အခန်း ၁၃၂၇
Vol. 89 Ch. 1327
အခန်း ( ၁၃၂၇ ) ကျွင်းဧကရာဇ်ခုံရုံး၏ ဖွဲ့စည်းပုံ။
ဤပွဲတွင် အလွှာပေါင်းစုံမှ မိန်းမပျိုများနှင့် ပါရမီရှင်မလေးများလည်း ရောက်နေခဲ့ကြသည်။ ယခုအခါမှာတော့ သူမ၏ လှပသော မျက်လုံးများက တောက်ပနေပြီ။
ကျွင်းရှောင်ယောက်က ခိုင်မာပြတ်သားသော လှုပ်ရှားမှုဖြင့် စန်းမျိုးနွယ်မှ တာအိုသားတော်အဆင့် ပါရမီရှင်ကို ဖယ်ရှားခဲ့သည်။
အကြွင်းမဲ့ခွန်အား၊ အနှိုင်းမဲ့ရုပ်ရည်၊ အသန်မာဆုံး နောက်ခံတို့ဖြင့်...
ယွမ်ချယ်ကဲ့သို့ မြင့်မြတ်သော သမီးပျိုများပင်လျှင် ကျွင်းရှောင်ယောက်ကို လက်မလျှော့ချင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။
"ရှောင်ယောက်..."
တစ်ဖက်တွင်၊ ကျန်းစန်းယီကလည်း ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။
သို့သော်လည်း အခြား အမျိုးသမီးများနှင့်မတူဘဲ သူမ၏ မျက်လုံးအကြည့်များက ကြင်နာသနားမှုတို့ ပေါ်လွင်နေလေသည်။
အကြောင်းမူ၊ သူက ကျွင်းရှောင်ယောက်၏ ကြီးပြင်းမှု ဘဝခရီးလမ်းကို ကောင်းစွာ သိမြင်နေသောကြောင့်ပင်။
ကျွင်းရှောင်ယောက်က လမ်းတစ်လျှောက်တွင် အရှိန်အဝါကြီးစွာ လျှောက်လှမ်းခဲ့သော်လည်း...
သူကြုံတွေ့ခဲ့ရသော အန္တရာယ်များနှင့် အခက်အခဲများက သာမန်လူများ မှန်းဆလို့မရပါ။
သူက ကြေးအင်မော်တယ်နန်းတော်တွင် ခန္ဓာကိုယ် ပျက်စီးခဲ့ရသည်။ ထို့နောက်တွင်မှ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။
အဆုံးစွန်ရှေးဟောင်းလမ်းမှာလည်း အသက်နှင့်ရင်းပြီး ကောင်းကင်ကို အနိုင်ယူခဲ့ရသည်။
တိုင်းတပါးတွင် လျှို့ဝှက်ထောက်လှမ်းမှုများ၊ ဘေးအန္တရာယ်များ၊ တိုက်ပွဲများနှင့် အခြားအရာများလည်း ရှိသေးသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိဂုဏ်သရေက ကြီးမြတ်သော်လည်း...
သူကြိုးစားခဲ့ရသော အရာများက ခက်ခဲပြင်းထန်ခဲ့ပေသည်။
ထို့ကြောင့် ကျန်းစန်းယီက အပြင်းအထန် လေ့ကျင့်ခဲ့သည်။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်အနားတွင် ရပ်တည်ပြီး သူ၏ ဝန်ထုပ်ဝန်ပိုးများကို ခွဲဝေထမ်းရွက်နိုင်ရန်ပင်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင်အင်အားစုကို အမှန်တကယ် ပုံဖော်နေပြီဖြစ်ကြောင်း မြင်လိုက်ရပြီးနောက်...
ကျန်းစန်းယီမှာ သူ့နှလုံးသားထဲမှ လွန်စွာ ပျော်ရွှင်နေခဲ့သည်။
"လူတိုင်းပဲ၊ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဖွဲ့စည်းပုံက ဘယ်လိုဖြစ်မယ်ဆိုတာ သိချင်နေကြပြီလို့ ထင်တယ်"
"ဒီလိုဆိုမှတော့ အားလုံးသိအောင် အခု ပြောပြလို့ရပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုစကားက အားလုံး၏ မျက်လုံးများကို စူးစမ်းချင်စိတ်နှင့် မျှော်လင့်ချက်တို့ဖြင့် တောက်ပလာစေခဲ့ပေသည်။
ကျွင်းဧကရာဇ်ခုံရုံးကို ပါဝင်ခဲ့သော သို့မဟုတ် ပါဝင်ရန် စီစဉ်ထားသော ရမ်ကျန့်လျို၊ ယောင်တောက်ကျောင်းနှင့် အခြားသူများလည်း ပါဝင်သည်။
ကျွင်းဧကရာဇ်ခုံရုံး ခွန်အားနှင့် အခြေခံအုတ်မြစ်က ၎င်းတို့နှင့်လည်း သက်ဆိုင်သည် မဟုတ်လော။
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အင်မော်တယ်ခုံရုံးမှာ အင်မော်တယ်မျိုးရိုးကြီး ရှစ်ခုရှိပြီး အမှောင်ကမ္ဘာမှာတော့ မရဏခန်းမဆယ်ခုရှိတယ်။ ဒီလိုပဲ ကျုပ်ရဲ့ ကျွင်းဧကရာဇ်ခုံရုံးကလည်း ဌာနခြောက်ခု ခွဲခြားရလိမ့်မယ်"
"သန့်စင်ခြင်းဌာန ဘယ်မှာလဲ"
ကျွင်းရှောင်ယောက်၏ စကားသံဆုံးသည်နှင့်...
