← Chapters

ဂိုဏ်းတူအစ်ကို၊ ညီမနာမည်က လင်းအာပါ

Vol. 13 Ch. 199

ဂိုဏ်းတူအစ်ကို၊ ညီမနာမည်က လင်းအာပါ

Vol. 13 Ch. 199

ရေသူမကျွန်းလေးကျွန်းလုံး ရုန့်ရင်းဆတ်ခတ်ဖြစ်နေသည်။

ဓာတ်နှောများက အရာအားလုံးကို ကျူးကျော်နေပြီး အလောင်းအဆိပ်က နေရာအနှံ့ ပျံ့နှံ့နေသည်။

ကျန်နေသေးသော ရေသူမမျိုးနွယ်ဝင်များအားလုံး သွေးဆာနေသည့်အမူအရာများ ရှိနေကြပြီး ယခင်ကထက်ပင် ရက်စက်ကြမ်းကြုတ်လာကြသည်။ သူတို့က ချီရွှဲ့ထုံဂိုဏ်းသားများကို အတူပူးပေါင်း၍ ချေမှုန်းသုတ်သင်ရန် စီစဉ်လာကြသည်။

သို့သော်လည်း မကြာခင် တစ်ခုခု လွဲမှားနေသည်ကို ရေသူမမျိုးနွယ်ဝင်များ သိရှိလာကြသည်။

ကျွန်းလေးကျွန်းပေါ်ရှိ ခေါင်းကိုးလုံးမြွေရှစ်ကောင်၏ အရှိန်အဝါများက အားကောင်းသည်ထက် အားကောင်းလာပြီး မြေပြင်ပေါ်တွင် ဓာတ်နှောများ၊ အလောင်းအဆိပ်နှင့် ပြန်လည်ရှင်သန်လာသော အလောင်းများ တစတစ တိုးပွားလာပါသော်ငြား ချီရွှဲ့ထုံဂိုဏ်းသားအများစုက ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။

ဂိုဏ်းသားတချို့က အဖြူရောင်ဆေးလုံးများစွာကို ထုတ်၍ ချိုချဉ်စားသလို စားနေကြသည်။

တချို့ဂိုဏ်းသားများက နှမျောတွန့်တိုမနေဘဲ ဓာတ်နှောများကို အချိန်အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပေးနိုင်သည့် အဆောင်များကိုပင် ထုတ်လိုက်ကြသည်။

ထိုကပ်ဘေးမှ ရှောင်ရှားပြီး ဓာတ်နှောများနှင့် အလောင်းအဆိပ်ကို ခုခံရန်ပြင်ဆင်သည့်အလား ကျဉ်းများ တူးနေကြသော ဂိုဏ်းသားတချို့လည်း ရှိသည်။ ထိုသို့ ကျဉ်းတူးကြသည့် ဂိုဏ်းသားအများစုက ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအခြေခံရှိသူများ ဖြစ်ကြသည်။

ဂိုဏ်းသားတချို့က မှော်လှေများကို ထုတ်၍ မှော်လှေအတွင်း ဝင်ရောက်ကာ အပြင်ဘက်လောကကို စူးစမ်းလေ့လာကြသည်။

တချို့ကတော့ မန္တန်အစီအရင်ပြားများကိုပင် ထုတ်၍ မန္တန်အစီအရင်များ တပ်ဆင်လိုက်ကြသည်။ သူတို့က တခြားဂိုဏ်းသားများကိုပင် အခကြေးငွေတောင်း၍ အစီအရင်ထဲသို့ ဝင်စေသည်။

မထော်မနန်း အဖြစ်ဆုံး ကိစ္စမှာ ယိမေကျွန်းပေါ်၌ လူတစ်ယောက်က လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးချ၍ အလောင်းဒါဇင်များစွာကို ထိန်းချုပ်ကာ စက်ဝိုင်းပုံစံ ကာထားစေပြီး ဘေးပတ်လည်ရှိ အလောင်းအဆိပ်နှင့် ဓာတ်နှောများကို ရှူရှိုက်စေသည်။ ထိုဂိုဏ်းသားမှာ စိတ်အေးလက်အေးဖြစ်နေပြီး တခြားဂိုဏ်းသားများကိုပင် အခကြေးငွေပေး၍ စက်ဝိုင်းထဲ ဝင်စေသည်။

