← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

🍅 Chapter 83

အဒေါ်လီ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ဒုတိယချွေးမ ချန်မေသည် ကလေးအား ပွေ့ချီလျက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အမေ၊ ကျွန်မတို့မိသားစုက အခုကိုအတော်လေး ရုန်းကန်နေရပါပြီ၊ အိမ်က ကလေးတွေတောင် စားဖို့ မလောက်တာကို အမေက သူတို့ကိုထောက်ပံ့ဖို့ အစားအသောက်တွေ ယူသွားသေးတာလား၊ ကျွန်မတို့ကို သေ‌တွင်းထဲတွန်းပို့နေတာလား”

“ကြည့်ပါဦး၊ ယောင်းမက ကလေးမွေးထားတာ သုံးရက်ပဲရှိသေးတယ်၊ စားစရာ ဘာမှမရှိတော့ နို့လည်း လုံးဝမထွက်ဘူး၊ အမေ့ရဲ့ မြေးလေး ဘယ်လောက်တောင် ဆာနေပြီလဲဆိုတာ ကြည့်ပါဦး”

ကျန်းဖျင်ဖျင် သူမ ယောင်းမဖြစ်သူ၏အင်္ကျီလက်ကိုဆွဲကာ ဆက်မပြောတော့ရန် အချက်ပြလိုက်သည်။

မျောက်ပေါက်စလေးအလား သေးငယ်ပိန်လှီနေသော သူမ၏မြေးလေးကို ကြည့်ရင်း အနည်းငယ် ၀မ်းနည်းလာမိ၏။

အဒေါ်လီ ရင်မနာဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။

“ရှောင်မေ၊ အမေ အိမ်ကအစားအသောက်တွေ ယူသွားတာ မဟုတ်ပါဘူး၊ အမေ ယူသွားတဲ့ ကန်စွန်းဥနည်းနည်းလေးက အမေ့ရဲ့ ကိုယ်ပိုင်စားနပ်ရိက္ခာထဲက ဖယ်ထားတာပါ”

ချန်မေ အဒေါ်လီကို မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်သည်။

“အမေ၊ စုန့်မိသားစုက ကျွန်မတို့ကိုလေးစားပြီး ခမည်းခမက်လိုသဘောထားရင် ကျွန်မ ဘာမှမပြောပါဘူး၊ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ဝူယွီလန်ဆိုတဲ့ဘွားတော် ဘာတွေလုပ်ခဲ့လဲဆိုတာ အမေလဲ မြင်နေတာပဲ”

“ယောင်းမရဲ့ မင်္ဂလာကြေးကို ခိုးယူသွားရုံတင်မကဘူး၊ ယောင်းမကို ရက်အနည်းငယ်ခြားတစ်ခါ အိမ်ပြန်လာပြီး ပစ္စည်းတွေ လာယူခိုင်းသေးတယ်”

“အဲဒါက တစ်ပိုင်းထားပါတော့၊ သူက အခုအရမ်းယုတ်မာလာပြီး ယောင်းမရဲ့ကလေးကိုတောင် ရောင်းစားပစ်လိုက်ပြီ၊ အဲဒီလို မိသားစုမျိုးနဲ့ အမေက ဆက်ပြီး ပတ်သက်နေသေးတယ်ဆိုတော့…. တစ်နေ့ကျရင် သူက ကျွန်မတို့မိသားစုက ကလေးတွေကိုပါ လှည့်စားပြီး ရောင်းစားပစ်မှာကို မကြောက်ဘူးလား”

ပထမပိုင်းတွင် ချန်မေသည်လည်း ယောင်းမဖြစ်သူကို ကူညီလိုသော ဆန္ဒရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤယောင်းမဖြစ်သူမှာ ကူညီ၍မရနိုင်တော့ကြောင်း သူမ သဘောပေါက်လာခဲ့သည်။

