← Chapters

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း ( ၁၃၄၃ ) ပြင်းထန်သော တိုက်ပွဲတစ်ခု။

လူတိုင်းက တုန်လှုပ်‌ပြီး အသိစိတ်မကပ်နိုင်အောင် ဖြစ်ခဲ့ရသည်။

ယင်းက ဧကရာဇ်တစ်ပိုင်း ဖြစ်၏။

"ဧကရာဇ်" ဟူသော စကားလုံးနှင့် ပတ်သက်နေသမျှ အားနည်းလိမ့်မည် မဟုတ်ပေ။

ပျက်စီးခြင်းတာအိုသခင်နယ်ပယ်က စွမ်းအားကြီးမားသော်လည်း သူရင်ဆိုင်နေရတာက ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

ထို့ပြင်၊ ဒုတိယအကြီးအကဲက ကပ်ဘေးငါးခု ဧကရာဇ်တစ်ပိုင်း ဖြစ်၏။

ထိုအဆင့် ခွန်အားက အလွန်ကြောက်စရာကောင်းသည်။

သို့သော်လည်း ဝူဟူက သူ့ကို ရင်ဆိုင်နိုင်နေဆဲပင်။

ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဝူဟူ၏ ကာကွယ်ရေးစွမ်းအားက တဟုန်ထိုး တက်လာသည်။

ဒါက ဒုတိယအကြီးအကဲကို ရင်ဆိုင်နိုင်စေသော အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပေသည်။

သူက ကမ္ဘာလောကကို ဆင်းသက်လာသော စစ်နတ်ဘုရားကဲ့သို့ ဖြစ်သည်။ သူ၏ ရွှေရောင်လက်သီးအင်အားက ကောင်းကင်ကို ထိန်လင်းစေခဲ့၏။

တစ်ချိန်တည်းမှာပင် သူ့နောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံများကို ထုတ်ဖော်လိုက်ခြင်းပင်။

အင်မော်တယ်ဘုရင် လင်းကျိုးထျန်း၊ ခမ်းနားသော တောင်တန်းနှင့်မြစ်ပြင်နှင့် အခြား ရူပါရုံများကို ထုတ်ဖော်လိုက်သည်။

ဝူဟူက ကျွင်းရှောင်ယောက်ကဲ့သို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုစလုံးကို နားမလည်သေးပါ။

သို့သော်လည်း အတော်များများကို နားလည်ထားပြီ ဖြစ်သည်။

ထို့ပြင်၊ သူ၏နယ်ပယ်က မြင့်မားသောကြောင့် ရူပါရုံများ၏ စစ်မှန်သော စွမ်းအားကို ပို၍ ထုတ်လွှတ်နိုင်ပေသည်။

ဒုတိယအကြီးအကဲလည်း ဒေါသတကြီးဖြင့် လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ ရွှေရောင်ငှက်မွှေးများက ကောင်းကင်ဓားများကဲ့သို့ ထွက်ပေါ်လာ၏။

သူတို့နှစ်ယောက်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တိုက်မိသွားကြသည်။

အကယ်၍၊ ဤနေရာက နေနတ်ဘုရားတောင်၏ ဘိုးဘွားနယ်မြေဖြစ်ပြီး အထူးအစီရင်ဖြင့် ကာကွယ်ထားခြင်းမရှိပါက...

ဤတိုက်ခိုက်မှုလှိုင်း တစ်ခုတည်းက ‌ကျယ်ပြောသော နယ်မြေကြီးကို ပျက်သုဉ်းသွားစေရန် လုံလောက်သည်။

"ကြောက်စရာကောင်းလွန်းတယ်... တကယ်ကို ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ထိုက်တယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သန့်စင်ခြင်းဌာနကို သီးခြားတည်ထောင်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး"

ဝူဟူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို မြင်လိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။

ဒါက တိုက်ပွဲဝင်နေသူများ၏ တိုက်ခိုက်ချင်စိတ်ကိုလည်း ပို၍ မြင့်တက်စေခဲ့သည်မှာ သေချာပေသည်။

"သူတို့ကို သတ်ကြဟေ့၊ ဒီမှာ ကျွင်းဧကရာဇ်ခုံရုံးရဲ့ အကျော်အမော်တွေ ရှိတယ်။ ငါတို့က အခု ဘာကိုကြောက်နေရဦးမှာလဲ"