ထိုသို့ဖြင့် နည်းလမ်းမျိုးစုံ ထွက်ပေါ်လာသည်။

အလောင်းအုပ်စုကြီးထဲ ဝင်ရောက်ကာ အလောင်းများထံမှ သားရေအိတ်ရှုံ့များကိုပင် လုယူကြသည့် ဂိုဏ်းသားတချို့ပင် ရှိသည်။ ယင်းအခြေအနေမှာ အလောင်းများကို မျှားခေါ်ကာ ခြုံခိုက်တိုက်ခိုက်သည့်အဆင့်သို့ပင် ရောက်သွားသည်။

ဂိုဏ်းသားများက ခေါင်းကိုးလုံး မြွေရှစ်ကောင်ကိုပင် ဂရုစိုက်ကြသည့်ပုံမပေါ်ပေ။ သို့တည်းမဟုတ် ထိုခေါင်းကိုးလုံးမြွေရှစ်ကောင်က ကြောက်စရာကောင်းပါသော်လည်း ချမ်းသာချင်သည့်စိတ်က သူတို့ကို ထိန်းချုပ်မရအောင် ဖြစ်စေသည်လည်း ဖြစ်နိုင်သည်။

သူတို့က ဆင်းရဲမွဲတေမည်ကို ကြောက်ရွံ့လွန်း၍ ‘ အသက်သေချင်သေပါစေ၊ ရင်းမြစ်တွေ လုယူတာကိုတော့ လာမတားနဲ့ ’ ဟူ၍ ဆိုနေသည့်အလားပင်။

ထိုမြင်ကွင်းသည် ရေသူမမျိုးနွယ်ဝင်များ၏ နှလုံးသားများထဲတွင် ကူကယ်ရာမဲ့သော ခံစားချက်များ ပေါက်ဖွားလာစေသည်။ သို့သော်လည်း အကြောင်းအရင်းကို မကြာခင် သူတို့ နားလည်သွားရသည်။ ကောင်းကင်ဝေဟင်ပြင်၌ တောင်ပံကြီးပေါ် ရပ်နေသော သတ္တမမြောက်သခင်ကြီးသည် အနည်းငယ် ခက်ခဲလာသော စမ်းသပ်ပွဲကိုကြည့်၍ သဘောခွေ့နေသည်။

ခေါင်းကိုးလုံးမြွှေရှစ်ကောင်ကို သူ မြင်သောအခါတွင် သူ့မျက်လုံးများ ဝင်းလက်သွားပြီး လက်ကို ဆတ်ခနဲ မြှောက်၍ အောက်သို့ အတင်းအကြပ် ဖိနှိပ်လိုက်သည်။ ရုတ်တရက် ခေါင်းကိုးလုံးမြွှေရှစ်ကောင်အနက် သုံးကောင်မှာ စူးစူးဝါးဝါးအော်ဟစ်မြည်တမ်းကာ ပြိုလဲသွားသည်။ ၎င်းတို့က အနက်ရောင်မြူခိုးများအသွင် ပြောင်းလဲ၍ မန္တန်အစီအရင်အပြင်ဘက်သို့ လွင့်ပျံသွားကာ သတ္တမမြောက်သခင်ကြီး၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။

သတ္တမမြောက်သခင်ကြီးက လက်ထဲရှိ အနက်ရောင်မြူခိုးများကို ကြည့်ကာ အတန်ငယ် အံ့သြသွားသည်။

“ ပစ္စည်းကောင်းလေးပဲ ”

အမြုတေအဆင့်အကြီးအကဲ ဆယ့်သုံးယောက်သည်လည်း စိတ်ဝင်စားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် မန္တန်အစီအရင်ကို တိုက်ခိုက်လိုက်ကြသည်။

သူတို့၏ ပူးပေါင်းတိုက်ကွက်အောက်တါင် အနက်ရောင်အခိုးအငွေ့များ မန္တန်အစီအရင်အပြင်ဘက်သို့ လွင့်ပျံထွက်လာပြီး ၎င်းတို့ကို သူတို့ ဖမ်းယူလိုက်သည်။

ဘေးတွင် ထိုင်နေကြသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာသည်လည်း အငြိမ်မနေကြပေ။ သူတို့အားလုံး နည်းလမ်းအသီးသီး ထုတ်ဖော်လိုက်ကြပြီး တချို့က မန္တန်အစီအရင်အစွန်းသို့ သွားကာ အနက်ရောင်အခိုးအငွေ့များကို အရူးအမူး စုဆောင်းလိုက်ကြသည်။

