အခန်း ၁၃၂၅
Vol. 89 Ch. 1325
အခန်း ( ၁၃၂၅ ) အမျိုးသမီးနှစ်ဦးကြားမှ လျှို့ဝှက်သော အားပြိုင်မှု။
"ကျန်းစန်းယီ၊ နင်က တကယ်ကို ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ပဲ"
ယွမ်ချယ်ကဲ့သို့ မြင့်မြတ်သူတစ်ဦးပင်လျှင် ရိုးသားစွာ ပြောဆိုရသည်။
ဒါက အမှန်တရားပင်။
အသွင်ပြင်၊ ကိုယ်ရောင်ကိုယ်ဝါနှင့် အခြားကဏ္ဍများအားလုံးတွင် သူ့ထက် မနိမ့်ကျသော အမျိုးသမီးက အလွန်ရှားသည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် များများ ရှာမတွေ့နိုင်ပေ။
အခြား အရာများကို ဘေးဖယ်ထားလျှင်လည်း ကျန်းစန်းယီ၏ လက်ရှိအင်အားက မှန်းဆမရအောင် နက်နဲသည်။
သန္တောစွမ်းအင်တာအိုသန္ဓေဖြင့် အဆုံးစွန်ထိ လေ့ကျင့်နိုင်ပါက၊ ရှေးယခင်က မည်သူမျှ မလျှောက်ဖူးသော လမ်းသစ်တစ်ခုကို အောင်မြင်နိုင်လိမ့်မည်။
သာမန်ဧကရာဇ်များထက်တော့ သေချာပေါက် ကျော်လွန်မည် ဖြစ်သည်။
"မင်းသမီးက ယဉ်ကျေးလွန်းပြီ၊ စန်းယီက မခံယူဝံ့ပါဘူး"
ကျန်းစန်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်တော့လေ၊ စန်းယီလို မိန်းမကောင်းလေးနဲ့ဆိုရင် ငါက ညီအစ်မတွေလုပ်ရလို့ စိတ်ထဲမထားပါဘူး"
ယွမ်ချယ်က မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ပြောလိုက်၏။
သူမ၏ စကားအဓိပ္ပာယ်က သိသာထင်ရှားသည်။
ကျန်းစန်းယီ၏ ဆောင်းဦးရေကဲ့သို့ မျက်လုံးလေးများက အနည်းငယ် အရောင်လက်သွားပြီးနောက် တစ်ချက်ပြုံးလိုက်သည်။
"မင်းသမီးက ဧကရာဇ်ရဲ့ သွေးမျိုးဆက် အနွယ်တော်ဖြစ်ပြီး အင်မတန်မွန်မြတ်ပါတယ်။ စန်းယီက မင်းသမီးရဲ့ ညီအစ်မဖြစ်ဖို့ ဘယ်လိုအရည်အချင်းပြည့်မီနိုင်မှာလဲ"
ကျန်းစန်းယီက ယဉ်ကျေးစွာပင် ပြောလိုက်၏။
မိန်းကလေးနှစ်ယောက်က ရိုးသားစွာ ပြောဆိုနေပုံရသော်လည်း တကယ်တမ်းမှာတော့ လျှို့ဝှက်စွာ ယှဉ်ပြိုင်နေခြင်းပင်။
ရောက်ရှိလာသော အမျိုးသား ကျင့်ကြံသူ အများအပြား မနာလိုဖြစ်ကုန်သည်။
သူတို့သာဆိုလျှင် ဤအသူရာနယ်ပယ်အတွင်း၌ ပျော်ရွှင်စွာ နေထိုင်မိလိမ့်မည်။
နောက်ဆုံးမှာတော့ ရင်သပ်ရှုမောဖွယ် အလှလေးနှစ်ဦးက မိမိအတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ဤမြင်ကွင်းက မည်မျှကျေနပ်စရာကောင်းသနည်း။
ကျွင်းရှောင်ယောက်မှာတော့ အနည်းငယ် ရှက်ရွံ့သလို ခံစားရကာ အပြုံးတစ်ခုကို ထုတ်ဖော်ထားလိုက်ရသည်။
ထိုအချိန်တွင် ကျန်းရို့က ကျွင်းရှောင်ယောက်ဆီသို့ လှမ်းလာသည်။ သူက ပြုံးပြုံးဖြင့် ပြောလိုက်၏။
