အခန်း ၁၃၀၁
Vol. 87 Ch. 1301
အခန်း ( ၁၃၀၁ ) တိဟောက်ထျန်းကို အနိုင်ယူခြင်း။
ကျွင်းရှောင်ယောက်၏ အသံက စကြာဝဠာ အနှံ့ ပျံ့နှံ့သွားသည်။
ကမ္ဘာဦးကျမ်း၏ စတုတ္ထပုံစံ၊ နတ်ဘုရားများ၏ အကျဉ်းထောင်။
ဒါက အိပ်မက်ထဲမှ ငရဲကြီးဆယ့်ရှစ်ထပ်တွင် ကျွင်းရှောင်ယောက် နားလည်သဘောပေါက်ခဲ့သော စွမ်းရည် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ စကားသံ ထွက်ပေါ်လာပြီးနောက်...
ပတ်ဝန်းကျင် လေဟာနယ်တွင် ထူးခြားသော မြင်ကွင်းအလွှာများ ပေါ်လာခဲ့သည်။
အနီးကပ်ကြည့်လိုက်ပါက ငရဲအလွှာများ ရှိနေတာကို တွေ့ရလိမ့်မည်။
လျှာဖောက် ငရဲ၊ ကတ်ကြေး ငရဲ၊ သံဆူးသစ်ပင် ငရဲ၊ ပြစ်မှုမြင်ကြေးမုံ ငရဲ၊ ရေနွေးငွေ့ ငရဲ၊ ကြေးနီတိုင်ငရဲ၊ ဆီပူအိုး ငရဲ ၊ ခန္ဓာကိုယ်ပိုင်းဖြတ်ခြင်း ငရဲ...
ဓားတောင် ငရဲ၊ ရေခဲတောင် ငရဲ၊ လျှာဆွဲ ငရဲ၊ ဖိနှိပ်ကြိတ်ချေခြင်း ငရဲ၊ မြှားမိုး ငရဲ၊ သွေးကန် ငရဲ၊ အမြဲမပြတ် ငရဲ၊ အမှောင်ထု ငရဲ၊ သံပူခင်း ငရဲ၊ သံနွား ငရဲ စသည်တို့ ဖြစ်သည်။
ဤအခိုက်တွင် ကမ္ဘာကြီးက ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်သွားသကဲ့သို့ ထင်ရသည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးအထက်တွင် ရပ်တည်နေပြီး သက်ရှိသတ္တဝါအားလုံးကို ပြစ်ဒဏ်စီရင်မည့် ပျက်စီးခြင်းနတ်ဘုရားကဲ့သို့ပင်။
ဤသည်မှာ ကျွင်းရှောင်ယောက်က နားလည်သဘောပေါက်ခဲ့သော စတုတ္ထမြောက် စွမ်းရည် ဖြစ်သည်။
ဤနတ်ဘုရားစွမ်းရည် ထွက်လာသည်နှင့် တပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကြည့်ရှုနေကြသည့် မရေတွက်နိုင်သော ကျင့်ကြံသူများ တုန်လှုပ်သွား၏။
ထိုစွမ်းအားကို ခံစားလိုက်မိပြီးနောက် လူတိုင်းက တစ်ကိုယ်လုံးရှိသွေးများ အေးခဲသွားသလို ခံစားလိုက်ကြရသည်။
"ရှေးခေတ် အင်မော်တယ်ခုံရုံးရဲ့ ကြောက်စရာကောင်းဆုံး ပြစ်ဒဏ်စီရင်ခြင်းနည်းလမ်း ငရဲကြီးဆယ့်ရှစ်ထပ်ကို ကျွင်းရှောင်ယောက် သူ့ကိုယ်ပိုင်စွမ်းရည်အဖြစ်သို့ ပြောင်းလဲခဲ့ပုံရတယ်"
စောင့်ကြည့်နေသော ကျင့်ကြံသူများကို မဆိုထားဘိ၊ အင်မော်တယ်ခုံရုံးရှိ အကျော်အမော်များပင် အနည်းငယ် ထိတ်လန့်သွားကြသည်။
ငရဲကြီးဆယ့်ရှစ်ထပ်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အလွန်ကြောက်စရာကောင်းသော ပြစ်ဒဏ်စီရင်ရာနေရာဖြစ်သည်။
