အခန်း ၈၂
Vol. 9 Ch. 82
🍅 Chapter 82
ထမင်းဟင်းများ ကျက်သွားသောအခါ အဒေါ်လီသည် စားသောက်ရန် အလွန်ခက်ခဲနေခဲ့သည်။
အစားအစာများ မကောင်း၍မဟုတ်ဘဲ အလွန်ကောင်းမွန်လွန်းနေသဖြင့် သူမ မစားရက်နိုင်အောင် ဖြစ်နေရခြင်းဖြစ်၏။
သူမ တစ်လုတ်စားလိုက်တိုင်း သမီးဖြစ်သူနှင့် မြေးများအတွက် တစ်လုတ်လျော့သွားမည်ဟု သူမ တွေးတောနေမိသည်။
ထို့ကြောင့် ဆန်ပြုတ်တစ်ပန်းကန်ကို ကမန်းကတန်း သောက်ပြီးသည်နှင့် အဒေါ်လီသည် နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လေတော့သည်။
သူမ ချွေတာနေခြင်းသ ဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်းကြီး သိရှိထားသဖြင့် သူမ၏သဘောအတိုင်းသာ လွှတ်ထားလိုက်သည်။
ဝူယွီလန် အတွေးတစ်ခုပေါ်လာကာ ရုတ်တရက် လှမ်းတားလိုက်လေ၏။
“ချွေးမအကြီး၊ နင့်အမေကို တားထားလိုက်ဦး၊ ငါ ပစ္စည်းတချို့ပြင်ဆင်နေလို့”
ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် ခြင်းတောင်းတစ်လုံးကိုယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
မကြာမီမှာပင် သူမသည် ပစ္စည်းများထည့်ထားသော ခြင်းတောင်းတစ်လုံးကို ဆွဲကိုင်လျက် မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့လေသည်။
ခြင်းတောင်းအတွင်း၌ ဆန်ဖြူ နှစ်ဆယ်ကတ်တီ၊ ဂျုံဖြူ ဆယ်ကတ်တီ၊ အသားခြောက် ဆယ်ကတ်တီ၊ ကြက်ဥ အလုံးနှစ်ဆယ်နှင့် ဆန်မှုန့် ငါးကတ်တီတို့ ပါဝင်လေသည်။
ဝူယွီလန် အနည်းငယ် နည်းနေသေးသည်ဟု ခံစားရသဖြင့် ကြက်ခြံထဲသို့ ထပ်မံငုံ့ဝင်သွားပြန်သည်။
ကြက်ခြံအပြင်ဘက်တွင် ရပ်နေသော စုန့်အာ့လန်သည် ၎င်းကိုမြင်သောအခါ သိချင်စိတ်ဖြင့် ခေါင်းလေးပြူကာ ဇဝေဇဝါ မေးမြန်းလိုက်သည်။
“အဖွား၊ ဘာလုပ်နေတာလဲ”
ဤအသံကို ကြားသောအခါ ဝူယွီလန် ခေါင်းလှည့်ကာ စုန့်အာ့လန်အား ကြည့်ပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။
“အာ့လန်၊ မြန်မြန်သွားပြီး ကြိုးနှစ်ချောင်းလောက်သွားယူခဲ့၊ နင့်အဖွား အိမ်အပြန်သယ်သွားဖို့ ကြက်နှစ်ကောင်ဖမ်းပေးမလို့”
ထိုစကားကို ကြားသောအခါ စုန့်အာ့လန်၏မျက်လုံးများ တောက်ပသွားသည်။
သူ့အဖွားသည် ဤနှစ်များတစ်လျှောက်လုံး သူတို့မိသားစုအပေါ် အလွန်ကောင်းမွန်ခဲ့ကြောင်း သူ သိထားရာ ယခု နောက်ဆုံးတွင်တော့ သူမအား တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်ခွင့် ရရှိပြီမဟုတ်ပါလား။
