အခန်း ၁၂၈၆
Vol. 86 Ch. 1286
အခန်း ( ၁၂၈၆ ) လင်ယွမ်၏ မူလဇာစ်မြစ်။
စင်စစ်တွင်၊ တုန်ဟွဧကရာဇ်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားသည်။
သူ့အတွက် ဤအပြစ်စွမ်းအားကို ဖယ်ရှားရန် မဖြစ်နိုင်တာ မဟုတ်ပေ။
နောက်ဆုံးတွင်၊ သူက ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာဆယ်ခုကိုပင် အမိန့်ပေးနိုင်သော အင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်သည်။
သူ အတင်းအကြပ်လုပ်ပါက ဤအပြစ်စွမ်းအားကို ဖယ်ရှားနိုင်သည်။
သို့ရာတွင်၊ ယွမ်ချယ်ကိုယ်တိုင်လည်း အန္တရာယ်ရှိလိမ့်မည်။
သူက အပြစ်ကင်းစင်သော သာမန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးမျှသာ ဖြစ်သည်။
သူ့တွင် ဧကရာဇ်၏သွေးမျိုးဆက်လည်း ရှိ၏။
သို့သော်လည်း မဟာအပြစ်သားစွမ်းအားတွေကြောင့် လေ့ကျင့်ရန် မလွယ်ခဲ့ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးက သက်ပြင်းချလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် အဖေ၊ အဆင်မပြေရင်လည်း မေ့လိုက်ပါတော့..."
ယွမ်ချယ်က မျက်ရည်များကိုထိန်းထားရင်း ပြောလိုက်သည်။
"မဟုတ်ဘူး၊ တခြားနည်းလမ်း ရှိသေးတယ်"
တုန်ဟွဧကရာဇ်က လေးနက်စွာ ပြောသည်။
တက်ရောက်သူအားလုံး အံ့အားသင့်သွားကြ၏။
တုန်ဟွဧကရာဇ်က ပြောလိုက်သည်။
"သမီးရဲ့ စိတ်ဝိညာဉ်ကို သုံးပိုင်းခွဲပြီး ကောင်းကင်၊ မြေကမ္ဘာနဲ့ လူသား ဝိညာဉ်သုံးခုအဖြစ် ပြောင်းလဲရမယ်"
"မင်းရဲ့ မူခန္ဓာကိုယ်နဲ့ ကောင်းကင်ဝိညာဉ်ကို မဟာအပြစ်တွေနဲ့ တံဆိပ်ခတ်ထားပြီး အိပ်စက်နေစေမယ်"
"အနာဂတ်မှာ မင်းရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ ရွှေခေတ်တစ်ခုကို ရောက်လာမယ်လို့ ငါ ယုံကြည်တယ်"
"မြေဝိညာဉ်နှင့် လူသားဝိညာဉ်ကိုတော့ ဧကရာဇ်ရှီနဲ့ ဧကရာဇ်ဝါရဲ့ မူလရင်းမြစ်နဲ့ ပေါင်းစပ်ပြီးတော့ ပြန်လည်ဝင်စားခြင်းရေဝဲထဲ ပစ်ထည့်ပြီး သီးခြားစီ လေ့ကျင့်ပါစေ"
"တကယ်လို့ ရွှေခေတ်ကို ရောက်လာတဲ့အခါ ကျန်တဲ့ ဝိညာဉ်နှစ်ခုကို ငါ့သမီးဆီ ပြန်လာခွင့်ပေးမယ်"
"ဒီနည်းနဲ့ မဟာအပြစ်ကို ဖယ်ရှားနိုင်ရုံမကဘဲ ဧကရာဇ်နှစ်ပါးခန္ဓာလည်း ဖြစ်လာနိုင်ပြီး ကမ္ဘာကို လွှမ်းမိုးနိုင်လိမ့်မယ်"
ယွမ်ချယ်က သူ၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။
တုန်ဟွဧကရာဇ်က သူ့ကို များစွာတွေးပေးခဲ့ပေသည်။
နောက်ဆုံးတွင်၊ လူတစ်ယောက်က စွမ်းအားကြီးမားလေလေ၊ မျိုးဆက်ရရှိရန် ခက်ခဲလေ ဖြစ်သည်။
သူ့တွင် ဤသမီးလေး တစ်ယောက်တည်းရှိသဖြင့် သဘာဝအတိုင်း အရာရာကို တွေးပေးရပေသည်။
"အရှင်ဧကရာဇ်က ဉာဏ်ပညာကြီးမားပါပေတယ်"
အခြားသူများက ပြောဆိုလိုက်ကြသည်။
သို့သော်လည်း တိဟောက်ထျန်းကို အကဲခတ်နေသည့် လူများစွာလည်း ရှိသေးသည်။
ဤနည်းလမ်းက တကယ်ဖြစ်ခဲ့မည်ဆိုလျှင် ဤမင်္ဂလာပွဲက...
