← Chapters

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ( ၁၃၂၆ ) ကောင်းကင်တာအိုသရဖူဆိုရင်တောင် ဘာဖြစ်လဲ။

ယခုအချိန်တွင် ကျိုးထျန်းတာအိုသားတော်က လူကိုယ်တိုင်လာရောက်ရန် မဖြစ်နိုင်ပေ။

ဒါက ကျွင်းမိသားစု၏ အခြေစိုက်စခန်း ဖြစ်သည်။

သူ့အဆင့်အတန်းက မည်မျှပင် မြင့်မြတ်နေပါစေ...

သူက စန်းမျိုးနွယ်၏ တာအိုသားတော်တစ်ဦး ဖြစ်နေ‌လျှင်ပင် ဤနေရာမှာတော့ မထောင်လွှားဝံ့ပါ။

ထို့ကြောင့် သူ၏ ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းက သာမန်ကိုယ်ပွားတစ်ခုဖြစ်လျှင်ပင် သူ့ထံမှ ထွက်ပေါ်လာသော ဖိအားက တော်ရုံပါရမီရှင်များအတွက် ကြီးမားသောဖိအားကို ခံစားရစေသေးသည်။

"စန်းမျိုးနွယ်က တာအိုသားတော်ရဲ့ ကိုယ်ပွားတစ်ခုကတောင် ဒီလောက်အရှိန်အဝါကြီးတယ်လား"

"အရင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တိဟောက်ထျန်းအပြင် ထိပ်သီး အရည်အချင်းရှိသူက အင်မော်တယ်နယ်မြေကြီးမှာ သိပ်မများဘူးလို့ ထင်ခဲ့တာ"

"အခုတော့ ငါတို့ အမြင်ကျဉ်းခဲ့ပုံရတယ်။ ရေအောက်မှာ လျှို့ဝှက်နေတဲ့ ဒီပါရမီရှင်တွေက ကြောက်စရာအကောင်းဆုံးပဲ"

လူများစွာက တအံ့တသြ ပြောဆိုလိုက်ကြသည်။

လူအများစုက ရေအောက်မှ အင်အားစုများကို သတိမထားမိကြပေ။

လူအနည်းငယ်သာ ထိုအကြောင်းများကို သိသည်။

ကျွင်းရှောင်ယောက်က ကျိုးထျန်းတာအိုသားတော် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သူက မည်သည့်လှုပ်ရှားမှုကိုမျှ အသုံးမပြုဘဲ ရိုးရိုးရှင်းရှင်း ရိုက်လိုက်ခြင်း ဖြစ်၏။

ဒါက ကျိုးထျန်းတာအိုသားတော်ဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။

မူလခန္ဓာမဟုတ်လျှင် သူ၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြုစေရန် အရည်အချင်း မပြည့်မီပေ။

"ကျွင်းရှောင်ယောက်၊ ငါက တိဟောက်ထျန်းလို့ မင်း တကယ်ထင်နေတာလား။ ဒါက ငါ့ရဲ့ ကိုယ်ပွားအရိပ်အယောင်တစ်ခုဆိုရင်တောင် မင်း ဆန္ဒရှိသလို ဖျက်ဆီးလို့မရဘူး"

ကျိုးထျန်းတာအိုသားတော်၏ စကားအဆုံးတွင် မိုးပြာရောင်အလင်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ကြီးမြတ်သော အငွေ့အသက်တစ်ခုက သူ့ကို လွှမ်းခြုံထား၏။

သူ့ဦးခေါင်းထက်မှာလည်း ဝေဝါးဝါး သရဖူပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာတော့သည်။

သရဖူက မှုန်ဝါးနေပြီး ပုံရိပ်ယောင်ဆန်သော်လည်း အရောင်မျိုးစုံနှင့် ပြည့်နေပုံရသည်။

အမျိုးမျိုးသော ရွန်းများ၊ နိယာမများနှင့် နတ်အမိန့်သံကြိုးများက ရောယှက်ပြီး သရဖူအဖြစ် ပုံဖော်ထားခြင်းပင်။

"အဲဒါက...ကောင်းကင်တာအိုသရဖူပဲ"

မှုန်ဝါးဝါး သရဖူကို မြင်လိုက်ရပြီးနောက် လူအများစုမှာ ရုတ်တရက် ထရပ်လိုက်မိသည်။

အဆုံးစွန်ရှေးဟောင်းလမ်းမှ တိုက်ပွဲတွင် ပါဝင်ဖူးသော ပါရမီရှင်တချို့မှာလည်း မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