မိသားစုက သူမကို မည်မျှပင် ကျောထောက်နောက်ခံပေးရန် ကြိုးစားစေကာမူ သူမသည် ယောက္ခမဖြစ်သူ ဝူယွီလန်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

ပစ္စည်းမည်မျှပင် ယူသွားစေကာမူ အားလုံးမှာ ဝူယွီလန်နှင့် သူမ၏အငယ်ဆုံးသား ပါးစပ်ထဲသို့သာ ရောက်ရှိသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ ချန်မေလည်း ငြီးငွေ့လာပြီး လူတစ်ဦးချင်းစီ၏ကံကြမ္မာကို လေးစားရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

“ရှောင်မေ၊ အဲဒီကိစ္စကို အခုပဲ အမေက နင်တို့ကိုပြောပြမလို့၊ ဒီနေ့ စုန့်မိသားစုရွာကို သွားတော့ ခမည်းခမက်က အများကြီးပြောင်းလဲသွားပြီဆိုတာ အမေ တွေ့ခဲ့ရတယ်”

“ကြည့်၊ ဒါက သူ ငါ့ကို ပြန်ပေးလိုက်တဲ့ ပစ္စည်းတွေပဲ”

အဒေါ်လီသည် စကားပြောနေရင်းမှ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ပစ္စည်းများအပြည့်ပါသော ခြင်းတောင်းကို ထုတ်ယူလာခဲ့သည်။

သူတို့မိသားစုတစ်ခုလုံး ခြင်းတောင်းကြီးကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြသည်။

“ဒါက တကယ်ပဲ အဘွားကြီးဝူ ပြန်ပေးလိုက်တဲ့ ပစ္စည်းတွေလား”

“တောဟင်းရွက်တွေ ဒါမှမဟုတ် တစ်ခုခုများ ဖြစ်နေမလား”

ချန်မေ ရေရွတ်ရင်း အနားသို့ သွားရောက်ကြည့်ရှုလိုက်သည်။

ခြင်း‌တောင်းထဲရှိ ပစ္စည်းများကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားလေတော့၏။

“ဒါ... ဒါက တကယ်ပဲ ယောင်းမရဲ့ ယုတ် မာ ညစ် ပတ် ကောက် ကျစ် ရိုင်း စိုင်း တဲ့ ယောက္ခမဆီကလား”

အဒေါ်လီ ပြုံးလျက်ပြန်ဖြေလိုက်၏။

“ဒီထဲမှာ ပစ္စည်းအတုတွေ ပါနိုင်လို့လား”

ချန်မေ၏ခင်ပွန်းဖြစ်သူ၊ အဒေါ်လီ၏ သားငယ် ဝမ်ကျစ်မှာလည်း အနည်းငယ် သိချင်စိတ် ဖြစ်လာသည်။

“မင်းတို့ကြည့်ရတာ အတော်အံ့ဩနေကြပုံပဲ၊ ဘယ်လိုပစ္စည်းတွေ ပေးလိုက်လို့ ဒီလောက်တောင် အံ့ဩနေကြတာလဲ”

ချန်မေ ခြင်းတောင်းထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။

“ရှင်တို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြလေ”

ချန်မေ ခြင်းတောင်းထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု စားပွဲပေါ်သို့တင်လိုက်၏။

၎င်းတို့ကို မြင်သောအခါ လူတိုင်း အံ့ဩတကြီး ရေရွတ်မိလိုက်ကြသည်။

ကျန်းဖျင်ဖျင်မှာ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။

“ဒါ... ဒါက ဆန်သားအကောင်းတွေပါလား”

အဒေါ်လီ အိတ်ကို ဖြည်ချလိုက်သည်။

“ပြီးတော့ ဂျုံဖြူတွေလည်း ပါသေးတယ်”

“အသားခြောက်၊ ကြက်ဥနဲ့ ပဲကြာဆံတွေလည်း ပါတယ်၊ အားလုံးက ထိပ်တန်းအရည်အသွေးရှိတဲ့ ပစ္စည်းတွေချည်းပဲ”

