှားနေတာများလား"
လုဖူးကွေ့က တအံ့တဩ ပြောလိုက်သည်။
"မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
မေ့ပျောက်ခြင်းမြေတွင် အမှန်နှင့်အမှား၊ အမှားနှင့်အမှန်ကို ပိုင်းခြားရန် ခက်ခဲသည်။
သို့ရာတွင်၊ သူ၏ ရှေးဦးဝိညာဉ်က အဆင့်တက်သွားပြီးနောက် ခွဲခြားနိုင်စွမ်းရှိနေပြီ ဖြစ်သည်။
"ငါတို့ လမ်းခွဲသင့်ပြီထင်တယ်"
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ လူတိုင်းက အံ့ဩသွားပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
အမှန်ပင်။
ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အကြွင်းအကျန်နယ်မြေက ကျယ်ပြန့်လွန်းသည်။
ရှေးခေတ်အင်မော်တယ်ခုံရုံးသာမကဘဲ အင်မော်တယ်မျိုးရိုးကိုးခု၏ အကြွင်းအကျန်တချို့လည်း ရှိနေသေးသည်။
အကယ်၍ သူတို့က အဖွဲ့လိုက် ခရီးဆက်နေလျှင် အခွင့်အလမ်းများစွာကို လက်လွတ်ဆုံးရှုံးရမည်မှာ သေချာသည်။
လူတိုင်း၏ ကံကောင်းပုံခြင်းကလည်း မတူပေ။
ထို့ပြင်၊ အခွင့်အလမ်းတစ်ခုကို တွေ့လျှင်ပင် မည်သို့မျှဝေကြမည်နည်း။
လူတိုင်းက အကျိုးအမြတ်ကို ရရှိလိုသည်။
မော့ယန်းယုက တစ်ခွန်းမျှမပြောဘဲ ကျွင်းရှောင်ယောက်၏နောက်တွင် ရပ်လိုက်သည်။
သူမက ကျွင်းရှောင်ယောက်၏နောက်သို့လိုက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထင်ရှားပေသည်။
"ညီအစ်ကို၊ ငါတို့ အဖွဲ့ဖွဲ့ရအောင်"
လုဖူးကွေ့၏ မျက်လုံးများက အရောင်လက်လာသည်။
အကောင်ကြီးကြီးများနှင့် တွဲသွားပါက အသားမစားရလျှင်ပင် အရည်ကိုတော့ အမြဲသောက်ရဦးမည်။
မော့ယန်းယုက လုဖူးကွေ့ကို စိုက်ကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။
သူမက လုဖူးကွေ့ကို မကျေမနပ်ဖြစ်နေဆဲဖြစ်သော်လည်း...
ကျွင်းရှောင်ယောက်၏ ကြားဝင်ပေးမှုဖြင့် သူနှင့် လုဖူးကွေ့သည် အတော် တည်ငြိမ်လာခဲ့သည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
မူလကပင် သူသည် မော့ယန်းယုနှင့် လုဖူးကွေ့ကို အနိုင်ယူရန် စီစဉ်ခဲ့သည်။
သူတို့က လုမိသားစုနှင့် မော့မိသားစုကို အနိုင်ယူရာတွင် အသုံးဝင်လာလိမ့်မည်။
ချင်ယွမ်ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးမှာတော့ ဤဝတ်ရုံနက်ဝတ်လူကို ချန်ထားခဲ့နိုင်ပြီ။
လင်ယွမ်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
သူက ကျွင်းရှောင်ယောက်နှင့် အတူနေချင်၏။
သို့သော်လည်း သူသည် အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ဖြစ်သောကြောင့် ဧကရာဇ်ငယ်တစ်ပါး၏တာဝန်ကို ထမ်းဆောင်ရမည်။
အရေးကြီးဆုံးကတော့ သူ့တွင် ဝိညာဉ်နှစ်ခုရှိရသည့် အကြောင်းရင်းကို နားလည်ရန် လိုသည်။
ထို့ကြောင့် သူကိုယ်တိုင်လုပ်စရာများ အများကြီးရှိနေသေးပြီး ကျွင်းရှောင်ယောက်နှင့်အတူ ခရီးမထွက်နိုင်တော့ပေ။
ထို့နောက်တွင် လူတိုင်းက လူစုခွဲသွားကြသည်။
လင်ယွမ်က ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များနှင့်အတူ ရှိသည်။
ချင်ယွမ်ချင်းက အခြားသော ပါရမီရှင်များဖြင့် လိုက်ပါခဲ့၏။
ကျွင်းရှောင်ယောက်ကတော့ လုဖူးကွေ့နှင့် မော့ယန်းယုကို ခေါ်ဆောင်ကာ ထွက်ခွာခဲ့လေသည်။
လူစုခွဲချိန်တွင် လင်ယွမ်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ကာ တီးတိုး ပြောလိုက်သည်။
"သတိထားပါ"
ကျွင်းရှောင်ယောက်ကလည်း အသံပို့လွှတ်ပြီး ပြောလိုက်၏။
'ဘာကိုမှ တင်းခံထားစရာ မလိုဘူး၊ မင်းဘက်မှာ ငါ့ရှိသေးတယ်'
ထို့နောက်၊ ကျွင်းရှောင်ယောက်တို့သုံးဦးလည်း ကျွန်းများဆီသို့ ပျံသန်းသွားတော့သည်။
..........