ဧကရာဇ်တစ်ပါးပင်လျှင် ကျရောက်သွားပြီးနောက် ပြန်ထွက်နိုင်ရန် ခက်ခဲသည်ဟု ဆိုကြပေသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကြောက်စရာကောင်းဆုံးသော တားမြစ်နယ်မြေကို သူ၏ နတ်ဘုရားစွမ်းရည်အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ဒါကမှ မကောင်းဆိုးရွားမဟုတ်လျှင် ဘာဖြစ်ဦးမည်နည်း။
အင်မော်တယ်ခုံရုံးမှ လူများ၏ နှလုံးသားတွင် မကောင်းသော ခံစားချက်များကို ခံစားလာခဲ့ရသည်။
အင်မော်တယ်ခုံရုံးက ယခုအချိန်တွင် မျိုးရိုးများ ကွဲပြားနေသော်လည်း အနည်းဆုံးတော့ အပြင်လူများနှင့် ရင်ဆိုင်ရာတွင် ညီညွတ်ကာ ကြွယ်ဝနေသေးသည်။
တိဟောက်ထျန်း ရှုံးနိမ့်ပါက သူတို့ အင်မော်တယ်ခုံရုံးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်သည်။
ထို့ပြင်၊ ဤကဲ့သို့ လူအများ၏အလယ်မှာ အင်မော်တယ်ခုံရုံးအနေဖြင့် တိုက်ပွဲတွင် ဝင်စွတ်ဖက်ရန် မဖြစ်နိုင်ပေ။
ဒါက အင်မော်တယ်ခုံရုံးကို ပို၍ အရှက်ကွဲစေနိုင်သည်။
ထို့ကြောင့် လူတိုင်းက အသက်ပြင်းပြင်းရှူပြီး စောင့်ကြည့်နေကြတော့သည်။
ငရဲအလွှာများက တိဟောက်ထျန်းဆီသို့ ပြိုကျသွားသည်။
၎င်းက တိဟောက်ထျန်းကို ငရဲကြီးဆယ့်ရှစ်ထပ်သို့ ပို့လွှတ်လိုက်သလိုပင်။
သူက မည်မျှပင် ရုန်းကန်နေပါစေ၊ အဆုံးမဲ့ရေကန်ထဲတွင် ပိတ်မိနေသလို ခံစားနေခဲ့ရသည်။
သူအသုံးပြုခဲ့သော ဧကရာဇ်၏ဓားသိုင်း စွမ်းအားက အမှန်တကယ်ပင် အဆုံးမရှိပေ။
သို့သော်လည်း ဤငရဲဆယ့်ရှစ်ထပ်ကိုတော့ မဖြတ်နိုင်တော့ပါ။
နောက်ဆုံးတွင်၊ ဒါက ကျွင်းရှောင်ယောက်ကိုယ်တိုင် နားလည်သဘောပေါက်ထားသော နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ၎င်းက ကျိုးပေါက်လွယ်မည်ဆိုလျှင် ကျွင်းရှောင်ယောက် ဖန်တီးထားသော နတ်ဘုရားစွမ်းရည် မဖြစ်ထိုက်ပေ။
"ဝုန်း"
အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများက တိဟောက်ထျန်းကို စတင်နှိပ်စက်ခဲ့ကြသည်။
တိဟောက်ထျန်းက ငရဲပြည်အလွှာမျိုးစုံကို ဖြတ်သန်းနေရသလို ခံစားခဲ့ရ၏။
တစ်ခါတရံ သူ့ခန္ဓာကိုယ်က အေးတယ်၊ တစ်ခါတရံ ပူတယ်၊ တစ်ခါတရံမှာ ဓားတစ်ထောင်နဲ့ အပိုင်းပိုင်းဖြတ်လိုက်သလို၊ တစ်ခါတရံမှာ ကျောက်တုံးကြီးတစ်ခုနဲ့ ဖိချေသလို...