"ရှောင်ယောက်၊ အမေကတော့ သူတို့ကို သဘောကျတယ်။ ပျော်ရွှင်မှုဆိုတာ နှစ်ဆတိုးလာရင်တောင် ဘာဖြစ်လဲ"
"မဟုတ်တာပါဗျာ"
ကျွင်းရှောင်ယောက်လည်း သူ့အမေနှင့်ပတ်သက်လျှင် အမြဲတမ်း အကူအညီမဲ့သလို ခံစားခဲ့ရသည်။
ထိုအချိန်တွင်၊ ကျန်းစန်းယီက ကျွင်းရှောင်ယောက်အနားသို့ ရောက်လာသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ချောမောသည့် သူ့ရှေ့မှ လူငယ်ကိုကြည့်ရင်း ကျန်းစန်းယီ၏ မျက်လုံးများက ပျော်ရွှင်မှု၊ တောင့်တမှုနှင့် ချစ်ခြင်းမေတ္တာတို့ ပြည့်နေခဲ့လေသည်။
"မမစန်းယီ၊ ကျွန်တော် ဒီကိစ္စကို ရှင်းပြ..."
ကျွင်းရှောင်ယောက်က ယွမ်ချယ်အကြောင်းကို ရှင်းပြရန် ဟန်ပြင်လိုက်သည်။
သူက မိန်းမတစ်ယောက်၏ ချုပ်ကိုင်ခံမည့် ယောက်ျားမျိုး မဟုတ်ပေ။ ဒါက သူ၏ လွပ်လပ်ပေါ့ပါးသော အကျင့်စရိုက်နှင့် ဆန့်ကျင်နေသည်။
သို့ရာတွင်၊ သူက ကျန်းစန်းယီ၊ ကျန်းလော့လီတို့နှင့် အချိန်ကောင်းတစ်ခုရွေးပြီး စေ့စပ်ပွဲကျင်းပပေးမည်ဟု ကတိပေးခဲ့ပြီးပြီ။
သို့သော်လည်း ယခုအချိန်တွင် ယွမ်ချယ်က သူ့ကို လက်ထပ်မှုအကြောင်း ပြောရန်ရောက်လာသည်။
မိန်းကလေးတစ်ယောက်က မည်မျှပင် နားလည်ပေးတတ်ပါစေ၊ သူမ၏ နှလုံးသားထဲမှာ အဖုအထစ်လေးများ ရှိလိမ့်မည်။
ကျန်းစန်းယီက ပြုံးပြီး သွယ်လျသော ကျောက်စိမ်းလက်ချောင်းလေးဖြင့် ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများကို ပိတ်ထားလိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက်၏ အဝတ်အစားများကို သပ်ရပ်စေရန် ကူညီပေးလိုက်လေသည်။
"ရှောင်ယောက် ဘာမှပြောစရာမလိုဘူး၊ မမ မင်းကိုယုံတယ်"
စကားတစ်ခွန်းက အရာအားလုံးကို ချေဖျက်ပစ်လိုက်သည်။
ယုံကြည်မှုက အဖိုးတန်ဆုံးအရာပင်။
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်လေသည်။
ကျန်းစန်းယီက ကျန်းစန်းယီသာ ဖြစ်သည်။
သူသည် ကျွင်းရှောင်ယောက်က ယွမ်ချယ်နှင့် ပတ်သက်မှုရှိနေခြင်း အကြောင်းရင်းကို မမေးပါ။
ကျွင်းရှောင်ယောက်က ယွမ်ချယ်ကို လက်ထပ်လျှင်ပင် သူက ဘာမျှပြောမည် မဟုတ်ပေ။
သူက ကျွင်းရှောင်ယောက်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခဲ့ပြီးပြီမို့ သူဘာပဲလုပ်လုပ် လက်ခံပေးမည် ဖြစ်သည်။
မနီးမဝေးမှာတော့ လော့ရှန်းလင်က ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေခဲ့လေသည်။
