← Chapters

အခန်း ၁၂၅၉

Vol. 84 Ch. 1259

အခန်း ၁၂၅၉

Vol. 84 Ch. 1259

အခန်း ( ၁၂၅၉ ) ကျစ်ယန်ထျန်းကျွင်းကို အမှုန့်ချေခြင်း။

သူတို့က မေ့ပျောက်ခြင်းမြေ အစွန်အဖျားရှိ ဖီးရှန်းရေတံခွန် အခွင့်အလမ်းအတွက် ယှဉ်ပြိုင်သောအခါ ကျွင်းရှောင်ယောက်၏ လှည့်စားခံခဲ့ရသည်။

"မင်း ငါတို့ရှေ့မှာ ဘယ်လိုပေါ်လာဝံ့တာလဲ"

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ မင်ယာက အေးစက်စက် ပြောလိုက်သည်။

သူက ကျွင်းရှောင်ယောက်ကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

ကျွင်းရှောင်ယောက်က ထိုနည်းလမ်းကို နောက်တစ်ကြိမ် အသုံးပြုမှာ သူ စိုးရိမ်သည်။

ကျစ်ယန်ထျန်းကျွင်း၏ မျက်လုံးများက လှောင်ပြောင်သရော်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

"မင်းရဲ့အားကိုးရာက စိတ်ဝိညာဉ်ကို ရှုပ်ထွေးသွားစေတဲ့ နည်းလမ်းမျိုးပဲလား။ ကံမကောင်းချင်တော့ ငါတို့က သတိထားနေပြီ"

၎င်းတို့သည် ယခင်က လှည့်ဖြားခံခဲ့ရခြင်းမှာ အတိတ်ပန်းပွင့်ကို လုံးဝ မသိထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤအကြောင်းကို ကြိုသိထားပါက ဤမျှအလွယ်တကူ လှည့်စားခံရမည် မဟုတ်ပေ။

"မော့ယန်းယု၊ မင်း ဘာဖြစ်လို့ သူနဲ့တွဲနေတာလဲ"

စန်းဂျူက ‌စိတ်ရှုပ်ထွေးစွာဖြင့် ကျွင်းရှောင်ယောက်၏ဘေးနားရှိ မော့ယန်းယုကို ကြည့်လိုက်သည်။

ယခင် ဖီးရှန်းရေတံခွန်မှ တိုက်ပွဲတွင် စန်းဂျူ၊ မော့ယန်းယုနှင့် အမှန်တရား၏သားတော်တို့က တစ်ဖွဲ့တည်းတွင် ရှိခဲ့ကြသည် မဟုတ်လော။

ထိုတိုက်ပွဲတွင် အမှန်တရား၏သားတော်က ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ခံခဲ့ရသည်။

မော့ယန်းယုကိုလည်း ဖက်တီးတစ်ယောက်က ဖမ်းဆီးသွား၏။

ထိုအချိန်က စန်းဂျူသည် မော့ယန်းယုကို အခြေအနေမကောင်းဟု ထင်ခဲ့သည်။

မထင်မှတ်ဘဲ၊ ယခု ပြန်တွေ့ရချိန်တွင် သူက ကျွင်းရှောင်ယောက်၏လူ ဖြစ်လာခဲ့ပေသည်။

"ဒါက နင်နဲ့မဆိုင်ပါဘူး"

"ဒါပေမဲ့ နင်က ငါ့ကို ဒီနေရာခေါ်လာပေးတဲ့အတွက် စေတနာနဲ့ အကြံပေးလိုက်မယ်။ ငါ့သခင်နဲ့ မယှဉ်နဲ့၊ သခင်ကို နင် လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး"

မော့ယန်းယုက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့အထောက်အထားကို မဖော်ထုတ်လိုသောကြောင့်၊ သူမက သဘာဝအတိုင်း ထုတ်ဖော်ပြောမည် မဟုတ်ပေ။

သို့ရာတွင်၊ သတိပေးခြင်းတော့ ပြုလုပ်နိုင်သည်။

လက်ရှိ မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်လာသူများထဲတွင် တိဟောက်ထျန်းကဲ့သို့ လူအနည်းငယ်သာ ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်နိုင်ပေသည်။

ကျွင်းရှောင်ယောက်၏ရှေ့တွင် တခြား ပါရမီရှင်များက ကြက်၊ငှက်များနှင့် မခြားပေ။

‌မော့ယန်းယုက စန်းဂျူကို‌ စေတနာကောင်းဖြင့် သတိပေးနေခြင်း ဖြစ်သည်။

သို့ရာတွင်၊ စန်းဂျူက ထိုစကားကိုကြားသောအခါ ကျေးဇူးတင်ခြင်းမရှိသည့်အပြင် သူ့မျက်နှာမှာလည်း အနည်းငယ်အေးစက်သွားသည်။