ဤကဲ့သို့ အဆုံးမဲ့ နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများက လူများကို ရူးသွပ်သွားစေနိုင်သည်။
မည်သူမျှ သည်းမခံနိုင်ဘူးဟု ဆိုနိုင်ပေသည်။
တိဟောက်ထျန်းကဲ့သို့ သူတစ်ဦးပင် ဤအခိုက်မှာ အော်ဟစ်ညည်းညူခဲ့ရသည်။
တိဟောက်ထျန်းက ငရဲအလွှာများသို့ အဆက်မပြတ် ကျဆင်းသွားသည်ကို လူတိုင်း မြင်တွေ့နေရသည်။
ယင်းက ငရဲပြည်မှ ဘယ်တော့မှ မလွတ်မြောက်နိုင်သကဲ့သို့ပင်။
ငရဲဆယ့်ရှစ်ပါးကို အဆုံးမဲ့ငရဲဟုလည်း ခေါ်သည်။
ဒါက ထာဝရတည်မြဲနေပြီး ဘယ်တော့မှ မပြီးဆုံးပေ။
တိဟောက်ထျန်း၏ အော်ဟစ်ညည်းညူသံများက လူတိုင်းကို အသည်းတုန်ကာ ရင်တလှပ်လှပ် ဖြစ်စေသည်။
"ဒါက တကယ်ကို ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကြောက်စရာအကောင်းဆုံး ပြစ်ဒဏ်စီရင်ရာနေရာ ဖြစ်ထိုက်တယ်။ တိဟောက်ထျန်းလို လူမျိုးတောင်မှ မခံနိုင်ဘူး"
"ငရဲဆယ့်ရှစ်ထပ်ကို ရှေးခေတ်အင်မော်တယ်ခုံရုံးအပြင် မရဏကမ္ဘာမှာလည်း တွေ့ရတယ်လို့ ငါကြားတယ်"
"ဘာပဲဖြစ်ဖြစ်ပါ၊ ဒီတိုက်ပွဲက မကြာခင် ပြီးဆုံးတော့မယ်"
ပိုင်းခြားသိမြင်နိုင်သော အမြင်ရှိသူတိုင်း တိဟောက်ထျန်းက အားနည်းနေပြီဖြစ်ကြောင်း သေချာပေါက် မြင်နိုင်သည်။
"ငါ မရှုံးနိုင်ဘူး၊ ငါက တိဟောက်ထျန်းပဲ... ငါက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်ရမှာလဲ"
တိဟောက်ထျန်းက လက်မခံနိုင်စွာ ဟိန်းဟောက်လိုက်သည်။ သူက နဂါးဧကရာဇ်၏စွမ်းအင်ပုံရိပ်ကို အစွမ်းကုန် ထိန်းချုပ်၏။
သို့ရာတွင် ကျွင်းရှောင်ယောက်ကလည်း ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာကို ထိန်းချုပ်ထားခဲ့သည်။
ထို့ကြောင့် တိဟောက်ထျန်း၏ နဂါးဧကရာဇ်၏စွမ်းအင်ပုံရိပ်က မချိုးဖောက်နိုင်တော့ပေ။
နောက်ဆုံးတွင်၊ တိဟောက်ထျန်း၏ အရိုးများက ကျိုးပဲ့ပြီး သွေးများ အန်ထွက်လာကာ ရှည်လျားသော ရွှေရောင်ဆံပင်များမှာလည်း သွေးများရွှဲစိုနေတော့သည်။
"တော်လောက်ပြီ ကျွင်းရှောင်ယောက်၊ ရပ်လိုက်တော့"
ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများက မနေနိုင်တော့ဘဲ အေးစက်စက် ပြောလိုက်သည်။
တိဟောက်ထျန်း၏ ရှုံးနိမ့်မှုက ဖူရှီအင်မော်တယ်မျိုးရိုးအတွက် အရှက်ရစရာပင်။
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
သူ့လက်ကိုမြှောက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ ငရဲဆယ့်ရှစ်ထပ်က ပေါက်ကွဲသွား၏။
တိဟောက်ထျန်းက ပြင်းထန်သော ပေါက်ကွဲမှုစွမ်းအားကြောင့် သူ့ခန္ဓာကိုယ် လွင့်စဉ်သွားကာ သွေးများ အန်ထွက်လာပြန်တော့သည်။
အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ် တိဟောက်ထျန်းက ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်းက တိတ်ဆိတ်သွားလေသည်။
ဤအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ကင်းသော ဟန်အမူအရာကို လူအများစုက ကျင့်သားရနေပြီ။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်က တိဟောက်ထျန်း ဖြစ်သည်။
တိဟောက်ထျန်းက သူ၏ခေတ်တွင် ကျွင်းရှောင်ယောက်ကဲ့သို့ ပြိုင်ဘက်ကင်းပြီး အခြေခံအားဖြင့် တူညီသောမျိုးဆက်ကို ဆန့်ကျင်နိုင်သူမရှိပေ။
ဒါက ခေတ်နှစ်ခေတ်၏ အကျော်အမော်များ ထိပ်တိုက်တွေ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း အဆုံးမှာတော့ ကျွင်းရှောင်ယောက်က အနိုင်ရခဲ့သေးသည်။
ထို့ပြင်၊ ဤအရာက ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်က သူ၏စွမ်းအားကို အပြည့်အဝ အသုံးမချခဲ့ပါ။
ဆိုရလျှင်၊ ဤမြင့်မြတ်ခန္ဓာတာအိုသန္ဓေက အသုံးမပြုရသေးသော ဝှက်ဖဲများပင် ရှိနေဆဲ ဖြစ်သည်။
ဥပမာအားဖြင့်၊ ကောင်းကင်၏အနက်ရောင်သွေး စသည်ဖြင့်...