နောက်ဆုံးတွင်၊ သူ သဘောပေါက်သွားသည်။
တိုင်းတပါးတွင် ရှိစဉ်အခါက၊ ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် တစ်စုံတစ်ယောက် ရှိနှင့်ပြီးသကဲ့သို့ သူ ဝေဝါးဝါး ခံစားခဲ့ရသည်။
ယခုတော့ ကျန်းစန်းယီကို မြင်လိုက်ရပြီးနောက် သူ နားလည်သွားပြီ။
သူမက အမှန်တကယ်ပင် အမျိုးသားများအတွက် ပြီးပြည့်စုံလုနီးရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူက အိပ်မက်ထဲမှာသာ ပေါ်လာတတ်တာမျိုးပင်။
လော့ရှန်းလင်၏ ကျင့်ကြံမှုအဆင့်က ကျန်းစန်းယီထက် များစွာ အားကောင်းသည်။
သို့သော်လည်း သူကိုယ်တိုင်ကတော့ ကျန်းစန်းယီလောက် စာနာမှုနှင့် လိုက်လျောမှုမျိုး မရှိနိုင်ပေ။
ကျွင်းရှောင်ယောက်ကို အခြားအမျိုးသမီးများနှင့် နီးကပ်နေကြောင်း မြင်လိုက်ရတိုင်း အနည်းငယ် အဆင်မပြေဖြစ်နိုင်သည်။
ယွမ်ချယ်လည်း အနည်းငယ် တိတ်ဆိတ်သွားလေသည်။
တစ်စုံတစ်ခုကို အပြစ်တင်ချင်လျှင် ကျွင်းရှောင်ယောက်နှင့်တွေ့ရန် နောက်ကျလွန်းပြီး အခွင့်အရေးကို လွဲချော်ခဲ့သည့်အတွက် သူမကိုယ်ကို အပြစ်တင်နိုင်သည်။
သို့သော်၊ ယွမ်ချယ်က လက်လျှော့သွားမည် မဟုတ်ပါ။
"အားလုံးပဲ ပျော်ပျော်ပါးပါး စားကြသောက်ကြပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
အသူအရာနယ်မြေကဲ့သို့ ဤမြင်ကွင်းမှာလည်း လောလောဆယ်မှာတော့ ပြီးဆုံးသွားလေသည်။
ထို့နောက်တွင် အင်အားစုအသီးသီးမှ လူများက ကျွင်းရှောင်ယောက်ကို ဂုဏ်ပြုစကားများ ပြောဆိုခဲ့ကြသည်။
ထိုစဉ်၊ တောက်ပသော အလင်းရေစက်လေးများ ကျဆင်းလာသည်။
အလင်းရေစက်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး လူအများ၏အာရုံကို ဆွဲဆောင်သွား၏။
"ဘယ်သူလဲဟ"
"သူက ကောင်းကင်ကိုးပါးအထက်ကလာတဲ့ နတ်သမီးယွင်ထျန်းမေ ဖြစ်ပုံရတယ်"
"ဘာ၊ ရှန်းလင်က နတ်သမီးလား"
ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေမှ တစ်စုံတစ်ယောက်က ရောက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ရောက်ရှိလာသူက အမှန်တကယ်ပင် ရှန်းလင်မှ နတ်သမီး ယွင်ထျန်းမေ ဖြစ်သည်။
သူသည် ယခင်က ကျန်းလော့လီကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားသူပင်။
"ကျွင်းဧကရာဇ်ခုံရုံးကို တည်ထောင်ခြင်းအတွက် ကျွင်းသခင်လေးကို ဂုဏ်ပြုပါတယ်"
ယွင်ထျန်းမေ၏ အသံက သဘာဝ၏ သံစဉ်ကဲ့သို့ ချိုသာသည်။
ထို့နောက် လက်ဆောင်များကို ပေးအပ်လေသည်။
"ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီး"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြလိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲမှာ သံသယများ ရှိနေပြီ။
ယွင်ထျန်းမေက ယခုအချိန်တွင် အဘယ်ကြောင့် ရောက်ရှိလာသနည်း။
သူက ကျွင်းဧကရာဇ်ခုံရုံးကို ဂုဏ်ပြုရန်သက်သက် ရောက်ရှိလာခြင်း မဖြစ်တန်ရာပေ။
ထို့ပြင် ကျွင်းရှောင်ယောက်က ယွင်ထျန်းမေ၏အမူအရာ ထူးဆန်းနေတာကို သတိပြုမိသည်။
'ကျန်းလော့လီမှာ တစ်ခုခုဖြစ်သွားလို့လား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရုတ်တရက် တွေးလိုက်မိသည်။
ဤအကြောင်းကြောင့်သာ မဟုတ်ပါက၊ ယွင်ထျန်းမေသည် အဘယ်ကြောင့် ဤနေရာကို ရုတ်တရက် ရောက်လာရသနည်း။
အခြား အကြောင်းပြချက်ကို သူ မစဉ်းစားနိုင်ပေ။
သို့သော်လည်း ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်ဟာ သူ့စိတ်ထဲမှ သံသယများကို ခေတ္တဖုံးကွယ်ထားရသည်။
နောက်ပိုင်းမှ ယွင်ထျန်းမေကို သဘာဝအတိုင်း မေးရမည်။
ပွဲတော်က ချောမွေ့စွာ ဆက်လက်ကျင်းပခဲ့သည်။
ကျွင်းဧကရာဇ်ခုံရုံး၏ ဖွဲ့စည်းပုံကိုလည်း လူများက စိတ်ဝင်တစား စောင့်မျှော်နေကြ၏။
ထိုအချိန်တွင်၊ ထေ့ငေါ့သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒါက တကယ်ကို စည်ကားသက်ဝင်တာပဲ။ ဒါပေမဲ့ ကျွင်းဧကရာဇ်ခုံရုံးက ဘယ်အချိန်ထိ တည်ရှိနေနိုင်မလဲဆိုတာ ငါသိချင်မိတယ်"
ထိုအသံကို ကြားရပြီးနောက် နွေးထွေးသော လေထုက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ဘယ်သူက ဒီအချိန်မျိုးမှာ လာပြီးဆူညံဝံ့တာလဲ။
ကျွင်းရှောင်ယောက်လည်း လှမ်းကြည့်လိုက်သည်။
လေထဲတွင်၊ မိုးပြာရောင်ရောင်အလင်းများ ဖြာထွက်လာပြီး လူရိပ်တစ်ခု ပေါ်လာတာကို မြင်လိုက်ရ၏။
မိုးပြာရောင်အလင်းက ကောင်းကင်ကဲ့သို့ မြင့်မြတ်သော အငွေ့အသက်တို့ ရှိသည်။
"ဟမ်၊ အဲဒီလူက ဘယ်သူလဲ။ သူက ကောင်းကင်ကိုးပါးအထက်တာက လာရောက်တာများ ဖြစ်နိုင်မလား"
"မဖြစ်လောက်ပါဘူး"
လူများစွာတို့က တအံ့တဩဖြင့် ပြောဆိုလိုက်ကြသည်။
အင်မော်တယ်အင်အားစုများမှ ပုဂ္ဂိုလ်ကြီးများနှင့် ဗဟုသုတကြွယ်ဝသူများကတော့ ကောင်းကင်ကြီးကဲ့သို့ မိုးပြာရောင်အလင်းကို မြင်လိုက်သည်နှင့် သိသွားကြ၏။ သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုတို့ ပေါ်လာတော့သည်။
"အဲဒါက တကယ်ပဲ သူတို့လား"
လူတိုင်း အံ့သြပြီး သံသယဝင်နေချိန်...