“ဟုတ်ကဲ့”
စုန့်အာ့လန် အသံပြုလိုက်ပြီးနောက် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းအလား ကြိုးရှာရန် ထင်းတဲထဲသို့ အလျင်အမြန် ပြေးသွားလေသည်။
မကြာမီမှာပင် သူသည် လျှော်ကြိုးငယ်နှစ်ချောင်းကို ကိုင်ဆောင်ကာ ပြေးလာပြီး ဝူယွီလန်ထံ ကမ်းပေးလိုက်လေ၏။
“ရော့ အဖွား၊ ကြိုး”
ဝူယွီလန်က ကြိုးကိုယူကာ ကြက်နှစ်ကောင်၏ခြေထောက်များအား ကျွမ်းကျင်စွာ ချည်နှောင်လိုက်ပြီး လမ်းခရီးတွင် ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် တင်းတင်းကျပ်ကျပ် ထပ်မံချည်နှောင်လိုက်သည်။
“ဒါဆိုရင် ရလောက်ပါပြီ”
သူမက လက်တစ်ဖက်တွင် ကြက်များကို ဆွဲကာ အခြားတစ်ဖက်တွင် ခြင်းတောင်း ကိုင်ဆောင်ထားလေသည်။
“ခမည်းခမက်၊ ကျွန်မတို့အိမ်မှာ တန်ဖိုးကြီးတာ ဘာမှမရှိဘူး၊ ဒီကြက်နှစ်ကောင်နဲ့ ဒီပစ္စည်းတွေက ကွေ့ချင်က သူ့အမေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကန်တော့တာပါ”
ဝမ်ကွေ့ချင်သည် ပစ္စည်းများအပြည့်ပါသော ခြင်းတောင်းကြီးကိုကြည့်ကာ အလွန်အမင်း ရင်ထဲဆို့နင့်သွားမိသည်။
အဒေါ်လီ မျက်ခုံးပင့်လိုက်သည်။
“ငါ့ကို တကယ် ပေးတာလား၊ ဒါက ကြက်နှစ်ကောင်နော်”
ခြင်းတောင်းထဲတွင် ဘာတွေပါမှန်း သူမ မသိသော်လည်း ဝူယွီလန်ကိုင်ထားသည်မှာ အသားတောင့်တောင့် အရှင်လတ်လတ် ကြက်နှစ်ကောင် ဖြစ်နေသည်မဟုတ်ပါလား။
ထို့အပြင် ကြက်နှစ်ကောင်မှာလည်း ဥဥနိုင်သော အမများချည်းပင်။
“စောစောကမှ တစ်ကောင် သတ်ထားပြီးပြီ၊ အခု နှစ်ကောင်ထပ်ပေးပြန်ပြီ၊ ဘယ်လို မိသားစုမျိုးကများ ဒီလောက်အထိ ဖြုန်းတီးနိုင်မှာလဲ'
ဝူယွီလန် ကြက်များကို နွားလှည်းပေါ်သို့ တိုက်ရိုက်ချည်နှောင်လိုက်သည်။
“ခမည်းခမက်၊ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မတို့မိသားစုအပေါ် အမြဲတမ်းဂရုစိုက်ပေးခဲ့တဲ့အတွက် ဒီကျေးဇူးကို ကျွန်မရင်ထဲမှာ မှတ်ထားပါတယ်၊
ရှေ့ဆက်ရမယ့်နေ့ရက်တွေက အများကြီးကျန်သေးတော့ ကျွန်မတို့အချင်းချင်း ပိုပြီးရင်းနှီးအောင်နေကြတာပေါ့”