တစ်ဖက်မှာတော့ တိဟောက်ထျန်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ရသည်။
ကျွင်းရှောင်ယောက်က သူ၏ ကိုယ်ပွားတစ်ခုဖြင့် တိဟောက်ထျန်းကို အနိုင်ယူခဲ့ခြင်းပင်။
ဤအတွေးက လူတိုင်းကို အေးစက်သွားစေသည်။
ကျွင်းရှောင်ယောက်က မည်သို့သော မကောင်းဆိုးရွားမျိုး ဖြစ်သနည်း။
သူက မည်မျှသန်မာသနည်း။
သူ၏ စစ်မှန်သောခွန်အားက အဘယ်နည်း။
အားလုံးက စိတ်ထဲမှတွေးရင်း သက်ပြင်းချလိုက်ကြသည်။
ဤသည်မှာ ပါရမီရှင်များ ပေါများသည့် ရွှေခေတ်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို ခွန်အားအပြည့်ဖြင့် တိုက်ခိုက်စေနိုင်သည့် ပြိုင်ဘက်ကို ရှာဖွေရန် အလွန်ခက်ခဲမည်ဟု ခန့်မှန်းရပေသည်။
ဒါက မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
"သခင်က တကယ်ကို ပြိုင်ဘက်ကင်းပဲ"
မော့ယန်းယု၏ လှပသော မျက်လုံးများက တောက်ပနေသည်။
ယခုအချိန်တွင် သူက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည့်အတွက် ဝမ်းသာမိခဲ့လေသည်။
"ဟေး၊ မင်းတို့သိလား။ ငါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ညီအစ်ကိုလို့ ခေါ်ခဲ့ဖူးတယ်။ ငါက သူ့ကို သူငယ်ချင်းလို့ခေါ်တာ"
လုဖူးကွေ့က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ချီလုံ၊ ချီယုနှင့် အခြားသူများမှာလည်း တုန်လှုပ်နေကြလေသည်။
အင်မော်တယ်ခုံရုံး၏ မျိုးရိုးကြီးကိုးခုကြားတွင် ဖူရှီအင်မော်တယ်မျိုးရိုးက ချီယိုအင်မော်တယ်မျိုးရိုးကို နှိမ့်ချမှုအရှိဆုံး ဖြစ်သည်။
ကူတိကျစ်စ မင်္ဂလာဆောင်ပွဲမှာလည်း ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကို အခက်တွေ့စေကာ အရှက်ခွဲခဲ့သေးသည်။
ယခုမူ၊ တိဟောက်ထျန်းကို ကျွင်းရှောင်ယောက်က ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့ပြီ ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က ချီယိုနတ်ဆိုးဧကရာဇ်၏ အသိအမှတ်ပြုခြင်းကိုလည်း ရရှိခဲ့သေးသည်။
ချီယိုအင်မော်တယ်မျိုးရိုးရှိ လူအများ၏ နှလုံးသားထဲတွင် သူ၏ အဆင့်အတန်းက ချက်ချင်း ပြောင်းလဲသွားသည်။
ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်တချို့က ကျွင်းရှောင်ယောက်ကို သဘောကျသလိုပင် ခံစားလာရတော့သည်။
ကျွင်းရှောင်ယောက်က သူတို့ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်ဖြစ်ခဲ့လျှင် မည်မျှကောင်းလိမ့်မလဲဟုပင် တွေးမိခဲ့ကြသည်။