တုန်ဟွဧကရာဇ်ကလည်း တိဟောက်ထျန်းကို ကြည့်လိုက်သည်။
"တိဟောက်ထျန်း၊ မင်းတို့ရဲ့ မင်္ဂလာပွဲက မပြီးသေးပေမဲ့ မင်းတို့တွေ အမြဲရှိနေဖို့ခက်တယ်"
"အခုလို သူ့မှာ အပြစ်စွမ်းအားတွေ ရှိသေးချိန်မှာ မင်း လက်ခံဖို့ ဆန္ဒရှိရဲ့လား"
တိဟောက်ထျန်း၏ အမူအရာက မပြောင်းလဲသော်လည်း သူ့မျက်လုံးများက သိမ်မွေ့သော အပြောင်းအလဲတစ်ခု ပေါ်လာသည်။
အမှန်အတိုင်းဆိုရလျှင်၊ အပြစ်စွမ်းအားများကို ဖိနှိပ်နိုင်သော စွမ်းအားမရှိဘဲ ယွမ်ချယ်နှင့် နီးစပ်ခြင်းက အမှန်တကယ် အန္တရာယ်များပေသည်။
ယွမ်ချယ်ကလည်း နှုတ်ဆိတ်နေသည့်တိုင် သူမ၏ ကြည်လင်လှပသော မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
အချိန်နှင့် အခက်အခဲများက လူတို့၏နှလုံးသားအစစ်အမှန်ကို ဖော်ထုတ်ပြနိုင်သည်။
တိဟောက်ထျန်းက သူမကို အလေးထားသော်လည်း တကယ်တမ်းမှာတော့ အပြစ်နှင့် ကံကြမ္မာဆိုးတို့ကို ကြောက်ရွံ့နေသေးသည်။
ထိုအချိန်...
ကြည်လင်ပြတ်သားသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီမင်္ဂလာပွဲကို ကျုပ် သဘောမတူဘူး"
အသံက မကျယ်သော်လည်း လင်ရှောင်နန်းတော်တစ်ခုလုံး ပျံ့နှံ့သွား၏။
ဤအသံကို ကြားလိုက်ရပြီးနောက် ယွမ်ချယ်၏ ခန္ဓာကိုယ်ကလေးက ဆတ်ခနဲ တုန်သွားသည်။
ပတ်ဝန်းကျင်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။
နောက်ဆုံးတွင် ဤမင်္ဂလာပွဲကို တုန်ဟွဧကရာဇ်ကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။
ဘယ်သူက ဤနေရာတွင် ကန့်ကွက်ဝံ့သနည်း။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်အား လက်မခံပါဟု မည်သူက ပြောဝံ့သနည်း။
ထို့နောက်တွင် ရောက်ရှိလာကြသော လူအများကြားမှ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူ့အသွင်က ချောမောပြီး နတ်တစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။
"သူကဘယ်သူလဲ"
"အင်မော်တယ်ခုံရုံးရဲ့ အရေးပါတဲ့ပွဲတော်ကို အပြင်လူတစ်ယောက်က ဘယ်လိုကြောင့် ရောက်နေတာလဲ"
“မွေးကင်းစ နွားလေးတွေက ကျားကို တကယ်မကြောက်ဘူး။ သူတို့က ဧကရာဇ်အရှင်ကိုတောင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲတယ်"
စကားသံများ ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ ထွက်ပေါ်လာမှုက အားလုံး၏ အာရုံကို ဆွဲဆောင်ခဲ့ပေသည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ယံ၌ ထိုင်နေသော တုန်ဟွဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
သူက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးဧကရာဇ် ဖြစ်ထိုက်၏။
၎င်း၏အသွင်အပြင်ကို မေ့ပျောက်ခြင်းတိုင်းပြည်ကပင် ထင်ရှားစွာ အတုယူ၍မရနိုင်ပေ။
နောက်ဆုံးတွင်၊ ထိုသို့သောတည်ရှိမှု၏ ခွန်အားက စိတ်ကူးမယဉ်နိုင်ပါ။
သူ့နာမည်ကို ရွတ်ရုံဖြင့်ပင် တုံ့ပြန်မှုများ ရှိလာနိုင်သည်။
ထို့ကြောင့် မေ့ပျောက်ခြင်းမြေ၏ အလိုတော်က တုန်ဟွဧကရာဇ်၏ အသွင်အပြင်ကို ထင်ရှားစွာ မဖော်ပြနိုင်ပေ။
ယခင်က ကျွင်းရှောင်ယောက်ဟာ လူအုပ်ကြားတွင် ပုန်းအောင်းနေခဲ့သည်။
သို့သော်လည်း ယခုအချိန်မှာ သူက အရာအားလုံးကို နားလည်သွားပြီ။
ယွမ်ချယ်နှင့် လင်ယွမ်က အဘယ်ကြောင့် ဆင်တူကြသနည်း။
သူ့ ခန့်မှန်းချက် မမှားလျှင် လင်ယွမ်နှင့် နတ်သမီးယွမ်တို့က ယွမ်ချယ်၏ မြေဝိညာဉ်နှင့် လူသားဝိညာဉ် ဖြစ်သင့်သည်။
လင်ယွမ်က ခန္ဓာတစ်ခုနှင့် ဝိညာဉ်နှစ်ခုဖြစ်ရခြင်း အကြောင်းရင်းမှာတော့...