"ဟုတ်တယ်၊ နေနတ်ဘုရားတောင်က ရက်စက်ကြမ်းကြုတ်ပြီး အနိုင်ကျင့်လွန်းတယ်။ ဒီနေ့တော့ သူတို့အားလုံးကို ဖျက်ဆီးပစ်ရမယ်"

ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝ၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်းနှင့် အခြား အင်အားစုများမှ ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။

အစပိုင်းတွင် သူတို့ကို နေဆယ်စင်း၏ ပျံသန်းခြင်း အစီရင်ကြီးက ပိတ်ဆို့ထားခဲ့သော်လည်း ယခုအခါမှာတော့ ပို၍ စိတ်ဓာတ်တက်ကြွလာတော့သည်။

"သတ်..."

ထိုအချိန်တွင်၊ နေနတ်ဘုရားတောင်ဘက်မှ သတ္တဝါများက တောင်ကျရေကဲ့သို့ တဟုန်ထိုး‌ ပြေးဆင်းလာကြသည်။

တောက်လောင်နေသော မီးတောက်များကဲ့သို့ ရွှေကျီးကန်းများစွာက ကောင်းကင်တွင် တိုက်ခိုက်နေသော တိုက်ပွဲဆီသို့ ပြေးသွား၏။

ထို့ပြင်၊ အမျိုးမျိုးသော အကာအကွယ်များ၊ စစ်မျှော်စင်များ၊ ကမ္ပည်းအစီရင် စသည်တို့လည်း ရှိသေးသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ရင်တထိတ်ထိတ် ဖြစ်ကုန်သည်။

နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် သောင်းကျန်းပြီး မာနကြီးကြသော်လည်း...

သူတို့တွင် ထိုသို့ပြုလုပ်ရန် အရည်အချင်း ရှိသည်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်ဝင်တစ်ခုအနေဖြင့် နေနတ်ဘုရားတောင်တွင် အလွန်နက်နဲသော အမွေအနှစ်တစ်ခု ရှိပေသည်။

နေနတ်ဘုရားတောင်မှ ရေလှိုင်းတစ်ခုက ကောင်းကင်သို့ ပြေးတက်လာကြသည်။

၎င်းတို့က ရွှေရောင်လှံများကို ကိုင်ဆွဲထားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော စစ်သည်များ ဖြစ်၏။

သူတို့အထဲတွင် အနိမ့်ဆုံးက သူတော်စင်များ ဖြစ်ကြသည်။

"အဲဒါက... နေနတ်ဘုရားတောင်ရဲ့ ရွှေတောင်ပံအစောင့်တွေပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

ရွှေတောင်ပံအစောင့်များက နေနတ်ဘုရားတောင်တွင် အလွန်ကျော်ကြားသော စစ်တပ်တစ်ခု ဖြစ်သည်။ သူတို့က ရပ်တန့်မရနိုင်ဘဲ သူတို့သွားရောက်သည့် နေရာတိုင်းတွင် ထိုးဖောက်သွားလိမ့်မည်။

နေနတ်ဘုရားတောင်၏ အထက်တန်းစား ရွှေတောင်ပံအစောင့်များကို ရင်ဆိုင်ရလျှင်...

ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝနှင့် အခြားသူများက သဘာဝအတိုင်း ဖိနှိပ်ချေမှုန်းခံရမည် ဖြစ်သည်။

ထိုအချိန်တွင်၊ ကျွင်းဧကရာဇ်ခုံရုံး၏ ရှေးဟောင်း နယ်မြေဖြတ်ကျော် စစ်သင်္ဘောပေါ်မှ ရာနှင့်ချီသော လူရိပ်များ ပေါ်လာခဲ့ကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

၎င်းတို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနည်းငယ် ဆင်တူသည်။

သူတို့၏သွေးက ဝူဟူကဲ့သို့ မသန့်စင်သော်လည်း လျှော့တွက်လို့မရပေ။

"သူတို့က ရှေးဟောင်းဘုရားကျောင်းရဲ့ အစောင့်အရှောက်သုံးရာပဲ။ သူတို့အားလုံးမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်ပါဝင်တယ်လို့ ကြားတယ်"

အကျော်အမော်တစ်ယောက်၏ မျက်လုံးများတွင် အလင်းရောင်တချို့ လင်းလက်လာသည်။

ရှေးဟောင်းဘုရားကျောင်းမှ အစောင့်အရှောက် သုံးရာတို့က အမှန်ပင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