မည်သည့်ယောက်ျားမဆို၊ မိန်းကလေးတစ်ဦးထံမှ အခြားယောက်ျားထက် အားနည်းသည်ဟု အပြောမခံလိုပေ။

အရေးကြီးဆုံးက ‌မော့ယန်းယု၏ 'သခင်'ဆိုသော အသုံးအနှုန်း ဖြစ်သည်။

သူသည် အေးစက်ပြီး ခပ်တင်းတင်းနေတတ်ခြင်းကြောင့် နာမည်ကျော်ကြားသော်လည်း ယခုအခါ ဝတ်ရုံနက်ဝတ် အမျိုးသားကို သခင်ဟုခေါ်ရန် ဆန္ဒရှိနေပြီ။

ယင်းကြောင့် စန်းဂျူမှာ အနည်းငယ်လည်း အံ့အားသင့်ခဲ့ရသည်။

ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များလည်း စိတ်ရှုပ်ထွေးနေကြသည်။

ဝတ်ရုံနက်ဝတ် အမျိုးသားက မည်သူနည်း။ သူက အင်အားသုံးစုကို နှိုးဆော်ဝံ့သည်။

"မင်းက လင်ယွမ်အားကိုးနဲ့ ရောက်လာတာဆိုရင်တော့ မင်း အတွေးလွန်နေပြီလို့ ပြောလိုက်မယ်"

ကျစ်ယန်ထျန်းကျွင်းက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့ကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောသည်။

"မင်း မထွက်သွားရင် သေရလိမ့်မယ်"

"မင်းက သေတော့မဲ့လူပဲ"

ကျစ်ယန်ထျန်းကျွင်းက အေးစက်စက် ပြောလိုက်၏။ သူက မာနကြီးပြီး မည်သူ့ကိုမျှ ဂရုမစိုက်ပေ။

သူ့လက်ကို မြှောက်လိုက်သောအခါ၊ နတ်မီးတောက်များ လျှံတက်လာပြီး မီးနဂါးကြီးတစ်ကောင်အဖြစ်နှင့် ကျွင်းရှောင်ယောက်ဆီသို့ ပြေးသွားသည်။

ကျစ်ယန်ထျန်းကျွင်းက မီးလျှံများကို ထိန်းချုပ်နိုင်စွမ်းဖြင့် မွေးဖွားလာသူ ဖြစ်သည်။

သူသည် တိဟောက်ထျန်း၏ခေတ်တွင် အပြောင်မြောက်ဆုံး ဖျက်မြင်းများထဲမှ တစ်ဦးဖြစ်၏။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်အကြား အပူချိန်က သိသိသာသာ မြင့်တက်လာတော့သည်။

ဤနည်းလမ်းက စန်းဂျူ၊ မင်ယာနှင့် အခြားသူများ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။

'ဒီကောင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူက ရန်ယွင်မြင်းသည်တော်တွေမှာ တတိယအဆင့် ဖြစ်ထိုက်တယ်'

စန်းဂျူက သူ့စိတ်ထဲမှ တွေးလိုက်သည်။

'ရန်ယွင်မြင်းသည်တော်တွေထဲက ထိပ်ပိုင်းတွေတောင် အင်မော်တယ်မျိုးရိုးကြီးတွေရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တွေလောက် အစွမ်းထက်ပါတယ်။ တိဟောက်ထျန်းဆိုရင် ဘယ်လောက်တောင် အားကောင်းလိုက်မလဲ'

မင်ယာ၏ မျက်နှာမှာလည်း သိပ်ပြီးကြည့်မကောင်းတော့ပေ။

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးက မည်သည့် အင်မော်တယ်မျိုးရိုးကိုမျှ လက်အောက်ခံလိုစိတ် မရှိပါ။

တစ်ဖက်တွင်...