"ဝုန်း"
ရွှေရောင်သွေးနှင့်စွမ်းအင်က ရှည်လျားသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက်သွားကာ ဟိန်းဟောက်လိုက်သည်။
ကောင်းကင်တွင် ပျံဝဲသော ရွှေရောင်နဂါးကြီးကဲ့သို့ လူရိပ်တစ်ခုက လေထဲသို့ ပျံတက်လာ၏။ သူ့မျက်လုံးများက ရွှေရောင်လျှပ်စီးများ တဖျပ်ဖျပ်လက်နေပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါများလည်း ဖြာထွက်နေတော့သည်။
ဝူဟူ ဖြစ်သည်။
"သန့်စင်ခြင်းဌာနရဲ့ခေါင်းဆောင် ဝူဟူက ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ဝူဟူက ဒူးတစ်ဖက်ထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
ကြီးမားသော ဖိအားတစ်ခုကလည်း အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။
"အဲဒီလူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အပြင် တခြား ရှေးဟောင်းမြင့်မြတ်ခန္ဓာပဲ"
"သူ့ရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုသန်မာလာပုံရတယ်။ ဒီဖိအားက ဧကရာဇ်တစ်ပိုင်းထက်တောင် မနိမ့်ကျတော့ဘူး"
"ရှေးဟောင်းမြင့်မြတ်ခန္ဓာက အဆင့်တူမှာ ပြိုင်ဘက်ကင်းပြီး ပိုမြင့်မားတဲ့ အဆင့်ရှိသူကိုတောင် စိန်ခေါ်နိုင်တယ်"
ဝူဟူ ပေါ်လာသောအခါ လူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယခင်ကတော့ သူ၏ ကျင့်ကြံမှုအဆင့်မှာ သိပ်ပြီး မမြင့်မားခဲ့ပေ။
တစ်ချက်မှာ သူက အသျှင်ခန္ဓာမျိုးရိုး၏ ဖိနှိပ်ခံထားရသည်။
ဒုတိယအချက်မှာတော့ လုံလောက်သော အရင်းအမြစ်များ မရှိခဲ့ပေ။
ယခုမူ ကျွင်းရှောင်ယောက်က ဝူဟူအား အရင်းအမြစ်များစွာကို ပေးအပ်ထားခဲ့ပြီး ဖြစ်သည်။
ကျွင်းရှောင်ယောက်က လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သော ကာကွယ်သူ၏နှလုံးသားကိုပင် သူ့အား ပေးအပ်ခဲ့သေးသည်။
ပျက်စီးခြင်းဧကရာဇ်၏ သွေးအနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုလည်း ပေးအပ်ခဲ့သည်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကိုပင် ဝူဟူ နားလည်ရန် အခွင့်အရေးပေးခဲ့သေးသည်။
ယခုဆိုလျှင် ဝူဟူ၏ ကျင့်ကြံမှုအဆင့်က ပျက်စီးခြင်းတာအိုသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ကာကွယ်သူနှလုံးသားကို အပြည့်အဝ သန့်စင်ပြီးနောက် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ တိုက်ရိုက် ချိုးဖြတ်နိုင်လိမ့်မည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ရှေးဟောင်းမြင့်မြတ်ခန္ဓာက သာမန် ဧကရာဇ်အဆင့် တည်ရှိမှုများကိုပင် တိုက်ခိုက်နိုင်သည်။
သို့သော်လည်း အံ့ဩစရာများက မပြီးဆုံးသေးပေ။
သန်မာသော သွေးစွမ်းအင်တို့ ပြည့်နှက်နေသော လူရိပ်သုံးရာလည်း ရှိနေသည်။
သူတို့က ရှေးဟောင်းဘုရားကျောင်း၏ ကာကွယ်သူများပင်။
ဤကာကွယ်သူသုံးရာက ရှေးဟောင်းမြင့်မြတ်ခန္ဓာများ မဟုတ်ကြသော်လည်း...
သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအရိပ်အယောင်များ ရှိသည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးတစ်စက်စီလည်း ပေးထားခဲ့သည်။
ထို့ကြောင့် ဤကာကွယ်သူသုံးရာ၏ တိုက်ခိုက်ရေးစွမ်းအားက များစွာ အားမနည်းပေ။
သူတို့ ကြီးပြင်းလာပါက အဓိပတိစစ်တပ်ထက် အားနည်းမည် မဟုတ်ပါ။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့ မောင်နှမလည်း ပါဝင်သည်။
သူတို့ကို ဝူဟူကိုယ်တိုင် ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ကျွင်းရှောင်ယောက်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရတို့ကြောင့် သူတို့ဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးဆက်သစ်များ ဖြစ်လာနိုင်သည်။
"ကျုပ်ရဲ့ သန့်စင်ခြင်းဌာနက ဧကရာဇ်ခုံရုံးအပေါ် သစ္စာစောင့်သိပြီး ဧကရာဇ်ခုံရုံးရဲ့အရှင်သခင်အပေါ်မှာလည်း အမြဲသစ္စာရှိပါ့မယ်"
ဝူဟူ၊ နင်ချန်၊ ရှောင်ရွယ်ရွယ်နှင့် ကာကွယ်သူသုံးရာတို့ အားလုံးက ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကြသည်။
သူတို့ထံမှ အားကောင်းသော အရှိန်အဝါများကလည်း ကောင်းကင်ကို ထိုးတက်သွားတော့သည်။
"ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာ စစ်တပ်ပဲလား"
"ဒီသန့်စင်ခြင်းဌာနရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာစစ်တပ် နိုးထလာရင် အဓိပတိစစ်တပ်တောင် တားဆီးလို့မရဘူး"
လူတိုင်း အလွန်တုန်လှုပ်သွားကြသည်။
ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုအနက်မ တစ်ခုဖြစ်သော သန့်စင်ခြင်းဌာနက မူလ ရှေးဟောင်းဘုရားကျောင်း၏ မျိုးနွယ်ဝင်များပင်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်၊ သူက မြင့်မြတ်ခန္ဓာမျိုးရိုးကို အလွန်အလေးထားပြီး သန့်စင်ခြင်းဌာနကို တိုက်ရိုက်တည်ထောင်ခဲ့ပေသည်။
"စီးပွားရေးနဲ့ ကုန်သွယ်ရေးဌာနက ဘယ်မှာလဲ"
ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
လေထဲတွင် လူတစ်စု ပေါ်လာကြသည်။
ခေါင်းဆောင်လာသူများက အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်မှ ရှပင်းယွင်နှင့် ရှချူချင်းတို့ ညီအစ်မများပင်။
"ဒါက... အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်အဖွဲ့ပဲ။ သူတို့က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့လက်အောက်ကို ဘယ်တုန်းက ရောက်လာကြတာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသော ဧည့်သည်များအားလုံး အံ့အားသင့်သွားကြသည်။
အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်ဆိုသည်မှာ အဘယ်နည်း။
ဒါက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ စီးပွားရေးဘီလူးကြီးတစ်ကောင် ဖြစ်သည်။
၎င်းက အဓိက အင်အားစုများ၊ ထိပ်တန်း ကုန်သည်အသင်းကြီးများ၊ မျိုးနွယ်စု အမျိုးမျိုးတို့ဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့တစ်ခု ဖြစ်သည်။
အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်က အင်မော်တယ်အရင်းမြစ် သွေးကြောများ၊ ရတနာများနှင့် အပျက်အစီးများ၊ ကြီးမားသော အရင်းအမြစ်များ စသည်တို့ကို ထိန်းချုပ်ထားပေသည်။
အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်၏ အရင်းအမြစ်များက မည်သူမဆို သွားရေယိုလောက်သည်ဟု ဆိုနိုင်သည်။
ယခုမူ၊ အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်က ကျွင်းဧကရာဇ်ခုံရုံး၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဌာနအဖြစ် တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီ။