လင်ယွမ်နှင့် အဖွဲ့က နတ်နယ်မြေသို့ ဝင်ရောက်လာသော တစ်ဦးတည်းသောသူ မဟုတ်ပေ။
အခြား အင်မော်တယ်မျိုးရိုးများကလည်း နတ်နယ်မြေသို့ ဝင်ရောက်လာခဲ့ကြသည်။
ဟုတ်ပေသည်၊ မေ့ပျောက်ခြင်းမြေတွင် ထာဝရ နေထိုင်တော့မည့် ပါရမီရှင်များလည်း ရှိခဲ့သည်။
သို့သော်လည်း ဒါက ပုံမှန်ပင်။
မဝင်ခင်ကတည်းက အန္တရာယ်ကို သတိပေးထားခဲ့သည်။
သင်သေသွားလျှင်ပင် တခြားသူများကို အပြစ်မတင်နိုင်ပေ။
ကျွင်းရှောင်ယောက်က လုဖူးကွေ့နှင့် မော့ယန်းယုကို ဦးဆောင်ကာ ကျွန်းများကို ဖြတ်သန်းသွားခဲ့သည်။
ဤကာလအတွင်း၌ ၎င်းတို့က အခွင့်အလမ်းငယ်များ၊ ဆေးပင်များ၊ ရှားပါးရတနာများ စသည်တို့ကို ရှာဖွေတွေ့ရှိခဲ့၏။
ကျွင်းရှောင်ယောက်ကတော့ ဒါတွေကို သိပ်စိတ်မဝင်စားဘဲ လုဖူးကွေ့နှင့် မော့ယန်းယုတို့အတွက် ထားခဲ့သည်။
တစ်စုံတစ်ယောက်၏ သစ္စာရှိမှုအတွက် မိမိဘက်ကလည်း ပေးအပ်သင့်သလောက် ပေးဝေရမည်။ ဤသဘောတရားကို သူ နားလည်သည်။
ထို့ပြင်၊ ဤရတနာများက ယခု ကျွင်းရှောင်ယောက်၏အမြင်တွင် မပြောပလောက်ပေ။
မော့ယန်းယု၏ မျက်နှာလေးမှာတော့ ပျော်ရွှင်မှုဖြင့် ဝင်းပနေခဲ့သည်။
သူသည် မော့မိသားစု၏ မျိုးဆက်သစ်ငါးဦးအနက်မှ တစ်ဦးဖြစ်သော်ငြားလည်း၊ ရတနာများကို ဤမျှလွယ်လွယ် မရရှိသေးပေ။
ယခုမူ၊ သူမက ကျွင်းရှောင်ယောက်နှင့် အချိန်တိုလေးသာရှိခဲ့ပြီး အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။
ယင်းက ကျွင်းရှောင်ယောက်၏ နောက်သို့လိုက်ရန် ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာစေခဲ့ပေသည်။
လုဖူးကွေ့လည်း ပျော်ရွှင်နေခဲ့သည်။
သူ့တွင် မရေရာသော မှန်းဆချက်တစ်ခုရှိသော်လည်း ကျွင်းရှောင်ယောက်ကို ပို၍ လေးစားလာ၏။
သူမှန်းဆတာမမှားလျှင်...
လုမိသားစု၏ သခင်လေးဟူသော သူ့အထောက်အထားက အမှန်တကယ် အရေးမပါပေ။
ရုတ်တရက်၊ ရှေ့မှ လျှောက်လှမ်းနေသော ကျွင်းရှောင်ယောက်က ရပ်တန့်သွားသည်။
"ရှေ့မှာ ကောင်းမွန်တာတစ်ခုခု ရှိပုံရတယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။
"ဘာလဲ"
လုဖူးကွေ့နှင့် မော့ယန်းယုတို့ နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးနေပုံရ၏။
ကျွင်းရှောင်ယောက်တွင် ကောင်းကင်ကျမ်းကိုးအုပ်မှ ရတနာကျမ်းရှိနေကြောင်း သူတို့ သဘာဝအတိုင်း မသိပေ။
ရတနာကျမ်းဖြင့် ကျွင်းရှောင်ယောက်သည် ရတနာနှင့်ပတ်သက်သော သဲလွန်စအချို့ကို လျှို့ဝှက်စွာ ရှာဖွေနိုင်သည်။
"ဟိုနေရာမှာပဲ"
ကျွင်းရှောင်ယောက်က တစ်နေရာကို လက်ညှိုးထိုးပြပြီး ရှေ့မှ လျှောက်သွား၏။
မကြာမီ၊ သူတို့၏ရှေ့တွင် တိုက်ခိုက်သံများ ထွက်ပေါ်လာတော့သည်။
"ဒါက... ချီယိုအင်မော်တယ်မျိုးရိုးလား"
ကျွင်းရှောင်ယောက်က ကြည့်လိုက်ပြီးနောက် အသိအကျွမ်းဟောင်းတချို့ကို တွေ့လိုက်ရသည်။
ယင်းက ကူတိကျစ်၏ မင်္ဂလာပွဲနေ့တွင် တွေ့ခဲ့ရသည့် ချီလုံ၊ ချီယုနှင့် ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များပင်။
သို့သော်လည်း ယခုအချိန်တွင် သူတို့၏အခြေအနေက နည်းနည်းဆိုးနေပုံရသည်။