သူတို့၏ ကြိုးစားအားထုတ်ခြင်းကြောင့် မန္တန်အစီအရင်ကြီးထဲရှိ မြွေကြီးငါးကောင်၏ အရှိန်အဝါများ သိသိသာသာ လျော့နည်းလာသည်။ တစ်ကောင်မှာ ညှိုးခြောက်သွားကာ စူးစူးဝါးဝါးအော်ဟစ်မြည်တမ်း၍ ပျောက်ကွယ်သွားသည်။

လက်ကျန်လေးကောင်သည်လည်း အမြုတေအဆင့်မှ လျောကျကာ မကြာခင် အစောပိုင်းအခြေတည်အဆင့်သို့ ရောက်သွားသည်။

ထိုမျှဖြင့် မပြီးသေးပေ။ ၎င်းတို့မှာ အားနည်းနေဆဲဖြစ်ပါသော်လည်း အမြန်နှုန်းက မဆိုစလောက် နှေးကွေးသည်။

ရေသူမဘိုးဘိုးသည် ထိုမြင်ကွင်းနှင့် ဘေးပတ်လည်ရှိ ချီရွှဲ့ထုံဂိုဏ်းသားများ၏ စိတ်လှုပ်ရှားနေသည့်အမူအရာများကို ကြည့်၍ စိတ်ဓာတ်ကျသွားတော့သည်။

“ ချီရွှဲ့ထုံဂိုဏ်းဆိုတာ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ။ ကျိန့်ခိုင်ယီ သတ္တမမြောက်တောင်ထိပ်သခင် ဖြစ်လာကတည်းက အားလုံး ပြောင်းလဲသွားတော့တာပဲ ”

ရေသူမကျွန်းလေးကျွန်းပေါ်ရှိ ချီရွှဲ့ထုံဂိုဏ်းသားများ ထိုမြင်ကွင်းကို မြင်သောအခါ တချို့မှာ စိတ်ဝင်စားသွားကြပြီး ပြေးထွက်လာကြသည်။ သူတို့က မြွေကြီးများကို သတ်ဖြတ်ရန် တခြားဂိုဏ်းသားများနှင့် ပူးပေါင်းလိုက်သည်။

ကျူးယင်ကျွန်းပေါ်၌ တင်းရှောင်ဟိုင်၏ အဝတ်အစားများ စုတ်ပြဲနေပါသော်လည်း သူ့အရှိန်အဝါက ကြောက်ခမန်းလိလိပင်။ သူက ငါးအရိုးမြို့အပြင်ဘက်ရှိ ဧရာမမြွေကြီးများထံသို့ ပထမဆုံး ထွက်လာခဲ့သူ ဖြစ်သည်။ တခြားဂိုဏ်းသားသုံးယောက်သည်လည်း အရပ်နေရာအနှံ့မှ ပြေးလာကြကာ သူနှင့် ပူးပေါင်းလိုက်သည်။

သို့သော်လည်း ထိုသုံးယောက်၏ တာဝန်က အနက်ရောင်အခိုးအငွေ့များကို စုဆောင်းရန်ဖြစ်ပြီး တင်းရှောင်ဟိုင်၏ တာဝန်က တိုက်ခိုက်ရန် ဖြစ်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ရွှီချင်းက ထိုမြင်ကွင်းကိုလှမ်းကြည့်လိုက်ပြီး တင်းရှောင်တိုင်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသော လူသုံးယောက်ကို မြင်လိုက်ရသည်။ ထိုသုံးယောက်လုံး ကြောက်ခမန်းလိလိ အစွမ်းထက်ကြသည်။ တစ်ယောက်က အလွန် လှပချောမောသော မီးခိုးရောင်တာအိုဝတ်ရုံဝတ်မိန်းမလှလေးတစ်ဦး ဖြစ်သည်။