ယခင်က အဆုံးစွန်ရှေးဟောင်းလမ်းတွင် ကျွင်းရှောင်ယောက်က ကောင်းကင်နှင့် ကစားခဲ့သည်။

ထိုအတွက် ကောင်းကင်က ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို ခန့်အပ်ခဲ့၏။ ကျွင်းရှောင်ယောက်ကို သုတ်သင်နိုင်သူက ကောင်းကင်သရဖူကို ရရှိလိမ့်မည်။

ဒါက အမြင့်ဆုံးဆုလာဘ်ဟု ဆိုနိုင်သည်။

သို့သော်လည်း ပေးဆပ်ရမည့်တန်ကြေးက ကြီးမ၏။

ကျွင်းရှောင်ယောက်ကို သုတ်သင်ရန်က မည်သို့လွယ်ကူပါမည်နည်း။

သို့သော်လည်း ယခုအခါ ကျိုးထျန်းတာအိုသားတော်က မည်သည့်အဖိုးအခမျှမပေးဘဲ ကောင်းကင်တာအိုသရဖူဖြင့် မွေးဖွားလာခဲ့သည်။

ဤသည်မှာ ကောင်းကင်၏ ကောင်းချီးပေးခံရသော အရည်အချင်းတစ်ခုပင်။

"စန်းမျိုးနွယ်ဟာ ကောင်းကင်ရဲ့ မျက်နှာသာပေးခံရတဲ့ မျိုးနွယ်တစ်ခုလို့ဆိုကြတာ အံ့သြစရာ မရှိတော့ပါဘူး။ သူတို့ရဲ့ မျိုးနွယ်စုထဲက တာအိုသားတော်တွေဟာ တကယ်ကို ကောင်းကင်တာအိုသရဖူနဲ့ မွေးဖွားလာခဲ့ကြတယ်"

"ဒါက ဒီတာအိုသားတော်ဟာ မကျဆုံးခဲ့ရင် ဧကရာဇ်ကြီးဖြစ်လာမယ်လို့ နိမိတ်ကြိုဖတ်ထားတာပဲ မဟုတ်လား"

"ပြီးတော့ စန်းမျိုးနွယ်မှာ တာအိုသားတော်ရှစ်ဦးတောင်ရှိတယ်။ တစ်နည်းဆိုရရင် ဒီတာအိုသားတော် ရှစ်ဦးစလုံးက ကောင်းကင်တာအိုသရဖူကို ပိုင်ဆိုင်ထားကြတာပေါ့"

ထိုအကြောင်းများကိုတွေးရင်း လူအများက ပင့်သက်ရှိုက်သွင်းလိုက်မိသည်။

တာအိုသားတော်အဆင့် လူရှစ်ဦး။

ကောင်းကင်တာအိုသရဖူ ရှစ်ခု။

ဒါက အနာဂတ်တွင် စန်းမျိုးနွယ်စုသည် ဧကရာဇ်အဆင့် အကျော်အမော်ရှစ်ဦးကို တစ်ပြိုင်နက်တည်း မွေးထုတ်နိုင်မည်ဟု ဆိုလိုသည်။

ဒါက ကောင်းကင်၏ မျက်နှာသာ မဟုတ်တော့ပေ။

သူတို့က ကောင်းကင်၏ တိတ်တိတ်ပုန်းသားများဟုပင် ဆိုရမည်။

"စန်းမျိုးနွယ်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ မရေမတွက်နိုင်တဲ့ ခေတ်များတစ်လျှောက်မှာ သူတို့ရဲ့အခြေခံက ဘယ်လောက်တောင် ခိုင်မာနေပြီလဲ"

နောက်ဆုံးတွင် လူများစွာက စန်းမျိုးနွယ်၏ခွန်အားကို အကြမ်းဖျဉ်း ခန့်မှန်းမိခဲ့သည်။

"ကောင်းကင်တာအိုသရဖူ..."