ကျစ်ယန်ထျန်းကျွင်းကို ရင်ဆိုင်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တို့ တောက်ပလာသည်။

ယခင်က စုံစမ်းမှုများအရ တားမြစ်မိသားစုများကို ဆက်သွယ်ပြီး လုပ်ကြံသတ်ဖြတ်ရန် စီစဉ်သူမှာ ကျစ်ယန်ထျန်းကျွင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

သူ့ကို တိဟောက်ထျန်းက အမိန့်ပေးခဲ့ခြင်းဖြစ်သော်လည်း အလွတ်မပေးနိုင်ပေ။

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကိုမြှောက်ပြီး တွန်းထုတ်လိုက်သည်။

နိယာမ စွမ်းအားက တဟုန်ထိုး တက်လာ၏။

ယခုအခါ၊ ကျွင်းရှောင်ယောက်က နိယာမသုံးဆယ်ကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ဒါက အဓိပတိနယ်ပယ်ခုနစ်ခုတွင် ရိုးရိုးရှင်းရှင်း တွေးတော၍မရပေ။

ယခုအချိန်တွင်၊ သူက သာမန်လူများကို ရင်ဆိုင်ရန် အများကြီး လှုပ်ရှားနေစရာ မလိုတော့ပါ။

လောက၏ ထိပ်သီးအကျော်အမော်များကြားမှ တိုက်ပွဲကဲ့သို့ ရိုးရိုးရှင်းရှင်း တိုက်ထုတ်နိုင်သည်။

သူ၏ လှုပ်ရှားမှုတိုင်းက မဟာလမ်းစဉ်ကို ပြသထား၏။

ကျွင်းရှောင်ယောက်က ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း ထိုကဲ့သို့သော အပြုအမူမျိုးကို စတင်လုပ်ဆောင်နေပြီ။

"ဝုန်း"

မီးနဂါးကြီးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လက်ဝါးအင်အားက ထိုမျှနှင့်မရပ်ဘဲ ကျစ်ယန်ထျန်းကျွင်းဆီသို့ ဆက်လက်တိုးဝင်သွား၏။

ကျစ်ယန်ထျန်းကျွင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

သူသည် ဗုဒ္ဓ၏လက်ဝါးဖြင့် ဖိခံရသော ဒဏ္ဍာရီလာ ကျောက်တုံးမျောက်ကဲ့သို့ ခံစားနေရ၏။ စွမ်းအားကင်းမဲ့သလို ခံစားလိုက်ရသည်။

သူသည် တိဟောက်ထျန်းနှင့် တိုက်ပွဲဝင်စဉ်တွင်သာ ဤခံစားချက်ကို ခံစားဖူးပေသည်။

သို့ရာတွင်၊ ထိုအချိန်က တိဟောက်ထျန်းပင်လျှင် သူ့အား အလွန်အမင်း ဖိအားပေးသည့် ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ပါ။

"မင်းက ဘယ်သူလဲ"

ကျစ်ယန်ထျန်းကျွင်းက အော်လိုက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကို စကားပြောရန်ပင် စိတ်ကူးမရှိပေ။

"ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းခြင်း"

ကျစ်ယန်ထျန်းကျွင်းက မတုံ့ဆိုင်းတော့ဘဲ သူ၏ အဆုံးစွန်နည်းလမ်းကို အသုံးပြုလိုက်သည်။

မရေမတွက်နိုင်သော မီးတောက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

ထိုမီးတောက်များတွင် တစ်ခုစီက ရှားပါးသော မီးလျှံအမျိုးအစားဖြစ်ကာ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်လောက်အောင် အစွမ်းထက်သည်။

မီးတောက်တစ်သောင်း စုဝေးခြင်းက ကမ္ဘာတစ်ခုလုံးကို လောင်ကျွမ်းပြီး ပျက်သုဉ်းသွားစေနိုင်ပေသည်။

မည်သူမဆို၊ ဤမီးတောက်များထဲတွင် ပိတ်မိပါက မီးလောင်ပြာကျမည်မှာ သေချာသည်။

သို့သော်...

ကျစ်ယန်ထျန်းကျွင်း၏ အဆုံးစွန်နည်းလမ်းကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲပင်။

နိယာမသုံးဆယ်၏ စွမ်းအားက သူ့လက်ဝါးတွင် စီးဆင်းလာပြီး မီးအားလုံးကို တိုက်ရိုက် ငြိမ်းသေသွားစေသည်။

ထို့နောက် သူ့လက်တစ်ဖက်ဖြင့် ကျစ်ယန်ထျန်းကျွင်းကို တိုက်ရိုက်ဖမ်းဆုပ်လိုက်၏။

ဤမြင်ကွင်းက သူတို့ပတ်ဝန်းကျင်မှ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ဒါက တကယ်ကို အံ့ဩဘနန်းမြင်ကွင်းပင်။

သူသည် တိဟောက်ထျန်းကိုပင် စိန်ခေါ်နိုင်ခဲ့သော ပါရမီရှင်၊ ဖျက်မြင်းတစ်ကောင် ဖြစ်သည်။

ယခုတော့ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ ဖမ်းဆီးခံလိုက်ရပြီ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ မျိုးဆက်ဟောင်း တစ်ယောက်ယောက်က ခိုးဝင်လာတာ ဖြစ်နိုင်မလား"