ကျွင်းရှောင်ယောက်သည် ၎င်းက ပြန်လည်ဝင်စားခြင်းဖြစ်စဉ်တွင် ပြဿနာဖြစ်ခဲ့သည်ဟု ခန့်မှန်းခဲ့မိသည်။
မြေဝိညာဉ်နှင့် လူသားဝိညာဉ်က ရောထွေးသွား၏။
ဧကရာဇ်ဝါ၏ မြင့်မြတ်ခန္ဓာမူလက ဝိညာဉ်နှစ်ခုစလုံးတွင် ပေါင်းစပ်သွားသည်။
ဖူရှီမြင့်မြတ်ခန္ဓာ၏ မူလရင်းမြစ်ကတော့ ကူတိကျစ်ထံသို့ ရောက်ရှိခဲ့ပေသည်။
ယခုတော့ ကျွင်းရှောင်ယောက်က တိဟောက်ထျန်း၏ အစီအစဉ်ကို ပို၍ နားလည်လာပြီ ဖြစ်သည်။
သူက အိပ်မက်ရေစီးကြောင်းတွင် ယွမ်ချယ်၏ ကောင်းကင်ဝိညာဉ်နှင့် ပတ်သက်မှုတစ်ခု ပထမဆုံး ဖန်တီးလိုသည်။
သူ့အရိပ်ကို သူမ၏ နှလုံးသားထဲမှာ ထားခဲ့လိမ့်မည်။
ထို့နောက် ကူတိကျစ်ကို သတ်ခြင်းဖြင့် ရရှိလာသော ဖူရှီမြင့်မြတ်ခန္ဓာ၏ မူလရင်းမြစ်ကို ပေးအပ်မည် ဖြစ်သည်။
နောက်ဆုံးတွင် လင်ယွမ်ကိုလည်း ဖိနှိပ်ခဲ့ပြီး ယွမ်ချယ်၏ ဝိညာဉ်သုံးခုကို ပေါင်းစည်းစေပေမည်။ ဤနည်းဖြင့် ဧကရာဇ်နှစ်ပါး၏ မူလရင်းမြစ်ကို လင်ယွမ်မှ ရရှိမည် ဖြစ်သည်။
ဤနည်းလမ်းများအောက်တွင် စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးများပင်လျှင် ကျဆင်းသွားလိမ့်မည်။
ယွမ်ချယ်၏ အဆင့်အတန်း၊ ဩဇာအာဏာနှင့် ခွန်အားတို့နှင့်အတူ...
တိဟောက်ထျန်းက အင်မော်တယ်ခုံရုံးတစ်ခုလုံးကို ပေါင်းစည်းနိုင်မည် ဖြစ်သည်။
ယွမ်ချယ်က အင်မော်တယ်ခုံရုံး၏ ဧကရီဖြစ်ပြီး တိဟောက်ထျန်းက ဧကရာဇ်ဖြစ်လာမည် ဖြစ်၏။
ဤလမ်းကြောင်းက အမှန်တကယ် အဆင်ပြေပြီး သူ၏ရည်မှန်းချက်ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
တိဟောက်ထျန်း၏ အစီအမံက အပြစ်အနာအဆာမရှိဘဲ အမှန်တကယ် ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
ကံမကောင်းစွာ...