ဒါက တုန်လှုပ်စရာကောင်းသည်။
"သူတို့က အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်က ရှမိသားစုရဲ့ ညီအစ်မတွေပဲ။ ရှမိသားစုက အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပေမဲ့ စီးပွားရေးမဟာမိတ်တစ်ခုလုံးကို အုပ်စိုးဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"
လူတော်တော်များများက နားမလည်နိုင်သလို ရေရွတ်ပြောဆိုလိုက်ကြသည်။
"မဟုတ်မှလွဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အဆုံးစွန်ရှေးဟောင်းလမ်းမှာကတည်းက စတင်စီစဉ်နေပြီ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရှမိသားစုဟာ အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်ကို တဖြည်းဖြည်းချင်း လွှမ်းမိုးလာပြီး နောက်ဆုံးမှာ အုပ်ချုပ်ပိုင်ခွင့်ကို ရရှိလာတာ ဖြစ်နိုင်မလား"
လူတချို့ကတော့ ထိုအကြောင်းကိုတွေးမိကာ အသက်ပင်ဝဝမရှုနိုင်တော့ပေ။
ဤအတိုင်းမှန်လျှင် ကျွင်းရှောင်ယောက်၏ အစီအမံက နက်နဲလွန်းသည်။
သူ၏ မြင်နိုင်စွမ်းကလည်း နက်ရှိုင်းလွန်းပေသည်။
ရှပင်းယွင်၏ မျက်လုံးများက တောက်ပနေသည်။ ပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏ အံ့အားသင့်နေသော အမူအရာများကိုကြည့်ရင်း တောက်ပစွာ ပြုံးနေလေတော့သည်။
'နတ်ဘုရားသားတော်ရဲ့ မြင်နိုင်စွမ်း၊ နည်းလမ်းတွေနဲ့ အစီအမံတွေက နင်တို့လို့ သာမန်လူတွေ နားလည်နိုင်တာ မဟုတ်ဘူး'
တကယ်လည်း ကျွင်းရှောင်ယောက်ဟာ အဆုံးစွန်ရှေးဟောင်းလမ်းတွင် ရှိစဉ်ကတည်းက စတင်စီမံနေခဲ့ပြီ ဖြစ်သည်။
ကျွင်းမိသားစု၏ အရင်းအမြစ်များနှင့် စွမ်းအားအပြင် သူ့သြဇာကို လျှို့ဝှက်စွာ အသုံးပြုခဲ့သည်။
သူက ရှမိသားစုကို ကူညီခဲ့ပြီး အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်၏ အသက်သွေးကြောကို လျှို့ဝှက်စွာ ထိန်းချုပ်ခဲ့၏။
ဤနည်းလမ်းမျိုးက စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
"ဌာနခြောက်ခုမှာ တစ်ခုဖြစ်တဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေးဌာနက ကျွင်းဧကရာဇ်ခုံရုံးရဲ့ သယံဇာတတွေ၊ သတ္တုသွေးကြောတွေ၊ ရတနာတွေနဲ့ ကျမ်းဂန်တွေကို စီမံခန့်ခွဲဖို့ တာဝန်ရှိတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ ဌာနတစ်ခုပဲ"
"ခင်ဗျားရဲ့ သွေးချွေးနဲ့ ကျွင်းဧကရာဇ်ခုံရုံးကို ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"မှန်ပါ၊ ကျွင်းဧကရာဇ်ခုံရုံးနဲ့ ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်သွားပါမယ်"
ရှပင်းယွင်နှင့် အခြားသူများလည်း လေးနက်စွာ ပြောလိုက်ကြလေသည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနက သူအဓိကထားသော ဌာနများတွင် ပါဝင်သည်။
စီးပွားရေးအရ မလည်ပတ်နိုင်သော အင်အားစုက လေထဲတွင် အိမ်ဆောက်သကဲ့သို့ ကြာရှည်မတည်တံ့နိုင်ပေ။
ကျွင်းဧကရာဇ်ခုံရုံးတွင် အဆုံးမဲ့အရင်းအမြစ်များရှိသည့် ကျွင်းမိသားစုကဲ့သို့ အထောက်အပံ့ရှိသည်။
သို့သော်လည်း ကျွင်းဧကရာဇ်ခုံရုံးက ကျွင်းမိသားစု၏ ထောက်ပံ့မှုကို အမြဲတမ်း အားမကိုးနိုင်ပေ။
ထို့ကြောင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနကို တည်ထောင်ရန် လိုအပ်သည်။
သို့သော်လည်း စီးပွားရေးနှင့် ကုန်သွယ်ရေးဌာန၏ ခေါင်းဆောင်ကို မခန့်အပ်ရသေးပေ။
ရှပင်းယွင်နှင့်ရှချူချင်းတို့ ညီအစ်မ နှစ်ဦးစလုံးက စီးပွားရေးပိုင်းတွင် အလွန်ထူးချွန်သည်။ လူမှုဆက်ဆံရေးကောင်းပြီး လိုက်လျောညီထွေ နေထိုင်တတ်၏။
သို့ရာတွင်၊ မလုံလောက်သေးပေ။