ဆံနီမိစ္ဆာနှင့် အခြားသူများလည်း တုန်လှုပ်သွားကြသည်။

တိဟောက်ထျန်းဆိုလျှင်ပင် ကျစ်ယန်ထျန်းကျွင်းကို ဖိနှိပ်ရန် အချိန်တစ်ခု လိုလိမ့်မည်။

"သတ်"

ဆံနီမိစ္ဆာက ကျစ်ယန်ထျန်းကျွင်းကို ကယ်တင်ရန် ချက်ချင်း လှုပ်ရှားလိုက်သည်။

တခြား ရန်ယွင်မြင်းသည်တော်များကလည်း တိုက်ခိုက်လိုက်၏။

ပထမနှင့်ဒုတိယအဆင့်ရှိသော ယုဟွေ့နှင့် ယုမော့တို့က ဤနေရာတွင်မရှိပေ။

စတုတ္ထအဆင့်ရှိသော ပုလော့ရွယ်လည်း ထိုနေရာတွင် မရှိပါ။

သို့ရာတွင် ရန်ယွင်မြင်းသည်တော်များအနက် နံပါတ်ခြောက်ဖြစ်သော ထျန်းကျန်းကျစ်၊ ခုနစ်ယောက်မြောက် မန်ဝမ်နှင့် အခြားသူများအားလုံး ရှိကြသည်။

သူတို့တစ်ဦးစီက အားကောင်းသော တိုက်ခိုက်နိုင်စွမ်းဖြင့် အစွမ်းထက်ကြ၏။

ထျန်းကျန်းကျစ်က သူ့လက်ကို မြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများဖြင့် သတ်ဖြတ်ခြင်းအစီရင်တစ်ခုကို ပြုလုပ်လိုက်သည်။

မန်ဝမ်ကလည်း ကောင်းကင်သို့မော့၍ မာန်သွင်းအော်ဟစ်သည်။ သူ့ခန္ဓာကိုယ်က ထွားကျိုင်းလာပြီး ဆယ်ပေအထိ မြင့်မားသွား၏။ သူ့အရှိန်အဝါက ကြောက်စရာကောင်းလှသည်။

၎င်းတို့အားလုံးက ခေတ်တစ်ခေတ်၏ အပြောင်မြောက်ဆုံးသော ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော်၊ ထိုကဲ့သို့ ပါရမီရှင်များကို ရင်ဆိုင်ရချိန်မှာပင် ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲသေးပေ။ သူက တခြားလက်တစ်ဖက်နှင့် ရိုက်ထုတ်လိုက်သည်။

ကောင်းကင်ကြီး ပြိုကျသကဲ့သို့ အရာအားလုံးက အမှောင်ကျသွား၏။

ကြောက်စရာကောင်းသော စွမ်းအားမျိုးဖြင့် လက်ဝါးကြီးတစ်ဖက်က ရိုက်ချလာတော့သည်။

ထျန်းကျန်းကျစ်၊ မန်ဝမ်နှင့် အခြား ရန်ယွင်မြင်းသည်တော်များမှာ အမှုန်အမွှားပင်မကျန်အောင် ရိုက်ခံလိုက်ရသည်။

အင်အားကွာခြားချက်က ကြီးမားလွန်းပေသည်။

ဤမြင်ကွင်းက စန်းဂျူ၊ မင်ယာနှင့် အခြားသူများကို သွေးပျက်သွားစေခဲ့သည်။

ဤစွမ်းအားက အလွန်ကြောက်စရာကောင်း၏။

တိဟောက်ထျန်းအပြင် မည်သူက တားဆီးနိုင်မည်နည်း။

မျိုးစေ့အဆင့် ပါရမီရှင်များအားလုံးက သူ့ရှေ့တွင် အလွန်အားနည်းနေပုံရသည်။

"မင်းဘယ်သူလဲ"

ကျစ်ယန်ထျန်းကျွင်းက ကြောက်လန့်တကြားဖြင့် အော်ဟစ်ရုန်းကန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ မီးလျှံများကလည်း တဟုန်းဟုန်း တောက်လောင်နေ၏။

သို့သော်လည်း သူက နိယာမလက်ကြီးမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ရှာပေ။

"ပုရွက်ဆိတ်က ငါ့နာမည်ကို သိရဖို့ မထိုက်တန်ဘူး"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။

"ဝုန်း"

ကျစ်ယန်ထျန်းကျွင်း၏ ခန္ဓာကိုယ်က နိယာမလက်ဝါးကြီးထဲတွင် ဖုန်မှုန့်များအဖြစ် ကြေမွသွားတော့သည်။

All Chapters