ချန်မေ အံ့ဩလွန်း၍ လျှာသပ်လိုက်မိသည်။

“အမေ၊ ဒါက တကယ်ပဲ ယောင်းမရဲ့ ယောက္ခမက ပေးလိုက်တာလား”

သူမ မှတ်ဉာဏ်ထဲတွင် ယောင်းမဖြစ်သူ၏ယောက္ခမမှာ ကပ်စေးနှဲဆုံးသူဖြစ်သည်။ စုန့်မိသားစုရွာသို့သွားတိုင်း ရေတစ်ခွက်မျှပင် သောက်ခွင့်မရခဲ့ပေ။

:ဒီပစ္စည်းတွေ အကုန်လုံးကို အမေ ယောင်းမရဲ့ ယောက္ခမဖြစ်သူဆီကနေ လက်ဆောင်ရလာတယ်ဆိုတာက တကယ်ကို ယုံပေးဖို့ရာ ခက်ခဲလွန်းတယ်'

သို့သော် ပို၍မယုံကြည်နိုင်စရာကောင်းသောအရာတစ်ခု ရောက်ရှိလာဦးမည်ဖြစ်သည်။

အဒေါ်လီ၏စကားကြောင့် လူအုပ်ကြီးမှာ တစ်ဖန် အံ့ဩမှင်တက်သွားကြပြန်သည်။

“ဒါတင်မကသေးဘူး၊ ဝူယွီလန်က ငါ့အတွက် ဥဥနိုင်တဲ့ ကြက်မနှစ်ကောင်တောင် အိမ်ပြန်သယ်သွားဖို့ ဖမ်းပေးလိုက်သေးတယ်”

အဒေါ်လီ ကြက်ခြံဘက်သို့ ဦးတည်သွားသည်ကိုမြင်သောအခါ သူမ တကယ်ပဲ ကြက်မနှစ်ကောင် ယူလာခဲ့သလားဆိုသည်ကို သိချင်သဖြင့် လူတိုင်း အနောက်မှ တကောက်ကောက် လိုက်ပါသွားကြသည်။

ချန်မေကမူ ဝူယွီလန်က ကြက်ပေါက်စနှစ်ကောင်သာ ပေးလိုက်မည်ဖြစ်ပြီး ယောက္ခမဖြစ်သူက ပုံကြီးချဲ့ပြောနေခြင်းသာဖြစ်မည်ဟု တွေးတောနေမိသည်။

မိသားစုတစ်စုလုံး ကြက်ခြံရှေ့တွင် စုရုံးရောက်ရှိလာကြ၏။

နှစ်ပေါင်းများစွာမွေးမြူထားသော သူတို့၏ကြက်မအနည်းငယ်မှာ မည်သည့်ပုံစံရှိသည်ကို သူတို့ ကောင်းကောင်း သိရှိထားကြသည်။

အဒေါ်လီက သူတို့နှင့် အနည်းငယ်စိမ်းသက်သက်ဖြစ်နေသော ကြက်မကြီးနှစ်ကောင် ဆွဲထုတ်လာသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်လွန်း၍ သက်ပြင်းရှည်ကြီးများချလိုက်မိကြသည်။

“ဒီမှာကြည့်၊ လာကြည့်လိုက်ကြ၊ ဒီကြက်မနှစ်ကောင်က သူငါ့ကို ပေးလိုက်တာ”

ချန်မေ လက်ဆန့်တန်းကာ ကြက်မများ၏ ပြောင်လက်နေသော အမွေးအတောင်များကို ပွတ်သပ်လိုက်သည်။

“ကြက်ပေါက်စလေးတွေပဲ ဖြစ်မယ်လို့ထင်ထားတာ၊ ဘုရားရေ၊ ဒီကြက်မတွေက ဥတောင် ဥနိုင်နေပြီပဲ၊ သူ တကယ်ပဲ ရက်ရက်ရောရော ပေးလိုက်တာပဲ”