လီချင်းအာက အနည်းငယ် တုန်လှုပ်သွားသည်။

သူ့ဘေးမှာတော့ ကျွင်းပေါင်လီက ရပ်နေ၏။

သူက နည်းမျိုးစုံဖြင့် ကြိုးစားပြီးမှ ကောင်းကင်တာအိုသရဖူကို ရရှိကာ သူ့ချစ်သူ လီချင်းအာကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့်၊ ယခုအခါ ကောင်းကင်တာအိုသားရှစ်ဦးက ကောင်းကင်တာအိုသရဖူကို အသီးသီး ပိုင်ဆိုင်ထားကြပြီ။

ဒါက လူများကို သက်ပြင်းချစေသည်။

"ဟမ့်၊ ကောင်းကင်တာအိုသရဖူဆိုရင်တောင် ဘာဖြစ်လဲ။ ဒါက ငါတို့ဘိုးဘေးတွေ စွန့်ပယ်ခဲ့တဲ့အရာပဲ"

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အထင်အမြင်သေးမှု အရိပ်အယောင်တို့ဖြင့် တွန့်ကွေးသွားသည်။

သူက ဤကောင်းကင်တာအိုသရဖူကို လုံးဝ စိတ်မဝင်စားပေ။

သူ့ကိုပေးလျှင်ပင် လက်ခံယူမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်၏ ရည်မှန်းချက်က ဉာဏ်အလင်းရရှိရန်နှင့် ဧကရာဇ်ဖြစ်ရန် သက်သက်မဟုတ်ကြောင်း ထည့်မပြောလျှင်ပင်...

ထာဝရကွဲလွဲမှုများ၏ဘုရင်အဖြစ် သူ၏လက်ရှိအရည်အချင်းများက ကောင်းကင်တာအိုသရဖူထက် ပို၍ကြောက်စရာကောင်းသည်။

ကောင်းကင်တာအိုသရဖူက ကောင်းကင်ထံမှ လက်ဆောင်မျှသာ။

ထာဝရကွဲလွဲမှုများ၏ဘုရင်ကတော့ ကောင်းကင်ကိုပင် ကြောက်ရွံ့စေသည်။

သူ့အတွက် ဉာဏ်အလင်းရရှိပြီး ဧကရာဇ်ဖြစ်လာရန်က လွယ်ကူလွန်းလှသည်။

ကျွင်းရှောင်ယောက်၏စကားကို ကြားလိုက်ရပြီးနောက် လူအများက အနည်းငယ် အံ့ဩသွားသည်။ ထို့နောက်တွင် သူတို့က ခေါင်းညိတ်လိုက်၏။

ကျွင်းမိသားစု၏ ဘိုးဘေးများကလည်း ကောင်းကင်တာအိုသရဖူကို စွန့်လွှတ်ပြီး ကိုယ်ပိုင်လမ်းကို ရှာဖွေခဲ့ကြသည်။

ဤအရာက အမှန်တကယ် ယုံကြည်မှုရှိသော ပါရမီရှင်များအတွက် အပိုအလုပ်တစ်ခုပင်။

"ဟမ့်၊ ကောင်းကင်ကို မလေးမစား ပြုမူတဲ့အတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်"

ကျိုးထျန်းတာအိုသားတော်က အေးစက်စက်လေသံဖြင့် ပြောသည်။

"ကိုယ့်ကိုယ်ကိုပဲ အရင်ဂရုစိုက်ပါဦး"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်းက ငါ့ကိုယ်ပွားကို လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မယ်လို့ တကယ်ထင်တာလား"

ကျိုးထျန်းတာအိုသားတော်က ပြောလိုက်၏။

ကောင်းကင်တာအိုသရဖူကို အသက်သွင်းပြီးနောက် ကျွင်းရှောင်ယောက်က သူ၏ကိုယ်ပွားကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု မထင်ပေ။

ဒါက ကျိုးထျန်းတာအိုသားတော်၏ ရည်ရွယ်ချက် ဖြစ်သည်။

ကျွင်းဧကရာဇ်ခုံရုံး၏ ပွဲတော်ကြီးကဲ့သို့ လူစည်ကားသောပွဲတော်တွင်...