ထိုမျှသာမကဘဲ တရားစီရင်ရေးဌာနကလည်း လှုပ်ရှားခဲ့ပေသည်။

မြင်းတပ် ငါးထောင်က သံမဏိလှံတစ်ချောင်းကဲ့သို့ ပျံတက်လာပြီး နေနတ်ဘုရားတောင်၏ ရွှေတောင်ပံအစောင့်တပ်များဆီသို့ ပြေးသွားကြသည်။

ဒါက ချီယိုအင်မော်တယ်မျိုးရိုး၏ သံမဏိလူရိုင်းမြင်းတပ်ပင်။

ဘုရားကျောင်းအစောင့်သုံးရာနှင့် လူရိုင်းမြင်းတပ်များက စစ်မြေပြင်သို့ ပါဝင်လာကြပြီ ဖြစ်သည်။

မူလက ရပ်တန့်၍မရသော ရွှေတောင်ပံအစောင့်များက အကြီးမားဆုံး အတားအဆီးကို ရုတ်တရက် ကြုံတွေ့ခဲ့ရပေသည်။

လက်ရှိ တိုက်ပွဲအခြေအနေကို ကြည့်ပြီး ပထမအကြီးအကဲ၏ မျက်နှာမှာ မှုန်ကုပ်သွားသည်။

အကြောင်းမူ၊ ကျွင်းဧကရာဇ်ခုံရုံးက သူတို့ကိုသုံးပြီး အရည်အချင်း စမ်းသပ်နေခြင်းဖြစ်ကြောင်း သိနေသောကြောင့်ပင်။

“စတုတ္ထအကြီးအကဲက ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ…”

တတိယအကြီးအကဲလည်း စိတ်မသက်မသာ ခံစားလိုက်ရသည်။

"သူက အန္တရာယ်ပိုများနေမှာကို ငါကြောက်တယ်"

ပထမအကြီးအကဲက သက်ပြင်းချလိုက်သည်။

ထို့နောက် သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာ၏။

"ဒါပေမဲ့ ငါတို့ နေနတ်ဘုရားတောင်က ဒီလောက် လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူး။ ငါတို့မှာ ဘုရင်ကြီး ရှိသေးတယ်"

"အခုအချိန်မှာ ငါတို့လုပ်ရမှာက ရန်သူကို တတ်နိုင်သမျှ ချေမှုန်းပစ်ဖို့ပဲ"

ပထမအကြီးအကဲက ပြောဆိုပြီးနောက် တတိယအကြီးအကဲနှင့်အတူ တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြသည်။

သူတို့က ဝူဟူကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

အင်မော်တယ်စစ်ပွဲတစ်ခုတွင် တရားမျှသော တိုက်ပွဲဟူ၍ မရှိပေ။

ရန်သူကို သတ်နိုင်ခြင်းက အကြီးမားဆုံးသော စွမ်းရည်ဖြစ်သည်။

ဤအခိုက်တွင်...

"ဝမ်..."

ဧကရာဇ်တစ်ပိုင်း အရှိန်အဝါဖြင့် နိယာမ လက်ကြီးတစ်ဖက်က ထွက်ပေါ်လာပြီး သူတို့ကို ဟန့်တားလိုက်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ သုံးဦး ပေါ်လာကြ၏။

၎င်းတို့က နတ်စစ်သူကြီး ကျောက်ရှန့်၊ နတ်စစ်သူကြီး တုန်ယွဲ့နှင့် နတ်စစ်သူကြီး ဟွမ်ကွမ်းတို့ပင်။

"တကယ်ပဲ..."

သို့သော်လည်း ပထမအကြီးအကဲနှင့် အခြားသူများက ဧကရာဇ်တစ်ပိုင်းအဆင့် နတ်စစ်သူကြီးလေးဦး၏ တည်ရှိမှုကို မျှော်လင့်ထားပြီး ဖြစ်သည်။

"မင်းတို့ဟာ မူလက အင်မော်တယ်ခုံရုံးရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ ဒါပေမဲ့ အခု အငယ်လေးတစ်ယောက်ရဲ့ ဦးဆောင်မှုကို လက်ခံပြီး ကျွင်းဧကရာဇ်ခုံရုံးကို သစ္စာစောင့်သိနေရတယ်။ ဒါက ဖြစ်သင့်ရဲ့လား"