အဒေါ်လီသည် ကြက်များကို ခြံထဲသို့ ပြန်ထည့်လိုက်သည်။

“ပြီးတော့ ဝူယွီလန်က ကျင်းဟွာကိုပါပြန်ရွေးလာခဲ့ပြီ၊ ကျင်းဟွာ အိမ်ပြန်ရောက်နေတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ”

ဝမ်ကျုံး၏မျက်ဝန်းများအတွင်း၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“သူ တကယ်ပဲ ပြန်ရွေးလာခဲ့တာလား”

အဒေါ်လီ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်၊ သူ တကယ်ပြန်ရွေးလာခဲ့တာ”

ဤသတင်းကို ကြားလိုက်ရသောအခါ မိသားစုတစ်ခုလုံး၏ရင်ထဲတွင် အတော်လေး သက်သောင့်သက်သာ ဖြစ်သွားကြလေသည်။

ယခင်က စုန့်ကျင်းဟွာရောင်းစားခံရစဉ် သူတို့သွားရောက်၍ ရန်ပွဲဖန်တီးခဲ့ကြသော်လည်း ဝူယွီလန်က စုန့်ကျင်းဟွာကိုပြန်ဝယ်ရန် ငွေလာပေးလှည့်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုခဲ့သည်။

သူတို့အနေဖြင့် ငွေရှစ်ချောင်းကို မည်သည့်နေရာကနေ သွားရှာရမည်နည်း။

ဤကိစ္စသည် ဝမ်ကျုံး၏ရင်ထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအဖြစ် အမြဲတမ်း ရှိနေခဲ့သည်။

“ပြန်ရွေးလာတာ ကောင်းတာပေါ့”

ဝမ်ကျုံးသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်လေ၏။ စားပွဲပေါ်ရှိ ပုံစံတကျစီထားသော ပစ္စည်းများကို ကြည့်ရင်း သူ လုံးဝ ဇဝေဇဝါဖြစ်နေမိသည်။

သမီးဖြစ်သူ၏ယောက္ခမသည် အဘယ်ကြောင့် ရုတ်တရက် အခြားလူတစ်ယောက်အလား ပြောင်းလဲသွားရသည်ကို သူ နားမလည်နိုင်ချေ။

ပြောင်းလဲမှုမှာ အလွန်သိသာထင်ရှားလှပေသည်။ ကျင်းဟွာကို ပြန်ရွေးလာရုံသာမက သူ့ဇနီးကိုလည်း ဤမျှကောင်းမွန်သော ပစ္စည်းများစွာနှင့်အတူ ပြန်လွှတ်လိုက်သည်မဟုတ်ပါလား။

“ဒီဝူယွီလန်က တကယ်ပဲ လူသစ်စိတ်သစ် ပြောင်းလဲသွားပြီလား”

အဒေါ်လီသည် သမီးဖြစ်သူထံသို့ မကြာခဏအလည်သွားလိုသဖြင့် ဝူယွီလန်၏ကောင်းကြောင်းများကို အလျင်အမြန် ပြောဆိုလိုက်သည်။

“သူလည်း အသက်ကြီးလာပြီဆိုတော့ ကွေ့ချင်က လိမ္မာသိတတ်တဲ့ ကလေးဆိုတာကို သဘောပေါက်သွားပြီး သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်လာတာလည်း ဖြစ်နိုင်တာပဲ”

ချန်မေလည်း ခေါင်းညိတ်ထောက်ခံလာသည်။

“အမေပြောတာ မှန်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဘွားကြီးက အခုအချိန်မှာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အိုမင်း မသန်မစွမ်းဖြစ်လာတဲ့အခါ သူ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ လိုအပ်လာမှာပဲလေ”

All Chapters