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"စန်းမျိုးနွယ်ရဲ့ ကောင်းကင်သားတော်ရှစ်ဦးထဲက ကျိုးထျန်းတာအိုသားတော်ထင်ပါ့"
"စန်းမျိုးနွယ်၊ ကျိုးထျန်းတာအိုသားတော်လား"
ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီးနောက် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အကြောင်းမသိသူများကတော့ အနည်းငယ် စိတ်ရှုပ်ထွေးရုံသာ ဖြစ်မည်။
သို့ရာတွင်၊ စန်းမျိုးနွယ်၏အမည်ကို ကြားဖူးသူတိုင်းက ဒါဟာ အလွန်ကြောက်စရာကောင်းသော မျိုးနွယ်တစ်ခုဖြစ်ကြောင်း သိနိုင်သည်။
သူတို့က ကောင်းကင်၏ ကောင်းချီးပေးခံရပြီး အမွန်မြတ်ဆုံး မိုးပြာရောင်သွေးမျိုးဆက် ရှိပေသည်။
"ကောင်းကင်သားရှစ်ယောက်က စန်းမျိုးနွယ်မှာ အထူးချွန်ဆုံး တာအိုသားတော်အဆင့် တည်ရှိမှုရှစ်ခုပဲ။ သူတို့တစ်ဦးစီရဲ့ စွမ်းအားက အင်မော်တယ်နယ်မြေကြီးက အင်မော်တယ်အင်အားစုတွေရဲ့ မျိုးစေ့အဆင့်တွေထက် အဆပေါင်းများစွာသာလွန်တယ်လို့ ပြောကြတယ်"
တချို့က တုန်လှုပ်စွာ ပြောလိုက်သည်။
သူတို့က ရေအောက်တွင် အမြဲရှိနေသည့် မျိုးနွယ်တစ်ခုဖြစ်သော်လည်း ယခုတော့ လူမြင်ကွင်းသို့ စတင်ပေါ်လာပြီ။
ဒါက လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့သည်။
"ကျွင်းရှောင်ယောက်၊ မင်းက ကောင်းကင်ကို မလေးစားဘဲ ကောင်းကင်နဲ့ ကစားဝံ့တယ်။ နောက်ပြီးတော့ ငါ့အခွင့်အလမ်းကို လုယူပြီး ငါ့အစေအပါးတွေကိုတောင် သတ်ပစ်လိုက်သေးတယ်"
"မင်းရဲ့လက်မှာ ငါ့စန်းမျိုးနွယ်ရဲ့ သွေးတွေနဲ့ စွန်းထင်းနေပြီ။ ဒီအခြေအနေမှာ မင်းရဲ့ ကျွင်းဧကရာဇ်ခုံရုံးက အမဲ့တည်ရှိနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား"
ကျိုးထျန်းတာအိုသားတော်၏အသံက ထွက်ပေါ်လာသည်။ သူ့ပုံရိပ်က ကောင်းကင်တွင် လွင့်မျောနေသကဲ့သို့ မှုန်ဝါးဝါး ဖြစ်၏။
"ဟမ့်၊ ကိုယ်ပွားလေးနဲ့ ထွက်ပေါ်လာပြီး မူလခန္ဓာကို မဖော်ပြဝံ့သူက ငါ့ရှေ့မှာ ထောင်လွှားဝံ့တယ်လား"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာပြောပြီး သူ့လက်တစ်ဖက်ဖြင့် ဖိနှိပ်ဟန်ပြုလိုက်တော့သည်။