ထိုမိန်းမလှလေးသည် သေးသွယ်ကျစ်လျစ်သောခန္ဓာကိုယ် ရှိပါသော်ငြား ညှို့ငယ်ဖမ်းစားနိုင်စွမ်း အပြည့်ရှိသည်။ သူမ၏ မျက်နှာလေးက ကြာပန်းလေးတစ်ပွင့်ကဲ့သို့ဖြစ်ပြီး မိုးမခပင်ကဲ့သို့ သွယ်လျဖြောင့်တန်းသော မျက်ခုံးမွေးများနှင့်အတူ မက်မွန်သီးများထက်ပင် ဆွဲဆောင်မှုအပြည့်ရှိသည့် မျက်ဝန်းလှလှလေးများလည်း ရှိသည်။ သူမ၏ နီရဲသော နှုတ်ခမ်းလွှာလေးက အထက်သို့ မဆိုစလောက် ကွေးညွှတ်နေပေရာ အလှပေါ် အလှဆင့်လိုက်သည့်အလား ဖြစ်နေပေသည်။

ထိုမိန်းမလှလေးသည် တာအိုဝတ်ရုံပွပွကြီးကို ဝတ်ဆင်ထားပါသော်လည်း တစ်ခါလှုပ်ရှားသွားတိုင်း တင်းရင်းကျစ်လျစ်သော ခါးကျဉ်ကျဉ်လေးနှင့် မက်မွန်သီးများသဖွယ် တင်ပါးလေးတို့ကို မြင်နေရသည်။

ကျန်းစန်းက ဂလုခနဲ တံတွေးကို မျိုချလိုက်ပါသော်လည်း မြွေကြီးများထံမှ ဖိအားက သူ့စိတ်ကို တုန်ရီသွားစေသည်။ သူ၏ခွန်အားဖြင့်ဆိုပါက မြွေပေါက်ခံရမည်ဖြစ်ပြီး အသက်သေလျှင်သေ၊ မသေပါက သူ၏ ကျင့်ကြံခြင်း ပျက်စီးသွားမည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ရွှီချင်းက တည်ငြိမ်စွာဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏အာရုံက ခေါင်းကိုးလုံးမြွေပေါ်ရောက်နေသည်။ သူ့စိတ်ထဲတွင် ယင်းမြွေက နံရံဆေးရေးပန်းချီထဲမှ မြွေနှင့် ဆင်တူနေသည်။ ယင်းကြောင့် သူ အံ့အားသင့်သွားရပါသော်လည်း တချိန်တည်းမှာပင် အလွန်သတိထားသွားသည်။

ထိုမြွေကြီး ပေါ်လာပြီးနောက် လောကကြီးနှစ်ခုကို ပခုံးတွင်ထမ်းထားသော လူ့ဘီလူးကြီးလည်း ထွက်လာမည်ကို သူ စိုးရိမ်နေသည်။

ခေါင်းဆောင်မှာ ရွှီချင်းကို ငှက်မွေးအကြောင်း မေးမြန်းမနေတော့ဘဲ ကျန်းစန်း၏နောက်ကျောတွင် မှီနေရင်း ပြင်းပြသောစိတ်ဆန္ဒများဖြင့် မြွေကြီးကို စူးစိုက်၍ ကြည့်နေသည်။

“ ဒါ ပစ္စည်းကောင်းလေးပဲကွ။ ဒီလောက်ဓာတ်နှောတွေ အများကြီး ရှိနေတာ၊ ဒီပစ္စည်းက လူတွေကို လှည့်ဖျားဖို့ အကောင်းဆုံး လက်နက်ပဲ ”

“ အခုလောလောဆယ် မန္တန်အစီအရင်က ဖိနှိပ်ထားလို့ ငါတို့ ယူရင် ပိုလွယ်တယ်။ ငါတို့ အဲဒါကို ရောင်းလိုက်ရင် အချီကြီး ပွမှာပဲ။ တောင်ပေါ်က လူတွေက အဲဒါကို ဝယ်ဖို့ အလုအယက် တိုးနေကြမှာကွ။ ပုံမှန်ဆိုရင် တည်တည်ကြည်ကြည်နေတတ်တဲ့ အဲဒီကောင်လေး တင်းရှောင်ဟိုင်က အခုလိုမျိုး လုပ်မယ်လို့ ငါ မထင်ထားဘူး။ ဒါ ပစ္စည်းကောင်းမှန်း သိလို့ လုယူတာပဲ ”

“ လာ သွားမယ်ကွာ။ ငါ ဒီပစ္စည်းကို ကိုက်ပြီးတော့တောင် ယူနိုင်ပါတယ်ကွ ”

“ ကျန်းစန်း၊ သွားကြစို့ ”