အဒေါ်လီ မူလက ယဉ်ကျေးစွာငြင်းပယ်လိုသော်လည်း ထိုအခိုက်အတန့်တွင် ၎င်းတို့မှာ အသက်ရှင်လျက်ရှိနေသေးသည့် ကြက်မများဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
‘ကြက်မတွေက ကြက်ဥ ဥနိုင်တယ်လေ'
‘အနည်းဆုံးတော့ ဒီကြက်တွေကို လောလောဆယ် လက်ခံထားလိုက်ပြီး သမီးဖြစ်သူအတွက် မွေးထားပေးလို့ရတာပဲ’ ဟု သူမ ရင်ထဲတွင် တွေးတောလိုက်သည်။
ထို့ကြောင့် အဒေါ်လီသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင်တော့ သဘောတူလိုက်သည်။
“ကောင်းပြီလေ၊ နင်က အတင်းပေးချင်နေမှတော့ ငါ လက်ခံလိုက်ပါ့မယ်”
အိမ်အပြန်လမ်းတွင် စောစောက ပြောဆိုခဲ့သောစကားများက အဒေါ်လီ၏စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး သူမ အနည်းငယ် မူးဝေနေသလို ခံစားလိုက်ရ၏။
လမ်းလျှောက်နေရင်း ဝူယွီလန်က သူမကို ပစ္စည်းများထည့်ထားသော ခြင်းတောင်းတစ်လုံးပါ ပေးလိုက်ကြောင်း ရုတ်တရက် သတိရသွားသည်။
ထို့ကြောင့် သူမ ရပ်လိုက်ပြီး ခြင်းတောင်းကို ဖွင့်ကြည့်လိုက်သည်။
မူလက သူမ ထင်ထားသည်မှာ အိမ်စိုက်ဟင်းသီးဟင်းရွက်အနည်းငယ်နှင့် ကန်စွန်းဥများသာ ပါဝင်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူမ သေချာကြည့်လိုက်သောအခါ အကြီးအကျယ် လန့်ဖျပ်သွားလေတော့သည်။
“ဘုရားရေ”
အဒေါ်လီ အံ့ဩတကြီး ရေရွတ်လိုက်၏။
“ဒါတွေ အကုန်လုံးက ဆန်ဖြူ၊ ဂျုံဖြူတွေချည်းပါလား”
သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ခြင်းတောင်းထဲရှိ အစားအစာများကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိသည်။
ထိုမျှသာမက အထဲတွင် အသားခြောက်၊ ကြက်ဥ၊ ဆန်မှုန့်နှင့် အခြားပါဝင်ပစ္စည်းများလည်း ပါဝင်သေးသည်။
အဒေါ်လီ၏ လက်များမှာ အနည်းငယ် တုန်ယင်နေ၏။ ဤပစ္စည်းများမှာ သူမအတွက် အလွန်အဖိုးတန်လွန်းနေပြီး ကိုင်ရထားသည်ကပင် အနည်းငယ် ပူလောင်လာသကဲ့သို့ ခံစားနေရသည်။
‘ဝူယွီလန်က တကယ်ပဲ လူသစ်စိတ်သစ် ပြောင်းလဲသွားပြီလား။ ငါ့ကို ဒီလိုအဖိုးတန်ပစ္စည်းတွေ ထည်ပပေးလိုက်လိမ့်မယ်လို့ လုံးဝ မထင်ထာဘူး'
လမ်းတစ်ဝက် ရောက်နေပြီဖြစ်ရာ ပြန်ပေးရန်မှာ မဖြစ်နိုင်တော့ချေ။ အဒေါ်လီက သူမ၏အကြီးဆုံးချွေးမ မီးတွင်းထဲမှ နာလန်ထရန်အတွက် ဆန်ဖြူနှင့် ဂျုံဖြူများလိုအပ်နေသဖြင့် ‘ယူသွားလိုက်တာပဲ ကောင်းပါတယ်’ ဟု တွေးတောလိုက်မိသည်။