ပထမအကြီးအကဲက အေးစက်စွာ ပြောသည်။

"ငါတို့က ကျားအဆောင်ကိုပဲ နာခံတယ်၊ ကျန်တာတွေက အဓိပ္ပါယ်မရှိဘူး"

နတ်စစ်သူကြီး ကျောက်ရှန့်နှင့် အခြားသူများ၏ အမူအရာက ခံစားချက်ကင်းမဲ့သည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်အင်အားများနှင့် နတ်စစ်သူကြီးများက ကျားအဆောင်ကို သစ္စာစောင့်သိရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရသည်။

ကျားအဆောင်က ကောင်းကင်ဘုံ၏ အလိုတော် ဖြစ်၏။

သို့သော်လည်း ဟော်တုဧကရာဇ်ကဲ့သို့ အကျော်အမော်များအတွက်မူ ကျားအဆောင်၏ ချည်နှောင်မှုက အနည်းငယ် အားနည်းသွားခဲ့သည်။

"ချီးပဲ..."

ပထမအကြီးအကဲက အံကြိတ်လိုက်သည်။

နတ်စစ်သူကြီးသုံးယောက်က လှုပ်ရှားလိုက်ကြသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်သုံးဦး၏ စွမ်းအားက ကောင်းကင်ကို တုန်ခါစေခဲ့၏။ သူတို့က ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့ကို တိုက်ခိုက်လာတော့သည်။

ဤအခိုက်အတန့်တွင်၊ ရှေးခေတ်ခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်များလည်း နောက်ဆုံးတွင် ပါဝင်လာခဲ့ကြသည်။

၎င်းတို့အနက် ကြောက်စရာအကောင်းဆုံးမှာ သဘာဝအတိုင်း သောင်းနှင့်ချီသော ရှေးခေတ်အင်မော်တယ်

ခုံရုံး၏ ‌တော်ဝင်အစောင့်တပ် ဖြစ်သည်။

၎င်းတို့တစ်ဦးချင်းဆိုလျှင် မည်သူမျှ စစ်မှန်သော အဓိပတိနှင့် မနှိုင်းယှဉ်နိုင်ပေ။

သို့သော်လည်း စုပေါင်းတိုက်ခိုက်ရေးအင်အားက အလွန်ကြောက်စရာကောင်းသည်။

ဘုရားကျောင်းအစောင့် သုံးရာနှင့် သံမဏိလူရိုင်းမြင်းတပ်ကို ရင်ဆိုင်ရန်ပင် ရွှေတောင်ပံအစောင့်များက ပြိုကျလုနီး ဖြစ်နေပြီ။

ဤအချိန်တွင် တော်ဝင်အစောင့်များနှင့် ထပ်မံရင်ဆိုင်ရသောအခါ...

ပျက်စီးလွယ်သော စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်သွားသည်။

ရွှေတောင်ပံအစောင့်များက တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲမှာ လဲကျကုန်တော့သည်။

ပိုကြောက်စရာကောင်းတာက ဤတော်ဝင်အစောင့်များဟာ တိုက်ပွဲအစီရင်ကို တတ်မြောက်ထားကြခြင်း ဖြစ်သည်။

ထောင်သောင်းချီသော စစ်သူများက ပူးပေါင်းလိုက်သောအခါ ၎င်းတို့၏ စွမ်းအားက ကြောက်ခမန်းလိလိဖြစ်တော့သည်။

ထို့နောက် နေဆယ်စင်း၏ ပျံသန်းခြင်း အစီရင်ကြီးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

တခဏချင်းမှာပင်၊ တောင်တန်းတစ်ခုလုံးကို အကာအကွယ်ပြုထားသော အစီရင်ကြီးက အက်ကြောင်းတစ်ခုပေါ်လာပြီး အက်ကွဲသွား၏။

"ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ပြိုင်ဘက်ကင်းစစ်တပ်လား။ ကြောက်စရာကောင်းလွန်းတယ်"

တော်ဝင်အစောင့်များ၏ စွမ်းဆောင်မှုကို မြင်ရပြီးနောက် အဝေးမှကြည့်နေသူအားလုံး တုန်လှုပ်သွားကြသည်။

"ချီးပဲ"