တိဟောက်ထျန်းတွင် ပြန်လည်မွေးဖွားခြင်း၏ မှတ်ဉာဏ်များရှိသော်လည်း ကျွင်းရှောင်ယောက်၏ လုပ်ရပ်ကို မခန့်မှန်းနိုင်ခဲ့ပေ။
ကျွင်းရှောင်ယောက်က ခိုးဝင်လာပြီး သူ၏ ပြီးပြည့်စုံသော အစီအစဉ်ကို ဖောက်ဖျက်လိမ့်မည်ဟုလည်း မျှော်လင့်ထားမည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်အတွက်တော့ ယခုအချိန်က တိဟောက်ထျန်း၏ အစီအစဉ်ကို ဖျက်ဆီးရန် အရေးကြီးဆုံးအချိန် ဖြစ်သည်။
သူက တိဟောက်ထျန်းနှင့် ယွမ်ချယ်တို့၏ မင်္ဂလာပွဲကို တားဆီးချင်သည်။
"ဒါက မင်းပဲ၊ မင်း ဒီနေရာကို လာဝံ့သေးတယ်လား"
တိဟောက်ထျန်း၏ မျက်လုံးများက အေးစက်သော အလင်းရောင်များဖြင့် ပြည့်နေပြီး ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
"ရပ်လိုက်"
ယွမ်ချယ်က ပြေးထွက်သွားပြီး ကျွင်းရှောင်ယောက်၏ရှေ့တွင် ပိတ်ရပ်လိုက်၏။
သူမသည် ယခင်က အပြစ်စွမ်းအားကို ဖိနှိပ်မှု ကျရှုံးခဲ့ချိန်မှာပင် မျက်ရည်မကျခဲ့ပေ။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက် ပေါ်လာတာကို မြင်လိုက်ရပြီးနောက် မျက်ရည်ကျခဲ့မိသည်။
အင်မော်တယ်ခုံရုံးရှိ လူအားလုံး၏ မျက်လုံးများက ထူးဆန်းသော အရောင်များ တောက်ပလာတော့သည်။
ဒီနေရာမှာ ဇာတ်လမ်းလေးတစ်ခု ရှိရမယ်။
အချို့လူများက တိဟောက်ထျန်းအား သနားနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
အစိမ်းရောင် အငွေ့အသက်များက လေထဲတွင် ပြည့်နေသကဲ့သို့ပင်။
ထို့နောက်တွင် အကြည့်အားလုံးက တုန်ဟွဧကရာဇ်ဆီသို့ ဦးတည်သွားကြသည်။
တုန်ဟွဧကရာဇ်ကလည်း ကျွင်းရှောင်ယောက်ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လာ၏။
ကျွင်းရှောင်ယောက်က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
တုန်ဟွဧကရာဇ်၏ မျက်လုံးများက အမှန်တကယ် အသက်ရှင်နေသူတစ်ဦးလို ခံစားရ၏။
ယင်းက မယုံနိုင်စရာကောင်းသည်။
ဤလူများအားလုံးက အိပ်မက်ထဲမှလူများဖြစ်ကြောင်း သူ ကောင်းကောင်းသိပေသည်။
အိပ်မက်ထဲမှ လူများက မည်ကဲ့သို့ အသက်ရှိနေနိုင်မည်နည်း။
ယခုတော့ တုန်ဟွဧကရာဇ်၏ မျက်လုံးအကြည့်များက အမှန်နှင့်အမှားကြားမှ နယ်နိမိတ်ကို ဖြတ်သန်းပြီး သူ့အပေါ်သို့ ကျရောက်လာသလို ခံစားလိုက်ရသည်။
"ခန့်မှန်းလို့မရနိုင်တဲ့ ကွဲလွဲမှုတစ်ခုလား"
တုန်ဟွဧကရာဇ်က ရေရွတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တုန်လှုပ်သွား၏။
တုန်ဟွဧကရာဇ်က သူ့ကို အမှန်တကယ် မြင်နေခဲ့တာလား။
ကောလဟာလများအရ၊ ဒဏ္ဍာရီလာ အကျော်အမော်များသည် သူတို့နာမည်ကို အော်ပြောလျှင်ပင် သိရှိနိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း လက်ရှိ တုန်ဟွဧကရာဇ်က မေ့ပျောက်ခြင်းမြေ၏အလိုတော် တည်ဆောက်ထားသော အိပ်မက်ထဲမှ ထင်ယောင်ထင်မှားတစ်ခုမျှသာ ဖြစ်သည်။ သူ၏ အစစ်အမှန်ကို မည်ကဲ့သို့ ပြသနိုင်မည်နည်း။
ကျွင်းရှောင်ယောက်က စိတ်ရှုပ်ထွေးနေချိန်တွင်...
တုန်ဟွဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။
"သူ့ကို ငရဲကြီးဆယ့်ရှစ်ထပ်ကိုပို့ပြီး နှိပ်စက်မှုတွေ ခံစားစေ"