ဤပစ္စည်းများအတွက် သူမ၏ကိုယ်ပိုင်စုဆောင်းငွေများထဲမှ နောက်မှ ပြန်လည်ဖြည့်တင်းပေးလိုက်ပေမည်။
ဤသို့တွေးလိုက်သောအခါ အဒေါ်လီ ရင်ထဲတွင် အတော်လေး သက်သောင့်သက်သာ ဖြစ်သွားလေသည်။
အိမ်သို့ ပြန်ရောက်သောအခါ သူမသည် ပစ္စည်းများချထားလိုက်ပြီး ကြက်ဥနှစ်လုံးအားယူကာ နွားလှည်းကို ရွာထဲရှိ မိသားစုထံသို့ပြန်ပေးလိုက်သည်။
ထိုမိသားစုမှာ စားဝတ်နေရေး မပြေလည်နိုင်လောက်အောင် ဆင်းရဲမွဲတေနေခြင်းမဟုတ်သော်လည်း နွားတစ်ကောင် ဝယ်နိုင်လောက်အောင်တော့ မချမ်းသာလှပေ။
နွားတစ်ကောင်ဆိုလျှင် အနည်းဆုံး ငွေဆယ်ချောင်းကျော် ပေးရသည်မဟုတ်ပါလား။
နွားလှည်းပြန်ပေးပြီး အိမ်သို့ ရောက်ရောက်ချင်းမှာပင် အဒေါ်လီသည် လယ်ထဲမှပြန်လာသော သူမ၏ခင်ပွန်းနှင့် သားဖြစ်သူကို တွေ့လိုက်ရသည်။
သူမက ပျော်ရွှင်စွာဖြင့် သွားရောက်ကြိုဆိုလိုက်၏။
“အဘိုးကြီး”
ဝမ်ကျုံးသည် သူ့ဇနီးကို မြင်သောအခါ အေးစက်စက် နှာမှုတ်လိုက်သည်။
“စုန့်မိသားစုရွာကို ထပ်မသွားနဲ့တော့လို့ ငါပြောထားတယ်မဟုတ်လား၊ မင်း အရှက်ကွဲရတာ မလုံလောက်သေးဘူးလား”
သူတို့ တယုတယ ကြင်ကြင်နာနာဖြင့် ပြုစုပျိုးထောင်ခဲ့ရသော သမီးဖြစ်သူသည် မင်္ဂလာကြေးတစ်ပြားတစ်ချပ်မှမရဘဲ ထိုအိမ်တွင် အိမ်ထောင်ကျသွားခဲ့ရုံသာမက ရက်အနည်းငယ်ခြားတစ်ခါ သူတို့ကို သွားရောက်ထောက်ပံ့ပေးနေရသေးသည်။
စုန့်မိသားစုက လူကောင်းများဆိုလျှင် သူ ဘာမှမပြောလိုသော်လည်း ထိုအဘွားကြီးဝူမှာ ရက်စက်ယုတ်မာလွန်းလှသည်။
သူတို့မိသားစုကို အထင်အမြင်သေးရုံသာမက သမီးဖြစ်သူကိုလည်း နှိပ်စက်ကာ အလွန်အမင်း ဒေါသထွက်အောင် လုပ်ဆောင်လေ့ရှိ၏။
ခင်ပွန်းဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ အဒေါ်လီက အလျင်အမြန် ရှေ့သို့တိုးကာ သူ့ကို တွဲပေးလိုက်သည်။
“အဘိုးကြီး၊ ကျွန်မပြောတာ နားထောင်ပါဦး၊ ဒီတစ်ခါတော့ အဘွားကြီးဝူက တကယ့်ကို အရင်ကနဲ့မတူဘဲ ကွာခြားနေပြီ”
ဝမ်ကျုံး သူ့ဇနီးကို မျက်စောင်းထိုးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နောင်ကျရင် စုန့်မိသားစုရွာကို ထပ်မသွားရဘူး၊ ဒါ သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ၊ ဘယ်လိုပဲနေနေ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”