ကျန်းစန်း၏မျက်နှာ ရှုံ့မဲ့သွားပြီး ချာခနဲလှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားသည်။ မည်သို့ပင်ဖြစ်စေ သူ့အသက်ကို ရင်းမည်မဟုတ်သည့်အလား ခေါင်းပင်လှည့်မကြည့်ပေ။

“ ကျန်းစန်း၊ ငကြောက်။ သွားစမ်းပါကွ။ ဒီလောက်အဖိုးတန်တဲ့ပစ္စည်းကို ”

“ ဘာလို့ မင်းဘာသာ ဆင်းပြီး မသွားတာတုံး ”

ကျန်းစန်းက ပြန်ပြောလိုက်သည်။

ခေါင်းဆောင်က သက်ပြင်းချ၍ ရွှီချင်းကို လှည့်ကြည့်လိုက်သည်။

“ ရွှီချင်း၊ သွားလိုက်။ အဲဒါက တကယ့်ပစ္စည်းကောင်းလေးနော် ”

ရွှီချင်းက မကြားယောက်ဆောင်နေလိုက်သည်။ အထွတ်အထိပ်ရတနာကို ရပြီးနောက် သူ မည်သည့်စွန့်စားမှုကိုမှ မလုပ်ချင်ပေ။ ယခုအချိန်၌ ဤပြိုင်ပွဲ ပြီးဆုံးကာ ဤနေရာမှ မြန်မြန်ထွက်သွားရန် အတွေးသာ သူ့ခေါင်းထဲ ရှိနေသည်။ သူ ပြန်ရောက်သည်နှင့် အခြေတည်အဆင့်သို့ တက်ရန် ကြိုးစားမည်ဖြစ်သည်။

ရွှီချင်းက မသွားသည်ကို မြင်သောအခါ ခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြင့် ပန်းသီးကို ထုတ်လိုက်သည်။ သူက မြွေကြီးကို လှမ်းကြည့်လိုက်ရင်း ပန်းသီးကို ကိုက်လိုက်၏။ သူ့ပစ္စည်းများ လုယူခံနေရသည့်အလား သူ၏မျက်နှာတွင် နောင်တရခြင်းများ၊ စိတ်နှလုံးပူဆွေးခြင်းများဖြင့် ပြည့်နှက်နေသည်။

ထိုစဉ် တင်းရှောင်ဟိုင်တို့အုပ်စုထဲမှ မိန်းမလှလေးက တစ်ခုခုကို သတိထားမိသွားဟန်တူပြီး မြွေကြီးပတ်လည်တွင် သွက်လက်ပေါ့ပါးစွာ သွားလာရင်း ရွှီချင်းတို့ရှိရာဘက်သို့ ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။

ရွှီချင်းကို သူမ မြင်သွားပြီး မျက်လုံးလေးများ ဝင်းလက်သွားသည်။ ထို့နောက် ရွှီချင်းကို နှုတ်ဆက်နေသည့်အလား ခပ်သွက်သွက်ခေါင်းညိတ်ပြလိုက်သည်။

ရွှီချင်းက အာရုံမစိုက်သည်ကို ထိုမိန်းကလေး မြင်သွားပြီး သူမ၏ခန္ဓာကိုယ်မှ ပျံသန်းစေနိုင်သော အဆောင်မှာ ဝင်းလက်သွားသည်။ သူမက မြွေကြီးကို စွန့်ပစ်လိုက်ပြီး ရွှီချင်းထံသို့ ပျံသန်းသွား၏။

တဝှစ်ဝှစ်မြည်သံများကြောင့် ရွှီချင်း ခေါင်းကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင်သံတုတ်လေးပေါ်လာပြီး အလျဉ်အမြန် ချဉ်းကပ်လာနေသော မိန်းကလေးကို သူ စူးစိုက်ကြည့်လိုက်သည်။ တချိန်တည်းမှာပင် အဆိပ်မှုန့်များကို အချိန်မရွေးထုတ်လွှတ်နိုင်ရန် သူ အသင့်ပြင်ထား၏။

သူတို့က မတော်တဆ တွေ့မိခြင်းသာ ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် မသိကြပေ။ တစ်ဖက်လူက ထိုသို့ အလျင်အမြန် ပြေးလွှားလာနေသည်ဖြစ်ရာ ရွှီချင်းအနေဖြင့် သတိထားနေရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ရွှီချင်းက အဆိပ်များ ထုတ်လွှတ်ရန်ပြင်လိုက်သည်ကို ကျန်းစန်း သတိထားမိလိုက်ပြီး ကြောက်လန့်တုန်ရီလွန်း၍ ခပ်လှမ်းလှမ်းသို့ ဆုတ်ကာ ဝင်လာသည့်လူရိပ်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး ဟန်ဆောင်ပြုံးလိုက်သည်။

“ မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုရှင့် ”

ရွှီချင်း သတိထားနေသည်ကို မသိသည့်အလား မိန်းကလေးက အားရဝမ်းသာ ပြေးလာပြီး ညာလက်ကို မြှောက်၍ အနက်ရောင်မြူခိုးလုံးတစ်လုံးကို ထုတ်လိုက်သည်။

ယင်းပစ္စည်းသည် မြွေကြီး၏ အသားမှလွဲ၍ တခြားမဟုတ်ပေ။ မိန်းကလေးက ထိုအသားကို ဖောက်ထွင်းမြင်ရသော ပုလင်းတစ်လုံးထဲတွင် ထည့်ထားခြင်း ဖြစ်သည်။

“ ဂိုဏ်းတူအစ်ကို … ညီမက အသိဉာဏ်ဌာနက လင်းအာပါ။ အစ်ကို့ကို မေးခွန်းလေးတစ်ခုလောက် မေးချင်လို့။ အစ်ကို ဖြေရင် ညီမ အစ်ကို့ကို ဒီအသားပိုင်း ပေးမယ်။ ရလားဟင် ”

မိန်းကလေး၏ အသံက ဘီလုံးငှက်၏အသံအလား ချိုလွင်နေသည်။ သို့သော်လည်း တစ်ဖက်သား၏ မျက်နှာရိပ်မျက်နှာကဲကို သူမ နားလည်ဟန်မတူပေ။ ရွှီချင်း စကားမပြောခင် သူမက ချက်ချင်းပင် မေးလိုက်၏။

“ ဂိုဏ်းတူအစ်ကို၊ အစ်ကိုက မြွေသားကို ကြိုက်တာလား၊ မြွေသည်းခြေတွေကို စားရတာ ကြိုက်တာလားဟင် ”

ထိုမေးခွန်းက သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ယခုအခါမှသာ မေးခွင့်ကြုံလိုက်ရသည့်အလား သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ စကားဆုံးသည်နှင့် သူမက ခေါင်းဆောင်နှင့် ကျန်းစန်းတို့ကို လျစ်လျူရှုကာ ရွှီချင်းတစ်ယောက်တည်းကိုသာ ကြည့်နေ၏။

ကျန်းစန်းက သေးသွယ်သော်လည်း ရက်ရက်စက်စက်လှလွန်းသည့် မိန်းကလေးကို တစ်လှည့်၊ ရွှီချင်းကို တစ်လှည့် ကြည့်လိုက်ပြီး ရင်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်သွားသည်။ သူ သတိထားနေရင်း တစ်ဖက်လူ၏ မေးခွန်းက အလွန်ထူးဆန်းနေသည်ကိုလည်း သိလိုက်ရပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ မြွေသည်းခြေက ခါးလွန်းတယ် ”

“ ဒီတော့ အစ်ကိုက မြွေတွေကို ကြိုက်တာပေါ့နော် ”

မိန်းကလေး၏ မျက်လုံးလေးများ ပို၍ပင် ဝင်းလက်တောက်ပလာသည်။ သူမသည် ခံစားချက်များအား မည်သို့ဖုံးကွယ်ရမည်ကို မသိဘဲ သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်ခြင်းများ အထင်းသား ပေါ်လွင်နေသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ခန္ဓာကိုယ်ကိုပင် တစ်ပတ် လှည့်လိုက်သည်။

ပြီးသည်နှင့် ရွှီချင်းကို ပုလင်းလေး ပစ်ပေးလိုက်ကာ မြွေကြီးဆီသို့ အားရကျေနပ်စွာဖြင့် ပြေးသွားသည်။

ကျန်းစန်း၏ကျောပေါ်ရှိ ခေါင်းဆောင်က ရွှီချင်း၏ လက်ထဲရှိ ပုလင်းလေးကို လှမ်းကြည့်လိုက်ပြီး အဝေးသို့ ရောက်သွားပြီဖြစ်သည့် မိန်းကလေးကို လှမ်းအော်ပြောလိုက်သည်။