ကျွင်းရှောင်ယောက်ကို ကိုယ်ပွားဖြင့်ရင်ဆိုင်ပြီး သူ၏ ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ဖျက်ဆီးချင်သည်။

ကျွင်းရှောင်ယောက်က ဘာမျှမပြောတော့ပါ။

သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ ကစဉ့်ကလျားစွမ်းအင်များက မြင့်တက်လာသည်။

ထို့နောက်တွင် မြင့်မြတ်ခန္ဓာ၏သွေးများက ဆူပွက်လာပြန်သည်။

မြင့်မြတ်ခန္ဓာတာအိုသန္ဓေနှင့် ကစဉ့်ကလျားခန္ဓာ၏ စွမ်းအင်များကို ဤလက်ဝါးတွင် ပေါင်းစပ်ထား၏။

ဒါက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် နတ်ဘုရား၏ လက်ဝါးကဲ့သို့ပင်။

ကျိုးထျန်းတာအိုသားတော်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ကျွင်းရှောင်ယောက်၏ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက်က သူ့ကို ထိတ်လန့်စေသော ရောင်ဝါတစ်ခု ထွက်လာမည်ဟု သူ မမျှော်လင့်ထားပေ။

ကျိုးထျန်းတာအိုသားတော်က ကောင်းကင်တာအိုသရဖူ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။

နိယာမအမျိုးမျိုးက ကျဆင်းလာ၏။

၎င်းက အလွန်ကြီးကျယ်ခမ်းနားပြီး အရှိန်အဝါကြီးသည်။

သို့သော်...

ကျွင်းရှောင်ယောက်၏ လက်ဝါးအောက်တွင် အရာအားလုံး ကွဲကြေသွားသည်။

ထိုမျှနှင့်မရပ်ဘဲ လက်ဝါးအင်အားက ကျိုးထျန်းတာအိုသားတော်၏ ကိုယ်ပွားကို တိုက်ရိုက်ဖျက်ဆီးလိုက်၏။

"မင်းက လူကိုယ်တိုင် ဒီကိုလာပြီး ကောင်းကင်သရဖူရဲ့ စွမ်းအားကို အပြည့်အ၀ အသုံးချရင်တော့ ငါ ဒီထက်ပိုပြီး အားထုတ်ရလိမ့်မယ်"

"ဒါပေမဲ့ လက်ရှိမှာတော့ မင်းက ငါ့ရှေ့မှာ ကခုန်နေတဲ့ မျောက်တစ်ကောင်နဲ့ မခြားဘူး"

ကျွင်းရှောင်ယောက်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်းလည်း ပြန်ခံစားရလိမ့်မယ်။ ထာဝရကွဲလွဲမှုတစ်ခုအနေနဲ့ ကောင်းကင်ကို ဆန့်ကျင်နေဦးမယ်ဆိုရင် နောက်ဆုံးမှာ မင်းပဲပျက်သုဉ်းရလိမ့်မယ်"

ကျိုးထျန်းတာအိုသားတော်၏ ဒေါသတကြီး အော်ဟစ်လိုက်သံက ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ စစ်မှန်သော စွမ်းအားက အလွန်ကြောက်စရာကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။

သူ၏ မူလရည်ရွယ်ချက်မှာ ကျွင်းရှောင်ယောက်ကို မျက်နှာပျက်စေရန် ဖြစ်သည်။

ရလဒ်ကတော့ ကိုယ့်ကိုကိုယ် အရှက်ရစေခဲ့ပေသည်။

"တောင်းပန်ပါတယ်၊ အားလုံးကို ရယ်စရာဖြစ်စေမိပြီ"

"ဒီအတွက် ကျွန်တော်က တစ်ခွက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးပါမယ်"

ကျွင်းရှောင်ယောက်က သူ၏ခွက်ကိုယူပြီး မော့သောက်လိုက်သည်။

"မလိုပါဘူး၊ နတ်ဘုရားသားတော်က ယဉ်ကျေးလွန်းပြီ"

"နတ်ဘုရားသားတော်က တကယ်ကို တန်ခိုးကြီးတယ်။ စန်းမျိုးနွယ်ရဲ့ တာအိုသားတော်အဆင့် တည်ရှိမှုတွေတောင် နတ်ဘုရားသားတော်ကို မယှဉ်နိုင်ဘူး"

ဧည့်သည်များကလည်း ထရပ်ပြီး ပြောဆိုလိုက်ကြလေသည်။

သို့ရာတွင်၊ သူတို့၏ နှလုံးသားထဲမှာတော့ သက်ပြင်းချလိုက်ကြသည်။

စန်းမျိုးနွယ်မှ ဂုဏ်သိက္ခာရှိသော တာအိုသားတော်အဆင့်ရှိ တည်ရှိမှုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ထိုမျှသာ။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ်လူငယ်များအတွက် တကယ်ကို ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်ပုံရသည်။

All Chapters