ပထမအကြီးအကဲလည်း ဤမြင်ကွင်းကြောင့် ဒေါသတကြီးဖြစ်နေတော့သည်။

စစ်အင်အားအရ နေနတ်ဘုရားတောင်သည် ကျွင်းဧကရာဇ်ခုံရုံးကို မယှဉ်နိုင်ပါ။

ကျွင်းဧကရာဇ်ခုံရုံးက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်အင်အား၊ ရှန်းကုမျိုးရိုးများ၊ မြွေလူသားမျိုးနွယ်၊ ချီယိုမျိုးရိုး စသည်ဖြင့် အင်အားစုများစွာကို စုပ်ယူထားသည်။

နေနတ်ဘုရားတောင်၏ အခြေခံအုတ်မြစ်က မည်မျှပင် နက်ရှိုင်းပါစေ၊ ၎င်းတို့၏ စစ်အင်အားက နောက်ဆုံးတွင် အကန့်အသတ်ရှိနေသေးသည်။

သို့သော် ယခုအချိန်တွင် နေနတ်ဘုရားတောင်အတွက် အစိုးရိမ်ရဆုံး အခြေအနေမှာ...

အောက်ပိုင်း စစ်အင်အားက အရေးနိမ့်နေခြင်း မဟုတ်ပေ။

ထိပ်တန်း အကျော်အမော်များကြားတွင်ပင် လုံးဝ ဖိနှိပ်ခံခဲ့ရသည်။

နေနတ်ဘုရားတောင်တွင် ယခုအခါ ဧကရာဇ်တစ်ပိုင်းအဆင့် အကြီးအကဲ သုံးဦး ရှိသည်။

ကျွင်းဧကရာဇ်ခုံရုံးဘက်မှာတော့ ဧကရာဇ်တစ်ပိုင်းနှင့် တိုက်ခိုက်နိုင်သော အကျော်အမော်တစ်ဦး အပါအဝင် စုစုပေါင်း လေးဦး ရှိ၏။

လက်ရှိအခြေအနေက နေနတ်ဘုရားတောင်အတွက် အမှန်တကယ်ပင် အဆင်မပြေလှပေ။

အထူးသဖြင့် သူတို့အထဲမှ တတိယအကြီးအကဲ ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့်က စတုတ္တအကြီးအကဲထက် သန်မာသော်လည်း ဒုတိယအကြီးအကဲနှင့် ပထမအကြီးအကဲထက် များစွာ အားနည်းနေသေးသည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နတ်စစ်သူကြီးလေးပါးက ခွန်အားအရာတွင်ကော တိုက်ပွဲအတွေ့အကြုံမှာပါ ဤအဘွားအိုထက် ပိုမြင့်မားကြသည်။

တတိယအကြီးအကဲက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီး သွေးများအန်ထွက်လာခဲ့သည်။

ထိုစဉ်...

လေဟာနယ်က အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

မြှားတစ်စင်းက အလွန်ကြောက်စရာကောင်းသော စွမ်းအားကို သယ်ဆောင်လာကာ တတိယအကြီးအကဲဆီသို့ တိုက်ရိုက် ပစ်ခတ်ခဲ့၏။

တတိယအကြီးအကဲက သတိမထားမိသောကြောင့် တိုက်ရိုက်ထိမှန်သွားခဲ့သည်။ နာကျင်စွာ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က အက်ကွဲသွားတော့သည်။

"အား... ဒါ... ဒါက ဟုန်ယွိရဲ့လေး..."

တတိယအကြီးအကဲက အော်လိုက်သည်။

သူ့ကို မြှားချက်ထိမှန်သွားချိန်တွင် သူမ၏ သွေးမျိုးဆက်ကို ထိန်းချုပ်နိုင်သော အထူးနိယာမတစ်ခု ပေါ်လာခဲ့သည်။

ဒါက သဘာဝ ရန်သူကဲ့သို့ပင်။

ဝေးကွာသောအရပ်မှ လေထဲတွင် ရှေးဟောင်းနယ်မြေဖြတ်ကျော် စစ်သင်္ဘောတစ်စင်းက ကောင်းကင်ကို ဖြတ်သန်းလာနေသည်။

စစ်သင်္ဘောဦးပိုင်းမှာတော့ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့် လူတစ်ဦး ရှိနေ၏။ သူက ဟုန်ယွိ၏လေးကို လက်ထဲတွင်ကိုင်ထားပြီး ကလဲ့စားချေခြင်း မီးတောက်များကလည်း သူ့မျက်လုံးများတွင် တောက်ပနေတော့သည်။

‌ရီမျိုးနွယ်၏ နောက်ဆုံးသော ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်... ရီကျင်းရှန် ဖြစ်သည်။

All Chapters