“ ဂိုဏ်းတူညီမလေး လင်းအာ၊ ငါ့ကိုလည်း မေးလို့ရတယ်လေ။ သုံးခွန်းလောက် မေးလည်းရတယ်။ ဆယ်ခွန်းဆိုရင်ကော ”

လင်းအာမှာ ခေါင်းလေးလှည့်လာပြီး ခေါင်းဆောင်ကို လျှာထုတ်၍ ပြောင်ပြကာ အဝေးသို့ ပြေးထွက်သွားသည်။

ခေါင်းဆောင်မှာ ဒေါပွနေသည့်အမူအရာဖြင့် ကျန်းစန်း၏ခေါင်းကို ပုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ ဘာလို့တုံး။ ငါလည်း ရုပ်မဆိုးပါဘူးကွ။ ငါ့ကို မေးခွန်းဆယ်ခုလောက်မေးတာက ရွှီချင်းကို တစ်ခုလောက်မေးတာထက်တောင် ပိုတန်မနေဘူးလား ”

“ ခေါင်းဆောင်က အောက်ပိုင်းမှ မရှိတာ။ ဘာလုပ်နိုင်လို့တုံး ”

ကျန်းစန်းက ပွစိပွစိ ပြောလိုက်သည်။

ခေါင်းဆောင်မှာ စကားပြန်မပြောနိုင်အောင် ဖြစ်သွားရပြီး ငြင်းဆန်ရန်ပြင်လိုက်သည်။ သို့သော်လည်း ကျန်းစန်းက သူ့အား အောက်ချရန် ပြင်လိုက်သည်ကို မြင်သောအခါတွင် ပါးစပ်ထဲတွင် မျိုသိပ်ထားလိုက်ရ၏။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ မန္တန်အစီအရင်အပြင်ဘက်ရှိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများက ၎င်းတို့ကို စုဆောင်းနေသည်နှင့်အမျှ လက်ကျန်မြွေကြီးလေးကောင်မှာ အားနည်းသည်ထက် အားနည်းလာသည်။

ယင်းအပြင် သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများမှာ မြွေကြီးများ၏ တန်ဖိုးကို ခန့်မှန်းမိလိုက်ကြပြီး ဝံပုလွေပေါက်လေးများပမာ အုံခဲနေကြပေရာ မြွေ တစ်ကောင်ပြီးတစ်ကောင် ပြိုလဲလာသည်။

ယင်းပြိုင်ပွဲသည်လည်း နောက်ဆုံးမြွေကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရင်းဖြင့် ပြီးဆုံးသွားသည်။

ထိုအချိန်၌ ကောင်းကင်ယံရှိ မန္တန်အစီအရင်ကြီး ပွင့်လာသည်။ အပြင်ဘက်တွင် မနက်ခင်းဝေလီဝေလင်းအချိန်သာ ရှိသေးပြီး ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော နေရောင်ခြည်တန်းများက ကျဉ်းများဖြင့်ပြည့်နှက်နေသည့် ရေသူမကျွန်းများနှင့် အိတ်များဖောင်းကားနေသော ဂိုဏ်းသားများအပေါ်သို့ ဖြာကျလာသည်။

ဂိုဏ်းသားတစ်ဝက်ကျော် သေဆုံးသွားပါသော်ငြား လက်ကျန်ဂိုဏ်းသားများ၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။

ထိုဂိုဏ်းသားများထဲတွင် ရွှီချင်းသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူက ကောင်းကင်ဝေဟင်ပြင်ရှိ ကျင့်ကြံသူများကို မော့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က အတောင်ပံကြီး၏ ခေါင်းပေါ်တွင် ရပ်နေသော လူရိပ်ထံ ရောက်သွားသည်။

“ ကောင်လေးတွေ၊ မင်းတို့ ကောင်းကောင်း ကြိုးစားခဲ့ကြတယ်။ အခုဆိုရင် ငါတို့ သတ္တမမြောက်တောင်ထိပ်မှာ အခြေတည်အဆင့်ကျင့်ကြံသူတွေ ပိုများလာတော့မယ်။ အဆင့်တက်တော့မှာဆိုတော့ မင်းတို့ကို ငါ ဂုဏ်ယူပါတယ် ”

အိုမင်းရင့်ရော်သောအသံတွင် သဘောကျခြင်းများဖြင့် ပြည့်နှက်နေသည်။

All Chapters